သမိုင်း၏တရားခံ အခန်း(၈) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
သံဃာ့ ဒီမိုကရေစီ
ယခုအခါ Clean Government (သန့်ရှင်းသောအစိုးရ) ဖြစ်စေရန် ပြည်ထဲရေး၌ တိုင်ချက်များ လက်ခံသည့်ဌာနတစ်ခု ဖွင့်ထားသည်ကို တွေ့ရလေသည်။
ဝန်ထမ်းများ လာဘ်စားခြင်း၊ မတရားဆုံးဖြတ်ခြင်း၊ အနိုင်ကျင့်ခြင်း ပြုလုပ်လာပါက တိုင်ကြားကြရန် ဖြစ်သည်။ တိုင်ကြားသည့်အလျောက်လည်း အရေးယူနေသည်ကို တွေ့ရ၏။
လူ့အဖွဲ့အစည်းပင် သန့်ရှင်းသောအစိုးရဖြစ်အောင် ဆောင်ရွက်နေပါလျှင် သံဃာ့အဖွဲ့အစည်းဆိုလျှင် သည်ထက်ပို၍ သန့်ရှင်းအောင်လုပ်ဖို့ လိုလေသည်။ ထို့ကြောင့် တိုင်ချက်လက်ခံရာဌာနတစ်ခုဖွင့်ပြီး၊ ထိုဌာနက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ လာဘ်စားခြင်း၊ မတရားဆုံးဖြတ်ခြင်းများဖြင့် အနိုင်ကျင့်ပြီး အမှားဆုံးဖြတ်ထားသည့် သံဃာ့အဖွဲ့အစည်းများကို သာသနာညှိုးနွမ်းမှု ၂၉၅ ပုဒ်မဖြင့် ဖမ်းဆီး
ထောင်ချ အရေးယူသင့်ပေသည်။ သို့မှသာ သန့်ရှင်းသွားမည်ဖြစ်ပြီး၊ တရားမျှတသည့် ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာမည် ဖြစ်သည်။
သံဃာ့ဒီမိုကရေစီစနစ်မှာ သံဃာထုက ရွေးကောက်တင့်မြှောက်ထားသူများ ဖြစ်ရမည်။
သံဃာထုက အကောင်းအဆိုး အဆုံးအဖြတ်ပေးနိုင်ရမည်။ တရားမဲ့ပြုကျင့်သော ခေါင်းဆောင်များကို သံဃာထုက ဖြုတ်ချနိုင်ရမည်။
သံဃာများမှာ သံဃာထု၏ ကိုယ်စားလှယ်၊ သံဃာထု၏ အကျိုးဆောင်၊ သံဃာထု၏ ကျေးကျွန်သာ ဖြစ်ရပေမည်။ ဤစနစ်အရ အုပ်ချုပ်ခံလူတန်းစား သံဃာထုသာ တစ်ဖက်သတ် အရေးယူခံရသည်မဟုတ်ဘဲ၊ အုပ်ချုပ်သည့်လူတန်းစား အာဏာပိုင်သံဃာများလည်း အပြစ်ရှိက အရေးယူခံရမည် ဖြစ်လေသည်။
ဘက်မလိုက်ဥပဒေ၊ တရားမျှတသောစနစ် ဖြစ်၏။ ဤစနစ်ကြောင့် လုပ်ပိုင်ခွင့်ကို အခွင့်အရေးယူပြီး သာသနာကို ဖျက်ဆီးနေသူများ၊ သံဃာထုကို အနိုင်ကျင့်နေသူများ လုံးဝပပျောက်သွားပြီး သာသနာလည်း သန့်ရှင်းလာမှာ ဖြစ်လေသည်။ ဤစနစ်ကို ထူထောင်ဖို့အတွက် သံဃာထုမှာ တာဝန်ရှိလေသည်။
"သံဃာ့ရွေးကောက်ပွဲ။ ။"
အရေးအခင်းပြီးစကာလတွင် သံဃာ့ရွေးကောက်ပွဲများ ပြိုင်ဆိုင်စွာ ကျင်းပကြ၏။
အဖွဲ့အစည်း လိုလားသည့်ပုဂ္ဂိုလ်များ အနိုင်မရဘဲ၊ သံဃာထုလိုလားသူများသာ အနိုင်ရလေသောအခါ
နောက်အကြိမ်များ၌ သံဃာ့ဆန္ဒမခံယူတော့ဘဲ ဆိုရှယ်လစ်ခေတ်ပါလီမန်လို လုပ်လိုက်ကြပေတော့သည်။
သံဃာ့ဒီမိုကရေစီစနစ်သည် ထိုအချိန်မှာ အရုဏ်တက်ခဲ့ပြီး၊ ထိုခေတ်မှာပင် နေကွယ်ခဲ့ရလေသည်။ ယခုအခါ လူ့အဖွဲ့အစည်းကလည်း ဒီမိုကရေစီစနစ်ကို ထူထောင်နေချိန်ဖြစ်၍ သံဃာအဖွဲ့အစည်းကလည်း သံဃာ့ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးသင့်ပေသည်။ အမှန်အားဖြင့် ဒီမိုကရေစနစ်ဆိုသည်မှာလည်း တခြားမဟုတ်ပေ၊ ပိဋကတ်တော်လာ ဗုဒ္ဓဟောကြားတော်မူခဲ့သော ဓမ္မဝိနယလမ်းစဉ်သာ ဖြစ်လေသည်။ ထို့ကြောင့် ဘုရားသားတော်များသည် ဘုရားချမှတ်တော်မူခဲ့သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး၊ ဘုရားသာသနာတော်၏ဝန်ကို ထမ်းဆောင်သင့်လှပေသည်။
လက်ရှိ မဟနအဖွဲ့၌ နေရာကောင်းလစ်လပ်၍ အစားထိုးရသည့်အခါမျိုး၌ မဲအရောင်းအဝယ်လုပ်နေခြင်း၊ အတိုက်အခံလုပ် တင်ပြနေခြင်း၊ ခိုက်ရန်ပြု အပြင်းအထန် ငြင်းခုံနေကြခြင်းတို့မှာ ရှက်စရာကောင်းလှပေသည်။
အဘယ်သူ အရည်အချင်းရှိသည်၊ အဘယ်သူ စွမ်းဆောင်နိုင်သည်၊ အဘယ်သူ သိက္ခာသမာဓိနှင့် ပြည့်စုံသည်၊ အဘယ်သူသာသနာကို ချစ်မြတ်နိုးသည်၊ အဘယ်သူ အစွဲကင်းကင်း အလုပ်လုပ်သည်၊ အဘယ်သူ စိတ်ထား မွန်မြတ်သည်၊ အဘယ်သူ သဘောထားကြီးသည်၊ အဘယ်သူ ဓမ္မဘက်မှ ရပ်တည်ရဲသည် စသည့်အရာအားလုံးကို သံဃာထုက သိပြီးဖြစ်လေသည်။
ထို့ကြောင့် သံဃာ့ကိုယ်စားလှယ်ရွေးကောက်ပွဲကို သံဃာ့ညီလာခံကျင်းပ၍ ရွေးကောက် တင်မြှောက်သင့်ပေသည်။ သို့မှသာ အရှုပ်အရှင်းကင်းစွာ သန့်ရှင်းစွာ၊ အပြိုင်အဆိုင် သံဃာ့အကျိုး၊
သာသနာ့အကျိုးကို ဆောင်ရွက်လာကြမှာ ဖြစ်လေသည်။
သို့ဖြစ်၍ သံဃာ့အဖွဲ့အစည်း ထိပ်တန်းခေါင်းဆောင်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ရွေးချယ်ပွဲကဲ့သို့ ရွေးကောက်တင်မြှောက်သင့်ပေသည်။ တိုက်ကြီး၊ တိုက်လေး၊ မြို့ကြီးမြို့လေး၊ တိုင်းကြီး တိုင်းလေး၊ မခွဲခြားဘဲ အဆင့်အတန်းရှိသူ၊ သံဃာ့အကျိုးသာသနာအကျိုးကို လိုလားသူ၊ လုပ်ရည်ကိုင်ရည်ရှိသူ၊ လက်ရုံးရည် နှလုံးရည်ပြည့်စုံသူ မှန်သမျှ ရွေးချယ်ခံနိုင်ပေသည်။ အစမ်းရွေးချယ်ခြင်း၊ အတည်ရွေးချယ်ခြင်း၊ အကြိမ်ကြိမ်ဆန္ဒ ခံယူပြီးမှ အတည်ပြုသင့်ပေသည်။
ရွေးကောက်ခံရသူများ၏ စွမ်းဆောင်ချက်အလိုက် လေးနှစ်တန်သည်၊ ငါးနှစ်တန်သည် ပြန်လည်ရွေးချယ်ကြမည် ဖြစ်လေသည်။
စွမ်းဆောင်မှုညံ့ဖျင်းလျှင် တစ်ကြိမ်သာ ထိုက်တန်သူဖြစ်မည်၊
စွမ်းဆောင်မှု ကောင်းလျှင် ကောင်းသလောက် အကြိမ်ကြိမ် ထိုက်တန်သူ ဖြစ်ပေမည်။
အဖွဲ့ဝင်များ ရွေးကောက်ပွဲကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်များ ရွေးချယ်သလို
ရွေးချယ်ထိုက်ပေသည်။
အဖွဲ့ဝင်သုံးဖွဲ့ရှိရာတွင် (၂)နှစ်တစ်ကြိမ်ကျ တစ်ဖွဲ့စီ ရွေးကောက်သွားလျှင် အဟောင်းနှစ်ဖွဲ့
နှင့် အသစ်တစ်ဖွဲ့ လက်တွဲလုပ်ဆောင်သွားနိုင်မည် ဖြစ်ပေသည်။ သုံးဖွဲ့လုံးကို တစ်ပြိုင်နက် ရွေးချယ်က အသစ်နှင့်အဟောင်း မမျှတသည့်အခါ အဟောင်းများက အတွေ့အကြုံအပေါ်မှာ အသစ်ကို မကြည်ဖြူလျှင် မကြည်ဖြူသလို ဒေါက်ဖြုတ် ချောက်ချနိုင်ပေသည်။ သို့ဖြစ်၍ အဟောင်းနှစ်ဖွဲ့က အသစ်တစ်ဖွဲ့ကို နှစ်စဉ်လက်တွဲခေါ်ပြီး သာသနာ့အကျိုး သယ်ပိုးရန် ဖြစ်လေသည်။
ရပ်/ကျေးနှင့်မြို့နယ်များမှာ အလွယ်တကူ ရွေးကောက်နိုင်လေသည်။ ယနေ့ တရုတ်ပြည်၌ ပြုလုပ်နေ
သော စက္ကူဖြူစာတမ်းပါ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲများကဲ့သို့ ပြုလုပ်ရုံသာ ရှိလေသည်။
အစီအစဉ်ရေးဆွဲရာမှာ သက်တော်ဝါတော်ရ ထေရ်ကြီးဝါကြီး လောကဓမ္မကျွမ်းကျင်၍ ဗဟုသုတပြည့်စုံသော ဆရာတော်သမားတော်များ၊ လက်ရှိသံဃာဥသျှောင်ဆရာတော်ကြီးများ နိုင်ငံရေး၊ သာသနာရေး လူပညာရှိကြီးများ ဆောင်ရွက်သင့်လှပေသည်။
ဤစနစ်သည် သာသနာတစ်ရပ်လုံးအတွက် အခြေခံအကျဆုံး၊ အကျိုးကြီးဆုံး တရားမျှတဆုံးသောစနစ် အရိယာသူတော်ကောင်းတို့ သာဓုခေါ်မည့်စနစ်ဖြစ်၍ ပဒေသရာဇ်ခေတ်ကလို အာဏာစွဲများ မထားကြဘဲ သာသနာအကျိုး၊ မြန်မာအကျိုးကို လိုလားသောအားဖြင့် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထိုက်လှပေသည်။
ဤအဖွဲ့သည် အမှန်တကယ် သာသနာသန့်ရှင်းအောင် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာအကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာထွန်းကားပြန့်ပွားအောင် အမှန်တကယ် ဆောင်ရွက်နိုင်သည့်အဖွဲ့၊ သာသနာအဓွန့်ရှည်တည်တန့်အောင် ဆောင်ရွက်နိုင်သည့်အဖွဲ့၊
မြန်မာရော ကမ္ဘာပါ ငြိမ်းချမ်းစေမည့်အဖွဲ့၊ မြန်မာရော ကမ္ဘာပါ အလင်းရောင်ရစေမည့် အဖွဲ့ ဖြစ်ရကား ဤစနစ်ကို ကန့်ကွက်သူ၊ ပယ်ချသူ၊ သဘောမတူသူ၊ အကောင်အထည်မဖော်သူ မှန်သမျှသည် သမိုင်း၏တရားခံများအဖြစ် မှတ်တမ်းတင်ခံရမည် ဖြစ်လေသည်။ ငါအကျိုးထက် သာသနာအကျိုးကို ဦးစားပေးဖို့ အချိန်တန်ပြီဖြစ်ပါ၏။
ငါအကျိုးကို ဦးစားပေးခဲ့သော ပဒေသရာဇ်စနစ်တို့သည်လည်းကောင်း၊ အာဏာရှင်စနစ်တို့သည်လည်းကောင်း ကမ္ဘာမြေပေါ်၌ နေရာပေးမခံရ၍ ကျဆုံးခဲ့ကြ၊ ကျဆုံးနေကြပေသည်။
0 Response to "သမိုင်း၏တရားခံ အခန်း(၈) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"
Post a Comment