အထက် နဲ့ အောက်
လောကကြီးမှာ ခက်တာက အထက်တန်းရောက်ပြန်တော့လည်း အောက်တန်းကလူတွေကို အဖက်မတန်သလို မထေမဲ့မြင်ဟန် ပြုထားကြတယ်။ အောက်တန်းက ကျပြန်တော့လည်းပဲ မနာလိုဝန်တိုမှုတွေ ရှိနေတတ်ကြပြန်တယ်။(အရှင်ဇနာကာဘိဝံသ၏ အဆိုအမိန့်များမှ)
မှန်လိုက်ပြောရမှာတောင် အားနာမိတယ်။ ယခုခေတ်ဖြစ်နေတာကို ကြိုသိနေသလားပဲ။ လူတွေအများစုဟာ ငါအထက်တန်းရောက်ပြီ၊ ငါအကောင်ကြီးဖြစ်ပြီ၊ ဘာပြီပေါ့ဗျာ စသည်အားဖြင့် နားထင်သွေးရောက်နေကြတယ်လေ။ အချို့ဆို တော်တော်သိသိသာသာကြီးဖြစ်နေကြလေရဲ့၊ လူကိုကြည့်တော့ လူမွှေးမှ မပြောင်၊ လူချင်းကမတူ၊ တစ်မူထူးလို့ ရူးသလိုလိုပဲဖြစ်နေကြလေရဲ့၊ ဒါတောင် သူတို့က အဟုတ်ကြီးလုပ် ဟန်ရေးထုပ်ကို ခေါင်းပေါ်ရွက်ထားလိုက်ကြတာ၊ ငါ့လိုနေရာမျိုးမှာ ဒင်းတို့ ရောက်ရင်လည်း ဒီလိုဖြစ်မှာပဲတဲ့လေ။ တော်တော်လေးသနားဖို့ ကောင်းလိုက်တာ။ အောက်တန်းစားလွှာလို့ သတ်မှတ်ခြင်း ခံထားရတဲ့ မရှိဆင်းရဲသားတွေကို မထီမဲ့မြင်ပြုပြီး နေလိုက်ကြတာ။ တစ်ကယ်တော့ အစစ်မှန် အထက်တန်းရောက်နေကြတာမဟုတ်ပါဘူး။ အောက်တန်းမှ ဟိုး...အောက်တန်းမှာ သူတို့ ရောက်နေကြတာ သတိမထားမိကြဘူး။ အထက်တန်းဆိုတာ ကကော ဘာလဲလို့များသူတို့ ယူဆထားပါလိမ့်လဲ။ အောက်တန်းစားလို့ ယူဆခြင်း ခံကြရတဲ့ အောက်ခြေလူတန်းစားတွေက ကော အမှန်တကယ် အောက်တန်းကျနေကြပြီလား။ အချို့ ပုဂ္ဂိုလ်များဆိုရင် အဖက်ဖက်က မပြည့်စုံလို့ အောက်တန်းစားလို့ ခေါ်ကြပေမယ့် အထက်တန်းအမြင့်ဆုံးမှာ တည်နေကြတာ မသိကြဘူး။ တကယ်တော့ အထက်တန်းအစစ် ကျအောင်က သီလ၊ သမာဓိ၊ ပညာ ဤသုံးပါး လက်ကိုင်ထားပြီး ဘ၀ကို ဖြတ်သန်းကြမယ်ဆိုရင် မည်သို့ပင် ဆင်းရဲ မွဲတေကစေမူ အတန်းထက်ရဲ့ အထက်တန်းမှာ ရှိနေမှာပါ။ ။

အရမ်းကောင်းတဲ့ ပို့စ်လေးပါဘုရား။ဘုန်းဘုန်းကိုယ်စိတ်နှဖြာကျန်းမာချမ်းသာပါစေဘုရား။(မင်းလှသားလေး)