နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ဘာသာယဉ်ကျေးမှု အမွေ (၂)(ဆရာတော်ဝီရသူ)

ရေကန်တော့ခြင်း။   ။နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးသည့် နှစ်ဆန်းတစ်ရက်နေ့ ရက်မြတ်မင်္ဂလာမျိုး၌ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နှစ်သစ်ကို ကြိုဆိုပုံသည် လွန်စွာပင် ကျက်သရေမင်္ဂလာရှိလှပေသည်။ မိဘ ဘိုးဘွား ဆရာသမားတို့အား ရေကန်တော့ခြင်း၊ခြေသည်း၊လက်သည်း ညှပ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်းဖြင့် ကုသိုလ်ယူတတ်သည်ထက် ကျယ်ပြန့်အောင် သံဃာတော်များက ဦးဆောင် သင့်ပေသည်။ ရွာမှာဖြစ်ပါက ရွာကျောင်းထိုင်ဘုန်းကြီးက ဦးဆောင်၍ သက်ကြီးရွယ်အို မိဘ ဘိုးဘွားများ ကို ကျောင်းမှာစုဝေးစေပြီး ကျန်းမာရေးနှင့် ညီညွတ်မည့် အချိန်တွင် ဆိုင်ရာ သား သမီးတို့အား ဆိုင်ရာမိဘ ဘိုးဘွားများကိုလည်းကောင်း၊စေတနာရှင် ကုသိုလ်ရှင်များအား သားသမီး ကျောထောက်နောက်ခံ မရှိသည့် မိဘဘိုးဘွား များကိုလည်းကောင်း ခြေသည်း လက်သည်း လှီးဖြတ်စေခြင်း၊ ခေါင်းလျှော် ရေချိုးပေးစေခြင်း၊ ကိုယ်လက် ဆုပ်နယ်ပေးစေခြင်းများ ပြုလုပ်စေသင့်ပါသည်။  ပြီးမှ မိဘဘိုးဘွားများအား ရေကန်တော့စေ၍ ရွာဘုန်းကြီးက ပုညကြိယာ(၁၀)ပါး အပစာယန၊ဝေယျာဝေစ္စ ကုသိုလ်အားကြီးပုံ၊ မိဘကျေးဇူးနှင့် ပတ်သက်သည့် ဇာတ်တော်များ သုတ္တန်များ တစ်နှစ်တစ်မျိုး မရိုးအောင် ဟောပြသင့်ပေသည်။  ဤသို့ ရွာဘုန်းကြီးက ဦးဆောင်ပေးခြင်းဖြင့် ရွာတိုင်းရွာတိုင်း၌ သား သမီး လိမ္မာလေးများ တိုးပွားလာမည်။ မိဘဘိုးဘွားများလည်း စိတ်ချမ်းသာမည်။ ရွာဘုန်းကြီးလည်း သာသနာပြုရာရောက်မည်။ ရပ်ရွာ၏ လေးစားကြည်ညိုမှု ကို တိုး၍တိုး၍ ခံယူရမည် ဖြစ်ပေသည်။
       မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်းပေးရာ ရောက်ပေသည်။ အလွန်အင်မတန် ဆင်းရဲမွဲတေသည့် သားသမီးပင်ဖြစ်စေကာမူ ပထမနှစ်၌ လက်အုပ်ချီ၍ ကန်တော့ခြင်းမှ နောက်နှစ်များတွင် စားစရာများ၊ အ၀တ်အထည်များ၊ ဆေးဝါးများ၊ တရားတိပ်ခွေများ၊တရားစာအုပ်များဖြင့် တစ်နှစ်ထက် တစ်နှစ် မိဘ ကန်တော့ဖို့ ရှာဖွေရင်း စီးပွားဖြစ်ခါ ပို၍ပို၍ ကန်တော့လာနိုင်မည်၊ ပို၍ ပို၍ ကြီးပွားလာကြမည် ဖြစ်ပေသည်။ သောက်စား မူးယစ်၍ မည်မျှပင် ဆိုးသွမ်းသည့် သားများပင် ဖြစ်စေကာမူ နှစ်ဆန်းတစ်ရက်နေ့မှာတော့ လိမ္မာပေလိမ့်မည်။ အသိတရား အခံရှိပါက အသက်ထက်ဆုံး လိမ္မာသွားနိုင် ပေသည်။ ဤသို့ ဖြစ်မြောက်အောင် အိမ်တန်းစေ့ ရေကန်တော့နိုင်အောင် ရပ်ရွာဘုန်းကြီးက ကြောင့်ကြစိုက် ဆော်သြရပေမည်။                       
ဤသို့ အစဉ်အလာ ကောင်းများနှင့်အတူ ကြီးပြင်းကြရသော ရွာသူ ရွာသားများမှာ တစ်နယ်တစ်ကျေးသို့ ရောက်နေရသည့် အခြေအနေမျိုး ကြုံကြိုက်နေလျှင်တောင်မှ အချိန်ယူ၍  ရွာကို အမှီပြန်လာကာ ရေကန်တော့ ကြလိမ့်မည်ဖြစ်သည်။ နောက်ဆုံးအနေနဲ့ လူမလာနိုင်လျှင်တောင်မှ လှုဖွယ် တန်းဖွယ် ကန်တော့ဖွယ်များဖြင့် လူကြုံပါး၍  ကန်တော့ကြပေလိမ့်မည်။ နောက်ဆုံး လူကြုံမရှိလျှင်တောင်မှ အမေ့အတွက် အဖေ့အတွက် ရွာဘုန်းကြီး အတွက် ရည်စူး၍ ကုသိုလ်ပြုပေလိမ့်မည်။ ဘယ်နေရာ ဘယ်ဒေသရောက် ရောက် ဤအချိန်အခါမျိုးမှာ မိဘများကိုလည်းကောင်း ရွာနှင့်ရွာဘုန်းကြီးကို လည်းကောင်း သတိရရှိနေမည်ဖြစ်ပေသည်။ ဤသို့ အလေ့အကျင့်ကောင်း များကို ပျိုးထောင်ပေးခြင်းသည် နှလုံးသားမှာ ဘုရားတည်ပေးလိုက်ခြင်းဖြစ် ပေသည်။ သူတစ်ပါးတို့ မဖျက်ဆီးနိုင်သည့် သာသနာကို အုဋ္ဌ်မြစ်ချပေးလိုက်ခြင်းဖြစ်ပေသည်။                                                                                                               
ဘေးမဲ့ပေးခြင်း ။        ။ နှစ်သစ်ကူးအခါမှာပင် ဇီဝိတဒါနအဖြစ် သတ္တ၀ါတို့အား ဘေးမဲ့ပေးသောအားဖြင့် နွားလွှတ်ပွဲ၊ငါးလွှတ်၊ငှက်လွှတ်ပွဲများ ကျင်းပတတ်ကြပေသည်။ ထိုအစဉ်အလာသည် ကုသိုလ်လည်းရ ပျော်စရာလည်းကောင်း၊ ဂုဏ်ယူဖွယ်ရာလည်းဖြစ်ပေသည်။ ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းကို အထူးမဆိုချင်သော် နွားလွှတ်ခြင်းအကြောင်းကို ဆိုစရာရှိ ပေသည်။တိရိစ္ဆာန်တို့တွင် လူတို့အား မွေးသည်မှ သေသည်အထိ ကျေးဇူးပြု သော သတ၀ါများမှာ ကျွဲနှင့်နွားတို့သာဖြစ်ပါသည်။ ကျွဲနွားကျေးဇူးကို လယ်သမားတို့က အသိဆုံးဖြစ်ပါသည်။ ထိုသို့ကျေးဇူးရှုင် ကျွဲနွားများကို အရွယ်ကောင်းတုံးမှာ ခိုင်းစားပြီး အရွယ်အိုသည့်အခါ နွားသတ်ရုံသို့ ပို့တတ် ကြပါသည်။ ထိုသို့ ပို့ခြင်းကို ဘုရားကမကြိုက်ပါ။ ကျွဲနွားများ၏ ကျိန်ဆဲမှုကို ခံရမည်မှာလည်း သေချာ ပေသည်။ အရွယ်အို ကျွဲနွားများကို ခိုင်းစားလို့ အားရမှ ရောင်းစားခြင်း၊ သတ်စားခြင်းများသည် ငွေကြေးကြောင့်လည်း ဖြစ်နိုင်ပါသည်။ ကျေးဇူးမသိတတ်သောကြောင့်လည်းဖြစ်နိုင်ပါသည်။ 
နွားသည် လူသားများအတွက် စားစရာရှာ ပေးသည်၊၀တ်စရာ ရှာပေးသည်။ စီးစရာပေးသည်။ သွားဖို့ယာဉ်ပေးသည်၊ သောက်စရာနို့ပေးသည်။မြေသြဇာ ပေးသည်။ဇီဝဓာတ်ငွေ့ပေးသည်။မီးအလင်းရောင်ပေးသည်။ မွေးသည်မှ သေသည်အထိ လူသားများကို ကောင်းကျိုးတွေချည်းပြုခဲ့သည်။ သားသမီး များပင် နွားလောက် လိမ္မာမည်မဟုတ်၊ကျေးဇုးပြုမည်မဟုတ်ပေ၊ထို့ကြောင့် နွားများသည် လူသားများအတွက် မိတ်ဆွေအစစ် ဆွေမျိုးအစစ်၊ကျေးဇူးရှင် အစစ်ဖြစ်ပေသည်။ ထိုသို့သော ကျေးဇူးရှင်များကို ပစ်ထား သတ်စား ရောင်းစားလျှင် ထိုသတ္တ၀ါများသည် မည်သို့ခံစားရမည်ကို သိသာအောင် ဒဠှဓမ္မဇာတ်တော်ကို ဖော်ပြလိုက်ပါသည်။
 ဂေါတမမြတ်စွာဘုရားလက်ထက်ကဖြစ်သည် ဥတေနမင်းမှာ အာဇာနည် ဆင်မကြီးတစ်ကောင်ရှိသည်။ ဆင်မကြီး၏နာမည်မှာ ဘဒ္ဒ၀တီဖြစ်သည်။ ထိုဆင်မကြီးသည် တိုက်ရည်ခိုက်ရည်လည်း ကောင်းသည်။သံတမန်တွေလို တစ်ပြည်နဲ့တစ်ပြည် စာပေးစာယူကိုလည်းလုပ်တတ်သည်။ ထို့ကြောင့် ဥတေနမင်းက ထိုဆင်မကြီးကို မွန်မြတ်သည့်အစာအာဟာရများ အဆောင် အရောင်များဖြင့် ခမ်းနားထည်ဝါစွာ ချီးမြှင့်မြှောက်စားထားပေသည်။ ထိုဆင်မကြီး အို၍ မစွမ်းနိုင်၍  အလုပ်မလုပ်နိုင်သည့်အခါ ဥတေနမင်းက ထိုဆင်မကြီးကို အစာလည်း မကျွေး တော့ပါ။နေရာလည်းမပေးတော့ပါ။ အဆောင်အရောင်တွေလည်း မဆင်တော့ပါ။ထိုအခါ ဆင်မကြီးခမျာ နေ့အခါ တောထဲသွားပြီး မြက်စားရရှာပါသည်။ ညအခါ ကြုံသည့်နေရာ အိပ်ရရှာပါသည်။အိုမင်းမစွမ်းချိန်မှာ အပစ်ပယ်ခံဘ၀နဲ့ ဆင်မကြီးမှာ စိတ်ဆင်းရဲနေရ ရှာပါသည်။
တစ်နေ့တွင် ဂေါတမမြတ်စွာဘုရား ဆွမ်းခံကြွလာသည်ကို မြင်၍ ဆင်မကြီးက ဘုရားခြေရင်း ၀ပ်စင်းကာ ဦးခေါင်းနဲ့ဝပ်ချရှိခိုးပြီး ဥတေနမင်းက  သူ့ကိုပစ်ထားကြောင်း သူ့မှာ ခိုကိုးရာမဲ့ဘ၀ရောက်ရှိနေကြောင်း မြတ်စွာဘုရား ကယ်တော်မူစေချင်ကြောင်း လျှောက်ပါသည်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က ဥတေနမင်းကို တရားဟောလိုက်ရာ ဥတေနမင်းက ဆင်မကြီးကျေးဇူးကို ပြန်လည်သိမြင်ပြီး ကျွေးမြဲ အစားစာကောင်းများ၊ ပေးမြဲ အဆောင်အရောင်များ ၊ ထားမြဲနေရာများနှင့် ရှေးယခင်ကလိုပင် ခမ်းနားတင့်တယ်စွာ ပြန်လည်ချီးမြှင့်ပါသည်။       (လောကနီတိလာဂါထာများနှင့်  အဂုင်္တ္ထိုရ်လာပါဠိများရေးရန်)    
ကျေးဇူးချေကာ၊ မပြုရာတည့်၊ လူသာမဟုတ်၊ အယုတ်တိရိစ္ဆာန်၊ မှုဝန်ဆောင်ဘိ၊ ကျေးဇူးရှိသား၊ ဟတ္ထိအဿ ၊ ဂေါဏမဟိံသာ၊စသည်မှာလည်း၊ ပျိုခါစေစား၊အိုခါရှား၍၊ စွန့်ထားပယ်ကာ၊ မပြုရာဘူး၊ ပြုပါတုံက၊ မိတ္တဒုဗ္ဗီ ၊မညီဓမ္မ၊ လူ့ပါပတည့်။(ဟတ္ထိ=ဆင်၊အဿ =မြင်း၊ဂေါဏ=နွား၊မဟိံသ(မဟိန်သ)ကျွဲ၊  မိတ္တဒုဗ္ဗီ=မိတ်ဆွေကိုပြစ်မှားသူ၊)  ထိုမှတစ်ပါး၊ ထိုအသားကို၊ သတ်စားဖြတ်စား၊ ပြုငြားတတ်မူ၊ ထိုသည့်သူကား၊ လူတွင်မိုက်လှ၊ လူ့ဗာလတည်း၊ ပါပတရာ ၊ လွန်ယုတ်မာရှင့်။ (ပါပတရာ=အလွန်ယုတ်မာသူ၊) 
မာတာပိတု၊ ဗန္ဓုညာတိ၊စရှိအလား ၊ ထိုကျွဲနွားတို့၊ လုပ်စားအတူ၊ လူနှင့်တကွ၊ မကွာရဘူး၊ ကိစ္စဆောင်ရွက်၊ သက်မွေးဘက်ဖြင့်၊ ဆက်ဆက်စင်စစ်၊ မိတ်ရင်းဖြစ်၏။ သတ်ညှစ်အသား၊ သူမိုက်များသို့ ၊မစားထိုက်စွာ၊ သားသည်းချာလျှင်၊ ပညာကရု၊ မျှော်ထောက်ရှုလော့၊(မဃဒေ၀-၁၉၈)                  (မာတာ=အမိ၊ပိတု=အဖ၊ ဗန္ဓု=မိတ်ဆွေ၊ ဥာတိ=ဆွေမျိုး၊ကရု=ကရုဏာ=သနားကြင်နာခြင်း။ ) 
သို့ဖြစ်၍ နွားများအား ဘေးမဲ့ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင့်ပေသည်။ ငါးလွှတ်ပွဲ၊ငှက်လွှတ်ပွဲ တို့သည် နွားလွတ်ပွဲလောက် ၀န်မကြီးကြပေ ၀န်ကြီးသောနွားလွှတ်ပွဲကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့ ဆိုသည်မှာလည်း မလွယ်ကူလှပါ။ သို့သော် ရွာဘုန်းကြီး ဦးဆောင်မည်ဆိုလျှင် သေချာ ပေါက် အောင်မြင်မှာ အမှန်ပင်။  ကော်မတီတစ်ခု ဖွဲ့စည်းမည်။ အလှုငွေကောက်ခံမည်။ ရွာဘုန်းကြီးက အပ်စပ်အောင် သိမ်းဆည်းထားမည်။ ခြံတစ်ခုပြုလုပ်မည်။ နွားကျောင်းသားကို လခနှင့်ထားမည်။(သို့) ကျောင်းသားများကို အလှည့်ကျ ကျောင်းခိုင်းမည် ။ ငွေကြေးပြည့်စုံသူများထံမှ နွားအိုများကို အလှုခံမည်။ မပြည့်စုံ၍ မဖြစ်မနေ နွားသတ်ရုံပို့တော့မည့် သူများကို ချိုသာသောဈေးနှုံးဖြင့်  ၀ယ်ယူမည်။အလှုရှင် ရှာမည် ၊ရန်ပုံငွေထဲက ၀ယ်မည်။စသည်ဖြင့် စီမံကိန်းရေးဆွဲလုပ်ပါက မုချအောင်မြင်မည် ဖြစ်ပေသည်။ နွားတို့ဘေးမဲ့ပေးသော ရွာများမှာလည်း ဆန်ရေစပါး ပို၍ ပြည့်စုံပြီး ၊ ပို၍တိုးတက်ဖြစ်ထွန်းနေမည်ဖြစ်ပေ သည်။
အကြောင်းမှာ ကျေးဇူးရှင်အား ကျေးဇူဆပ်သည့် ရွာသားတို့၏ ကုသိုလ်၊နွားများ၏ကောင်းချီး (ဆုတောင်း) နတ်များ၏ အစောင့်အရှောက်ကို အမှီပြု၍  မိုးလေ၀သ အမြဲတမ်း မှန်နေမည် ဖြစ်သောကြောင့် တည်း။                                                                                                          
ဤကား(၁၂)လရာသီတွင်  တန်ခူးလနှင့်ပတ်သက်သည့် မြန်မာတို့၏ ရှားပါးယဉ်ကျေးမှုများကို     သံဃာတော် များကပါ ထိန်းသိမ်းစောင့်ရှောက်ရန် ဦးဆောင်ဦးရွက်ပြုရန် တိုက်တွန်းချက်ဖြစ်ပါသည်။     

အာစရိယပူဇော်ပွဲ။         ။ (၁၂)လ ရာသီတွင် သီတင်းကျွတ်လ၌ ဆီမီးထွန်းပွဲကျင်းပကြပါသည်။ ထိုယဉ်ကျေးမှုသည် အစိုးရက အားပေးသည်ဖြစ်စေ၊အားမပေးသည်ဖြစ်စေ ၊တာဝန်ယူ ကျင်းပသည် ဖြစ်စေ၊ တာဝန်ယူမကျင်းပသည်ဖြစ်စေ သံဃာတော်များက စောင့်ရှောက်သည်၊ မစောင့်ရှောက် သည်ဖြစ်စေ၊ အစဉ်အလာတစ်ရပ်အနေဖြင့် တည်ရှိနေမည်ဖြစ်သည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။  ယခုပြောလိုသည်မှာ မီးထွန်းပွဲအကြောင်း ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ၀ါတော် ခုနှစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်၌ ၀ါဆိုတော်မူပြီး အဘိဓမ္မာတရားတော်ကို နတ်တို့အား ဟောကြားတော်မူပါသည်။

သီတင်းဝါလကျွတ်သည့်အခါ တာဝတိံသာနတ်ပြည်မှ လူပြည်သို့ ပြန်ကြွတော်မူလာပါသည်။ လူ့ပြည်သို့ပြန်ကြွလာသည့်နေရက်မှာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါသည်။  ဘုရားကြွတော်မူလာသည်ကို ရည်မှန်းပြီး လူ့ပြည်မှ ဆီမီးထွန်းပြီး ကြိုဆြိုကပါသည်။ ပူဇော်ကြပါသည်။ ထိုသို့ တာဝတိံသာနတ်ပြည်မှ  ပြန်ကြွတော်မူလာသည့် မြတ်စွာဘုရားကို ပူဇော်သည့်အထိမ်းအမှတ်အဖြစ် ဆီမီးထွန်းကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သီတင်းကျွတ်ဆီမီးထွန်းသူများ ကုသိုလ်ယူတတ်ကြပါစေ။ တာဝတိံသာနတ်ပြည်မှ ကြွတော်မူလာသည့် မြတ်စွာဘုရားကို ပူဇော်သည့်အနေဖြင့် ဆီမီးပူဇော်တတ်ကြပါစေ။               
ထို့အပြင်     သီတင်းကျွတ်လလျှင် အာစရိယပူဇော်ပွဲ ကျင်းပလေ့ရှိပါသည်။ ဤယဉ်ကျေးမှုသည် အစိုးရက တာဝန်ယူကျင်းပမှ ရေရှည်တည်မြဲနိုင်မည့် ယဉ်ကျေးမှုမျိုး၊မိဘဆရာသမားများနှင့် သံဃာတော်များက ဦးဆောင်ဦးရွက် ပြုပါမှ ထာဝရတည်တန့်နိုင်မည့် ယဉ်ကျေးမှုမျိုးဖြစ်ပေသည်။  လက်ရှိတွင် စာသင်တိုက်ကြီးများ၊ စာသင်ကျောင်းများ ၌ အာစရိယပူဇော်ပွဲ ကျင်းပနေသည်ကို တွေ့ရေပေသည်။ သို့သော် စာသင်ကျောင်းများတွင် ကျင်းပနေသည်မှာ တပည့်တွေအတွက် ဆရာ့ကျေးဇူးးကို ဖော်ကျူးဖို့ လိုအပ်နေ ပေသေးသည်။ လှုဖွယ်ဝတ္ထုကောက်ခံသည်။လက်အုပ်ချီကန်တော့သည်။ ဆုပေးသည်။  ဤမျှသာဖြစ်ပေသည်။  စာသင်ကျောင်းအများစုမှာလည်း အာစရိယပူဇော်ပွဲ ကျင်းပမှုမရှိသေးပေ ။အနည်းစုသာ အာစရိယပူဇော်ပွဲ ကျင်းပနေသည်ကို တွေ့ရပေသည်။ ဤအစဉ်အလာ ဤရိုးရာ မတိမ်ကောအောင် အစိုးရက မူတစ်ခု ချမှတ်သင့်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးပွားအောင် သံဃာတော်များက ဦးဆောင် သင့်ပေသည်။           
 ဥပမာ။    ။ကျေးရွာများမှာဖြစ်လျှင် ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများက ရွာဘုန်းကြီးကို ပထမဦးဆုံး ပူဇော်ကန်တော့ကြမည်။ သီလခံယူဆောက်တည်ကြမည်။ ရွာဘုန်းကြီးက သီလပေးမည်။ ဆုပေးမည်။ပြီးလျှင် ဆရာ ဆရာမများက ကန်တော့ခံမည်။ ကျောင်းသူ ကျောင်းသားများက ကန်တော့မည်။ ဆရာ ဆရာမများက ဆုပေးမည်။ ရွာဘုန်းကြီးက ဆရာ့ကျေးဇူးမြင့်မိုရ်ဦးအကြောင်း   ဂုတ္တိလဇာတ်တော်လိုမျိုး၊ သရက်သီးမှည့် မန္တာန်ပျောက် သွားသည့်  အမ္ဗဇာတ်တော်လိုမျိုး  တစ်နှစ်တစ်မျိုး မရိုးအောင် ဟောကြားမည်။ ဖော်ညွှန်းမည်၊ ဆရာ့စကား နားမထောင်လို့ ပျက်စီးရသည့် တပည့်များအကြောင်းကို ဖော်ညွှန်းသည့် ဇာတ်တော်များ ကိုယ်တွေ့ဖြစ်ရပ်များကို ကျောင်းသူ ကျောင်းသားများ အရိုးစွဲအောင် အသဲစွဲအောင် ဟောကြားသင့်လှပေသည်။ 
ဥပမာ။   ။ ရွာထဲတွင် အရက်အလွန်အကျွန်သောက်၍ ဘ၀ပျက်ခဲ့ရသူများအကြောင်း မြို့ထဲ၌ ဆေးခြောက်ရှု၍ ၊ နံပါတ်ဖိုးစွဲ၍    ဘ၀ပျက်ခဲ့ရသူများအကြောင်း ပြောပြလျှင် တပည့်လေးများ အရက် မူးယစ်ဆေးကို ငယ်စဉ်ကတည်းက ကြောက်လန့်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဆရာရော၊ တပည့်ပါ ။ သံဃာရော၊ဒကာပါ။  ရပ်ရွာရော ၊ သာသနာပါ အကျိုးရှိမည့် အာစရိယပူဇော်ပွဲ ကဲ့သို့သော ယဉ်ကျေးမှုမျိုးကို ကျောင်းတိုင်း ကျောင်းတိုင်း၊ ရွာတိုင်း ရွာတိုင်းမှာ နှစ်စဉ်စည်ကား သိုက်မြိုက်အောင်သံဃာတော်များက ဦးဆောင်သာသနာပြုသင့်လှပေသည်။                

ဝတ်စားဆင်ယင်မှု။        ။ ယခုအခါ၌ သိပံ္ပပညာထွန်းကားလာပြီဖြစ်၍ ကမ္ဘာကြီးသည် ကျုံ့သွား ကျဉ်းသွား ပေပြီ။ ထို့ကြောင့် ဂြိုဟ်တုသတင်းထိုင်ကြည့်ရုံဖြင့် အမေရိကမှာ ရေကြီးတာ၊ အာဖရိကမှာ  ငတ်မွတ်တာ စသည်ဖြင
့် ကမ္ဘာကြီး တစ်ခုလုံးကို လက်တွေ့မြင်နေရပေသည်။ကမ္ဘာကြီးမှ အဖြစ်အပျက်များသည် စက္ကန့်ုပိုင်း  မီးနစ်ပိုင်းအတွင်း သတင်းအဖြစ် စီးဆင်းလာကြသကဲ့သို့ ကမ္ဘာအရပ်ရပ်မှ ယဉ်ကျေးမှုများသည် မြန်မာပြည် အတွင်းသို့ ဒလဟော ၀င်ရောက်လာကြပေသည်။   
ထိုအခါ ကျောင်းသူ ကျောင်းသား လူငယ် လူရွယ် များမှာ နိုင်ငံတကာ သရုပ်ပျက်များကို အတုမှား ၀တ်ဆင် လာခဲ့ကြပေတော့သည်။ လုံခြုံသော တင့်တယ်သော ၀တ်စားဆင်ယင်မှုများဖြစ်လျှင် သင့်တော်ပေသေးသည်။ မလုံ မခြုံ မတင့်တယ်သော ၀တ်စားဆင်ယင်မှုမျိုးကား လုံးဝမသင့်တော်လှပေ။ အိမ်မှာဝတ်လျှင် အစ်ကိုများ မောင်များ ဧည့်သည်များ လူကြီးလူကောင်းများကို စော်ကားရာရောက်သည်။ ရိုင်းပျရာရောက်ပေသည်။ ရပ်ထည်း ရွာထည်းဆိုလျှင် လည်း အန္တရာယ်ကို လက်ရပ်ခေါ်ရာ ရောက်ပေသည်။  ဘုရားကျောင်းကန် စေတီပုထိုးများဆိုလျှင် ပို၍ပင် မသင့်တော်လှပေ။ ဤသို့ လူငယ်များ အတုမမှားအောင် မိဘဆရာများက ထိန်းသိမ်းပေးရပေမည်။ သံဃာတော်များက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရပေမည်။
လူငယ်များ၏စိတ်ကယဉ်ကျေးမှ ကိုယ်ကယဉ်ကျေးမည် ။ ကိုယ်ကယဉ်ကျေးမှ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မည်။ ထို့ကြောင့်  လူငယ်များ၏ စိတ်နှင့်ကိုယ် ယဉ်ကျေးအောင်  ဟိရီ၊သြတပ္ပတရား ဟောကြားသင့်လှပေသည်။ဟိရီ ၊ သြတပ္ပသည်  သူတော်ကောင်းတရား၏အခြေခံ၊ ယဉ်ကျေးမှု၏ အခြေခံဖြစ်ပေသည်။   ဟိရီ ၊သြတပ္ပ နှင့် ပတ်သက်၍ ဧကနိပါတ်၊ နစ္စဇာတ် ။ စတုက္က နိပါတ် ၊ သိရီဇာတ်။ သိရီကာဠကဏ္ဏီဇာတ် ။ အသီတိနိပါတ်၊ သုဓာဘောဇနဇာတ်။ ဧကနိပါတ်၊ ဒေ၀ဓမ္မ ဇာတ်တော်များကို ဟောကြားသင့်လှပေသည်။          
ဆရာ ၊ ဆရာမများက ရွာဘုန်းကြီး၏ အကူအညီကို ယူမည်။ တပည့်များကို ဆုံးမမည်။ ရံဖန် ရံခါ ရွာဘုန်းကြီးက  ဇာတ်တော်များကို ပုံပြောသလို ပြောပြပြီး ဇာတကပညာရေးကို ပို့ချသင့်ပေသည်။ ဇာတကပညာရေးဖြင့်   မြင့်မားသော မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်လှပေသည်။  ဇာတကပညာရေးဖြင့် သာသနာ အဓွန့်ရှည် တည်တန့်အောင် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်သင့်လှပေသည်။ မြန်မာကို ကမ္ဘာက အထင်ကြီး  လေးစားကြသည့်အချက် နှစ်ချက်မှာ ယဉ်ကျေးမှုနှင့် သာသနာပင်ဖြစ်ပေသည်။
အရှင်ဝီရသူ (မစိုးရိမ်)

0 Response to "ဘာသာယဉ်ကျေးမှု အမွေ (၂)(ဆရာတော်ဝီရသူ)"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...