နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဖောက်ပြန်ခြင်း၊ကျင့်သုံးခြင်းတို့၏ အကျိုးအပြစ်များ

သေတိ ဒါရေဟိ သန္တုဋ္ဌော၊
ဝေသိယာသု ပဒုဿတိ။
ဒုဿတိ ပရဒါရေသု၊
တံ ပရာဘ၀တော မုခံ။
လက်ရှိကိုယ်ပိုင်မယားများနှင့် မရောင့်ရဲနိုင်၍ မိန်းမပေါ့တို့နှင့် ပျော်ပါးတတ်သောသူ၊ သူတစ်ပါး သားမယားတို့ကို ကျူးကျော်ပြစ်မှားတတ်သောသူ၊ ဤသူတို့သည် ပျက်စီးဆုတ်ယုတ်တတ်ကြသည်။
ပျက်စီးကြောင်း ဣတ္ထိဓုတ္တဖြင့် တရားဝင်မယားတစ်ယောက် နှစ်ယောက် စသည်တို့နှင့် အားရကျေနပ်ခြင်း မရှိ၊ မိန်းမအသစ်ကို များစွာယူဆောင် ပေါင်းသင်းခြင်းဖြင့် မယားအများအပြားယူသောသူ၏ ပျက်စီးကြောင်းကို ဟောတော်မူသည်။
ဤပျက်စီးကြောင်းတို့ဖြင့် မိမိလက်ရှိမယားများနှင့်ပင် ရောင်ရဲခြင်းမရှိပဲ မိန်းမပေါ့ မိန်းမပျက်တို့နှင့် ပျော်မှု၊ သူတစ်ပါးပိုင် မိန်းမတို့၏ ကာမဖဿကို ခိုးယူ ပေါင်းသင်းမှုတို့သည်လည်း ဥစ္စာ ပစ္စည်း၊ ကျန်းမာရေး၊ ဂုဏ်သီတင်း စသည်တို့မှ ပျက်စီးဆုတ်ယတ်သေးသည်သာတည်းဟု သိစေလိုသောကြောင့် ဟောထားတော်မူ၏။
ကိုယ်ပိုင်လက်ရှိမယားနှင့် အားရကျေနပ်ခြင်း မရှိနိုင်ပဲ ပြည့်တန်ဆာမ ခေါ်သော မိန်းမပျက်တို့နှင့် ပျော်ပါးလိုက်စား တတ်သောသူတို့သည် အလွန် စဉ်းစားဆင်ခြင်၍ အမှန်ကို သိမြင်ထိုက်ကြ၏။ ယောင်္ကျားများက သူတစ်ပါးပိုင် မိန်းမတို့၏ ကာမဖဿကို ခိုးယူပေါင်းသင်းမှုသည်လည်း သံသရာ၌ ငရဲပြစ်ခံရသည်ကို ထားဘိဦး။ မိန်းမတို့သည်လည်း-
၁။ မိမိလင်ယောင်္ကျားသာပိုင်သော ကာမဖဿကို အခြားယောင်္ကျားတစ်ပါးအား ခိုးဝှက်ပေးတတ်သော မိန်းမ၏ ယုတ်ညံ့သော ကိုယ်ကျင့်ရှိခြင်း၊
၂။ ယောင်္ကျားတစ်ဦးတစ်ယောက်နှင့်သာ မဟုတ်၊ ဆိတ်ကွယ်ရာ အရပ်ကိုရလျှင် တွေ့သမျှသောယောင်္ကျားတို့နှင့်လည်း ဆက်ဆံတော့မည် ဖြစ်ခြင်း၊
၃။ ထိုသို့ သဘောရှိသော မိန်းမသည် အဘယ်မှာ သန့်ရှင်းမြင့်မြတ်သော စိတ်နေစိတ်ထား ကိုယ်ကျင့်တရားနှင့်တကွ သန့်ရှင်းစင်ကြယ်သောရုပ် ရှိနိုင်အံ့နည်း။
ကာမဘုံသား ဖြစ်သည်အလျောက် လောကီသမားဖြစ်ကြလျှင် တရားသဖြင့် လက်ထပ်ထိမ်းမြားသော သားမယားရှိသည်ကို အပြစ်ဟူ၍ မဆိုကြပေ။ လင်ကား လင့်ကျင့်ဝတ်ငါးပါးတွင် မိမိမယားကို ကျော်လွန်၍ မကျင့်ရ ဟူသော ကျင့်ဝတ်ကို မကျော်လွန်မူ၍ လည်းကောင်း၊ မယားသည်လည်း မယားကျင့်ဝတ်ကို မချွတ်မယွင်း စောင့်ရှောက်၍လည်းကောင်း၊ လူ့ကျင့်ဝတ်နှင့်အညီ ပေါင်းသင်းနေထိုင်ခြင်းဖြင့် ကာမချမ်းသာကို ခံစားကြရသည်။ ယင်းသို့ ပညတ် သဘောအရတရားသဖြင့် ဇနီးမောင်နှံတို့ ပေါင်းသင်းခြင်းဖြင့်
၁။ လူတို့၏ ကျင့်ဝတ်တရားများနှင့် ပြည့်စုံခြင်းအကျိုး၊
၂။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရခြင်းအကျိုး၊
၃။ ပစ္စည်းဥစ္စာတို့သည် တရားမဲ့ ကုန်ခန်းပျက်စီးမှုမရှိ၍ အဖတ်တင်ခြင်းအကျိုး၊
၎။ မကောင်းမ၍ ဒုစရိုက်တို့မှ လွတ်ကင်း၍ ယခုဘ၀၌လည်း မင်းပြစ်စိုးဒဏ် စသည်တို့မှ လွတ်ကင်းခြင်းအကျိုး၊
၅။ နောက်ဘ၀၌လည်း ငရဲသို့ မကျရောက်ရခြင်းအကျိုး၊
၆။ သားသမီးကောင်း ရရှိခြင်းအကျိုး၊
၇။ ရရှိပြီး သားသမီးတို့သည် ကိုယ်ကျင့်တရားနှင့်ပြည့်စုံခြင်းအကျိုး၊ စသည်ဖြင့် များလှစွာသော ကောင်းကျိုးကျေးဇူးတို့ကို ရရှိနိုင်သည်။
လင်နှင့်မယားတို့ ဖောက်ပြန်က အပြစ်ရ၍ ထိန်းသိမ်းက ကောင်းသောအကျိုးရရှိပုံများကို ပရာဘ၀သုတ်မှ တင်ပြပါသည်။

0 Response to "ဖောက်ပြန်ခြင်း၊ကျင့်သုံးခြင်းတို့၏ အကျိုးအပြစ်များ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...