ဘာသာယဉ်ကျေးမှု အမွေ (၁)(ဆရာတော်ဝီရသူ)
ယနေ့ကျွန်ုပ်သည် မြန်မာ့ယဉ်ကျေးမှုများအနက် (၁၂)လရာသီ ပွဲတော်များ အကြောင်းကိုစဉ်းစားနေမိ၏။ထိုရာသီပွဲတော်များတွင်လည်း အများစုသည် ဘာသာတရားကို အခြေခံ၍ ပေါ်ပေါက်လာသည့် ယဉ်ကျေးမှုက များပေသည်။ နိုင်ငံတော်အစိုးရက ထိန်းသိမ်းမှ တည်တန့်နိုင်မည့် ယဉ်ကျေးမှုများ နိုင်ငံတော်အစိုးရက ထိန်းသိမ်းသည်ဖြစ်စေ၊မထိန်းသိမ်း သည်ဖြစ်စေ အစဉ်အလာအရ ဆက်လက်တည်ရှိ နိုင်မည့်ယဉ်ကျေးမှုများ နိုင်ငံတော်အစိုးရ တင်မဟုတ်ဘဲ သံဃာတော်များကပါ ထိန်းသိမ်းပါမှ တည်ရှိနိုင် တိုးပွားနိုင် အကျိုးများနိုင်မည့် ယဉ်ကျေးမှုများဟူ၍ တွေ့ရှိရပေသည်။
(က)နိုင်ငံတော်အစိုးရက ထိန်းသိမ်းပါမှ တည်တန့်နိုင်မည့် ယဉ်ကျေးမှုများ။ ။ (၁၂)လရာသီတွင် ၀ါခေါင်လ-လှေပြိုင်ပွဲ၊ နယုန်လ-စာပြန်ပွဲ ကဲသို့သော ယဉ်ကျေးမှု များသည် နိုင်ငံတော်အစိုးရက တာဝန်ယူကျင်းပပါမှ ဆက်လက် တည်ရှိနိုင်မည့် ယဉ်ကျေးမှု များဖြစ်ပေသည်။
(ခ)အစဉ်အလာအရ တည်ရှိနေမည့် ယဉ်ကျေးမှုများ။ ။(၁၂)လရာသီတွင် တန်ခူးလ သင်္ကြန်ပွဲ၊ ၀ါဆိုလ-၀ါဆိုပွဲ၊ တပိုတွဲလ-ထမနဲပွဲ တို့ကဲ့သို့သော ယဉ်ကျေးမှုများသည် နိုင်ငံတော်အစိုးရက တာဝန်ယူသည်ဖြစ်စေ၊ တာဝန်မယူသည်ဖြစ်စေ ဆက်လက်တည်ရှိနေမည့် အစိုးရယဉ်ကျေးမှုများ ဖြစ်ပေသည်။ (ဂ) သံဃာတော်များပါဝင်သင့်သည့် ယဉ်ကျေးမှုများ။ ။ (၁၂)လရာသီတွင် တန်ခူးလ သင်္ကြန်ပွဲနှင့် တွဲဖက်၍ပြုလုပ်ကြသည့် ဒုလ္လဘရဟန်းခံပွဲများ၊ မိဘဘိုးဘွား(သက်ကြီး) ပူဇော်ပွဲများ နွားလွတ်ပွဲ၊ငါးလွတ်ပွဲ၊ငှက်လွတ်ပွဲကဲ့သို့သော ဇီဝိတဒါန ဘေးမဲ့လှုပွဲများသည် နိုင်ငံတော် အစိုးရတင် မဟုတ်ဘဲ နိုင်ငံတော်အစိုးရရော သံဃာတော်များကပါ ပူးပေါင်း ဆောင်ရွက်ပါမှ အဓွန့်ရှည် တည်တံ့ပြန့်ပွားပြီး အကျိုးရှိနိုင်မည့် ယဉ်ကျေးမှုများဖြစ်ပေသည်။ ကျွန်ုပ် ယနေ့တွေးနေမိသည်။ ဤ(တတိယ)ယဉ်ကျေးမှုအကြောင်းပင်ဖြစ်ပေသည်။
ဒုလ္လဘသာသနာသမိုင်း ကဿပမြတ်စွာဘုရားလက်ထက်က ဥပါသကာတစ်ယောက်မှာ ရဟန်း ၀တ်ချင်သော်လည်း သားရေး၊သမီးရေး ၊စီးပွားရေး ကြီးပွားရေးတို့ကြောင့် မ၀တ်နိုင်ဘဲ ဖြစ်နေပေသည်။ သူ ထင်ထားသည်မှာ တစ်သက်လုံး ၀တ်မှသာ ရဟန်းဝတ်ကောင်းသည်။ ခဏအခိုက်အတန့်ဆိုလျှင် ရဟန်းမ၀တ်ကောင်း ဟုဖြစ်သည်။ ရဟန်းလည်း ၀တ်ချင် မိသားစု နှင့်လည်းကင်းကွာ မဖြစ်သဖြင့် နောက်ဆုံး ဘုရားရှင်ထံ လျှောက်ထား မေးမြန်းသည်။ ဘုရားရှင်က မိမိတတ်နိုင်သလောက် ၀တ်နိုင်ကြောင်း ကျင့်နိုင်သလောက်အကျိုးရှိကြောင်း မိန့်ကြားတော်မူသဖြင့် ထိုဥပါသကာသည် ခုနှစ်ရက် ရဟန်းဝတ်ပေသည်။ခုနှစ်ရက်လုံး ကိုယ်နှုတ်စိတ်ကို ထိန်းသိမ်းပြီး ၀ိနည်းစည်းကမ်းကို လိုက်နာကာ တရားဘာဝနာများ အားထုတ်လျှက် နေ့စဉ် ကုသိုလ်စိတ်ဖြစ်အောင် သာကျင့်ကြံနေထိုင်ခဲ့ပါသည်။ ထိုသို့ ရဟန်းဘ၀ဖြင့် ခုနှစ်ရက်တရား ကျင့်ခဲ့သော ကုသိုလ် ကောင်းမှုကြောင့် ထိုဥပါသကာ ကွယ်လွန်၍ နတ်ရွာသုဂတိလားခဲ့ပါသည်။ ဤဥပါသကာကို အကြောင်းပြုပြီး ဒုလ္လဘရဟန်းဝတ်ကြသည့် အစဉ်အလာ ဖြစ်ပေါ်လာပေသည်။
ဒုလ္လဘသာသနာထူထောင်သင့်ပုံ။ ။ယနေ့မြန်မာပြည် ဒုလ္လဘ ရဟန်းခံသည့် ကုသိုလ် ပွဲများသည် ထိုဥပါသကာကဲ့သို့ မဟုတ်လှပေ၊ အပျော်တမ်းရဟန်းခံပွဲ၊ အပျော်တမ်း ပဉ္ဇင်းခံပွဲ ပုံစံမျိုး သက်ရောက်နေပေသည်။ အကြောင်းမှာ ဒုလ္လဘရဟန်းတော်များကို ကြပ်မတ်၍ ထိန်းကျောင်းပေးမည့်သူ တရားပြမည့်သူ၊ နည်းလမ်း ညွှန်မည့်သူ နည်းပါးသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဒုလ္လဘရဟန်းတော်များမှာ ဆွမ်းခံစားသည်၊ အပူဇော်ခံသည်၊ စီးကရက်ခဲသည်၊ ပျော်ပါးကြသည်၊ စကြနောက်ကြ ရယ်မောကြနှင့် တရားကို အရမယူဘဲ ရခဲလှသည့် ရဟန်းဘ၀ ဒုလ္လဘကို မေ့လျော့ခြင်းဖြင့် အကျိုးမဲ့စေခဲ့ကြပေသည်။ဝတ်ပုံ စားပုံ နေထိုင်ပုံ အချိုးမကျလှသဖြင့် “ဒ-ဒုလ္လဘ ပုံမကျ” ဟုပင်ပြောဆိုခံရတတ်ပေသည်။ အထင်အမြင် အသေး ခံရတတ်ပေသည်။ ထိုသို့ ဒုလ္လဘရဟန်းတော်များက အကျိုးရှိအောင် မနေကြသဖြင့် မိသားစုများ အလှုရှင်များမှာလည်း ကုန်ကျသလောက် အကျိုးမရှိခဲ့ကြပေ။
အနည်းစုအားဖြင့်မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာကဲ့သို့သော ရိပ်သာကြီးများမှာ ရဟန်းဝတ်ကြသော ဒုလ္လဘရဟန်းတော်များသာ ရဟန်းဘ၀ဒုလ္လဘကို အရတော်စွာ အသုံးချမိကြသည်ကိုတွေ့ရပေသည်။ ရပ်ကွက်ကျောင်း၊ရွာကျောင်း အများစုတွင် ရဟန်းခံကြသော ရဟန်းတော်များမှာ ကျောင်းထိုင်ဆရာတော်များ၏အလိုလိုက်မှုကြောင့် ရဟန်းတရားနှင့် ဝေးခဲ့ကြသည်ကို တွေ့ရပေသည်။ ဒုလ္လဘရဟန်း အများစုမှာလည်း တရားအလုပ် မလုပ်ရသည့်ကျောင်းများမှာ ပို၍ ၀တ်ချင်နေကြသည်ကိုလည်းတွေ့ရပေသည်။ ပစ္စဝေက္ခဏာ (၄)ပုဒ်ကျက်ခိုင်းရုံနှင့် ငိုယိုထွက်ပြေးကြသူများ၊ အာပတ်ဖြေ ဒေသနာကြား ကျက်ခိုင်းလို့ ချက်ချင်းလူထွက်ကြသူများ တရားထိုင်ခိုင်းလို့ အကြည်ညိုပျက်သူများလည်း မကြာခဏတွေ့ကြုံနေရ၍ ဆရာတော်များ အလိုလိုက် ထားခြင်းလည်း ဖြစ်ပေသည်။ သို့သော် တရားကျင့်ရသည့် ကျောင်းတွင်မပျော်ပိုက်သော ရဟန်းတော်များမှာ အနည်းငယ်သာဖြစ်ပါသည်။ အများစုမှာ တရားအားထုတ်ရမှ သဘောကျသူများ ဖြစ်ကြပါသည်။ ဒုလ္လဘရဟန်းတော်များကို ကြပ်မတ်ပေးသည့် ရိပ်သာများတွင် တစ်နှစ် တစ်ခြား ဒုလ္လဘရဟန်းဦးရေ တိုးပွားနေသည်ကို ကြည့်က သိနိုင်ပါသည်။
ထို့ကြောင့် ဒုလ္လဘရဟန်းတော်ကို နားလည် သဘောပေါက်အောင် ဘ၀နေနည်း၊ ထိုင်နည်း သိမြင်လာအောင်၊ ဘာသာချစ်စိတ်၊ သာသနာချစ်စိတ်များ ပေါ်ပေါက်လာအောင် ယဉ်ကျေးမှုကို ထိန်းသိမ်းလိုသည့်စိတ်များ ကိန်းဝပ်လာအောင် မိဘကို လုပ်ကျွေးချင်စိတ်များ၊ မိဘကျေးဇူး သိတတ်သည့်စိတ်များ၊မိဘကျေးဇူးဆပ်လိုသည့် စိတ်များ ပေါ်ပေါက်လာအောင် ဦးစွာစည်းရုံးရပေမည်။ ထို့နောင်မှ စားချိန်၊ နားချိန်၊ အလုပ်လုပ်ချိန်ဟူ၍ အချိန်ဇယားများကန့်သက်၍ စည်းကမ်းတကျနေတတ်၊ ထိုင်တတ်၊ပြုမူ ပြောဆိုတတ် ကျင့်ကြံအားထုတ်တတ်အောင် သင်ပြပေးသင့်ပေသည်။ စည်းကမ်းကို မနေနိုင် မထိုင်နိုင် မပျော်ပိုက်နိုင်အောင် အတင်းအကြပ်ကြီး လည်းမဟုတ်၊ဘာမျှမလုပ်ဘဲ ပစ်ထားသည့် အချောင်ကြီးလည်း မဟုတ်အောင် အသင့်အတင့် ရေးဆွဲသင့်ပေသည်။
ဒုလ္လဘနေ့စဉ်လုပ်ငန်း။ ။ ဥပမာ=မနက် ၅း၀၀နာရီ တရားထိုင်မည်။ဆရာတော်ကိုယ်တိုင် ကြီးကြပ်မည် ။ ထို့နောက် အာရုံဆွမ်းစားမည်။ ဆွမ်းခံကြွမည်။ နားမည် ၊စာဖတ်မည်၊ နေ့ဆွမ်းစားမည်၊ အနားယူမည်၊ တရားထိုင်မည်၊ တရားနာမည်၊ သန့်ရှင်းရေလုပ်မည်၊ ဘုရားဝတ်တက်မည်၊ သြ၀ါဒနာယူမည်၊ တရားထိုင်မည်၊ ည=၉း၀၀တွင် အိပ်စက်မည်ဆိုလျှင် အားလုံးသက်သောင့် သက်သာရှိလှပေသည်။ ရဟန်းလည်း ၀တ်ပျော်သည်၊ တရားလည်း နာပျော်သည်၊ တရားလည်း ကျင့်ပျော်သည်၊ စာလည်းဖတ်ပျော်သည်၊ပစ္စုပန် သံသရာ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာများ မိမိရရ ရရှိ သွားပေမည်။မိသားစုများ ရဟန်း ဒကာများ၊ ဆွမ်းဒကာများ၊အလှုရှင်များလည်းသဒ္ဓါတရားတိုးသည်ထက် တိုးပွားလာပေမည်။ထိုသို့ ဒုလ္လဘ ရဟန်းခံဘူး ကြသူများသည် သင်္ကြန်ရောက်တိုင်း မိမိတို့၏ ဒုလ္လဘရဟန်းဘ၀က အားထုတ် ခဲ့သော ကုသိုလ်များကို ပြန်လည်အောက်မေ့နေမိကြပေမည်။ သီလာနုဿတိ ၊ စာဂါနုဿတိများ တိုးပွားနေပေမည်။ ရဟန်းဘ၀ကိုလည်း အမြတ်တနိုး တန်ဘိုးထားနိုင်ပေလိမ်မည်။ ထို့ကြောင့် နတ်ရွာသုဂတိအစ နိဗ္ဗာန်ရောက်သည်အထိ ကောင်းကျိုးချမ်းသာခံစားရမည့် အရေးဖြစ်၍ ကျောင်းထိုင် ဆရာတော်များသည် ဒုလ္လဘသာသနာကို ထူထောင်သင့်လှပေသည်။

0 Response to "ဘာသာယဉ်ကျေးမှု အမွေ (၁)(ဆရာတော်ဝီရသူ)"
Post a Comment