နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

သမိုင်း၏တရားခံ အခန်း(၁၁) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)

ဓမ္မကိုမျက်ကွယ်ပြုလေပြီ။
မဟနအဖွဲ့သည် သာသနာထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားသော

အဖွဲ့ကြီးဖြစ်သော်လည်း ဦးတည်ချက်လွဲခဲ့လေပြီ။ ဓမ္မ ထွန်းကားအောင် လုပ်ရမည့်အစား ဓမ္မကိုနှိပ်ကွပ်နေကြလေ၏။ ကျမ်းစာဌာန စာပေစိစစ်ရေးမူဝါဒ၌ မှန်သော်လည်း ပုဂ္ဂိုလ်ရေးရာ ထိခိုက်မှုရှိလျှင် ထုတ်ဝေခွင့်မပြု၊ မှန်သော်လည်း ဂိုဏ်းဂဏကို ထိခိုက်မှုရှိလျှင် ထုတ်ဝေခွင့်မပြု မှန်သော်လည်း အခြေအနေနှင့်အချိန်အခါ ကာလမညီညွတ်လျှင် ထုတ်ဝေခွင့်မပြုစသည်ဖြင့် ဓမ္မကို လက္ခာရုစိ(မနှစ်သက်သည့်အမှတ်အသား)ထိုး၍ ဘောင်ခတ်ထားလေသည်။
ထိုမူဝါဒအလိုအရ ဆိုရသော် ပုဂ္ဂိုလ်၊ ဂိုဏ်းအစိုးရကိုမထိခိုက်၊ ကာလဒေသနှင့်ညီလျှင် ဓမ္မနှင့် မညီသော်လည်း ထုတ်ဝေစေဟု အဓမ္မဝါဒကို အားပေးရာရောက်နေလေသည်။ ထို့ကြောင့်လည်း တန့်ကြည်တောင်အမှားတော်ပုံစာအုပ်ကို ပိတ်ပင်ပြီး၊ ဓမ္မနှင့်မညီသောစာအုပ်များ ထွက်ပေါ်နေခြင်းဖြစ်၏။ သာသနာဖျက်အဖွဲ့အစည်းကြီးပါတကား။
သာသနာရေးနှင့် ပတ်သက်သော နိုင်ငံတော်အခမ်းအနားများ၌ အနတ္တလက္ခဏာသုတ်ကို ရွတ်ဆိုခွင့်ပိတ်ထားကြောင်း သိရလေသည်။ အနတ္တဝါဒကို မကျင့်သုံးရုံသာမဟုတ်တော့ဘဲ လက်မခံ၊ မယုံကြည်သည့်သဘော သက်ရောက်နေပေသည်။ အာဂမင်းဆရာနှင့် အာဂမင်းဒကာကြီးများပါတကား။
 


"မင်းးဆရာ လုပ်လိုသူ။ ။"

မဟနအဖွဲ့သည် မင်းဆရာကြီး များဖြစ၏။ မင်းပွဲ စိုးပွဲ အခမ်းအနားများ၌ မင်းများက တုပ်ဝပ်ရိုသေကြသဖြင့် ဘဝင်ကြွနေကြ၏။ သာသနာအတွက် အလုပ်လုပ်ဖို့ စိတ်မဝင်စားကြ၊ အရာရှိကြီးများထံ အလုအယက် လက်မှတ်လုတောင်းနေကြ၏။ ဖုန်းတောင်းသည်၊ မြေတောင်းသည်၊ သစ်တောင်းသည်၊ ဘိလပ်မြေ တောင်းသည်၊ စက်ဆီတောင်းသည်၊ ကားသွင်းဖို့ လက်မှတ်တောင်းသည်။ နိုင်ငံပိုင် မြေထိုးစက်၊ ဘူဒိုဇာကားကြီးကိုပင် အပြီးအပိုင်သိမ်းပိုက်ဖို့ အလှူခံသည်လည်း ရှိ၏။

ဤအလုပ်များကိုသာ စိတ်ဝင်စားကြလေသည်။ နောက်နောင် မင်းဆရာလုပ်လိုသူများ သတိထားမိစေရန် ဆရာတော်ဦးဗုစ်၏ ဩဝါဒကို တင်ပြလိုက်ပေသည်။
ညောင်ကန်မှ ဆရာတော်ဦးကျီး(ပြည်ဆရာတော်)ကို ပြည်မင်းသားကပင့်၍ နေပြည်တော်သို့ ရောက်လာသည်တွင် ဆရာတော်ဦးဗုစ်က ဩဝါဒပေးလေသည်။

မောင်ကျီး မင်းကို မင်းသားကပင့်၍ ကိုးကွယ်သဖြင့် မင်းဆရာတော် ဖြစ်ပေပြီ။ သို့သော် ဘုရားအလိုတော်အတိုင်းကျင့်မှ ဘုရားသားတော်ဖြစ်မည်၊ မင်းလိုလိုက်၍ကျင့်လျှင် မင်း၏သား ဖြစ်လိမ့်မည်။ (ညိုမြ၊ ကုန်းဘောင်ရှာပုံတော်၊ စာ-၂၉၁)
ဘုရားသားတော်လော၊ မင်းသားတော်လော၊ စောကြောဝေဖန်သင့်လှပါ၏။ ဓမ္မရာဇ်၏ သားတော်ကြီးများဖြစ်လျှင် တော်သေး၏။ အဓမ္မရာဇာ၏ သားတော်ကြီးများ ဖြစ်လျှင်ကား သာသနရစရာရှိမည် မဟုတ်တော့ပေ။
ရသေ့လိုလို ရဟန်းလိုလိုနှင့် မင်းဆရာလုပ်နေသူ ဒေါက်ချာဆောင်းသည့် ကျိုက်ထီးဆောင်ကိုယ်တော်ကြီး မင်းဆရာဖြစ်သောအခါ၌ မဟနအဖွဲ့က ဆရာတော် ဆရာတော် ဟု တစ်ကြော်ကြော် တော်ကြလေ၏။</p>
နိုင်ငံတော်အခမ်းအနားများမှာ မဟနနှင့်ရသေ့ တန်းတူနေရာယူကြလေသည်။ သာသနာဖျက်ရသေ့ယုတ်ကို တန်းတူနေရာပေးရကောင်းလော ဟု ပြည်သူများ နှလုံးနာကြ၏။ အထူးသဖြင့် သာသနာ့ဝန်ဆောင်ဆရာတော်ကြီး၏ တပည့်များက အပြင်းအထန်ရှုတ်ချကြလေသည်။ တရားမဲ့လွန်းနေပြီတည်း။

 


"လက်ကိုင် ဒုတ်ကြီးများ။ ။"

ဥပါယ်လေးမျိုး ရှိလေသည်။ ၄င်းတို့မှာ ဒါနဥပါယ်၊ သာမျှဥပါယ်၊ ဘေဒဥပါယ်၊ ဒဏ္ဍဥပါယ် တို့ဖြစ်လေသည်။ ဒါနဥပါယ်ဆိုသည်မှာ လက်ဆောင်ပေး၍ လှူဒါန်းပေးကမ်း၍ စည်းရုံးနည်းဖြစ်၏။ သာမျှဥပါယ်ဆိုသည်မှာ ဥပဒေဖြင့် စည်းရုံးနည်းဖြစ်၏။ ဘေဒဥပါယ်ဆိုသည်မှာ စိတ်ဝမ်းကွဲပြားအောင် သင်းခွဲသည့် နည်းဗျူဟာ ဖြစ်၏။
ဒဏ္ဍဥပါယ်ဆိုသည်မှာ ထောင်ဒဏ်၊ သေဒဏ် စသည်ဖြင့် ဒဏ်တပ်၍ နှိပ်ကွပ်သောနည်း ဖြစ်၏။ ကျွန်ုပ်တို့အစိုးရသည် ဤဥပါယ်လေးမျိုးဖြင့် နိုင်ငံရေးသမားများကိုလည်းကောင်း၊ သံဃာများကိုလည်းကောင်း စည်းရုံးသိမ်းသွင်းလေ့ရှိပေသည်။
ဒါနဥပါယ်ဖြင့် သံဃာတော်များကို စည်းရုံးရာ၌ များစွာအောင်မြင်လေသည်။ TV လှူသည်၊ ကွန်ပျူတာ လှူသည်။ ဖုန်းသည်၊ ကားလှူသည်၊ ကျောင်းလှူသည်၊ နိုင်ငံရေးဆရာတော် အများစုမှာ ဒါနဥပါယ်အောက် ဒူးထောက်သွားခဲ့ကြလေသည်။ ထိုသို့မှ မငြိမ်းသေးလျှင် ဘွဲ့တံဆိပ်ကပ်လှူပြန်လေသည်။
ဘွဲ့တံဆိပ်အရှိန်အဝါကြောင့် သာယာမိန်းမောသွားကြလေသည်။ ဤကား ဒါနဥပါယ်၏ အောင်မြင်မှု ဖြစ်၏။
ဒါနဖြင့် မရသေးလျှင် ဘေဒကိုကျင့်သုံးလေသည်။ တိုက်ခါအောင် စည်းရုံးသည်၊ စာမေးပွဲများ မကျင်းပနိုင်အောင် လုပ်သည်၊ အင်အားနည်းအောင် သင်းခွဲလေသည်။ ပထမပြန်စာမေးပွဲ သက်တမ်းနှစ်တစ်ရာကျော်ကာလတွင် ခေတ်အဆက်ဆက်မှ ဗဟိုဦးစီးစနစ်ဖြင့် ကျင်းပလာခဲ့ရာ ယနေ့ခေတ်တွင် တိုင်းနှင့်ပြည်နယ်ခွဲကာ တိုင်းစစ်ပြည်နယ်စစ်ဖြစ်အောင် လုပ်လေသည်။ သို့မှသာ မန္တလေး၊ ရန်ကုန်နေ သံဃာများက အခြားတိုင်းနှင့် ပြည်နယ်များသို့ သွားရောက်ဖြေဆိုကြမည်။ မြို့ကြီးများ၌ သံဃာအင်အား နည်းသွားမည် ဖြစ်လေသည်။

ထိုသို့ တိုင်းနှင့်ပြည်နယ်ခွဲဖို့အတွက် အကြောင်းပြချက်လိုသောအခါ မေးခွန်းများ ဖောက်ပစ်လိုက်ကြလေသည်။ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် သုံးလေးနှစ် ဆက်တိုက်မေးခွန်းပေါက်ခြင်း ဖြစ်၏။ မေးခွန်းပေါက်၍ ဗဟိုစနစ်မနိုင်ဟု ဆိုကာ ပြည်နယ်နှင့်တိုင်းများသို့ လက်လွှဲပစ်လိုက်လေသည်။
ထိုအခါ မြို့ကြီးများမှ စာသင်သားများမှာ မြို့လေးများ၊ ပြည်နယ်များသို့  သွားရောက်ဖြေဆိုကြလေသည်။ အဆိုပါဌာနများ၌ မေးခွန်းလည်းမခက်၊ ပုံစံအမျိုးမျိုးဖြင့် လွတ်လပ်စွာ ကြည့်ရေးခွင့် ဖြေခွင့်ရလေသည်။
တစ်ချို့ဆို တစ်နေရာမအောင်လျှင် တစ်နေရာအောင်လိမ့်မည်ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်နေရာ၊ သုံးနေရာ လက်မှတ်ထိုးပြီး ဖြေဆိုလေသည်။ လွတ်လပ်စွာဖြေဆိုရ၍ အတန်းတစ်ခုတည်းမှာပင် နှစ်ခါသုံးခါ အောင်မြင်နေသည်လည်း ရှိလေသည်။

ထိုသို့ စာသင်သားများ အကျင့်ပျက်၍ အရည်အချင်းမဲ့သာသနာကြီး ထွန်းကားမည့်အရေး၊ အရည်အချင်းရှိသော သာသနာတော်ကြီးပျက်စီးမည့်အရေး၌ မဟနအဖွဲ့သည် ကန့်ကွက်မှုအလျဉ်းမရှိ၊ အကျိုးအပြစ် စိစစ်မှုအလျဉ်းမရှိဘဲ အစိုးရလုပ်သမျှ သဘောတူကြလေသည်။

ကျွန်ုပ်တို့၏ ဆရာမစိုးရိမ်တိုက်သစ် ပထမမဟာနာယကဆရာတော်ကြီးနှင့် အခြားနှစ်ပါးကသာ အပြင်းအထန် ကန့်ကွက်သည်ဟု သိရလေသည်။ သို့သော် ထိုဆရာတော်များကိုလည်း နိုင်ငံခြားသို့ တစ်ဖက်လှည့် စေလွှတ်ပြီး ကွယ်ရာ၌ အစည်းအဝေးထမြောက်အောင် လုပ်လိုက်ကြလေသည်။ သံဃာအား ဘုရားမဆန်သာဆိုသလို (၄၇)ပါး၌ နှစ်ပါးသုံပါး အရာမဝင်၍ သာသနာကျဆင်းခဲ့ခြင်း ဖြစ်လေသည်။
တိုင်းစစ်ပြည်နယ်စစ် ခွဲလိုက်ချိန်မှစ၍ စာသင်သားများ အရည်အချင်းမရှိကြတော့ပေ။ စာချတန်းသို့ ရောက်နေသည့်တိုင် အငယ်တန်းအဆင့်ပင် မမီကြတော့ပေ။ ဤကား ဘေဒဥပါယ်၏ ထိရောက်မှု ဖြစ်လေသည်။
ဤသို့ ဘေဒဥပါယ်ဖြင့် ဆောင်ရွက်ရာ၌ ကျန်ရှိနေသေးလျှင် ဒဏ္ဍဥပါယ်ကို ကျင့်သုံးလေသည်။ အပြင်မထွက်ရ အမိန့်ထုတ်ခြင်း၊ အကွက်ဆင်၍ ဖမ်းဆီး ထောင်ချခြင်းများ လုပ်လေသည်။
ထိုသို့မှ မရလျှင်သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ပစ်သတ်ခြင်းများဖြင့် ငြိမ်အောင်လုပ်လေသည်။ အစိုးရလုပ်သမျှကို မဟနက လက်ပိုက်ကြည့်နေလေသည်။
ကျွန်ုပ်ထေရဝါဒစာအုပ်ထွက်သောအခါ တန့်ကြည်တောင်ဝါဒ အဓမ္မမှန်း ထင်ရှားသွားလေသည်။

ထိုသို့ တစ်တိုင်းပြည်လုံး ဆူပွက်ပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေပါလျက် မဟနက ဘာမျှမလုပ်ပေ။ အမှန်ဆိုလျှင် စာအုပ်ထွက်လာပြီ ငြိမ်နေလို့ မဖြစ်တော့ဘူး၊ နှစ်ဦးနှစ်ဘက်ခေါ်ပြီး ဓမ္မ/အဓမ္မ ဆုံးဖြတ်ကြမည်ဟု ဆင့်ခေါ်သင့်လေသည်။

ကျွန်ုပ်က တန့်ကြည်တောင် ငိုတရား၊ ရယ်တရား မှတ်တမ်းခွေများကို ဗွီဒီယိုရုံများ၌ပြခြင်း၊ ဘုရားကြီး၌ ပြခြင်းကြောင့် နိုင်ငံရေးကူးစက်တော့မည်ဟုဆိုကာ အာဏာပိုင်များက ဝန်ကြီးသို့၊ ဝန်ကြီးက ညွှန်ချုပ်သို့၊ ညွှန်ချုပ်မှ မဟနသို့ အဆင့်ဆင့်ညွှန်ကြားကြလေမှ မဟနက ထလုပ်လေသည်။
တန့်ကြည်တောင်ဆရာတော်ကိုအဓမ္မဝါဒဖြစ်ကြောင်းဝန်ခံလက်မှတ်ထိုးခိုင်းသည်။
ကျွန်ုပ်ကို ခွင့်ပြုချက်မရဘဲ စာအုပ်မထုတ်ဖို့ ဝန်ခံလက်မှတ်ထိုးခိုင်းလေသည်။ ထိုအခါ ကျွန်ုပ်က တန့်ကြည်တောင်ဆရာတော် အဓမ္မဟု ဝန်ခံကြောင်း သတင်းအဖြစ် သတင်းစာထဲမှာ
ထည့်မှသာ တိုင်းသူပြည်သားတွေ အမှားအမှန်သိမည် ဖြစ်ကြောင်း၊ ယခုမူ တန့်ကြည်တောင်ကလည်း တရားဆက်ပြနေခြင်း၊ ကျွန်ုပ်ကလည်း စာအုပ်ထုတ်ဝေနေခြင်းကြောင့် ပြည်သူလူထုမှာ ဘယ်အရာ မှန်မှန်းမသိဖြစ်နေကြကြောင်း လျှောက်ထားရာ၊ ညွှန်ချုပ် ဒေါက်တာမျိုးမြင့်က ကန့်ကွက်လေသည်။ ဆရာတော်ကြီးများကလည်း ငြိမ်နေကြလေသည်။ မြင်းခြံဆရာတော်ဦးကိတ္တိတစ်ပါးတည်းကသာ ကျွန်ုပ်လျှောက်ထားချက်ကို လက်ခံလေသည်။
သို့သော် အများနှင့်တစ်ပါးဖြစ်၍ ဘာမျှမတတ်နိုင်ရှာပေ။ ကျွန်ုပ်ကသတင်းစာထဲ မထည့်လျှင် လက်မှတ်မထိုးနိုင်ဟု အကြပ်ကိုင်လျှင် အာဏာဖိဆန်မှုဖြင့် ကျွန်ုပ်ကိုဖမ်းမည် အမှန်ပင်။ ကျွန်ုပ်ကိုဖမ်းလျှင် မဟနကလည်း တားမြစ်မည်မဟုတ်ပေ၊ တားမြစ်လိုစိတ်ရှိလျှင်လည်း တားမြစ်ပိုင်ခွင့် မရှိပေ။ ကျွန်ုပ်သည် ကျွန်ုပ်ဆရာများကို ငဲ့နေ၍သာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်လေသည်။
နောက်ဆုံး၌ ကျွန်ုပ်ဆန္ဒကို လိုက်လျောသည့်အနေဖြင့်
သံဃအဖွဲ့အစည်းအဆင့်ဆင့်သို့ စာထွက်ပေးမည်ဟု ချော့လိုက်လေသည်။ ကျွန်ုပ်လည်း တကယ်ထင်မှတ်ပြီး စောင့်နေလေရာ တစ်လတည်းမလာ၊ နှစ်လလည်းမလာ၍ ကျွန်ုပ်ကိုယ်တိုင် ထုတ်ပြန်ပစ်လိုက်ရလေသည်။
ဓမ္မဝိနယကြောင့် ရဟန်းဖြစ်ရသည်၊ ဓမ္မဝိနယကြောင့် သာသနာရှိနေရခြင်းဖြစ်သည်ကို သိပါလျက် အရေးအကြီးဆုံး ဓမ္မဝိနယကိစ္စကြီးကို ပဓာနလုပ်ငန်းတစ်ခုအဖြစ် အရေးပေါ် လုပ်ရကောင်းမှန်း မသိကြပေ။ အထက်အမိန့်ကိုသာ စောင့်နေကြလေ၏။
ထို့နောက် ကျွန်ုပ်ကိုဖမ်းပြီးသောအခါ သံဃာထုက အုံကြွလေသည်။ ထိုအခါ သံဃာများ ညမထွက်ရ အမိန့်ထုတ်ရန် အစိုးရက ညွှန်ကြားလေသည်။ မဟနက ထုတ်ကောင်း၏၊ မထုတ်ကောင်း၏ မစဉ်းစားပေ။ ရှက်ရကောင်းမှန်းလည်း မသိပေ။ မျက်နှာပြောင်တိုက်၍ ထုတ်လိုက်ကြပြန်လေသည်။

တစ်ခြားသံဃာများမှာ ထိခိုက်မှုမရှိသော်လည်း တရားဟောဆရာတော်များမှာ ညအခါ၌သာ ဟောကြားကြ၍ များစွာ ထိခိုက်နစ်နာရလေသည်။
ထို့နောက် ကျွန်ုပ်၏ တရားခွေများ၊ စာအုပ်များထားရာ ကျောင်းတိုက်များ၌ ဝင်ရောက်ရှာဖွေလျှင် ပြဿနာကြီးထွားလာနိုင်၍ တရားမဝင်တိတ်ခွေ၊ စာအုပ်များ မည်သည့်ကျောင်းတိုက်မှာမှ မထားရဟု အမိန့်ထုတ်ခိုင်းတော့လည်း ထုတ်ပြန်လိုက်လေသည်။ ထုတ်ပြန်သည့် ထိုအမိန့်ကြောင့် တစ်နိုင်ငံလုံးရှိ သံဃာထု၊ လူထုက ပွတ်လောထကုန်ကြလေသည်။
အစိုးရက တုတ်ဖြင့် သာသနာဖျက်လျှင် ထိုတုတ်သည် မဟနပင် ဖြစ်လေသည်။
အစိုးရက ခြေဖြင့် နင်းချေပြီး သာသနာဖျက်လျှင် ထိုခြေသည် မဟနပင် ဖြစ်လေသည်။
အစိုးရက သေနတ်ဖြင့် သာသနာဖျက်လျှင် ထိုသေနတ်သည် မဟနပင် ဖြစ်လေသည်။
မဟနသည် အစိုးရ၏ လက်ကိုင်တုတ် သာသနာဖျက်အဖွဲ့အစည်းကြီး ဖြစ်လေ၏။

0 Response to "သမိုင်း၏တရားခံ အခန်း(၁၁) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...