ငါးပါးသီလနှင့် မြောက်ကျွန်းနေလူများ
ဥတ္တရကုရုခေါ်သော မြောက်ကျွန်း၌ နေထိုင်ကြသည့် လူတို့သည် အမြဲနိစ္စ ငါးပါးသီလကို လုံခြုံကြသည်။ ယင်းငါးပါးသီလ လုံခြုံသူတို့၏ ဓမ္မတာသိဒ္ဓိကြောင့် အောက်ပါဝိသေသ အကျိုးထူးများကို ခံစားကြရသည်။ ၁။ အိုးအိမ်တိုက်တာ(နေစရာအတွက်)အထူးဆောင်နေဖွယ်မလို။ သစ်ပင်များက နေထိုင်မှုအတွက် ကိစ္စ ပြီးစေသည်။
၂။ မြောက်ကျွန်းနေလူတို့မှာ ရှည်ခြင်း၊ပုခြင်းစသော အပြစ်မျိုးကင်းသည်။ လုံးရပ်သဏ္ဍာန်နှင့် ပြည့်စုံ၍ ကိုယ်လုံးကိုယ်ဟန် အရပ်အမောင်း တူညီကြသည်။
၃။ ဇရာရောဂါ အနှိပ်အစက် မခံရ၍ ဆံဖြူခြင်း၊ သွားကျိုးခြင်း၊ အရေတွန့်ခြင်း၊ အင်အားကုန်ခမ်းခြင်း မရှိ။
၎။ အသက်မွေးဝမ်းကျောင်းအတွက် အာဟာရပရိယေသန ဒုက္ခကင်းသည်။
၅။ မှက်၊ခြင်၊ယင် ကြမ်းပိုး စသော သတ္တ၀ါ ကိုက်ခဲမှု မခံရ။
၆။ စားသောက်မှုအတွက် ၀ယ်ရ၊ သွားရ၊ ချက်ရသော ဒုက္ခမျိုး ကင်းသည်။ အခွံမပါ ဖွဲကင်းသော သလေးဆန်ကို အာဟာရအဖြစ် သုံးဆောင်ရသည်။ ပကတိထင်းမီးဖြင့် ချက်မနေရ၊ ဇောတိကမည်သော ရတနာကျောက်တုံးပေါ်တင်လိုက်လျှင် ချက်ပြီးဖြစ်၏။ ဟင်းနှင့် ဟင်းလျာအတွက် သီးခြားစီမံစရာမလို၊ စားလိုသူက အချဉ်တမ်းတလျှင် အချဉ်အရသာပေါ်လာ၏။ အချိုတမ်းတလျှင် အချိုအရသာပေါ်လာ၏။
၇။ အထက်ဖော်ပြပါ အာဟာရကိုမှီဝဲသောကြောင့် နူနာ၊ ပွေး၊ ညှင်း၊ တင်းတိပ်နာ၊ ချောင်းဆိုးပန်းနာ၊ မြစ်ချောက်နာ၊ အရူးရောဂါနှင့် အိုနာများကင်းသည်။
၈။ မြောက်ကျွန်းနေလူတို့အချင်းချင်း မနာလိုဝန်တိုစိတ် ကင်းကြသည်။
၉။ ရာသီဥတု မျှတသည်။ အပူလွန်ကဲမှု၊ အအေး လွန်ကဲမှု ရာသီဒဏ်မခံရ။
၁၀။ မြောက်ကျွန်း၌ တန်းခိုးကြီးသော ဘုရား၊ ပစ္စေကဗုဒ္ဓါတို့ ဆွမ်းခံကြွမြဲဓမ္မတာဖြစ်၍ ထူးခြားသည်။
၁၁။ မြောက်ကျွန်း၌ ကုန်းသူ၊ ကွသူ၊ ကောက်သူ၊ ကွေးသူ၊ ခွင်သူ၊ လေငန်းဆွဲသူ၊ အင်္ဂါချို့တဲ့သူ၊ ဣနြေ္ဒ ချို့တဲ့သူမရှိ။
၁၂။ အမျိုးသမီးများ (၆)ပြစ်ကင်း၍ အရုပ်ဆိုးသူမရှိ၊ (၁၆)နှစ်အရွယ်ထင်မှတ်ရသည်။ အမျိုးသားများ (၂၅)နှစ်အရွယ်မှာ တည်သည်။
၁၃။ သားငယ်၊ သမီးငယ်များက မိဘတို့ကို နားပူနာဆာ မလုပ်ကြ၊ တွယ်ကပ်မနေ။
၁၄။ မြောက်ကျွန်းနေလူတို့ ကာမဂုဏ်ကိစ္စ တစ်သက်လုံးမှာ (၇) ရက်သာခံစားသည်။
၁၅။ ကိုယ်ဝန်တည်ရခြင်း ဒုက္ခ၊ လွယ်ရခြင်း ဒုက္ခ၊ ဖွားရခြင်း ဒုက္ခ မှ ကင်းသည်။
၁၆။ မိဘတို့က ရင်းသွေးငယ်တို့အတွက် ကြောင့်ကြစိုက်နေဖွယ်မလို၊ကလေးများဆော့ကစားရာ အိပ်ပျော်ရာမှာ ထား၍ လိုရာသွားနိုင်သည်။ တွေ့သူက အစာကျွေး နို့တိုက်သည်၊ ကလေးများကံကြောင့် လက်ညှိုးမှ နို့ထွက်သည်။
၁၇။ အ၀တ်အတွက်ပူစရာမလို၊ ပဒေသာပင်မှ ရသည်။
၁၈။ ရေချိုးသည့်အခါ စုပေါင်းရေချိုးကြသည်။ အ၀တ်ကို စုပုံထားသည်။ ပထမရေချိုးသူက အပေါ်ဆုံးမှ အ၀တ်ကိုယူဝတ်သည်။ ငါ့ဟာ သူ့ဟာ ငြင်းခုံမှုမရှိ။
၁၉။ သေသူအတွက် ကျန်ရစ်သူများ ပူးဆွေးသောကမဖြစ်၊ မငိုကျွေး၊
၂၀။ အပုပ်အနံ့မရှိ၊ သုဿာန်သင်္ချိုင်း ထားစရာမလို၊ သေသူ၏ ရုပ်ကလာပ်ကို အ၀တ်ဖြင့် ထုပ်ပတ်၍ ချထားရသည်။ ကုသိုလ်ကံ အဟုန်ကြောင့် ဖြစ်ပေါ်လာသော ငှက်ကြီးများက တစ်ခြားကျွန်းသို့ ယူဆောင်သွားကြသည်။
၂၁။ သေပြီးနောက် နတ်ပြည်ရောက်သည်။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ မဖြစ်။
၂၂။ အနှစ်တစ်ထောင် သက်တမ်းမြဲသည်။ (သာရတ္ထဒီပနီဋီကာ၊ ပ၊ ၂၇၃)

0 Response to "ငါးပါးသီလနှင့် မြောက်ကျွန်းနေလူများ"
Post a Comment