နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ကပ်နှင့် ဝေးကွာချင်လျှင်

ပျက်စီးခြင်းကို ပါဠိလို ကပ္ပခေါ်သည်။ မြန်မာလို ကပ်ဟုသုံးနှုန်းသည်။
၁။ ဒုဗ္ဘိက္ခန္တရကပ်-ငတ်မွတ်ဘေးကြောင့် ပျက်စီးခြင်း။
၂။ သတ္ထန္တရကပ်-လက်နက်ဘေးကြောင့် ပျက်စီးခြင်း။
၃။ ရောဂန္တရကပ်-ရောဂါဘေးကြောင့် ပျက်စီးခြင်း။
(လောဘကြီးက၊ ငတ်မွတ်ရ၊ ဒုက္ခကပ်ကြီးဆိုက်။
ဒေါသကြီးက၊ သတ်ဖြတ်ကြ၊ သတ္ထကပ်ကြီးဆိုက်။
မောဟကြီးက၊ ရောဂါထ၊ နာရကပ်ကြီးဆိုက်။)
ယခုလက်ရှိဖြစ်ပျက်နေသော ကာလနှင့်ပင် ချိန်ထိုးကြည့်မည်လား။ ကမ္ဘာနှင့်ချီပြီး ချိန်ထိုးကြည့်မည်လား။ မြန်မာနိုင်ငံတွင်ပင် ချိန်ထိုးကြည့်မည်လား။ မည်သို့ပင် ကြည့်စေ။ ယခုလက်ရှိဖြစ်ပျက်နေသော အဖြစ်အပျက်တို့သည်ကား အားလုံးတူတူပင်ဖြစ်ချေပြီ။ မြန်မာနိုင်ငံတွင် ကြည့်စေဦးတော့။ 
ကပ်သုံးပါးမှ ပထမ ကပ်နှင့် ချိန်ထိုးကြည့်ခြင်း။အကျဉ်းမျှသာကြည့်လျှင်ပင် သိကြမည်ထင်သည်။ ငတ်မွတ်သောဘေးတဲ့၊ ငတ်မွတ်နေသော ပြည်သူလူထုတွေ မြန်မာမှာ ရာခိုင်နှုန်းမြင့်တက်နေကြလေပြီ။ မြန်မာနိုင်ငံမှာပင် လုပ်ကိုင်စားသောက်ရတာ မလောက်မငှရကား ရေမြေရပ်ခြားတိုင်းတစ်ပါးကို အလုပ်ထွက်ရှာပြီး မိမိတို့၏ စားဝတ်နေရေး ဖြေရှင်းနေရသော ခေတ်ပင်မဟုတ်ပါလား။
ဒုတိယကပ်ကို ဖြန့်ဦးအံ့။ လက်နက်ဘေးတဲ့၊ လက်ရှိမှာ နိုင်ငံတိုင်းလိုလို လက်နက်တွေ သူ့ထက်သာအောင် သူ့ထက်တော်အောင် သူ့ထက် သာလွန်ကောင်းမွန်အောင် ကြိုးပမ်းကြလေရဲ့၊ ယခုမြန်မာနိုင်ငံသည်လည်း ထုတ်လုပ်ကြပေရာ လက်နက်တွေ ကောင်းကောင်းလာလေ၊ စိတ်ဓါတ်တွေက ပျက်စီးလေပဲ။ ဘာ့ကြောင့်ထိုသို့ ပြောသနည်းဟူမူကား လက်နက်ကောင်းတော့ ငါတို့နိုင်ငံကို ဘယ်သူမှ လာရောက်မကျူးကျော်ဝံ့ပါဘူးကွာ၊ ဒို့မှာ လက်နက်ကောင်းတွေ ရှိနေတာပဲ၊ ဘာကြောက်စရာရှိတာမှတ်လို့၊ လာရဲလာကြည့်ဆိုတဲ့ သတ်ဖြတ်တတ်သော စိတ်ဓါတ်တွေ မွေးဖွားပြီး စိန်ခေါ်ကာ နောက်ဆုံးမှာတော့ဖြင့် ဒေါသနှင့် လောဘက ဒီဂရီတက်လာပြီး ဆိုက်ကြရပေမည်။
နောက်ဆုံးကပ်ကို ဖော်ဦးအံ့။ 
ရောဂါလို့ဆိုလိုက်ခြင်းဖြင့် လူသားတို့ တုန်လှုပ်သွားနိုင်သော စကားလုံး။ ယခုဆိုလျှင် ရောဂါကို ကြိုတင်ကာကွယ်ရေးတွေ လုပ်လာသလောက် ပိုဝင်နေတာက ဆိုးဝါးသော ရောဂါတွေမဟုတ်ပါလား။ လူတွေဟာ တစ်ဖြည်းဖြည်း မောဟတွေ ထူထပ်ကာ လာကြသောကြောင့်ပင်။ ပတ်ဝန်းကျင် အနေအထားကိုကြည့်ဦး၊ မိမိတို့သုံးစွဲနေသော အရာဝတ္ထုတိုင်းသည်ပင် ရောဂါကို လက်ရပ်ခေါ်သော အရာများအားလုံး ဖြစ်နေချေပြီ။ နေရာတိုင်းမှာလည်း ရှိသည်။ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေ ရေလောင်းနေသ၍ တိုးတက်နေမည်ကား ဤကပ်သုံးပါးပင် ဖြစ်လေသောကြောင့် မိမိတို့သည် လောဘ၊ ဒေါသ၊ မောဟ တရားတွေကို အမြစ်ဖြုတ်တွန်းလှန်ပြီး ခြောက်သွေ့သော အပင်ခြောက်လေးများအဖြစ် ဖန်တီးယူနိုင်ကြပါစေ။

ကိုယ်ဖြစ်ချင် ဖြစ်စေနိုင်သော တရား

သစ္စာဟာ မုသားနဲ့ ပြောင်းပြန်ဖြစ်တယ်၊ ယခုခေတ် သစ္စာ အလွန်နည်းကြတယ်၊ မုသားဟာ ငါးပါးသီလ ကိုယ်ကျင့်မှာတောင် အမြဲရှောင်ဖို့ ပါနေတယ်၊ သီလရှိသူဟာ ကိုယ်ဖြစ်ချင်တဲ့ အကျိုးကို ရနိုင်တယ်၊ သီလမရှိရင် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ တစ်ခုခုနဲ့ လူနုံလူမွဲ လူဆင်းရဲသာ ဖြစ်ရမယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ယခုခေတ်ဟာ သစ္စာအလွန်နည်းကြတယ်ဆိုလိုက်ရင် မုသားတွေချည်း ပြောနေကြတယ်လို့ အဓိပ္ပါယ်ရတယ်။ ဆိုတော့ မုသားတွေကို အထည်လဲသုံးနေကြတဲ့ ဟောဒီလောကကြီးထဲမှာ သင်ဟာလည်း အပါဝင်ဖြစ်မယ်။ ငါးပါးသီလဆိုတာလည်း လူ့ကျင့်ဝတ်ပေပဲမဟုတ်လား။ လူ့ကျင့်ဝတ်သီလဟုဆိုအပ်သော ဒီ ငါးပါးလေးကို မြဲမြံအောင် ထိန်းသိမ်းစောင့်ရှောက်မှုမရှိတော့ဘူးဆိုရင် စကားတစ်ခွန်းပြောလိုက်မယ်။ အဲဒီလူဟာ သေတာနဲ့ တူတူပါပဲ။ ဘာ့ကြောင့်ဒ်ီလိုပြောလိုက်ရသလဲဆိုရင် လူ့ကျင့်ဝတ်ဖြစ်တဲ့ ဒီငါးပါးမှမလုံသောသူဟာ ဘယ်လိုနည်းနှင့်မျှ ကောင်းသောနေရာ၊ ကောင်းသောဘုံဘ၀၊ ကောင်းသော ဌာနတွေနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်နေသောကြောင့်ပင်တည်း။ သို့ကြောင့် မိမိဘ၀က သေဆုံးနေပြီလား၊ ထို့မဟုတ် ရှင်နေသေးသလား၊ ဝေဖန်ကာ ဆန်းစစ်ကြည့်ပြီး လူ့မှုဘ၀ လူ့ဌာနမှ ကျင့်အပ်သော ဤငါးပါးကို ထိန်းသိမ်းစောင့်ရှောက်ကာ နောင်လာဘ၀များစွာကို ဖြတ်ကျော်ချိန်၌ အပါယ်လေးပါးမှ အပြီးတိုင် ခွာရှောင်ကြရလေအောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ တိုက်တွန်းရင်း။

ဥစ္စာ မေတ္တာ ပညာ ဘဝ

                 အချိန်ကား..ဗုဒ္ဓဘုရားရှင်ပွင့်ထွန်းသောအချိန်။
       လွန်ခဲ့သောနှစ်ပေါင်း၂၅၀ဝကျော်ကအဖြစ်အပျက်တစ်ခုဖြစ်သည်။ဗာရာဏသီပြည်ကြီးမှာ သူဌေးကြီးလင်မယားနှစ်ဦးရှိ၏။ ကုဋေ၈၀ ကြွယ်ဝချမ်းသာပြီး သူတို့၌တစ်ဦးတည်းသောသားတစ်ယောက်ရှိ၏။ ကုဋေ၈၀ကိုဆက်ခံမည်ဖြစ်သောကြောင့်အများကသူ့ကိုကုဋေ၈၀သူဌေးသားဟုခေါ်၏။ သား၏နောင်ရေးနှင့်ပတ်သက်၍မိဘဖြစ်သောသူဌေးကြီးလင်မယားစဉ်းစားသည်မှာ ငါတို့အမျိုးဟာ ချမ်းသာကြွယ်ဝတယ်၊ငါတို့သားလေးပညာသင်စရာမလို၊စီးပွားရှာဖို့မလို၊စည်းစိမ်ခံစားသည်ကလွဲ၍
တခြား ပြုဖွယ်ကိစ္စမရှိ ဟုစဉ်းစား၏။ ကြံစည်၏၊ ထိုစဉ်းစားကြံစည်သည့်အတိုင်လည်း လက်တွေ့အားထုတ်လေ၏။
ထိုဗာရာဏသီပြည်မှာပင် အခြားသောအမျိုး၌ သူဌေးကြီးလင်မယားရှိ၏။သူတို့လဲကုဋေ၈၀ ကြွယ်ဝချမ်းသာပြီး၊သမီးတစ်ယောက်ရှိ၏။ထိုမိန်းကလေးသည်လဲ သူဌေးသားနည်းတူအာရုံခံစားသည်ကလွဲပြီး       ဘာမျှမသင်ရ၊ မလုပ်ရသောအခြေအနေမျိုးဖြစ်၏။   ။အသွင်တူရင်အိမ်သူဖြစ် ဆိုသည့်အတိုင်း အရွယ်ရောက်သောအခါသူတို့နှစ်ဦးကိုထိမ်းမြားလက်ထပ်ပေးလိုက်၏။ကာလကြာသော်.. မိဘတို့ကွယ်လွန်ကုန်၏။ ဖခင်၏သူဌေးရာထူးကိုဆက်ခံရသောသားသည် တစ်နေ့သုံးကြိမ် ပြည့်ရှင်မင်း
ထံခစား၏။     ။ ထိုဗာရာဏသီမြို့၌သေသောက်ကြူးများရှိကုန်၏။သူတို့သည် သူဌေးသားကိုမှီပြီးအသက်
မွေးလိုသောကြောင့် သူဌေးသားကိုသူတို့၏အပေါင်းအပါဖြစ်အောင်အားထုတ်လေသည်။  လောကသဘောအရ လူဆိုးဟူသည်ကိုယ်တိုင်ကဆိုးသွမ်းနေသည့်အတွက်သူများကိုလည်း အဖြူအမည်းခွဲခြားနေမည်မဟုတ်ပေ၊ မိမိကောင်းစားရေးကိုသာလျှင်အဓိကထား၏။ ပညာမဲ့လျှင် ကျန်အားလုံးလဲ မဲ့တော့၏။ ယခုမမဲ့သေးလျှင် နောင်အခါမဲ့မည်ဖြစ်၏။ စည်းစိမ်ခံစားသည်ကလွဲပြီး ဘာမှနားမလည်သောသူဌေးသားလည်းသေသောက်ကြူးတို့နှင့်ပေါင်းမိလေတော့သည်။ငွေပုံကြီးကို အလယ်မှာထား၍မူးယစ်သောက်စား၏။ ထိုမှတဆင့် အပျော်အပါးလိုက်စား၏။ လောင်းကစားလုပ်၏။ အသွင်တူသောအိမ်သူကလည်း မတားမြစ်၊ မိမိဘက်မှပါလာသောပစ္စည်းဥစ္စာကိုပင်ထုတ်ပေး၏။ ကာလကြာ-                သော်  လင်မယားနှစ်ယောက်လုံးပိုင်ဆိုင်သောစည်းစိမ်အားလုံးကုန်တော့၏။ အခြံအရံလဲကင်းမဲ့၊ နေစရာမရှိ၊ စားစရာမရှိ၊ သူတပါးအိမ်မှာမှီခိုနေထိုင်ကာ ခွက်လက်ဆွဲတောင်းရမ်းစားသောက်ရလေ၏။ သူဌေးဘဝမှသည် သူတောင်းစားဘဝသို့ရောက်ခြင်းပေတည်း။
     ထိုခေတ်အခါ၌လည်း ရဟန်းငယ်သာမဏေတို့သည် စားကြွင်းဖြစ်သောခဲဖွယ်ဘောဇဉ်  တို့ကိုတောင်းရမ်းသူတို့အား ပေးကမ်းစွန့်လှူလေ့ရှိ၏။ တစ်နေ့သောအခါ ဆွမ်းစားဇရပ်တံခါး၌စားကြွင်း
တောင်းနေသောသူဌေးဟောင်းလင်မယားကိုဘုရားရှင်မြင်တော်မူလေသည်။ မြင်ပြီး ပြုံးတော်မူ၏။
ဘုရားရှင်တို့မည်သည်အကျိုးမဲ့သောကိစ္စကို လုံးဝပြုတော်မူလေ့မရှိ။ အကြောင်းရင်းကိုအရှင်အာနန္ဒာက မေးလျှောက်သောအခါ..... 
     ချစ်သား အာနန္ဒာ ကုဋေ ၈၀ ကိုကုန်ခမ်းစေပြီး မယားကိုလက်စွဲခေါ်လျက် ထမင်းအလို့ငှါလှည့်လည်
နေသော ဤသူဌေးသားကို ကြည့်စမ်းလော့၊ ဤသူဌေးသားသည် ပထမအရွယ်မှာစီးပွားရှာခဲ့ပါမူ ဤမြို့
မှာ ပထမတန်းသူဌေးကြီးဖြစ်နိုင်၏။ရဟန်းဘောင်သို့ဝင်ရောက်ခဲ့ပါမူ အရဟတ္တဖိုလ်သို့ရောက်နိုင်၏။
သူ၏မယားသည်အနာဂါမိဖိုလ်သို့ရောက်နိုင်လေ၏။ပထမအရွယ်မှာမေ့လျော့ပြီးဒုတိယအရွယ်မှာစီးပွား
ရှာခဲ့လျှင်ဒုတိယတန်းသူဌေးကြီးဖြစ်နိုင်ပြီး၊ရဟန်းဘောင်ဝင်ရောက်ခဲ့ပါမူ အနာဂါမ်ဖြစ်၍သူ၏မယားမှာ
သကဒါဂါမ်ဖြစ်နိုင်၏။ တတိယအရွယ်၌ စီးပွားရှာခဲ့ပါမူ တတိယတန်းသူဌေးဖြစ်ပြီး၊ ရဟန်းဘောင်သို့ဝင်
ရောက်ခဲ့လျှင် သကဒါဂါမ်၊ သူ၏မယားသည်ကား သောတာပန်ဖြစ်နိုင်လေသည်။ယခုသော်ကား လူ့စည်း
စိမ်မှဆုတ်ယုတ်ပြီး၊ ရဟန်းဘဝမဂ်ဖိုလ်ဂုဏ်ကျေးဇူးမှလည်း လွဲချော်ခဲ့လေပြီ။  ပမာဆိုသော်..ရေခမ်း
ပြီးသောညွန်အိုင်ဝယ်အတောင်ကုန်ပြီးသောကြိုးကြာအိုတို့ကဲ့သို့ ဖြစ်ကြလေသည်၊ဤသို့မိန့်တော်မူ၏။
ထို့နောက်အောက်ပါဂါထာများကိုဟောတော်မူလေသည်...
                    အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
                     ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေဝ ပလ္လလေ။
                     အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
                     သေန္တိ စာပါတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။     
( အရွယ်ရှိခိုက် သူတော်ကောင်းအကျင့်ကိုလည်း မကျင့်၊ ဥစ္စာကိုလည်းရအောင်အားမထုက်သောသူမိုက်
တို့သည် အရွယ်လွန်သောအခါ ရေခမ်း၍ ငါးမရှိသောညွန်အိုင်၌ အတောင်ကုန်ပြီးသောကြိုးကြာအိုတို့
ကဲ့သို့ ကြံမှိုင်၍သာ နေရကုန်၏။
  အရွယ်ရှိခိုက် သူတော်ကောင်းအကျင့်ကိုလည်း မကျင့်၊ ဥစ္စာကိုလည်းရအောင်အားမထုက်သောသူမိုက်
တို့သည် အရွယ်လွန်သောအခါ လေးမှလွှတ်လိုက်ပြီးနောက် အဟုန်ကုန်သော မြားတို့ကဲ့သို့ အားမရှိဘဲ
ရှေးဖြစ်ဟောင်းတို့ကိုသာ  အောက်မေ့ညည်းတွားကာ နေရလေကုန်၏)
               ဒေသနာတော်အဆုံးမှာ လူများစွာတို့ အကျွတ်တရားရကြ၏။သို့သော်လဲ..သူဌေးဟောင်း
လင်မယားမူကား အချည်းနှီးသောဘဝဖြင့်ပင် နိဂုံးချုပ်လေတော့သည်..။
              ---------------------------------------------------------- 
              လေ့လာချင်သူသည် ဗဟုသုတရှာတတ်ဖို့လို၏။ တိုးတက်ချင်သူသည်ကား ဗဟုသုတရှာ
တတ်ဖို့လိုအပ်သလို သင်္ခန်းစာယူတတ်ဖို့လည်း လိုပါသည်။ ယခု စာရေးသူဖော်ပြခဲ့သောဝတ္ထုသည်ကား
လူတိုင်းလိုလို သိသောဝတ္ထုဖြစ်၏။ လောကီတန်းကျောင်းတို့၌လည်း ငယ်စဉ်ကသင်ခဲ့ရပါသည်။
 ရှေးသရောခါ၊ ပြည်ဗာရာဝယ်၊ ကုဋေကြွယ်သား၊ သူဌေးသားလျှင်.. စသဖြင့် ကဗျာလင်္ကာတို့ဖြင့်            
ဖော်ပြ၏။ ငယ်စဉ်က ပညာမသင်ခဲ့ခြင်းကြောင့် ကြီးသောအခါ ဆင်းရဲဒုက္ခဖြစ်ပုံကိုသာ ဇောင်းပေးဖော်
ပြပါသည်။  စာရေးသူကား ဤမျှသင်္ခန်းစာယူရုံဖြင့် မကျေနပ်၊ မရောင့်ရဲပါ။   အဘယ့်ကြောင့်ဆိုသော်
လူတစ်ယောက်၏ဘဝ အစ အလယ် အဆုံး တို့နှင့်ပတ်သက်သောကြောင့်ဖြစ်၏။လောကဓမ္မစာစောင်-
မှ စာရေးသူမှတ်သားဖူးသော လင်္ကာတစ်ပုဒ်ရှိ၏။                                                                                                                                                                                                                                           ]လေးဘက်တွား၍၊ ငိုစားပြုံးရယ်၊ လူမမယ်ကား၊ ကျင်ငယ်ရွှဲရွဲ၊ တွဲရွဲနှာရည်၊ ဆာလောင်
            လေသော်၊ အော်ဟစ်ငိုမြည်၊ တအီအီသည်၊ ဤသည်လူသားမနုဿ။
                       ပြေးလျက်သွား၍၊ လူလားမြောက်က၊ သင်ထပညာ၊ ငယ်ရာကကြီး၊ ရှာပြီးဝမ်းရေး၊ အချစ်
           ရေးနှင့်၊ ပျော်ရေးတနည်း၊ လွမ်းပွဲတလီ၊ အတည်တည်သည်၊ ဤသည်လူသားမနုဿ။
           ရှေးထက်များ၍၊ လူသားတွေ့ကြုံ၊ ဖုံဖုံဒုက္ခ၊ ဘဝဓမ်မျိုး၊ သွားကျိုးခါးကိုင်း၊ နားထိုင်းမျက်မွဲ ၊  
           ကိုင်စွဲတောင်ဝှေး၊ သေဘေးကိုရည်၊ မျှော်ငံ့တည်သည်၊ ဤသည်လူသားမနုဿ။
ဤလင်္ကာသည်ကား လူသားတစ်ဦး၏ဘဝ အစç အလယ်ç အဆုံး ကိုပြသောလင်္ကာဖြစ်၏။ သူဌေးသား၏
ဘဝဖြစ်စဉ်သည် လင်္ကာ၏ဆိုလိုရင်း၌ အကျုံးမဝင်၊ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။ ပို၍ကြေကွဲစရာကောင်း၏။    
ထို့ကြောင့် စာရေးသူကား ဤသင်္ခန်းစာ ၅-မျိုးကိုယူမိပါသည်။ ၁-မိဘကျင့်ဝတ်၊ ၂-ပညာရေး၊ ၃-ကိုယ်
ပိုင်အရည်အချင်း၊ ၄-ပေါင်းသင်းဆက်ဆံရေး၊ ၅-ကံတရား။ ဤငါးမျိုးပင်တည်း။ ထိုတွင်.....
မိဘကျင့်ဝတ်---မိဘတို့၏မေတ္တာç စေတနာသည် ယုံမှားဖွယ်မရှိပါ။ သားသမီးတို့ကို ကောင်းစေချင်၊
တော်စေချင်၏။ မြင့်သထက်မြင့်သောဘဝသို့ရောက်စေသည်မှာလဲ မှန်၏။ကောင်းအောင်၊ တော်အောင်
မြင့်သထက်မြင့်အောင်လဲ အားထုက်၏။ သို့သော် ဤအားထုက်ရာ၌ကား ယုံမှားဖွယ်ရှိ၏။လမ်းနည်းမကျ
ခဲ့လျှင်လမ်းလွဲနိုင်သောကြောင့်တည်း။မြတ်စွာဘုရားသည် သိင်္ဂါလောဝါဒသုတ်တွင် မိဘကျင့်ဝတ်များကို
ချမှတ်ပေးတော်မူခဲ့၏။မကောင်းရာကိုတားမြစ်ခြင်း၊ ကောင်းရာကိုညွှန်ပြခြင်း၊ အတတ်ပညာသင်စေခြင်း၊ အမွေဥစ္စာပေးခြင်း၊ ထိမ်းမြားလက်ထပ်ပေးခြင်း။ ဤငါးမျိုးဖြစ်၏။ မိဘတို့သည် မေတ္တာ၊ စေတနာရှိနေရုံ
နှင့်မပြီးသေးဘဲ ဆိုင်ရာဝတ္တရားအတိုင်းလုပ်ဆောင်ပါမှ သားသမီးတို့ဘဝကောင်းစား၏။မေတ္တာ၊ စေတနာ
တို့လဲပိုပြီးတောက်ပြောင်လာ၏။ ဤကျင့်ဝတ်ငါးမျိုးသည် မိဘမေတ္တာစေတနာကိုသက်သေပြရေးအတွက်
အခွင့်အရေးဖြစ်သလို၊ သားသမီးတို့ဘဝကောင်းစားရေးအတွက် အခြေခံဖောင်းဒေးရှင်းလဲ ဖြစ်ပါသည်။
ထို့ကြောင့်  ပုဗ္ဗာစရိယ မိနှင့်ဖ ဟူ၍ဆို၏။ ပတ်သက်မှုရှိသောအရာတိုင်းသည် ဆက်နွယ်မှုရှိ၏။ မိဘ-
တို့က မိမိဆိုင်ရာတာဝန်များကျေပွန်မှ သားသမီးတို့လိမ္မာပြီး သူတို့ဆိုင်ရာ(သားသမီးကျင့်ဝတ်)များကိုလဲ
နားလည်ဖို့၊ လက်တွေ့ကျင့်သုံးဖို့ရာ ဖြစ်နိုင်ချေများ၏။သံသရာသည် လည်နေ၏။ယခုမိဘသည်အရင်က သားသမီးဖြစ်ခဲ့၏။ ယခုသားသမီးသည် နောင်အခါမိဘဖြစ်မည် ဖြစ်၏။ သူဌေးသား၏မိဘတို့သည်
တမလွန်ကနေ ဘဝပျက်နေတဲ့သား၏ဖြစ်အင်ကိုမြင်နိုင်ခဲ့ပါမူ ရင်ထုမနာဖြစ်မည်မှာသေချာ၏။မိဘဝတ္တ-
ရားချို့ယွင်းခဲ့မှုကိုနောင်တရမည်မှာလဲ မုချပင်ဖြစ်၏။ ဇာတ်လမ်း၌ ကံကောင်းသည်မှာတစ်ခုတော့ရှိ၏။
သူတို့ဇနီးမောင်နှံ၌ သားသမီးမရခဲ့ခြင်းပင်။ရခဲ့လျှင်ကား ထိုကလေး၏ဘဝသည်မတွေးဝံ့စရာ။
ပညာရေး---ပညာရေးသည်ဘဝအတွက်ခြွင်းချက်မရှိ အရေးကြီး၏။ ပညာသမာ အာဘာ နတ္ထိဟုဆို၏၊
နိုင်ငံရေးလုပ်လျှင်ပညာလို၏၊ စီးပွားရေးလုပ်လျှင်လဲပညာလို၏၊ လူမှုရေးလုပ်လျှင်လဲပညာလို၏၊ဘာသာ-
ရေးလုပ်လျှင်ကားပို၍ပင်လို၏။လူကိုစိတ်ကအုပ်ချုပ်၏၊ စိတ်ကိုပညာကအုပ်ချုပ်၏၊ပညာကိုဗဟုသုတက
အုပ်ချုပ်၏၊ဟု ဆိုပါသည်။ငယ်စဉ်အခါဗဟုသုတသည် ကြီးသောအခါပညာဖြစ်သောကြောင့်  လူတိုင်း -ကျောင်းနေသင့်ပါသည်။စာတတ်မှအဖြူအမည်းခွဲခြားနိုင်ပြီး၊ စိတ်ကိုမှန်ကန်စွာထိန်းကျောင်းနိုင်မည်၊စိတ်-
ကိုထိန်းကျောင်းနိုင်မှ ဘဝကောင်းပေလိမ့်မည်။အချုပ်ဆိုသော်--ပညာရေးသည်ဘဝအရေးကိစ္စအားလုံး၏
အခြေခံဖြစ်ပါသည်။ ပညာရေး၏အရေးကြီးပုံကို ကုဋေ ၈၀ သူဌေးသားကသက်သေပြခဲ့၏။ ။
ကိုယ်ပိုင်အရည်အချင်း---ပင်ကိုယ်ဥာဏ်နှင့် ပညာရေးတို့၏ပေါင်းဆုံမှုရလဒ်ကို အရည်အချင်းဟုဆိုချင်
ပါသည်။( ဥာဏ်ကိုကြီးထွားလာအောင်ပညာရေးဖြင့် ပျိုးထောင်ရ၏။) အရည်အချင်းကောင်းမှ အမြင်-
မှန်မည်၊ အမြင်မှန်မှ အကြံကောင်းမည်၊ အကြံကောင်းမှသတိကောင်းမည်၊ သတိကောင်းမှ အားထုက်မှု
မှန်မည်၊ သတိနှင့်အားထုက်မှုတို့မှန်ပါမှ တည်ငြိမ်မည်၊ တည်ငြိမ်မှ  အပြောအဆို၊အလုပ်အကိုင်၊အသက်
မွေးမှုတို့ နည်းလမ်းကျပါလိမ့်မည်။သူဌေးသားသည် ကိုယ်ပိုင်အရည်အချင်းမရှိသောကြောင့်ဘဝပျက်ခဲ့ရ
၏။ ရှိခဲ့ပါမူ စီးပွားရှာလိမ့်မည်၊ ကောင်းသထက်ကောင်းအောင်ကြိုးစားလိမ့်မည်၊ နောက်ဆုံး သုမေဓာ-
ရှင်ရသေ့ကဲ့သို့ အတွေးမျိုးဝင်လာပြီး စည်းစိမ်များစွန့်လှူ၍ရဟန်းပြုမည်မှာလဲ မလွဲပင်တည်း။ယခုတော့
အရည်အချင်းချို့တဲ့မှုကြောင့် တန်ဖိုးကြီးလှသောအခွင့်ကောင်းများနှင့် ဝေးကွာခဲ့လေ၏။ ။
ပေါင်းသင်းဆက်ဆံရေး---မိမိနှင့်ပတ်ဝန်းကျင်တို့၏ပတ်သက်နေမှုကို ဆက်ဆံရေး ဟုဆို၏။ပတ်ဝန်းကျင်
ဟူသည် သက်ရှိ၊သက်မဲ့ အားလုံးပါဝင်၏။ ပေါင်းသင်းဆက်ဆံရေးသည် ဘဝအတွက်အရေးကြီးသော-
ကြောင့် မြတ်စွာဘုရားကအသေဝနာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာဟု မင်္ဂလသုတ်မှာအစဆုံး-
ဟောကြားခဲ့ပါသည်။မိမိနှင့် ပတ်သက်သူကို ဗာလလား၊ ပဏ္ဍိတလား ခွဲခြမ်းဝေဖန်ရမည်။
ဓမ္မသဘောအရ--အကောင်းအဆိုးဝေဖန်ရာ၌ပုဂ္ဂိုလ်သတ္တဝါမရှိပေ။ထို့ကြောင့် ဗာလ၊ပဏ္ဍိတအဖြစ်-
ဝေဖန်ရာတွင် မိဘပါ၏၊ ဆရာလဲပါ၏၊ဆွေမျိုးများလဲပါ၏၊မိတ်ဆွေသူငယ်ချင်း၊သူစိမ်း အားလုံးပါဝင်၏။
ထို့ကြောင့်ပင် ဘာသာဋီကာကျမ်းပြုဆရာတော်ကြီးက အခြေပြုမင်္ဂလသုတ်တွင်ဘယ်သူ့ကိုမျှ၊ မညှာကြ
နှင့်၊ မိဘဆရာ၊ ဖြစ်စေကာလည်း၊ သူဟာဗာလ၊ ပဏ္ဍိတဟု၊ ကျနဝေလှစ်၊ တွေ့တိုင်းစစ်၊ စနစ်ကျစေ-
ကွယ့်ဟုရေးသားဆုံးမခဲ့ပါသည်။ လူတစ်ဦးမှာ အကောင်းဓာတ်နှင့်အဆိုးဓာတ်သည် ဒွန်တွဲနေ၏။မိမိကဆင်းရဲသော်လဲ အပေါင်းအသင်းကြောင့်ချမ်းသာနိုင်၏။ မိမိကချမ်းသာသော်လဲအပေါင်းအသင်း
ကြောင့် ဆင်းရဲနိုင်၏။နှစ်ယောက်ပေါင်းတော့လောင်းကျော်- ဆိုသည့်အတိုင်းမိမိတစ်ဦးတည်းရှိစဉ်က
မလုပ်ဖြစ်သောကိစ္စများကိုအပေါင်းအသင်းနဲ့ဆုံမှ လုပ်ဖြစ်သွားတာရှိ၏။ဇာတ်လမ်းတွင်သူဌေးသားသည်
သူယုတ်မာတွေနှင့်ပေါင်းမိခြင်းကြောင့် သူ၏အဆိုးဓာတ်များသည် ဘဝကိုဝါးမျိုတဲ့အထိကြီးထွားသွား
ခဲ့၏။ ဖက်ရွက်သည် ပန်းကိုထုပ်လျှင်မွှေးပြီး၊ ငါးပိကိုထုပ်လျှင်နံသော သဘောမျိုးပင်တည်း။ အချုပ်
်ဆိုသော်--လူမှန်လျှင်ပတ်ဝန်းကျင်ရှိ၏၊ ပတ်ဝန်းကျင်ရှိလျှင် ပေါင်းသင်းဆက်ဆံရေးသည် အရေးကြီး
တော့သည်။ ငရဲကျသည်..နိဗ္ဗာန်ရောက်သည်အထိပင် အရေးကြီးပါကြောင်း။ 
ကံတရား---သဗ္ဗေသတ္တာ ကမ္မဿကာ၊ကမ္မံ သတ္တေ ဝိဘဇ္ဇတိဟုဆိုသော်လဲကံတရားသည် တွေးတော
ကြံစည်ကောင်းသောအရာမဟုတ်ပါ။သို့သော်လဲ စာရေးသူသည် သူဌေးကနေ သူတောင်းစားဖြစ်ပြီး သံသရာစခန်းမှလွန်မြောက်ခွင့်ကိုပါ လွဲချော်ခဲ့ရသောဘဝကိုကြည့်၍ မတွေးဘဲမနေနိုင်။ ထို့ကြောင့် သက်သာသလို တွေးမိ၊ ဆင်ခြင်မိ၊ သင်္ခန်းစာယူမိပါသည်။ ပြုလုပ်ခြင်းကို ကံ ဟုဆို၏။ စိတ်ဖြင့်ကြံစည်-
ခြင်း၊ နှုတ်ဖြင့်ပြောဆိုခြင်း၊ ကိုယ်ဖြင့်လှုပ်ရှားခြင်းဟု ကံသုံးမျိုးရှိ၏။အတိတ်ကလဲကြံစည်၊ပြောဆို၊ပြုလုပ်
ခဲ့သည်၊ ယခုလဲ ကြံစည်၊ပြောဆို၊ပြုလုပ်နေဆဲပင်ဖြစ်၏။အတိတ်ကံနှင့်ပစ္စုပ္ပန်ကံနှစ်မျိုးတွင် ပစ္စုပ္ပန်ကံက
ပိုပြီးအရေးကြီး၏။ အကြောင်းကား--ဘဝဟူသည် ဒီနေ့ ဒီအချိန် ဒီနာရီ ဒီမိနစ် ဒီစက္ကန့်မှာ ရှင်သန်နေ ထိုင်ခြင်းကြောင့်ဖြစ်၏။အတိတ်က ကံကောင်းခြင်းတွေမည်မျှပါစေကာမူ ယခုဘဝမှာအနေအထိုင်များ
ပုံစံမကျလျှင် အကျိုးပေးကောင်းမည်မဟုတ်။ သဲထဲရေသွန်ဖြစ်နိုင်၏။ယင်းကို သူဌေးသားကသက်သေ-
ပြ၏။သူဌေးသား၏အတိတ်ကံများသည် အရမ်းကိုအင်အားကြီးပါ၏။အကျိုးပေးခွင့်သာရလျှင် လောကီ
၌လည်း အမြင့်ဆုံးထိအကျိုးပေးမည်၊ လောကုတ္တရာမှာလဲအရဟတ္တဖိုလ်ထိ ပို့ပေးမည်ဖြစ်၏။သူ့ထက်
ကောင်းတာမရှိတော့။ သီလက္ခန်ပါဠိတော်၌လဲ အဇာတသတ်မင်းကြီးသည် ပိတုဃာတကကံကိုသာ
မလွန်ကြူးခဲ့လျှင် သာမည-ဖလသုတ်အဆုံးမှာ အရိယာဖြစ်နိုင်၏။သို့သော်လဲ ပစ္စုပ္ပန်ဘဝအနေအထိုင်
်ကြောင့်လွဲချော်ခဲ့ရ၏။ ရေလာမြောင်းပေးဆိုသလို အတိတ်ကံများအကျိုးပေးခွင့်ရအောင်ပစ္စုပ္ပန်ကံက ကူညီ၏။ ဆိုလိုသည်မှာ--အတိတ်ကိုလုံးဝမေ့ထားရမည်ဟုဆိုလိုခြင်းမဟုတ်။ အကျိုးပေးကိုထိုင်စောင့်
မနေဘဲ လက်ရှိအချိန်မှာလုပ်သင့်လုပ်ထိုက်သည်တို့ကိုအားထုက်နေသင့်၏ဟုဆိုလိုပါသည်။ သို့မှသာ
ဆိုင်ရာဆိုင်ရာကံအကျိုးတို့သည် သူ့နေရာနှင့်သူ ရောက်ရှိလာပါလိမ့်မည်။
                      
     ယခု စာရေးသူဖော်ပြပြီးသည်တို့ကား--ကုဋေ ၈၀ သူဌေးသား-သို့မဟုတ် ကုဋေ ၁၆၀သူဌေးကြီး
(ဓမ္မပဒ၊ မဟာဓနသေဋ္ဌိပုတ္တ)ဝတ္ထု၌ယူမိသောသင်္ခန်းစာ ၅-မျိုးဖြစ်ပါသည်။ တိုးတက်ချင်သူသည်
ဗဟုသုတရှာတတ်ဖို့လိုအပ်သလို သင်္ခန်းစာယူတတ်ဖို့လဲလိုအပ်၏။ ။ နိဂုံးချုပ်အနေဖြင့်--စာရေးသူသည်
ရှိသမျှအသိဥာဏ်လေးဖြင့်သင်္ခန်းစာယူရင်း၊ နှုတ်ဖျားမှလည်း တဖွဖွရေရွတ်နေမိသည်ကား အော်--ဥစ္စာ
မေတ္တာ ပညာ ဘဝ ဟူ၍။ ။ ။

                        မောင်စိုး (သီတဂူကျောင်းသား)            
                                                                                                      

မဟန ပြောင်းလဲသင့်ပြီလော့

ရဟန်းသံဃာတော်များသည် ဘုရားရှင်လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင်အောင် ပင် ဖြစ်ပါတယ်။ နောင်လည်းပဲ အစုအဖွဲ့ အနေနှင့်ပင် ဆက်လက် နေသင့် နေကြရမှာဖြစ်ပါတယ်။တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲ့နဲ့နေတဲ့ ပေါင်းစုထားတဲ့ အဖွဲ့အစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖွဲ့နေစရာ မလိုတဲ့ သဘောပါ။
ဗုဒ္ဓက သူ့ သာသနာတော်သို့ ၀င်ရောက်လာသူ မှန်သမျှကို ၀ိနည်းသိက္ခာပုဒ်အတိုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိ အမှတ်ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါ ဘူး၊ အချင်းချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန် သေးသမျှ ရဟန်းအဖြစ်က ရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လဲမရပါဘူး။ အာဏာအသုံးပြုပြီး သင်္ကန်းဆွဲ ချွတ်ရင် တောင် သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ် တည်ရှိနေဆဲဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂ သိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ ညီမှ သင်္ကန်းဝတ်တာ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင် အမည်ခံထားပြီး ၀ိနည်းကို နားမ လည်တဲ့ လူ့အန္ဓများကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလို့ ထင်နေကြပုံရပါတယ်။
မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄၇ ပါးနဲ့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာ ခဲ့ပါတယ်။ မဆလ အာဏာရှင် ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ် ဆိုပေမယ့် ဒီ မဟန အဖွဲ့ကို လွယ်လွယ်နဲ့ ဖွဲ့နိုင်ခဲ့တာတော့ မ ဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့ နောက် ကွယ်မှာ သံဃာ့အဖွဲ့အစည်းတခုဖွဲ့ပြီး ယင်းအဖွဲ့ကို အသုံပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေ၀င်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီးများက ကောင်းစွာသိနေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက် မယ့်အထဲမှာ ငါတို့ကို ဆွဲမထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေ များ လာသည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ၀ိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီ ယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်”လို့ဟု မဟုတ်မမှန် လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို အဓမ္မဖွဲ့စည်းခဲ့ပါသည်။ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင် မှားဖြစ်အောင် လိမ်ညာ ၀ါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀၇ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး သံဃာတော်များကိုဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။
နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကိုကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်း နိုင်အောင် ဖြားယောင်းခဲ့ပါတယ်။ ဖုန်း ကား ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလဲ အပြည်အ၀ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများကဲ့သို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ ဏာပိုင်အဆင့်ဆင့်ခိုင်းတာကို လုပ်နေသည့်အပြင် လဘ်ထိုးပြီး နေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။ မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟန ဆရာတော်အချို့ကို အသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့် အသီးသီးထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြို ကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလ အစိုးရကို အပြစ်မမြင်တော့ပဲ မဟနကိုသာ အမြင်မကြည်မလင်ဖြစ်လာပါတယ်။ ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့် မပေးပဲ အပြင်လူထုနှင့် အဆက် အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်း တိုက်ပေးတဲ့ နည်းကို အသုံးပြုပါတယ်။
အာဏာရှင်အဆက်ဆက်များဟာ မဟန အဖွဲ့ကြီးကိုလည်း မြေမှု ကျောင်းမှု ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာန က လူပြန်တော်ပွဲစားများက တဆင့် လာဘ်စား တတ်အောင် သင်ပေးပြီး ငွေများ တရားနိုင်တဲ့ အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ အမှု ကိစ္စ ဖြစ်သည့်အခါ အမှုနိုင်ရေးအတွက် ငွေ ဘယ် လောက်ပေးရမယ်ဆိုတာမျိုးကို လူပြန်တော်တွေကတဆင့် ပြောဆိုပြီး လူပြန်တော်နဲ့ ၀ိနိစ္ဆယ( တရားရေးအဖွဲ့)တို့ ခွဲဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။ မဟန အဖွဲ့ကြီးကို“သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟန အဖွဲ့ရဲ့ အဝိဇ္ဇာ မောဟတရားများ ဖုံးလွှမ်းတာ အားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့် သာ သနာတော်ဟာ မသန့်ရှင်းပဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင် လုပ်ရာမှာလည်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွေ ပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး သာသနာတော် တိုးတက်စေလိုတဲ့ ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ တက္ကသိုလ်တွေရဲ့ လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းကအထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။
နိုင်ငံတော်ကနေပြီး ပြည်ပကို သာသနာပြု လွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့တက္ကသိုလ်တွေ (နပသ)တွေ ဖွင့်ထားသော်လည်း အရည်အချင်းမပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှုစတဲ့ အကြောင်းများကြောင့် နှစ်ပေါင်း ၂၇ နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့် အစီအစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့် သံဃာတော်များ ရှိလို့သာ မြန်မာပြည် ထေရ၀ါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်းဖြစ်ပါတယ်။ နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကို တင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာ မနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေးပွဲ အချခံရခြင်း အပြစ်သေးသေးလေးကို အကြောင်းပြကာ နှင်ထုတ်ခံရခြင်းများ ပြုလုပ်ပြီး ခိုင်းသမျှ လုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့် စနစ်ကို တရားမ၀င် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ သာသနာပြန့်ပွားဖို့အတွက် လုပ်ခဲ့ပေမယ့် ၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိ ဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှ လုပ်ဆောင်တာမရှိတော့ပါဘူး။


မဟန အဖွဲ့ဟာ သာသနာတော်နဲ့ သက်ဆိုင်တဲ့ ကိစ္စအ၀၀ကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ပဲ အာဏာရှင် အဆက်ဆက်ရဲ့ အကျိုးဆောင် လက်ကိုင်ဒုတ်ဖြစ်လာနေပါတယ်။ မဆလ ရှိစဉ်က မဆလ ခိုင်းတာလုပ်ပေးရပြီး န၀တ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို လုပ်ပေးခဲ့ပါတယ်။ အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကို မကြည့်ပဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့ အဖွဲ့အဖြစ်ပဲ တည်ရှိနေပါ တယ်။ အာဏာရှင်အစိုးရတွေ ပုံစံမျိုးစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့ မပြောင်းလဲသေးပါဘူး။ သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀၇ မှာကျောင်းတိုက်တွေ ၀င်ရောက်စီးနင်းတာ သံဃာတော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာတည်မြဲ ရေးအတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ် ၀ိုင်းဆရာတော်လို ဆင်းရဲမျိုးစုံ ကြုံနေရပြီး မှန်ကန်တဲ့ ပြည်သူ့ဘက်က မရပ်ပဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့ အဖွဲ့ဖြစ်နေတော့ မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။
မဟန အဖွဲ့ထဲက အမှန်အတိုင်း လုပ်ကိုင်ချင်တဲ့ဆရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိပဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာ တော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များ ဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ၀င်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်း ငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ၀မ်းနည်းစရာအလွန် ကောင်းပါတယ်။ သံဃ၀ိနိစ္ဆယ (သံဃာ့တရားရုံး)တွေ ရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှ အကာအကွယ် မပေးခဲ့ပါဘူး။ သံဃာ့ တရားရုံး ဥပဒေအရ ဖြေရှင်းခွင့် မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရား ရုံးအဆင့်ဆင့်က ပထမဆုံး တရားစီရင်ချက် ချပြီးမှ လူ(အရပ်သား) တရားရုံးက ဒုတိယ စီရင်ချက် ချရတာဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာတော်များဟာ မဟန အဖွဲ့နဲ့ တရားဥပဒေရဲ့ အကူအညီ လုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ် ရှည်ထောင်ဒဏ်တွေလဲ ကျခံနေရပါတယ်။ မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကို သိနေတဲ့ အာဏာရှင်အဆက်ဆက်ကလဲ သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖွဲ့ တွေ ပညာဒါန ကျောင်းတိုက်တွေကို လူထု အကျိုးပြုလုပ်ငန်း တခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီ မဟန အဖွဲ့ကို အမြဲ အသုံးချပြီး သံဃာအချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာ ထုတ်ခိုင်းပါတယ်။ မဟန အဖွဲ့ကလည်း မှားသည် မှန်သည်ဆိုတဲ့ အဖြစ်မှန်ကို သေချာ စစ်မနေတော့ပဲ အာဏာတည်မြဲရေးအတွက် စစ် အာဏာရှင် အစိုးရအကြိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။
ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာ သွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘ၀ တွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ကျန်မာရေး ပညာ ရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင် သည့်အပြင် ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင် သာသနာတော်ဟာ သိက္ခာမကျပဲ သိက္ခာတက်လာမှာဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများအဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ လူထုကောင်းကျိုးတွေ လုပ်ခဲ့တဲ့အတွက် လူသားတွေ မင်းညီ မင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါ တယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှု ရရှိပြီး လူထုအာဏာဟာ သံဃာတော်များဆီမှာ အလိုလို ရှိနေတဲ့အတွက် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်မျိုးလုံးကို ဆုံးမ သြ၀ါဒပေးနိုင်ပါတယ်။ သာသနာ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖွဲ့အစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့ သိက္ခာကျမှာမလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ကျဆင်းစေပါတယ်။
လူထုအကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင် ရွက်နေတဲ့အတွက် မဟန အဖွဲ့အနေနဲ့ ကူညီ စောင့်ရှောက်အားပေးရမှာပါ။ တဘက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲစတဲ့ လောင်းကစားတာ လမ်းဘေးမှာ အချိန်မတော်အလှူခံတာ ရထားဘူတာနဲ့ ကားဂိတ်တွေမှာ လိုက်တောင်းနေတာ အရက်သောက်တာ မွန်းလွဲချိန် ဆိုင်ထိုင်တာတွေ လုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာ သန့် ရှင်းရေး ဆိုတာဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ် လုပ်ရ မယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖွဲ့ အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို အရေးမယူပဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ၂၀၀၇ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလို ရဟန်းအတုအယောင်တွေ ကြောင့် ဖမ်းပါတယ် ဆိုတာမျိုး အကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ လွတ်လပ်စွာ ဆုံဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့ အဖွဲ့အစည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဂတိတရား ၄ ပါး ကင်း ပြီး မည်သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ပဲ သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင် ခွင့် ရှိတဲ့အဖွဲ့ ဖြစ်ဖို့လိုပါတယ်။ ဒီလိုအဖွဲ့ဖြစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့် အစိုးရမှ ပါဝင်ပတ်သက်ခွင့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ ထောက်ပံ့လှူဒါန်းကူညီသူများ အနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။
လက်ရှိ မဟန အဖွဲ့အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော် မတိုးတက်ပဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလ ပါတီ ပျောက် ကွယ် သွားတာကို သင်္ခန်းစာယူပြီး ပြင်သင့်တာ ပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာသာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်း ဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့ မဟန အဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင် မဟန အဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။

မဟန ပြောင်းလဲသင့်ပြီလော by ဦးပညာဇောတ 

ကူးယူတင်ပြခြင်းသာ။ 

နှလုံးသွင်းခြင်းအနုပညာ

ယောနိသော မနသိကာရ
ယောနိသော မနသိကာရ ဆိုတဲ့ ပါဠိစကားလုံးကို အဆင်ပြေအောင် နှလုံးသွင်းခြင်းလို့ ဘာသာပြန်ပါတယ်၊ လူမှု ပေါင်းသင်းဆက်ဆံရေး မိသားစုအရေး ဘာသာရေး ဘယ်နေရာမှာမဆို နှလုံးသွင်း မှန်ကန်သူများဟာ စိတ်ကျေနပ်မှုကို ရနိုင်ပေမယ့် အယောနိသော မနသိကာရ နှလုံးသွင်း မမှန်ကန်သူ အဆင်ပြေအောင် နှလုံးမသွင်းနိုင်သူများ ကတော့ စိတ်ကျေနပ်မှုနဲ့ဝေး ပျော်ရွှင်မှုနဲ့လည်း ဝေးနေတတ်ပါတယ်၊ လောကအရေးဖြစ်ဖြစ် လောကုတ္တရာ အရေးမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် နှလုံးသွင်းတတ်အောင် စိတ်ကို လေ့ကျင့်ထားသင့်ပါတယ်။

ယောနိသော မနသိကာရရှိသူများဟာ လောကုတ္တရာ အရေးမှာလည်း တရားအသိတွေ ဖြေးဖြေးချင်း မြှင့်တင်ခွင့်ရ မြင့်ခွင့်ရကြတယ်. (ကိုရင်လေး ပဏ္ဍိတ ကိုရင်သုခတို့လို တွေ့သမျှ အာရုံကို အကောင်းဖက်ဆွဲယူ ဥာဏ်ယှဉ်ပြီးတွေးနိုင်တော့ တရားထူးတောင် ရသွားကြပါတယ်) ဘုရားရှင်ရဲ့ လမ်းညွှန်ချက်မှာတော့ ယောနိသော မနသိကာရ မရှိရင် မဖြစ်သေးတဲ့ အကုသိုလ်တွေဖြစ်တယ် ဖြစ်ပြီးသား အကုသိုလ်တွေ တိုးပြီးဖြစ်တယ်လို့ မိန့်တော်မူပါတယ်.. မှန်ပါတယ်.. ဘုရားရှင် တရားဟောတော်မူတာနဲ့ ပတ်သက်ပြီး တိတ္ထိတွေက ‘ ဂေါတမဗုဒ္ဓက တရားဟောတာတောင် မျက်နှာလိုက်ပြီး ဟောတယ် သူ့တပည့်တွေ ကျတော့ တရားတွေအများကြီး ဟောပြီး သူတို့ကိုတော့ နည်းနည်းလေးပဲ တရားဟောတယ်လို့ ကဲ့ရဲ့ ပြစ်တင်ကြပါတယ်.. ဒီနေရာမှာ တိတ္ထိတွေရဲ့ နှလုံးသွင်းကို သတိထားနိုင်ပါတယ်.. တခါတရံ ကိုယ့်အလိုကျ မဖြစ်တိုင်း စွပ်စွဲ ပြောဆိုချက်တွေဟာ အမှန်တရားနဲ့ ဝေးနေတတ်သလို ကာယကံရှင် ကိုယ်တိုင်လည်း အကုသိုလ် တိုးပွားရပါတယ်။ အပြောခံရသူက ဘာမှမဖြစ်ပေမယ့် ပြောတဲ့လူ နှလုံးသွင်းမမှန်တဲ့ လူကတော့ မပြောခင်လည်း စိတ်ဆင်းရဲရ ပြောပြီးပြန်တော့လည်း နောင်တတွေ တပွေ့တပိုက် ဖြစ်နေတတ်တယ်. ဒါဟာ အာရုံတွေအပေါ်မှာ အဆင်ပြေအောင် နှလုံးမသွင်းတတ်လို့ပဲ ဖြစ်ပါတယ်။
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အတုလဆိုတဲ့ ဒကာတစ်ယောက်ဟာ သူ့တပည့် ငါးရာနဲ့အတူ တရားနာဖို့ ကျောင်းကို ရောက်လာပါတယ်.. ပထမဆုံး တွေ့ရတဲ့ မထေရ်က အရှင်ရေ၀တ တဲ့. ဒီမထေရ်က သမာပတ်ဝင်စားပြီး အေးဆေးစွာ နေတတ်တဲ့ မထေရ်ဖို့ တရားမဟောပါဘူး. အတုလ က မကျေမနပ်ဖြစ်ပြီး အရှင် သာရိပုတ္တရာဆီ သွားပါတယ်.. အရှင် သာရိပုတ္တရာ ကတော့ အဘိဓမ္မာနဲ့ ဆက်စပ်တဲ့ သိမ်မွေ့တဲ့ သဘောတရားတွေပဲ ဟောပြတော့.. ဒီလောက် ခက်ခဲတဲ့ တရားတွေကိုပဲ ဟောရသလား ဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. အရှင်အာနန္ဒာဆီ ရောက်တော့ အရှင်အာနန္ဒာက လွယ်ကူတဲ့ တရားကို ခပ်တိုတိုပဲ ဟောပြတော့ အရှင်ဘုရားရယ် တရား ဟောတာက တိုလိုက်တာဆိုပြီး မကျေမနပ် ဖြစ်ပြန်ပါတယ်.. နောက်ဆုံးတော့ ဘုရားရှင်ဆီရောက် ဖြစ်ကြောင်းကုန်စင် ပြန်လျှောက်ပြတော့.. ဘုရားရှင်က.. လောကမှာ ဘယ်သူမှ အကဲ့ရဲ့ခံရတာ မလွတ်နိုင်ဘူးလို့ ဟောပြလိုက်ပါတယ်..
ဒီနေရာမှာ အတုလ ဒကာရဲ့ နှလုံးသွင်းကို တွေ့မြင်နိုင်ပါတယ်.. တရား မဟောတော့ မဟောဘူး.. တရားရှည်ပြန်တော့ ရှည်လိုက်တာ.. တရားတိုတိုပဲ ဟောတော့ တိုလိုက်တာတဲ့… လောကမှာ အတုလလို လူတွေ ရှိနေပါတယ်.. ဘာဘဲလုပ်လုပ် မကျေနပ်နိုင်တာ.. တခါတရံ ကိုယ်တိုင်လုပ်တဲ့ အလုပ်တစ်ခု ကိုတောင် မကျေမနပ်ဖြစ်ပြီး ကိုယ့်ဟာကို စိတ်တိုနေတတ်ပြန်တယ်.. မိသားစု အတွင်းမှာလည်း မနက်မိုးလင်း အိပ်ယာထပြီ ဆိုကတည်းက.. တပူပူ တဆူဆူ လုပ်တတ်တဲ့ သူတွေကို တွေ့မြင်နိုင်ပါတယ်.. ကျက်သရေရှိတဲ့ တနေ့တာ မနက်ခင်းဟာ ဒီလို ဆူညံ ပူညံသံတွေကြောင့် အကျည်းတန်ရပါတယ်..
အဲလိုဖြစ်ရတာဟာ ကာယကံရှင်ရဲ့ အာရုံတစ်ခု အပေါ်မှာ နှလုံးသွင်း မမှန်ကန်တဲ့ အတွက်ကြောင့် ဖြစ်ရသလို ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တယ်လို့ ဘုရားရှင် ဟောပြတော် မူပါတယ်.. အကောင်းမြင်ဝါဒ မရှိသူ ဆူညံပူညံ လုပ်တတ်သူနဲ့ နေတာများလာတော့.. ဆူညံ ပူညံသံပဲကြားရ.. ဆူညံ ပူညံသံကြားမှာ နေရတဲ့သူဟာလည်း သူကိုယ်တိုင် ဘ၀အတွက် ယုံကြည်မှု နည်းပါး.. ယုံကြည်မှု နည်းပါးလာတော့ အာရုံ တွေ့သမျှကို အဆင်ပြေအောင် နှလုံးမသွင်းနိုင်တော့ ပါဘူး..
အာရုံတွေ အပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနည်း အနုပညာတစ်ခု ရဖို့အတွက်..
သူတော်ကောင်းကို ပေါင်းသင်းရပါမယ်..
သူတော်ကောင်းကို ပေါင်းသင်းမှ သူတော်ကောင်းတွေရဲ့ အသံ.. သူတော်ကောင်းတွေရဲ့ တရားကို နားထောင်ခွင့်ရပါမယ်..
ဒီလိုနားထောင်ခွင့်ရမှ ယုံကြည်မှု တိုးတက်ပါမယ်..
ယုံကြည်မှုတိုးတက်မှ အဆင်ပြေအောင် နှလုံးသွင်းတတ်ပါမယ်..
အဆင်ပြေအောင် နှလုံးသွင်းတတ်မှ သတိသမ္ပဇဉ် ဥာဏ်ယှဉ်နိုင်ပါမယ်..
ဒီလို ဥာဏ်ယှဉ်နိုင်မှ ကိုယ့်ကိုယ်ကို စောင့်စည်းနိုင်ပါမယ် ..
ဒီလိုစောင့်စည်းနိုင်ပါမှ ကောင်းတာလုပ်နိုင် ပြောနိုင် ကြံစည်နိုင်ပါမယ်..
ဒီလို လုပ်ပြောကြံစည်နိုင်မှ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားနိုင်မှာ ဖြစ်ပါတယ်..
ဒါကတော့ ဘုရားရှင်အလို အဆင်ပြေအောင် နှလုံးသွင်းခြင်း အနုပညာတစ်ရပ်ပါပဲ။
တိုတောင်းတဲ့ ဘ၀မှာ ပျော်ရွှင်အောင် နေနိုင်ဖို့ အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ လိုသလို ဘ၀လွတ်မြောက်ဖို့ အတွက်လည်း အဆင်ပြေအောင် နှလုံးသွင်းတတ်ဖို့ အရေးကြီးလှပါတယ်. အတ္တ မာန လွန်ကဲလာရင် အပေါင်းအသင်းကောင်း တွေကို လက်လွတ် ဆုံးရှုံးရနိုင်ပါတယ်. အပေါင်းအသင်းကောင်း ရှားပါးသူမှာလည်း အာရုံတွေပေါ်မှာ အဆင်ပြေအောင် နှလုံးသွင်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး. ယောနိသော မနသိကာရ မရှိလေ ဘ၀ဟာ ပိုပြီး အထီးကျန် ဆန်လေဖြစ်တော့မှာပါ. ဒါကြောင့် တွေ့သမျှ အာရုံတွေအပေါ်မှာ ဥာဏ်ယှဉ်ပြီး အဆင်ပြေအောင် နှလုံးသွင်းနိုင်အောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
အရှင်တိက္ခဉာဏာလင်္ကာရ
http://www.yawcommunity.com/

http://tknn.org/

ကူးယူတင်ပြခြင်းဖြစ်ပါသည်။ 

ဒေါသကြီးသူ

ကောဓ ပညာ ဏော။(ပရာဘ၀သုတ်)
ဒေါသကြီးတတ်သူ ပျက်စီးတတ်၏။
ဒေါသကြီးတတ်၊ စိတ်ဆိုးတတ်သောသူသည် ပျက်စီးဆုတ်ယုတ်တတ်၏။
လူ့ဘုံ လူ့လောက နယ်ပယ်အတွင်း၌ မိဘနှင့်သား သမီး၊ ဆရာနှင့်တပည့်၊ ညီအစ်ကို မောင်နှမ၊ အလုပ်ရှင်နှင့် အလုပ်သမားစသည်ဖြင့် မကင်းရာမကင်းကြောင်း ပေါင်းသင်းဆက်ဆံမှုရှိကြရာ သား၊သမီး၊ တပည့်၊ ညီ၊ ညီမ စသောသူတို့သည် အထက်က ပြဆိုခဲ့သော အအိပ်အနေများခြင်း၊ ပွဲလမ်းသဘင်၊ အပျော်အရွှင် အလိုက်အစားများခြင်း၊ ထကြွလုံ့လမရှိခြင်း၊ ပျင်းရိပေါ့တန်ခြင်းဆိုတဲ့ ကြီးပွားရေး တည့်တံ့ရေးတို့ ပျက်ပြားဆုတ်ယုတ်ကြောင်း အစိတ်အပိုင်းတို့နှင့် မကင်းကြ။ ချွတ်ယွင်းချက် ရှိနေကြသောကြောင့် မိဘဆရာစသည်တို့က သတိပေးကြ၊ ဆုံးမကြ၊ ပြောဆိုကြသောအခါ သားသမီးစသောသူတို့သည် မိမိတို့၏ ချွတ်ယွင်းချက်ကို သိမြင်၍ ပြောဆိုဆုံးမသည်ကို  သည်းခံကာ နာယူ၍ ပြုပြင်တတ်သူ နည်းပါးလှ၏။
အများအားဖြင့် မိမိအပြစ်ကို မမြင်ကြဘဲ ပြောဆိုမြည်တွန်ရပါမည်လားဟု အမျက်ဒေါသ ချောင်းချောင်း ထတတ်ကြ၏။ ယင်းသို့ အမျက်ဒေါသ ထတတ်ကြသူတို့ကို လူကြီးမိဘ ဆရာသမားတို့က အကျိုးစီးပွား လိုလား၊ မေတ္တာ ကရုဏာတရားရှေ့သွား ရှိကြသော်လည်း လူငယ်များသည် အနာပေါ်တုတ်ကျ သကဲ့သို့ ဆတ်ဆတ်ထိမခံ၊ နာကျည်းတတ်ကြသောကြောင့် ဆုံးမသွန်သင် ပဲ့ပြင်ပြောကြားခြင်း မရှိကြတော့ပဲ လျစ်လျူရှုထားခြင်းဖြင့် လူငယ်တို့သည် ပျက်စီးကြောင်း အလေ့အထများသာ ဆက်တိုက် ပူးဝင်စွဲကပ်၍ ထပ်တလဲလဲ ပျက်စီးဆုတ်ယုတ် ကြီးပွားရေးပြုတ်တော့သည် ဖြစ်သောကြောင့် အမျက်ဒေါသကြီးခြင်းသည်လည်း ပျက်စီးကြောင်း ပရာဘ၀ သဘောတရား တစ်မျိုးတည်းဟု ဆက်လက် ဟောကြားတော်မူသည်ဟု ယူလျှင် လျော်ကန်ရာသည်။
ဆက်ဦးအံ့- ကေသီအမည်ရှိသော မြင်းဆရာကြီးကို ဗုဒ္ဓမြတ်စွာသည် ဤသို့ မေးဖြေ မိန့်ဆိုတော်မူဖူး၏။ မြတ်စွာဘုရား- အသင်သည် မြင်းများကို အဘယ်သို့ ဆုံးမသွန်သင်ပါသနည်း။
ကေသီ-တပည့်တော်သည် နုနုနှင့် ဆုံးမ၍ရသော မြင်းကို နုနုပင် ဆုံးမရပါသည်။ ကြမ်းကြမ်းဆုံးမသော်မှရမည့်မြင်းကို ကြမ်းကြမ်းဆုံးမရပါသည်ဟု လျှောက်၏။
မြတ်စွာဘုရား- ဆုံးမ၍ မရသောမြင်းကို အသို့ပြုသနည်း။
ကေသီ- အနုအကြမ်းနှစ်နည်းနှင့်မှ ဆုံးမသင်ကြား၍ မရသောမြင်းကို သတ်ပစ်လိုက်ပါတော့သည်ဟု လျှောက်၏။
ကေသီ- မြတ်စွာဘုရားကော တပည့်သား ရဟန်းများကို ဘယ်လို ဆုံးမတော်မူပါသလဲ။
မြတ်စွာဘုရား- ငါဘုရားလည်း နုနုနှင့် ဆုံးမ၍ရသည်။ ကြမ်းကြမ်းနှင့် ဆုံးမရမည့် ရဟန်းကို ကြမ်းကြမ်းပဲ ဆုံးမရပေတယ်။
ကေသီ- ဆုံးမ၍ မရလျှင် ဘယ်လိုပြုပါသလဲ။
မြတ်စွာဘုရား- ဆုံးမ၍မှ မရလျှင် သတ်ပစ်လိုက်ရတာပေါ့။
ကေသီ- အရှင်ဘုရားတို့သည် ပါဏာတိပါတအမှုမှ ရှောင်ကြဉ်ကြသည် မဟုတ်ပါလား၊ အသို့လျှင် သတ်ပစ်နိုင်ပါသလဲ။
မြတ်စွာဘုရား- မဆုံးမတော့ဘဲ လျစ်လျူရှုထားလိုက်ခြင်းကိုပင် သတ်ပစ်သည်ဟု ငါဆိုသည်။ ငါဘုရား၏ အဆုံးအမအပြုအပြင်အသင်အပြင်ကို မခံယူရသော ရဟန်းသည် ကြီးပွားရေးတုံး ဆုံးရှုံးပျက်စီးကာ သေရသည်နှင့် တူသောကြောင့် အဆုံးအမ သြ၀ါဒ မပေးခြင်းကို သတ်ပစ်သည်ဟု ဆိုလိုတော်မူသည်။(အံ-၁။၄၂၇။)
ဤသို့လျှင် ကေသီမြင်းဆရာကြီးကို မိန့်တော်မူသကဲ့သို့ ဆရာမိဘတို့ ဆုံးမပဲ့ပြင် သွန်သင်ပြောဆိုမှု မရှိဘဲ ပစ်ပယ်ထားခြင်းကို  ခံရသော လူငယ်သည် ပျက်စီးတော့သည်ဖြစ်၍ ကောဓပညာဏော ကို ဆက်၍ ဟောကြားတော်မူသည်ဟု မှတ်ရမည်။
တစ်နည်းအားဖြင့် အာလသျ အပေါက်ရှိသောသူတို့သာ ပျက်စီးတတ်သည် မဟုတ်သေး၊ အမျက်ထန်သည်း ဒေါသကြီးတတ်သော သူတို့သည်လည်း ပျက်စီးတတ်သည်ကို ပြတော်မူလိုသောကြောင့် ကောဓပညာဏော ကို ဟောကြားတော်မူသည်ဟု မှတ်ရမည်။
တွေ့ကြုံလာသော အာရုံ၊ ဖြစ်ပေါ်လာသော ကိစ္စတို့၌ သင့်တင့်အောင် နှလုံးမသွင်းတတ်သော သူသည် ဒေါသဖြစ်တတ်၏။ စိတ်တိုတတ်၏။ မိမိ၏ အပြစ်ကိုမမြင်၊ သူတစ်ပါးအပြစ်ကိုသာ မြင်၍ ဒေါသရှေ့ထားမိသဖြင့် မှားတတ်၏၊ ယင်းသို့ စိတ်တိုတောင်းတတ်၊ ဒေါသကြီးတတ်၊ သူတစ်ပါးအပေါ်၌ အပြစ်မြင်တတ်သောသူသည် အများနှင့်ဆက်ဆံ ပေါင်းသင်း၍ မဖြစ်နိုင်၊ သည်းခံကာ ဆောင်ရွက်သော်မှပြီးမြောက် အောင်မြင်အံ့သော အကျိုးစီးပွားတို့သည် အောင်မြင်ခြင်းမရှိပဲ ပျက်ပြားဆုတ်ယုတ်တတ်သည်။
အမျက်ဒေါသဟူသည် မောဟအရင်းခံသော အကုသိုလ် ဒေါသ သဘောတရားဖြစ်၍ အကျိုးကျေးဇူးကိုလည်း မသိမမြင်၊ ဆင်ကန်းတောတိုး ပြုလုပ်တတ်၍ ဒုက္ခရောက်ရတတ်သည်။ ဒေါသအစွမ်းဖြင့် ကြမ်းကြုတ်ခက်ထန်သော ကျား၊ ခြင်္သေ့ စသော သတ္တ၀ါတို့ကို လူတို့သည် ရွံမုန်း စက်ဆုတ်သကဲ့သို့ ဒေါသမျက်မာန်ခက်ထန် ကြမ်းကြုတ်သော လူစားကိုလည်း လူအများ ရွံမုန်း စက်ဆုတ်၏။ အပေါင်းအသင်း မလုပ်၊ ရှောင်ကြဉ်တတ်ကြသည်။ ဒေါသ မဖြစ်သင့် မဖြစ်ထိုက်သော သူတော်ကောင်းတို့အပေါ်၌ ဒေါသဖြစ်၍ ပြစ်မှားမိပါကလည်း အပြစ်သည် မိမိအပေါ်သို့ ကျရောက်တတ်ပေသည်။ ကာသိတိုင်းရှင် ဘုရင်ကလာဗု မင်းသည် တစ်နေ့သ၌ အခြွေအရံတို့နှင့်တကွ ဥယျဉ်သို့ထွက်၍ ပျော်မြူရာ အထူးချစ်မြတ်နိုးသော အလုပ်အကျွေး မောင်းမတစ်ယောက်၏ ရင်ခွင်၌ အရက်မူးရစ်ကာ အိပ်စက်နေ၏။ သီဆိုတီးမှုတ်မှု၌ကျွမ်းကျင်လိမ္မာကြကုန်သော ကချေသည် နန်းတွင်းသူတို့သည် သီဆိုတီးမှုတ်ဖျော်ဖြေကာ နေကြရ၏၊ ကလာဗုမင်း အိပ်စက် ပျော်သောအခါ သီဆိုတီးမှုတ်သူတို့သည် ဥယျာဉ်တွင်း၌ သစ်သီးသစ်ပွင့်တို့ကို ဆွတ်ခူးကာ လှည့်လည်ကြကုန်၏။
ပင်လုံးကျွတ်ပွင့်နေသော အင်ကြင်းပင်ရင်၌ ခန္တီဝါဒီရသေ့သည် သမဏသုခဖြင့် သီတင်းသုံးနေသည်ကို ဖူးမြင်ကြရသဖြင့် အနီးသို့ ချဉ်းကပ်၍ တရားဟောကြားရန် တောင်းပန်ပြီး တရားနယူနေကြ၏၊ ကလာဗုမင်းကို ပွေ့ပိုက်ပြုစုနေရသော မောင်မငယ်သည် ကလာဗုမင်းကို နှိုး၍ သီဆိုတီးမှုတ်သူများ ခန္တီဝါဒီ ရသေ့ထံသွား၍ တရားနာနေကြကြောင်းကို ကုန်းချောပြောကြား၏။ ကလာဗုမင်းသည် ဒေါသအမျက် ပြင်းပြစွာ ထွက်၍ သန်လျက်ကို လက်စွဲကာ ရသေ့ထံ အမြန်သွား၏။ ကချေသည်များက ကလာဗုမင်း ဒေါသဖြစ်ပေါ်လာသည်ကို မြင်သဖြင့် မင်းနှင့်လည်း ကျွမ်းဝင်ရင်းနှီးသောကြောင့် မင်းထံမှ သန်လျက်ကို လုယူကြပြီး ကျေအေးအောင် တောင်းပန်ပြောကြ၏။ နန်းတော်သူတို့အပေါ်၌ ကျေအေးသော်လည်း ရသေ့ထံသွားကာ-
အိုရဟန်း-အသင် ဘယ်လိုဝါဒ ရှိသလဲဟု မေး၏။
မင်းကြီး-ငါကား ခန္တီဝါဒ ရှိသည်ဟု ဖြေလျှင်- ခန္တီ- ဆိုတာ ဘာကိုဆိုလိုသလဲဟု ထပ်၍ မေး၏။
ခန္တီ-ဆိုတာ ဆဲဆိုရိုက်ပုတ်ညှဉ်းဆဲခြင်း စသည်ကို ပြုသော်လည်း စိတ်မဆိုးသည်ကို ဆိုသည်ဟု ပြော၏။
ကလာဗုမင်းက သင်၏ ခန္တီကို ကြည့်အံ့ဟု ပြော၍ သူသတ်သမားကို ခေါ်စေပြီး၊ အချင်း- ဤရသေ့ကို မြေပေါ်သို့ ဆွဲချ၊ ဆူကြိမ်လုံးဖြင့် ရင်ငါးရာ၊ ကျောငါးရာ၊ ဘေးနှစ်ဘက်ငါးရာစီ ပေါင်းအချက်ပေါင်း နှစ်ထောင် ရိုက်လေဟု ခိုင်း၏။ ရိုက်စေပြီးနောက် လက်၊ ခြေ၊ နှာသီးဖျား၊ နားရွက်တို့ကို ဖြတ်စေပြန်၏။ ထိုနောက် ကလာဗုမင်း ကိုယ်တိုင် ရင်ဝကို ဖနောင့်နှင့် ကန်ပြီး ထွက်သွား၏၊ ကလာဗုမင်းသည် ဥယျာဉ်က ထွက်မိလျှင်ပင် မြေသို့ မြုပ်ဝင်၍ မြေမျိုးခံရလေတော့သည်။ အ၀ီစိငရဲသို့ တိုက်ရိုက် ကျရောက်ကာ ပြင်းပြသော ငရဲဒုက္ခကြီးကို ခံရတော့သတည်း။ ဒေါသကြီးသူသည် ဒေါသ၏အစွမ်းကြောင့် မပြစ်မှားထိုက်သူကို ပြစ်မှားမိတတ်၏။ ဒေါသ၏အပြစ်သည် မိမိသို့သာ ကျရောက်တတ်မြဲ ဖြစ်လေသည်။ ရသေ့ကိုကြည်ညို၍ ပစ္စည်းလေးပါးဖြင့် လှူဒါန်းကိုးကွယ်နေသော စစ်သူကြီးသည် ရသေ့ထံသို့ အစောတလျင်လာ၍ ဒဏ်ရာများကို ယုယကြင်နာစွာ ပြုစုကုသပေး၏။ ရသေ့ကိုလည်း အရှင်ရသေ့၊ စိတ်ဆိုးတော်မူပါလျှင် ကလာဗုမင်းကိုသာ စိတ်ဆိုးတော်မူပါ၊ တိုင်းသူပြည်သားအားလုံးကို မပျက်စီးပါစေနှင့်ဟု လျှောက်၏။ ဒကာစစ်သူကြီး၊ ကလာဗုမင်းသည် အသက်ရာကျော်ရှည်ပါစေ၊ ငါကဲ့သို့သော သည်းခံမှု ရှိကြသော သူတော်ကောင်းတို့သည် စိတ်မဆိုးတတ်ကြပါဟု မိန့်ဆို၍ ထိုနေ့၌ပင် စုတေပျံလွန်လေသည်။ ကလာဗုမင်း၏ ဒေါသကြောင့်ဖြစ်သော အပြစ်ကိုကြည့်၍ ဒေါသဖြစ်ခြင်း၊ ပြစ်မှားခြင်းတို့မှ ရှောင်ကြဉ်အပ်လှသည်။ ခန္တီဝါဒီရသေ့၏ သည်းခံပုံကိုလည်း ကြည်ညိုတုယူသင့်လှ၏။
အချုပ်ဆိုရသော်---ဒေါသကြီးမှုတို့ကို ပပျောက်အောင်ကြိုးစားကာ ခန္တီတရားလက်ကိုင်ထားပြီး နောက်ဆုံးအအေးဆုံးအချမ်းဆုံးတည်ငြိမ်ဆုံးဖြစ်သောနေရာ မဟာအသင်္ခတသို့ တက်လှမ်းနိုင်ကြပါစေ။

လူမိုက်

အသန္တဿ ပိယာ ဟောတိ။
လူမိုက်လူယုတ်ကို ခင်မင်နှစ်သက်တတ်သူ ပျက်စီးတတ်၏။(ပရာဘ၀သုတ်)
ဒီနေရာမှာ လူမိုက်နှင့် လူယုတ်ကို ပေါင်းသင်းဆက်ဆံပါက ပျက်စီးတတ်ကြောင်းကို ဖော်ပြထားပေရာ ခေါင်းထဲဝင်လာသည်ကား ကဗျာလေးတစ်ပုဒ်ပါ။ "လူမိုက်ကိုလျှင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ" ဆိုတာလေးပါ။ လူမိုက်လူရူးတွေကို ကိုးကွယ်မိသွားရင်တော့ မလွဲမုချ အကုသိုလ်ရပြီး ပျက်စီးတော့တာပဲ၊ လူမိုက်လူယုတ်လူရူးဆိုတာတွေကို ဘယ်လိုခွဲခြားပြီး ပေါင်းသင်းကြပါမည်လဲ။ လူမိုက်လူဆိုးဆိုတာတွေကိုကော သင်ဘယ်လိုသိပါလဲ။ သင်ကိုယ်တိုင်ကော အကောင်းအဆိုးခွဲခြားတတ်ပြီလော့။ နောက် သင်ဟာလည်း လူဆိုးလူမိုက်ဟူသော ပုဒ်နှင့် ငြိနေသေးသည်လော့။ ဥပမာ- သင်ဟာ လမ်းဘေးတွင် လုံးဝကို ထောက်တည်ရာမရရှာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့ပြီဆိုပါတော့။ ထိုလူမှာ နေဖို့ဆိုတာဝေး။ သူ့တွင် ပိုင်ဆိုင်ထားတာက ပုဆိုးတစ်ထည်နဲ့ စောင်တစ်ထည်တည်းရယ်ပါ။ စားဖို့ဆို လာပို့မည့်သူကို ဆာလောင်စွာ ငန့်လင့်ရင်း ကျိတ်ဆုတောင်းနေရရှာတယ် ဆိုပါတော့။ ထိုလူကိုတွေ့ရင် သင်ဘယ်လိုအရင်လုပ်မလဲ၊ နောက် ဘာဆက်လုပ်မလဲ။ နောက်တစ်မျိုးက မိမိကို ဒေါသတစ်ကြီး လာရောက်ပြီး ကျိန်ဆဲတောက်တီး ဆဲရေးတိုင်းထွာ လူ့အောက်တန်းစားပြောသော ခွေးဟူသော စကားတွေနဲ့ သင့်ကို လာနှောက်ယှက်လို့ စော်ကားလာပြီ ဆိုပါတော့။ သင် ဘာတုန့်ပြန်မည်လဲ။ ထိုလူနှစ်ယောက်မှာ နေထိုင်အမူအယာ လုပ်ကိုင်ပုံလုပ်ဆောင်ချက်တွေ ကွာဟနေပါတယ်။ သို့ပေမယ့် တူတာတစ်ချက်တော့ ရှိပါတယ်။ ဘာလဲလို့ ဆိုခဲ့လျှင် သနားစရာအကောင်းဆုံး သတ္တ၀ါ ဆိုတာပါပဲ။ လောကထဲမှ ထွက်ခွာမည်ပြုသောအခါ ထိုသူတို့မှာ လက်ထောက်ပြစရာ ကုသိုလ်တွေဟာ တစ်ယောက်မှ မရှိကြပါဘူးဟု ထပ်လောင်းကာ မပြည့်စုံခြင်းကို ဖော်ပြလိုက်ရလျှင် သင်ဘာလုပ်ပေးမလဲ။ ဤမေးခွန်းသုံးခုကို အရင်ဖြေကြည့်လိုက်ပြီး ပေါ်လာတာကို အတည်ပြုချက်ဖော်ထုတ်လိုက်ပါ။ ဒီလောက်ဆို သင် အကောင်းအဆိုးကို အတော်အတန် ခွဲခြားတတ်လောက်ပြီ ထင်ပါသည်။သို့ကြောင့် ခင်မင်တတ်တာကို ဝေဖန်ပိုင်းခြားကာ ပေါင်းသင်းဆက်ဆံကြမည်ဆိုလျှင်ဖြင့် ပရာဘ၀သုတ်ညွှန်းချက်အရ- မပျက်စီးရလေအောင် ထိန်းသိမ်ကာ ဘ၀နေထိုင်မှုကို တိုးမြှင့်နိုင်ကြပါစေ။  ။

နှစ်သက်စေကြောင်းတရား (၄)ပါး

၁။ အလိုရမ္မက်ကြီးသူကို ဥစ္စာပေးကမ်းသဖြင့် နှစ်သက်စေရာ၏။
၂။ ဂုဏ်မာန်ခက်ထန်သူကို လက်အုပ်ချီ၍ နှိပ်ချသဖြင့် နှစ်သက်စေရာ၏။
၃။ မိုက်မဲသောသူကို အလိုလိုက်သဖြင့် နှစ်သက်စေရာ၏။
၎။ ပညာရှိသူကို မှန်သောစကားဆိုသဖြင့် နှစ်သက်စေရာ၏
ဤလေးပါးကို လက်ကိုင်းထားကာ သတ္တ၀ါအားလုံးတို့၏ နှစ်သက်မှုကို ရယူပြီး ဘ၀၏ အခက်ခဲဟူသမျှ ကျော်လွှားနိုင်ကြပါစေ။ အတ္တကို ရှေ့တန်းတင်၍ ငါဟု ယူသော ပုဂ္ဂိုလ်တို့၏ ဘေးရန်မှ ငြိမ်းချမ်းရန်ကား အခြားနည်းလမ်းများစွာထက် သာလွန်ကောင်းမွန်သော အကောင်းဆုံးဟု သမုတ်အပ်သော မေတ္တာတရားကို လက်ဆုပ်ပြုပြီး အတ္တနှင့်ပရ ကွဲပြားခြားနားအောင် ဖော်ဆောင်ကာ အောင်နိုင်ကြပါစေသတည်း။

ဘ၀လေးရယ်တဲ့ တိုစေလို

ဒါနက သံသရာရှည်တာလား၊ ဒါနနောက်က အသိမလိုက်လို့ သံသရာရှည်တာလား။(မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြ၀ါဒများမှ)
တကယ်တော့ ပုထုဇဉ်လူသားတို့သည် ဒါနပြုရင် သံသရာရှည်တယ်ဆိုပြီး အယူသည်းနေကြလေရဲ့။ သံသရာတစ်ပတ်လည်စေတယ်လို့ ယူဆပြီး မပေးမလှူကြတဲ့ လူသားတို့အတွက် အမှားပါးလိုက်ခြင်း ဖြစ်ပေမည်။ အမှန်ဧကန်စင်စစ်ကတော့ဖြင့် ဒါနက သံသရာမရှည်စေပါဘူး။ ဒါနနောက်က အသိမလိုက်ခဲ့ကြလို့ သံသရာရှည်ကြတာပါပဲ။ သို့အတွက်ကြောင့် ဒါနနောက်မှ အသိလေးလိုက်ပြီးသကာလ လှူဒါန်းကြမယ်ဆိုလျှင် ဘ၀ရဲ့လက်ကျန်အချိန်တွေမှာ ကောင်းတာတွေ ခံစားစံစားပြီး ဘ၀၏ ပန်းတိုင်၊ သံသရာ၏ ကမ်းစပ်၊ နိဗ္ဗာန်၏ ကြည်းကုန်းထက်သို့ လှမ်းတက်လို့ မှီနိုင်ကြပါစေ။  ။

တတ်နိုင်သမျှ ထိန်းကြပါ

လေးသင်္ချေကြာအောင် ပါရမီဖြည့်ပြီး ထူထောင်ခဲ့ရတဲ့ သာသနာတော်ကြီးဟာ (၂၅၀၀) ကျော်မျှနဲ့ မကွယ်ပသင့်ပါ၊ ဒီတော့ ၀န်ထမ်းနိုင်သူက ထမ်းပြီး အပြင်မှ ကူနိုင်သူက ကူမ.ဖို့ပဲ ရှိပါတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ထိုမျှပေးဆပ်ပြီး တည်ထောင်လာရတဲ့ သာသနာကို သာသနာနွယ်ဝင်များဖြစ်ကြတဲ့ ကျွန်ုပ်တို့သည်လည်း သာသနာတော်ကြီးသည် ယခုဆိုလျှင် (၂၆၀၀) ခရီးပင်တိုင်သည့်အလျှောက် ဆက်လက်၍ တည်တန့်ကာ ရှည်ကြာရလေအောင် မကွယ်ပရလေအောင် သာသနာ့ဝန်ကို ထမ်းနိုင်သူက ထမ်းလို့၊ အပြင်မှ ကူနိုင်သူက ကူမ.လို့ ကြိုးစားကာ အားသွန်ခွန်စိုက် ကြိုးပန်း ဘ၀ခရီးလမ်းမှ နိဗ္ဗာန်လှမ်းကြရအောင်လားကွယ်တို့။ ။

ကျင်လည်ရာ

တဏှာကြီးစိုးခဲ့တဲ့ ဒေသ
လမ်းပြခဲ့တဲ့ ဥပါဒါန်
မွေးဖွားစေတဲ့ ကမ္မ(ဘ၀)
နောက်တော့ ဇာတိပဲရခဲ့ပေါ့။
တစ်ဖြေးဖြေးနဲ့ ဇရာက နေရာယူ
ကြိုးပေးခဲ့တဲ့ မရဏကြောင့်
သောကနဲ့ ပရိဒေ၀၊ 
ဒုက္ခနဲ့ ဘ၀တွေ ပြန်စခဲ့ကြရတယ်။
အပူမီး အရူးလုပ်ခဲ့လို့ ပိုးတုန်းလုံးလို
မိုက်ခဲ့ကြတဲ့ ပုထုဇဉ်တွေမို့
သံသရာပင်လယ်မှာ မကျင်လည်ချင်တော့ရင်ဖြင့်
ဘ၀ကပေးတဲ့အမော
ကုသိုလ်ဇောတွေနဲ့ မျှောချကြစို့လားကွယ်။  ။

သူတစ်ပါးကို ဒုက္ခမပေးနဲ့

မိမိနေသာပါလျှက် သူတစ်ပါး အကုသိုလ်ဖြစ်စေတဲ့ အလုပ်မျိုးကို အလုပ်သင့်ပေ။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
မိမိတို့မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝကြပါလျက်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေရပါလျှက် အထူးအားဖြင့် မရှိဆင်းရဲသား မျက်နှာမွဲ လူတန်းစားတွေကို နှိမ်ချင်ကြတယ်၊ အကုသိုလ်ကို တစ်ပုံတစ်ပင်ကြီး ပေးချင်ကြတယ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ပေးကြတာတော့ မဟုတ်ဘူး၊ သူတို့ရဲ့ အလုပ်တွေကို၊ နောက် သူတို့ရဲ့ စိတ်ကူးထားသော စိတ်ကူးတွေကို သူတို့ကိုယ်တိုင် ပုံဖော်ပြီး အောက်ခြေ လူတန်းစားဘ၀ရောက်နေကြသော ဆင်းရဲသားတို့အား ခိုင်းစားနေရာမှ ဖြစ်ပေါ်လာသော အကုသိုလ်ပင် ဖြစ်ပေသည်၊ သို့ကြောင့် မိမိကပေးသော ပိုက်ဆံတန်းကြေးနှင့် ညီမျှစွာ ခိုင်းတတ်ကြသော အထက်တန်းလွှာ၊ အလယ်တန်းလွှာ၊ အောက်ခြေတန်းလွှာ၊ အလွှာပေါင်းစုံမှ လူတန်းစားတို့က လောဘတက်လာခဲ့ရင်ဖြင့် အကုသိုလ်ဘက် ဒီဂရီတက်ကာ ဖြစ်ပွားကြပေသည်။ ပေးသောသူ၊ ယူသောသူ ဤလူနှစ်ဦးတို့ အပေးအယူ ညီမျှပြီး ကုသိုလ်တွေပဲ ဖြစ်ကြစေဖို့ရန် ရည်သန်၍ တင်လိုက်ခြင်း ဖြစ်ပေသည်။ ။

အအိပ်များသူ ပျက်စီးတတ်၏ (ပရာဘ၀သုတ်)

အအိပ်များသောသူသည် ကြီးပွားရေး ဆုတ်ယတ်ပျက်စီးတတ်၏။
မသူတောမှု ဒုစရိုက်မှုတို့ကို လိုလားသောသူသည် မသူတော်တရားတို့ကို လိုက်စား၍ လောကသံသရာ ကြီးပွားရေး ချမ်းသာရေးတို့၌ လေးစားတော့မည်မဟုတ်၊ မောဟ ဖိစီး ထိနမိဒ္ဓ အကုသိုလ်ဘက်သားတို့ လွှမ်းမိုးအားကြီး၍ ထိုင်းမှိုင်းလေးလံကာ အအိပ်အနေ များရာသည်ဖြစ်၍ နိဒ္ဒါသီလီ ကို ဆက်လက်၍ ပျက်စီးကြောင်းတရားအနေဖြင့် ဟောကြားတော်မူသည်ဟု မှတ်ယူသင့်သည်။
တနည်းသော်- မသူတော်တရားကို နှစ်သက်ခြင်းသည်သာ ပျက်စီးသည် မဟုတ်သေး။ အအိပ်များသော သူသည်လည်း ပျက်စီးတတ်သေးသည်ဟု ဟောတော်မူလို၍ နိဒ္ဒါသီလီ ကို ဆက်ကာ ပြတော်မူသည်ဟု မှတ်ယူရမည်။ များစွာသော လူ့ဒုစရိုက်သမားတို့သည် မကောင်းမှု၌ အပျော်အပါးများကြ၍ အမေ့အလျော့ အအိပ်အနေများကြ၏၊ နေမြင့်အောင် အိပ်တတ်ကြ၏။ အအိပ်များခြင်း၊ အအိပ်ကြီးခြင်း၏ အပြစ်ဒေါသတို့သည် များလှ၏။ အအိပ်များသော သူတို့၏ ကြီးပွားခြင်းကို မည်သူမျှတွေ့မြင်ကြရမည်မဟုတ်ပေ။ နေထွက်အောင် နေမြင့်အောင် အိပ်တတ်သောသူသည်-
၁။ နံနက်စောစော၌ ပြုအပ်သော အမှုကိစ္စတို့ကြောင့် ရရှိမည့် အကျိုးကျေးဇူးမှန်သမျှတို့မှ ဆုတ်ယုတ်၏။
၂။ နံနက်၌ အိပ်ရာမှ စောစောထတတ်သော သူတို့၌ ရရှိတတ်သော စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကောင်းမှု ကုသိုလ်ရေးတို့မှ ယုတ်လျော့ဆုံးရှုံး၏။
၃။ နံနက်ခင်း၌ သန့်ရှင်းအေးမြသော လေကောင်း လေသန့်ကို မရှူမရှိုက်ရ၊ လေကောင်းလေသန့် အရသာကို မခံစားရခြင်းကြောင့် ကိုယ်တွင်း၌ သန့်ရှင်းမှု နည်း၍ မစွဲကပ်သင့်သော ရောဂါဆိုးများ စွဲကပ်တတ်၏။
၎။ အိမ်တွင်း၊ အခန်းတွင်း ခြင်ထောင်တွင်း၌ မသန့်ရှင်းသော လေဟောင်း လေသိုးတို့ကို ရှူရှိုက်နေရခြင်းကြောင့်လည်း ကိုယ်တွင်းသို့ ရောဂါပိုးများ ၀င်ရောက်၍ မစွဲကပ်သေးသော ရောဂါများ စွဲကပ်တတ်၏။
၅။ စွဲကပ်ပြီး ရောဂါများ ကြီးပွားအားရှိ၍ ကျန်းမာရေး ချို့ငဲ့တတ်၏။
၆။ ရုပ်ခန္ဓာ သန့်ရှင်းမှုနည်း၍ ကျန်းမာရေးချို့ငဲ့တတ်သော သူတို့၌ များသောအားဖြင့် ထိုရုပ်ကို အမှီပြု၍ ဖြစ်ပေါ်သော စိတ်နာမ် ပညာနာမ်တို့သည်လည်း သွက်လက်ထက်မြက်ခြင်းမရှိ။ ထုံထိုင်းလေးတွဲ့ ချိနဲ့တတ်၏။
၇။ စိတ်ဓါတ်၊ ဥာဏ်ဓါတ်၊ ထုံထိုင်းချည့်နဲ့သောသူသည် သူတစ်ပါးနှင့် တန်းတူအောင် ကြီးပွားချမ်းသာရေးတို့ကို ကြံစည်ဆောင်ရွက်မှုကို မပြုနိုင်တော့ဘဲ ယုတ်လျော့ပျက်စီးလေတော့သည်။
အိပ်ခြင်းကို မည်မျှအပြစ်ဆိုကြသည်ကို ကြည့်ဦးလော့။ အခါတစ်ပါး၌ ရာဇဂြိဟ်မြို့ ဝေဠုဝန်ကျောင်းတော်ဝယ် မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ညဥ့်သုံးယာမ်တွင် နောက်ဆုံးဖြစ်သော ပစ္ဆိမယာမ်ကို သုံးစုပြု၍ နောက်ဆုံးအစု၌ အရုဏ်မတက်မီအတွင်း ဂန္ဓကုဋိကျောင်းတော်သို့ ၀င်တော်မူ၍ လက်ျာဘက်သို့ စောင်းတော်မူလျက် အပန်းဖြေကာ အခိုက်အတန့် လျောင်းလဲကျိန်းစက်တော်မူခိုက်၌ မာရ်နတ်က လာ၍-
၁။ အိပ်တယ်ဆိုတာ သည်လိုလား။
၂။ ဘာ့ကြောင့် အိပ်ပါသလဲ။
၃။ လူသေကဲ့သို့ အဘယ့်ကြောင့် အိပ်ပါသလဲ။
၎။ လူဆိတ်သောကျောင်းကို ရပြီဟူသော သဘောနှင့် အိပ်ပါသလား။
၅။ နေထွက်အောင် အဘယ့်ကြောင့် အိပ်ပါသလဲ။ ဟု အပြစ်ကင်းစင်သော ဗုဒ္ဓမြတ်စွာကိုပင် တမင်အပြစ်ရှာ၍ အပြစ်တင်လေသည်။
ဤမျှတိုတောင်းသော အချိန်ကာလကလေး၌ ဣရိယာပုတ်မျှစေ၍ အပန်းဖြေကာ ကျိန်းစက်တော်မူသော မြတ်စွာဘုရားကိုပင် "ဘုရားဆိုတာ သည်လို အိပ်ရသလား" ဟူ၍ အပြစ်ရှာသေးရာ တကယ်အာရုံတက်အောင် နေထွက်အောင် အိပ်ကြသော ရဟန်းရှင်လူတို့ကို မာရ်နတ်က အဘယ်ပုံ ကဲ့ရဲ့လိမ့်မည်ကို စဉ်းစားကြပါလေ။
အအိပ်အနေ များခြင်း၏ အပြစ်၊ အရုဏ်တက်အောင် နေထွက်အောင် အိပ်တတ်ခြင်း၏ အပြစ်တို့ကို အတန်အရာ သိကြရပြီ။ အအိပ်အနေ နည်းပါးခြင်း၊ နံနက်စောစော အိပ်ရာမှ ထလေ့ရှိခြင်း၏ အကျိုးကျေးဇူးကိုလည်း အသင်တို့ သိသင့်ကြပေသည်။

ဓမ္မစာအုပ်များဒေါင်းလော့ချရန်

မိုးကုတ်ဆရာတော်
http://www.mediafire.com/download.php?cj2jyk1uwwi မိုးကုတ်ဆရာတော်-သောတပန်
http://www.mediafire.com/download.php?caxwlmymmyk မိုးကုတ်ဆရာတော်-သုညတ
http://www.mediafire.com/download.php?aoctdy22tgm ၀ိသာခနှင့် ဓမ္မဒိန္နာ
http://www.mediafire.com/download.php?0nzmmenn21i ဇော ၇ ချက်
http://www.mediafire.com/download.php?zmk3gm1mmkm မိုးကုတ်ဆရာတော် အထုပ္ပတ္တိ (ဦးကျော်သိန်းရေးသော)
http://www.mediafire.com/download.php?hgzw3y0yqud ၀ိပဿနာ (ဦးကျော်ညွန့်)
http://www.mediafire.com/download.php?mdinayajmnv ရဟန္တာ (ဦးကျော်ညွန့်)
http://www.mediafire.com/download.php?5mdqowzw2my ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း ဒေသနာ
http://www.mediafire.com/download.php?mkoytittmnz မဂ္ဂင်အလုပ်မှတစ်ပါး ကယ်မည့်သူမရှိ
http://www.mediafire.com/download.php?zojuq0vz0jm မိုးကုတ်ဆရာတော် အထုပ္ပတ္တိ
http://www.mediafire.com/download.php?dymto4myzmt ဒါနခန်း
http://www.mediafire.com/download.php?ynmxm3gwjzw မိုးကုတ် နေ့အလုပ်ပေးတရား
http://www.mediafire.com/download.php?huaemmrwxho ပဏာမ အရသာ
http://www.mediafire.com/download.php?2owy1w0mnih ဘုရားဝါဒနှင့် အလုပ်စဉ်
http://www.mediafire.com/download.php?1ybb5lmd5zy ဖဂ္ဂုဏ သုတ္တန်
http://www.mediafire.com/download.php?m3ygw2fnzwz သစ္စာလေးပါး တရားတော်-၁၂
http://www.mediafire.com/download.php?ndy14cydhxn သစ္စာလေးပါး တရားတော်-၂၇
http://www.mediafire.com/download.php?jakxzgdyvyc သစ္စာလေးပါး တရားတော်-၃၆
http://www.mediafire.com/download.php?njnjonzzkkj သစ္စာလေးပါး တရားတော်-၅
http://www.mediafire.com/download.php?iym2noviv0t သစ္စာလေးပါး တရားတော်-၆
http://www.mediafire.com/download.php?nzkjml1m4jl မိုးကုတ်ယောဂီလက်စွဲ
http://www.mediafire.com/download.php?3ytquuf2j0w ဦးဇနိတာ လင်္ကာရ (ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ အမေးအဖြေ အကျဉ်းချုပ်)
http://www.mediafire.com/download.php?uangltfmzl2 ဉာတပရိညာ
*************************************
http://www.mediafire.com/download.php?mtjhqg5klw3 တုနှိုင်းမမှီ (ဘုန်းဘုန်းဦးကောဝိဒ-မြိတ်)
http://www.mediafire.com/download.php?ylgxwddtj1t ဓမ္မစကြာ (ပါဠိ-မြန်မာ)
http://www.mediafire.com/download.php?j0inetmyimr ဓမ္မပဒ (ပါဠိ-မြန်မာ-အင်္ဂလိပ်)
http://www.mediafire.com/download.php?nqmoi3ytf5y မိလိန္ဒကျမ်း
http://www.mediafire.com/download.php?ty1ytyintjz ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
http://www.mediafire.com/download.php?5nzjyymkjjy လယ်တီဒီပနီပေါင်းချုပ်
http://www.mediafire.com/download.php?khmtdjo1yiw လယ်တီနိဗ္ဗာန် တရားတော်များ
http://www.mediafire.com/download.php?yy2nodevhmx လယ်တီ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်
http://www.mediafire.com/download.php?xtey0nyjnmm အမျိုးပျောက်မှာ စိုးကြောက်စရာ
http://www.mediafire.com/download.php?kdghkrkjyut ၀ိပဿနာ အလုပ်ပေး တရားတော်ကြီး
http://www.mediafire.com/download.php?2kqmmmulz5z ၀ိပဿနာ ရှုနည်း အကျဉ်းချုပ်
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...