နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သမိုင်း၏တရားခံ အခန်း(၇) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)

လက်နက်မပါသည့် အာဏာရှင်
အာဏာအားကိုးနှင့် မိုက်လုံးထွားကြသည်မှာ သံဃာ့အဖွဲ့အစည်း
အဆင့်ဆင့်ပင် ဖြစ်ပေသည်။ လာဘ်စားခြင်း၊ မတရားဆုံးဖြတ်ခြင်းတို့ကား ပြောမဆုံးပေါင် တောသုံးထောင်တမျှ ဖြစ်လေသည်။

နယ်မြို့တစ်ခုသို့ ရောက်ရှိသွားစဉ် ဂေါပကများ အမှုရင်ဆိုင်သည်နှင့် ကြုံရလေသည်။ အမှုဆုံးဖြတ်
သော ဆရာတော်ကြီးက ငါတို့က ဘယ်ဘက်မှ မလိုက်မှဖြစ်မှာဟု အဖွဲ့သံဃာများအား မိန့်လေ၏။ 
ဓမ္မနှင့်အဓမ္မ၊ အမှန်နှင့်အမှား ရှိသည်တွင် ဓမ္မ/အမှန်ဘက်မှသာ ရပ်တည်ရမည်ဖြစ်ပါ၏။ 
ဘယ်ဘက်မျှ မလိုက်ခြင်းသည်ပင် အဓမ္မဘက်လိုက်ခြင်း၊ အမှားဘက်လိုက်ခြင်း ဖြစ်ပါ၏။ အမှုသွား၊ အမှုလာကား အရှင်းကြီးပင်။

ဓမ္မာရုံထဲ ဘိုးတော်ဆိုသူ ဝင်နေ၏။ ဓာတ်တွေနတ်တွေ လုပ်၍ လူတစ်ရုန်းရုန်းဖြင့် ဘုန်းကြီးနေ၏။ ဂေါပကများက ဝင်တားသော်လည်း မရ၊ လူ့အဖွဲ့အစည်း သံဃာ့အဖွဲ့အစည်းသို့ တိုင်ကြားသော်လည်းမရ၊ ဘိုးတော်ဘက်မှာ တစ်မြို့လုံးနီးပါး အားပေးကြပြီး၊ ဂေါပကအဘိုးကြီးများမှာ အသိုင်းအဝိုင်း မရှိလှ။ ဘိုးတော်ဆိုသူက အဘိုးအိုဂေါပကဟောင်းကို ဖြုတ်ချကာ သူ့အလိုကျ ဂေါပကအသစ် ဖွဲ့စည်းရာမှ အသစ်/အဟောင်း အမှုဖြစ်ခြင်းဖြစ်သည်။
ဆရာတော်ကြီးများမှာ အဟောင်းဘက်လိုက်၍ အမှန်ဆုံးဖြတ်လျှင် ဓမ္မဝိနယနှင့်ညီသော်လည်း အသစ်
ဘက်မှ အင်အားကို ကြောက်ရွံ့နေကြလေသည်။ အသစ်ဘက်မှ တစ်မြို့လုံးရှိ၍ အကြည်ညိုပျက်မှာ ကြောက်သောကြောင့် ဖြစ်၏။

အသစ်ကို အမှန်ဟု ဆုံးဖြတ်လျှင်လည်း အဟောင်းဘက်က မှန်နေလေရာ မတရားဆုံးဖြတ်
ရာ ကျနေပေမည်။ ထို့ကြောင့် ကြားနေကာ ခွထိုင်စားနေကြလေတော့၏။ 
အမှုမှာ မပြီးပြတ်နိုင်ဘဲမြို့နှစ်ခြမ်းကွဲတော့မည့်အရေးကြောင့် ကျွန်ုပ်နှင့်ဌာနဆိုင်ရာတို့ပေါင်း၍ ဘိုးတော်ဆိုသူကို သူ့အရပ်ပြန်ပို့လိုက်ရလေသည်။

ကျွန်ုပ်ကိုယ်တိုင်ကြုံရသော အမှုတစ်ခုရှိသေးသည်။ ဥယျာဉ်ကုန်းကျောင်းဆရာတော်ကြီးက စာသင်တိုက်ဖွင့်ဖို့ သံဃာပင့်ရာ ကျွန်ုပ်က နေလိုသောနာယကတစ်ပါးနှင့်တိုင်ပင်ပြီး သံဃာများလွှတ်လိုက်လေသည်။
ထိုအခါ လက်ထောက်ခန်းနေ ကိုယ်တော် တောထွက်ဦးပဉ္ဇင်းကြီးက အပြင်းအထန် ကန့်ကွက်လေသည်။ ဆရာတော်ကြီးမရှိလျှင် ရောင်းစားလိုသော ထိုတောထွက်က ငွေအားဖြင့် ရယကရဲဌာန၊ရပ်ကွက်သံဃနာယက၊ မြို့နယ်သံဃနာယကအဖွဲ့တို့သို့ ဝင်လိုက်ရာ မြို့နယ်သံဃနာယက က မတရားဆုံးဖြတ်လေသည်။
ကျွန်ုပ်တို့လို သံဃာအင်အားကောင်းသော တိုက်ကြီးများမှ သံဃာများကိုပင် အာဏာကို အသုံးပြုပြီး ဘောင်ထဲမှ ညစ်ပတ်၍ အနိုင်ကျင့်လျှင် ကျောင်းငယ်လေးများဆိုလျှင် မတွေးဝံ့စရာပင်။ မဓာနနာယကဆရာတော်ကြီးတစ်ပါးက ပင့်လို့ ကြွသည်ကိုပင် သံဃာဟုဆိုကာ နှင်ထုတ်လေသည်။ ကျွန်ုပ်သည် ငတ်နေမှန်းမသိ၍ ငွေဖြင့် မစွန့်ခြင်းဖြစ်လေသည်။
ငွေပေးမှ အမှန်ဆုံးဖြတ်မည်ဆိုလျှင်ထိုတောထွက်ထက် ဆယ်ဆပိုပေးနိုင်ပါ၏။ သံဃာအာဏာပိုင်များ
ကား သဒ္ဓါဆွမ်းစားခွင့် မရကြတော့ပေ။ ဘယာဆွမ်းဖြင့်သာ အသက်ရှင်နေကြရရှာ၏။

ထောင်ကျနေသော သံဃာများကို ကြည့်လိုက်လျှင် သာသနာညှိုးနွမ်းဖြင့် ကျလာသူများ ဖြစ်လေသည်။
အချို့မှာ အပြစ်ရှိသော်လည်း ထောင်ချထိုက်သော အပြစ်မဟုတ်ပေ။ အချို့မှာ လုံးဝပင် အပြစ်မရှိပေ၊ သံဃာ့အဖွဲ့အစည်း၏ မညှာမတာ လုပ်ဆောင်မှုကြောင့် ထောင်ကျနေရသူများ ဖြစ်လေသည်။
ရဟန်းသိက္ခာလည်း မပျက်သေး၊ သိက္ခာလည်း မချသေးပါဘဲ သူတစ်ပါး ပါထားစွန့်ထားသည်များကို သယ်ပိုးရ သန့်ရှင်းနေရပေသည်။
အလုပ်ကြမ်းလုပ်ရသည်မှာလည်း လူသားမဆန်၊နွားတမျှ ဖြစ်လေသည်။ ကိုယ့်သာသနာကို ကိုယ်တိုင်ဖျက်ဆီး နေသော သံဃာ့အဖွဲ့အစည်း ဖြစ်၏။
အာဏာရှင်အားကိုးနှင့် မိုက်လုံးကြီးနေသော သံဃာ့အဖွဲ့အစည်းဖြစ်၏။
အာဏာရှင်ကဲ့သို့ လက်နက်မကိုင်ရုံတမည်သာ ထူးလေသည်။ 
သံဃနာယကအဖွဲ့များကား လက်နက်မပါ၊ လက်နက်မကိုင်သော အာဏာရှင်များသာတည်း။

0 Response to "သမိုင်း၏တရားခံ အခန်း(၇) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...