နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဥစ္စာ မေတ္တာ ပညာ ဘဝ

                 အချိန်ကား..ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းသောအချိန်။
       လွန်ခဲ့သောနှစ်ပေါင်း၂၅၀ဝကျော်ကအဖြစ်အပျက်တစ်ခုဖြစ်သည်။ဗာရာဏသီပြည်ကြီးမှာ သူဌေးကြီးလင်မယားနှစ်ဦးရှိ၏။ ကုဋေ၈၀ ကြွယ်ဝချမ်းသာပြီး သူတို့၌တစ်ဦးတည်းသောသားတစ်ယောက်ရှိ၏။ ကုဋေ၈၀ကိုဆက်ခံမည်ဖြစ်သောကြောင့်အများကသူ့ကိုကုဋေ၈၀သူဌေးသားဟုခေါ်၏။ သား၏နောင်ရေးနှင့်ပတ်သက်၍မိဘဖြစ်သောသူဌေးကြီးလင်မယားစဉ်းစားသည်မှာ ငါတို့အမျိုးဟာ ချမ်းသာကြွယ်ဝတယ်၊ငါတို့သားလေးပညာသင်စရာမလို၊စီးပွားရှာဖို့မလို၊စည်းစိမ်ခံစားသည်ကလွဲ၍
တခြား ပြုဖွယ်ကိစ္စမရှိ ဟုစဉ်းစား၏။ ကြံစည်၏၊ ထိုစဉ်းစားကြံစည်သည့်အတိုင်လည်း လက်တွေ့အားထုတ်လေ၏။
ထိုဗာရာဏသီပြည်မှာပင် အခြားသောအမျိုး၌ သူဌေးကြီးလင်မယားရှိ၏။သူတို့လဲကုဋေ၈၀ ကြွယ်ဝချမ်းသာပြီး၊သမီးတစ်ယောက်ရှိ၏။ထိုမိန်းကလေးသည်လဲ သူဌေးသားနည်းတူအာရုံခံစားသည်ကလွဲပြီး       ဘာမျှမသင်ရ၊ မလုပ်ရသောအခြေအနေမျိုးဖြစ်၏။   ။အသွင်တူရင်အိမ်သူဖြစ် ဆိုသည့်အတိုင်း အရွယ်ရောက်သောအခါသူတို့နှစ်ဦးကိုထိမ်းမြားလက်ထပ်ပေးလိုက်၏။ကာလကြာသော်.. မိဘတို့ကွယ်လွန်ကုန်၏။ ဖခင်၏သူဌေးရာထူးကိုဆက်ခံရသောသားသည် တစ်နေ့သုံးကြိမ် ပြည့်ရှင်မင်း
ထံခစား၏။     ။ ထိုဗာရာဏသီမြို့၌သေသောက်ကြူးများရှိကုန်၏။သူတို့သည် သူဌေးသားကိုမှီပြီးအသက်
မွေးလိုသောကြောင့် သူဌေးသားကိုသူတို့၏အပေါင်းအပါဖြစ်အောင်အားထုတ်လေသည်။  လောကသဘောအရ လူဆိုးဟူသည်ကိုယ်တိုင်ကဆိုးသွမ်းနေသည့်အတွက်သူများကိုလည်း အဖြူအမည်းခွဲခြားနေမည်မဟုတ်ပေ၊ မိမိကောင်းစားရေးကိုသာလျှင်အဓိကထား၏။ ပညာမဲ့လျှင် ကျန်အားလုံးလဲ မဲ့တော့၏။ ယခုမမဲ့သေးလျှင် နောင်အခါမဲ့မည်ဖြစ်၏။ စည်းစိမ်ခံစားသည်ကလွဲပြီး ဘာမှနားမလည်သောသူဌေးသားလည်းသေသောက်ကြူးတို့နှင့်ပေါင်းမိလေတော့သည်။ငွေပုံကြီးကို အလယ်မှာထား၍မူးယစ်သောက်စား၏။ ထိုမှတဆင့် အပျော်အပါးလိုက်စား၏။ လောင်းကစားလုပ်၏။ အသွင်တူသောအိမ်သူကလည်း မတားမြစ်၊ မိမိဘက်မှပါလာသောပစ္စည်းဥစ္စာကိုပင်ထုတ်ပေး၏။ ကာလကြာ-                သော်  လင်မယားနှစ်ယောက်လုံးပိုင်ဆိုင်သောစည်းစိမ်အားလုံးကုန်တော့၏။ အခြံအရံလဲကင်းမဲ့၊ နေစရာမရှိ၊ စားစရာမရှိ၊ သူတပါးအိမ်မှာမှီခိုနေထိုင်ကာ ခွက်လက်ဆွဲတောင်းရမ်းစားသောက်ရလေ၏။ သူဌေးဘဝမှသည် သူတောင်းစားဘဝသို့ရောက်ခြင်းပေတည်း။
     ထိုခေတ်အခါ၌လည်း ရဟန်းငယ်သာမဏေတို့သည် စားကြွင်းဖြစ်သောခဲဖွယ်ဘောဇဉ်  တို့ကိုတောင်းရမ်းသူတို့အား ပေးကမ်းစွန့်လှူလေ့ရှိ၏။ တစ်နေ့သောအခါ ဆွမ်းစားဇရပ်တံခါး၌စားကြွင်း
တောင်းနေသောသူဌေးဟောင်းလင်မယားကိုဘုရားရှင်မြင်တော်မူလေသည်။ မြင်ပြီး ပြုံးတော်မူ၏။
ဘုရားရှင်တို့မည်သည်အကျိုးမဲ့သောကိစ္စကို လုံးဝပြုတော်မူလေ့မရှိ။ အကြောင်းရင်းကိုအရှင်အာနန္ဒာက မေးလျှောက်သောအခါ..... 
     ချစ်သား အာနန္ဒာ ကုဋေ ၈၀ ကိုကုန်ခမ်းစေပြီး မယားကိုလက်စွဲခေါ်လျက် ထမင်းအလို့ငှါလှည့်လည်
နေသော ဤသူဌေးသားကို ကြည့်စမ်းလော့၊ ဤသူဌေးသားသည် ပထမအရွယ်မှာစီးပွားရှာခဲ့ပါမူ ဤမြို့
မှာ ပထမတန်းသူဌေးကြီးဖြစ်နိုင်၏။ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါမူ အရဟတ္တဖိုလ်သို့ရောက်နိုင်၏။
သူ၏မယားသည်အနာဂါမိဖိုလ်သို့ရောက်နိုင်လေ၏။ပထမအရွယ်မှာမေ့လျော့ပြီးဒုတိယအရွယ်မှာစီးပွား
ရှာခဲ့လျှင်ဒုတိယတန်းသူဌေးကြီးဖြစ်နိုင်ပြီး၊ရဟန်းဘောင်ဝင်ရောက်ခဲ့ပါမူ အနာဂါမ်ဖြစ်၍သူ၏မယားမှာ
သကဒါဂါမ်ဖြစ်နိုင်၏။ တတိယအရွယ်၌ စီးပွားရှာခဲ့ပါမူ တတိယတန်းသူဌေးဖြစ်ပြီး၊ ရဟန်းဘောင်သို့ဝင်
ရောက်ခဲ့လျှင် သကဒါဂါမ်၊ သူ၏မယားသည်ကား သောတာပန်ဖြစ်နိုင်လေသည်။ယခုသော်ကား လူ့စည်း
စိမ်မှဆုတ်ယုတ်ပြီး၊ ရဟန်းဘဝမဂ်ဖိုလ်ဂုဏ်ကျေးဇူးမှလည်း လွဲချော်ခဲ့လေပြီ။  ပမာဆိုသော်..ရေခမ်း
ပြီးသောညွန်အိုင်ဝယ်အတောင်ကုန်ပြီးသောကြိုးကြာအိုတို့ကဲ့သို့ ဖြစ်ကြလေသည်၊ဤသို့မိန့်တော်မူ၏။
ထို့နောက်အောက်ပါဂါထာများကိုဟောတော်မူလေသည်...
                    အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
                     ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။
                     အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
                     သေန္တိ စာပါတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။     
( အရွယ်ရှိခိုက် သူတော်ကောင်းအကျင့်ကိုလည်း မကျင့်၊ ဥစ္စာကိုလည်းရအောင်အားမထုက်သောသူမိုက်
တို့သည် အရွယ်လွန်သောအခါ ရေခမ်း၍ ငါးမရှိသောညွန်အိုင်၌ အတောင်ကုန်ပြီးသောကြိုးကြာအိုတို့
ကဲ့သို့ ကြံမှိုင်၍သာ နေရကုန်၏။
  အရွယ်ရှိခိုက် သူတော်ကောင်းအကျင့်ကိုလည်း မကျင့်၊ ဥစ္စာကိုလည်းရအောင်အားမထုက်သောသူမိုက်
တို့သည် အရွယ်လွန်သောအခါ လေးမှလွှတ်လိုက်ပြီးနောက် အဟုန်ကုန်သော မြားတို့ကဲ့သို့ အားမရှိဘဲ
ရှေးဖြစ်ဟောင်းတို့ကိုသာ  အောက်မေ့ညည်းတွားကာ နေရလေကုန်၏)
               ဒေသနာတော်အဆုံးမှာ လူများစွာတို့ အကျွတ်တရားရကြ၏။သို့သော်လဲ..သူဌေးဟောင်း
လင်မယားမူကား အချည်းနှီးသောဘဝဖြင့်ပင် နိဂုံးချုပ်လေတော့သည်..။
              ---------------------------------------------------------- 
              လေ့လာချင်သူသည် ဗဟုသုတရှာတတ်ဖို့လို၏။ တိုးတက်ချင်သူသည်ကား ဗဟုသုတရှာ
တတ်ဖို့လိုအပ်သလို သင်္ခန်းစာယူတတ်ဖို့လည်း လိုပါသည်။ ယခု စာရေးသူဖော်ပြခဲ့သောဝတ္ထုသည်ကား
လူတိုင်းလိုလို သိသောဝတ္ထုဖြစ်၏။ လောကီတန်းကျောင်းတို့၌လည်း ငယ်စဉ်ကသင်ခဲ့ရပါသည်။
 ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးသားလျှင်.. စသဖြင့် ကဗျာလင်္ကာတို့ဖြင့်            
ဖော်ပြ၏။ ငယ်စဉ်က ပညာမသင်ခဲ့ခြင်းကြောင့် ကြီးသောအခါ ဆင်းရဲဒုက္ခဖြစ်ပုံကိုသာ ဇောင်းပေးဖော်
ပြပါသည်။  စာရေးသူကား ဤမျှသင်္ခန်းစာယူရုံဖြင့် မကျေနပ်၊ မရောင့်ရဲပါ။   အဘယ့်ကြောင့်ဆိုသော်
လူတစ်ယောက်၏ဘဝ အစ အလယ် အဆုံး တို့နှင့်ပတ်သက်သောကြောင့်ဖြစ်၏။လောကဓမ္မစာစောင်-
မှ စာရေးသူမှတ်သားဖူးသော လင်္ကာတစ်ပုဒ်ရှိ၏။                                                                                                                                                                                                                                           ]လေးဘက်တွား၍၊ ငိုစားပြုံးရယ်၊ လူမမယ်ကား၊ ကျင်ငယ်ရွှဲရွဲ၊ တွဲရွဲနှာရည်၊ ဆာလောင်
            လေသော်၊ အော်ဟစ်ငိုမြည်၊ တအီအီသည်၊ ဤသည်လူသားမနုဿ။
                       ပြေးလျက်သွား၍၊ လူလားမြောက်က၊ သင်ထပညာ၊ ငယ်ရာကကြီး၊ ရှာပြီးဝမ်းရေး၊ အချစ်
           ရေးနှင့်၊ ပျော်ရေးတနည်း၊ လွမ်းပွဲတလီ၊ အတည်တည်သည်၊ ဤသည်လူသားမနုဿ။
           ရှေးထက်များ၍၊ လူသားတွေ့ကြုံ၊ ဖုံဖုံဒုက္ခ၊ ဘဝဓမ်မျိုး၊ သွားကျိုးခါးကိုင်း၊ နားထိုင်းမျက်မွဲ ၊  
           ကိုင်စွဲတောင်ဝှေး၊ သေဘေးကိုရည်၊ မျှော်ငံ့တည်သည်၊ ဤသည်လူသားမနုဿ။
ဤလင်္ကာသည်ကား လူသားတစ်ဦး၏ဘဝ အစç အလယ်ç အဆုံး ကိုပြသောလင်္ကာဖြစ်၏။ သူဌေးသား၏
ဘဝဖြစ်စဉ်သည် လင်္ကာ၏ဆိုလိုရင်း၌ အကျုံးမဝင်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။ ပို၍ကြေကွဲစရာကောင်း၏။    
ထို့ကြောင့် စာရေးသူကား ဤသင်္ခန်းစာ ၅-မျိုးကိုယူမိပါသည်။ ၁-မိဘကျင့်ဝတ်၊ ၂-ပညာရေး၊ ၃-ကိုယ်
ပိုင်အရည်အချင်း၊ ၄-ပေါင်းသင်းဆက်ဆံရေး၊ ၅-ကံတရား။ ဤငါးမျိုးပင်တည်း။ ထိုတွင်.....
မိဘကျင့်ဝတ်---မိဘတို့၏မေတ္တာç စေတနာသည် ယုံမှားဖွယ်မရှိပါ။ သားသမီးတို့ကို ကောင်းစေချင်၊
တော်စေချင်၏။ မြင့်သထက်မြင့်သောဘဝသို့ရောက်စေသည်မှာလဲ မှန်၏။ကောင်းအောင်၊ တော်အောင်
မြင့်သထက်မြင့်အောင်လဲ အားထုက်၏။ သို့သော် ဤအားထုက်ရာ၌ကား ယုံမှားဖွယ်ရှိ၏။လမ်းနည်းမကျ
ခဲ့လျှင်လမ်းလွဲနိုင်သောကြောင့်တည်း။မြတ်စွာဘုရားသည် သိင်္ဂါလောဝါဒသုတ်တွင် မိဘကျင့်ဝတ်များကို
ချမှတ်ပေးတော်မူခဲ့၏။မကောင်းရာကိုတားမြစ်ခြင်း၊ ကောင်းရာကိုညွှန်ပြခြင်း၊ အတတ်ပညာသင်စေခြင်း၊ အမွေဥစ္စာပေးခြင်း၊ ထိမ်းမြားလက်ထပ်ပေးခြင်း။ ဤငါးမျိုးဖြစ်၏။ မိဘတို့သည် မေတ္တာ၊ စေတနာရှိနေရုံ
နှင့်မပြီးသေးဘဲ ဆိုင်ရာဝတ္တရားအတိုင်းလုပ်ဆောင်ပါမှ သားသမီးတို့ဘဝကောင်းစား၏။မေတ္တာ၊ စေတနာ
တို့လဲပိုပြီးတောက်ပြောင်လာ၏။ ဤကျင့်ဝတ်ငါးမျိုးသည် မိဘမေတ္တာစေတနာကိုသက်သေပြရေးအတွက်
အခွင့်အရေးဖြစ်သလို၊ သားသမီးတို့ဘဝကောင်းစားရေးအတွက် အခြေခံဖောင်းဒေးရှင်းလဲ ဖြစ်ပါသည်။
ထို့ကြောင့်  ပုဗ္ဗာစရိယ မိနှင့်ဖ ဟူ၍ဆို၏။ ပတ်သက်မှုရှိသောအရာတိုင်းသည် ဆက်နွယ်မှုရှိ၏။ မိဘ-
တို့က မိမိဆိုင်ရာတာဝန်များကျေပွန်မှ သားသမီးတို့လိမ္မာပြီး သူတို့ဆိုင်ရာ(သားသမီးကျင့်ဝတ်)များကိုလဲ
နားလည်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ရာ ဖြစ်နိုင်ချေများ၏။သံသရာသည် လည်နေ၏။ယခုမိဘသည်အရင်က သားသမီးဖြစ်ခဲ့၏။ ယခုသားသမီးသည် နောင်အခါမိဘဖြစ်မည် ဖြစ်၏။ သူဌေးသား၏မိဘတို့သည်
တမလွန်ကနေ ဘဝပျက်နေတဲ့သား၏ဖြစ်အင်ကိုမြင်နိုင်ခဲ့ပါမူ ရင်ထုမနာဖြစ်မည်မှာသေချာ၏။မိဘဝတ္တ-
ရားချို့ယွင်းခဲ့မှုကိုနောင်တရမည်မှာလဲ မုချပင်ဖြစ်၏။ ဇာတ်လမ်း၌ ကံကောင်းသည်မှာတစ်ခုတော့ရှိ၏။
သူတို့ဇနီးမောင်နှံ၌ သားသမီးမရခဲ့ခြင်းပင်။ရခဲ့လျှင်ကား ထိုကလေး၏ဘဝသည်မတွေးဝံ့စရာ။
ပညာရေး---ပညာရေးသည်ဘဝအတွက်ခြွင်းချက်မရှိ အရေးကြီး၏။ ပညာသမာ အာဘာ နတ္ထိဟုဆို၏၊
နိုင်ငံရေးလုပ်လျှင်ပညာလို၏၊ စီးပွားရေးလုပ်လျှင်လဲပညာလို၏၊ လူမှုရေးလုပ်လျှင်လဲပညာလို၏၊ဘာသာ-
ရေးလုပ်လျှင်ကားပို၍ပင်လို၏။လူကိုစိတ်ကအုပ်ချုပ်၏၊ စိတ်ကိုပညာကအုပ်ချုပ်၏၊ပညာကိုဗဟုသုတက
အုပ်ချုပ်၏၊ဟု ဆိုပါသည်။ငယ်စဉ်အခါဗဟုသုတသည် ကြီးသောအခါပညာဖြစ်သောကြောင့်  လူတိုင်း -ကျောင်းနေသင့်ပါသည်။စာတတ်မှအဖြူအမည်းခွဲခြားနိုင်ပြီး၊ စိတ်ကိုမှန်ကန်စွာထိန်းကျောင်းနိုင်မည်၊စိတ်-
ကိုထိန်းကျောင်းနိုင်မှ ဘဝကောင်းပေလိမ့်မည်။အချုပ်ဆိုသော်--ပညာရေးသည်ဘဝအရေးကိစ္စအားလုံး၏
အခြေခံဖြစ်ပါသည်။ ပညာရေး၏အရေးကြီးပုံကို ကုဋေ ၈၀ သူဌေးသားကသက်သေပြခဲ့၏။ ။
ကိုယ်ပိုင်အရည်အချင်း---ပင်ကိုယ်ဥာဏ်နှင့် ပညာရေးတို့၏ပေါင်းဆုံမှုရလဒ်ကို အရည်အချင်းဟုဆိုချင်
ပါသည်။( ဥာဏ်ကိုကြီးထွားလာအောင်ပညာရေးဖြင့် ပျိုးထောင်ရ၏။) အရည်အချင်းကောင်းမှ အမြင်-
မှန်မည်၊ အမြင်မှန်မှ အကြံကောင်းမည်၊ အကြံကောင်းမှသတိကောင်းမည်၊ သတိကောင်းမှ အားထုက်မှု
မှန်မည်၊ သတိနှင့်အားထုက်မှုတို့မှန်ပါမှ တည်ငြိမ်မည်၊ တည်ငြိမ်မှ  အပြောအဆို၊အလုပ်အကိုင်၊အသက်
မွေးမှုတို့ နည်းလမ်းကျပါလိမ့်မည်။သူဌေးသားသည် ကိုယ်ပိုင်အရည်အချင်းမရှိသောကြောင့်ဘဝပျက်ခဲ့ရ
၏။ ရှိခဲ့ပါမူ စီးပွားရှာလိမ့်မည်၊ ကောင်းသထက်ကောင်းအောင်ကြိုးစားလိမ့်မည်၊ နောက်ဆုံး သုမေဓာ-
ရှင်ရသေ့ကဲ့သို့ အတွေးမျိုးဝင်လာပြီး စည်းစိမ်များစွန့်လှူ၍ရဟန်းပြုမည်မှာလဲ မလွဲပင်တည်း။ယခုတော့
အရည်အချင်းချို့တဲ့မှုကြောင့် တန်ဖိုးကြီးလှသောအခွင့်ကောင်းများနှင့် ဝေးကွာခဲ့လေ၏။ ။
ပေါင်းသင်းဆက်ဆံရေး---မိမိနှင့်ပတ်ဝန်းကျင်တို့၏ပတ်သက်နေမှုကို ဆက်ဆံရေး ဟုဆို၏။ပတ်ဝန်းကျင်
ဟူသည် သက်ရှိ၊သက်မဲ့ အားလုံးပါဝင်၏။ ပေါင်းသင်းဆက်ဆံရေးသည် ဘဝအတွက်အရေးကြီးသော-
ကြောင့် မြတ်စွာဘုရားကအသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာဟု မင်္ဂလသုတ်မှာအစဆုံး-
ဟောကြားခဲ့ပါသည်။မိမိနှင့် ပတ်သက်သူကို ဗာလလား၊ ပဏ္ဍိတလား ခွဲခြမ်းဝေဖန်ရမည်။
ဓမ္မသဘောအရ--အကောင်းအဆိုးဝေဖန်ရာ၌ပုဂ္ဂိုလ်သတ္တဝါမရှိပေ။ထို့ကြောင့် ဗာလ၊ပဏ္ဍိတအဖြစ်-
ဝေဖန်ရာတွင် မိဘပါ၏၊ ဆရာလဲပါ၏၊ဆွေမျိုးများလဲပါ၏၊မိတ်ဆွေသူငယ်ချင်း၊သူစိမ်း အားလုံးပါဝင်၏။
ထို့ကြောင့်ပင် ဘာသာဋီကာကျမ်းပြုဆရာတော်ကြီးက အခြေပြုမင်္ဂလသုတ်တွင်ဘယ်သူ့ကိုမျှ၊ မညှာကြ
နှင့်၊ မိဘဆရာ၊ ဖြစ်စေကာလည်း၊ သူဟာဗာလ၊ ပဏ္ဍိတဟု၊ ကျနဝေလှစ်၊ တွေ့တိုင်းစစ်၊ စနစ်ကျစေ-
ကွယ့်ဟုရေးသားဆုံးမခဲ့ပါသည်။ လူတစ်ဦးမှာ အကောင်းဓာတ်နှင့်အဆိုးဓာတ်သည် ဒွန်တွဲနေ၏။မိမိကဆင်းရဲသော်လဲ အပေါင်းအသင်းကြောင့်ချမ်းသာနိုင်၏။ မိမိကချမ်းသာသော်လဲအပေါင်းအသင်း
ကြောင့် ဆင်းရဲနိုင်၏။နှစ်ယောက်ပေါင်းတော့လောင်းကျော်- ဆိုသည့်အတိုင်းမိမိတစ်ဦးတည်းရှိစဉ်က
မလုပ်ဖြစ်သောကိစ္စများကိုအပေါင်းအသင်းနဲ့ဆုံမှ လုပ်ဖြစ်သွားတာရှိ၏။ဇာတ်လမ်းတွင်သူဌေးသားသည်
သူယုတ်မာတွေနှင့်ပေါင်းမိခြင်းကြောင့် သူ၏အဆိုးဓာတ်များသည် ဘဝကိုဝါးမျိုတဲ့အထိကြီးထွားသွား
ခဲ့၏။ ဖက်ရွက်သည် ပန်းကိုထုပ်လျှင်မွှေးပြီး၊ ငါးပိကိုထုပ်လျှင်နံသော သဘောမျိုးပင်တည်း။ အချုပ်
်ဆိုသော်--လူမှန်လျှင်ပတ်ဝန်းကျင်ရှိ၏၊ ပတ်ဝန်းကျင်ရှိလျှင် ပေါင်းသင်းဆက်ဆံရေးသည် အရေးကြီး
တော့သည်။ ငရဲကျသည်..နိဗ္ဗာန်ရောက်သည်အထိပင် အရေးကြီးပါကြောင်း။ 
ကံတရား---သဗ္ဗေသတ္တာ ကမ္မဿကာ၊ကမ္မံ သတ္တေ ဝိဘဇ္ဇတိဟုဆိုသော်လဲကံတရားသည် တွေးတော
ကြံစည်ကောင်းသောအရာမဟုတ်ပါ။သို့သော်လဲ စာရေးသူသည် သူဌေးကနေ သူတောင်းစားဖြစ်ပြီး သံသရာစခန်းမှလွန်မြောက်ခွင့်ကိုပါ လွဲချော်ခဲ့ရသောဘဝကိုကြည့်၍ မတွေးဘဲမနေနိုင်။ ထို့ကြောင့် သက်သာသလို တွေးမိ၊ ဆင်ခြင်မိ၊ သင်္ခန်းစာယူမိပါသည်။ ပြုလုပ်ခြင်းကို ကံ ဟုဆို၏။ စိတ်ဖြင့်ကြံစည်-
ခြင်း၊ နှုတ်ဖြင့်ပြောဆိုခြင်း၊ ကိုယ်ဖြင့်လှုပ်ရှားခြင်းဟု ကံသုံးမျိုးရှိ၏။အတိတ်ကလဲကြံစည်၊ပြောဆို၊ပြုလုပ်
ခဲ့သည်၊ ယခုလဲ ကြံစည်၊ပြောဆို၊ပြုလုပ်နေဆဲပင်ဖြစ်၏။အတိတ်ကံနှင့်ပစ္စုပ္ပန်ကံနှစ်မျိုးတွင် ပစ္စုပ္ပန်ကံက
ပိုပြီးအရေးကြီး၏။ အကြောင်းကား--ဘဝဟူသည် ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ် ဒီစက္ကန့်မှာ ရှင်သန်နေ ထိုင်ခြင်းကြောင့်ဖြစ်၏။အတိတ်က ကံကောင်းခြင်းတွေမည်မျှပါစေကာမူ ယခုဘဝမှာအနေအထိုင်များ
ပုံစံမကျလျှင် အကျိုးပေးကောင်းမည်မဟုတ်။ သဲထဲရေသွန်ဖြစ်နိုင်၏။ယင်းကို သူဌေးသားကသက်သေ-
ပြ၏။သူဌေးသား၏အတိတ်ကံများသည် အရမ်းကိုအင်အားကြီးပါ၏။အကျိုးပေးခွင့်သာရလျှင် လောကီ
၌လည်း အမြင့်ဆုံးထိအကျိုးပေးမည်၊ လောကုတ္တရာမှာလဲအရဟတ္တဖိုလ်ထိ ပို့ပေးမည်ဖြစ်၏။သူ့ထက်
ကောင်းတာမရှိတော့။ သီလက္ခန်ပါဠိတော်၌လဲ အဇာတသတ်မင်းကြီးသည် ပိတုဃာတကကံကိုသာ
မလွန်ကြူးခဲ့လျှင် သာမည-ဖလသုတ်အဆုံးမှာ အရိယာဖြစ်နိုင်၏။သို့သော်လဲ ပစ္စုပ္ပန်ဘဝအနေအထိုင်
်ကြောင့်လွဲချော်ခဲ့ရ၏။ ရေလာမြောင်းပေးဆိုသလို အတိတ်ကံများအကျိုးပေးခွင့်ရအောင်ပစ္စုပ္ပန်ကံက ကူညီ၏။ ဆိုလိုသည်မှာ--အတိတ်ကိုလုံးဝမေ့ထားရမည်ဟုဆိုလိုခြင်းမဟုတ်။ အကျိုးပေးကိုထိုင်စောင့်
မနေဘဲ လက်ရှိအချိန်မှာလုပ်သင့်လုပ်ထိုက်သည်တို့ကိုအားထုက်နေသင့်၏ဟုဆိုလိုပါသည်။ သို့မှသာ
ဆိုင်ရာဆိုင်ရာကံအကျိုးတို့သည် သူ့နေရာနှင့်သူ ရောက်ရှိလာပါလိမ့်မည်။
                      
     ယခု စာရေးသူဖော်ပြပြီးသည်တို့ကား--ကုဋေ ၈၀ သူဌေးသား-သို့မဟုတ် ကုဋေ ၁၆၀သူဌေးကြီး
(ဓမ္မပဒ၊ မဟာဓနသေဋ္ဌိပုတ္တ)ဝတ္ထု၌ယူမိသောသင်္ခန်းစာ ၅-မျိုးဖြစ်ပါသည်။ တိုးတက်ချင်သူသည်
ဗဟုသုတရှာတတ်ဖို့လိုအပ်သလို သင်္ခန်းစာယူတတ်ဖို့လဲလိုအပ်၏။ ။ နိဂုံးချုပ်အနေဖြင့်--စာရေးသူသည်
ရှိသမျှအသိဥာဏ်လေးဖြင့်သင်္ခန်းစာယူရင်း၊ နှုတ်ဖျားမှလည်း တဖွဖွရေရွတ်နေမိသည်ကား အော်--ဥစ္စာ
မေတ္တာ ပညာ ဘဝ ဟူ၍။ ။ ။

                        မောင်စိုး (သီတဂူကျောင်းသား)            
                                                                                                      

0 Response to "ဥစ္စာ မေတ္တာ ပညာ ဘဝ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...