သမိုင်း၏တရားခံ အခန်း(၁၀) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
"ဘွဲ့တံဆိပ်သာသနာ။ ။"
အရည်အချင်းရှိသူ၊ ထိုက်တန်သူများအား ဘွဲ့ထူး ဂုဏ်ထူး ချီးမြှင့်သည့် ထုံးစံသည်
ဘုရားလက်ထက်ကပင် ရှိခဲ့လေသည်။ ကျွန်ုပ်တို့သာသနာတော်၌လည်း အစိုးရမင်းတို့က ဆိုင်ရာဆရာတော်များအား ဘွဲ့တံဆိပ်ကပ်လှူခဲ့ကြသည်ကို တွေ့ရလေသည်။
ရှေးခေတ်က ဆရာတော်ကြီးများမှာ တကယ်အရည်အချင်းရှိကြသူများဖြစ်၍ ဘွဲ့တံဆိပ်အဓိက ဆရာတော်ကြီးများ မဟုတ်ကြပေ၊ အစိုးရကလည်း အရည်အချင်းရှိသူကိုမှ ချီးမြှင့်ပြီး၊ ဆရာတော်ကြီးများကလည်း ဘွဲ့တံဆိပ်ဂုဏ်မမောက်ကြ၊ ဘွဲ့တံဆိပ်ဖြင့် ခြိမ်းခြောက်မစားကြပေ။
သို့စေကာမူ ယခုအခါ၌ ဘွဲ့တံဆိပ်တွေကလည်း ဖောင်းပွ၊ ဘွဲ့တံဆိပ်ရှင်များကလည်း မောက်မာကြ၍ ဘွဲ့တံဆိပ်သာသနာသည် ဘုရားသာသနာကို ဖျက်ဆီးပစ်နေလေပြီ။
ဆိုရှယ်လစ်ခေတ်ကလူထုသံဃာထုသည် ဘွဲ့တံဆိပ်ရဆရာတော်ကြီးများကို ကြည်ညိုလေးစား အားထားကြ၏။ ဆရာတော်ကြီးများကလည်း အမှန်တကယ်ပင် အဘက်ဘက်မှ ပြည့်စုံကြ၍ လေးစားထိုက်လှ၏။ ထိုခေတ်၌ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်ကို တစ်နှစ်လျှင် တစ်ပါးနှစ်ပါးသာ ဆက်ကပ်လေသည်။ သည်ထက်မပိုပေ။ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်ကိုလည်း နှစ်ပါးသုံးပါးသာ
ဆက်ကပ်လေသည်။ သည်ထက်မပိုချေ။ အရေးအခင်းပြီးစကာလ၌ပင် ဤစနစ်ကို ကျင့်သုံးကြသေး၏။ ထိုနှစ်တွင် ကျွန်ုပ်တို့၏ မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးနှင့် ဗဟန်းညောင်တုန်းဆရာတော်ကြီး ဟူ၍ နှစ်ပါးသာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရရှိလေသည်။
စာသင်တိုက်၏ အဓိပတိဆရာတော်ကြီးဖြစ်၍ ထိုက်တန်လှ၏။ နောက်နှစ်များတွင်မူ
အဂ္ဂမဟာပဏ္ဍိတများ၊ အဘိဓဇများ မှိုရာသီအလား မှိုလိုပေါလာကြလေသည်။ အဂ္ဂမဟာပဏ္ဍိတဆိုလျှင်
တစ်နှစ်လျှင် အပါးခြောက်ဆယ်ကျော် ချီးမြှင့်ခံရ၏။ သံဃာထုက လွတ်လပ်ရေးနေ့ ဘွဲ့တံဆိပ်ပေးပွဲကို မူလတန်းဂေဇက်ဟု ဆိုကြ၏။ နှာခေါင်းရှုံ့ကြ၏။ ဤကား သာသနာရေးဦးစီးဌာနကပေးသော တန်ဖိုးရှိဘွဲ့များ၊ တန်ဖိုးမဲ့လာပုံ၊ ဖောင်းပွလာပုံ ငွေစက္ကူအတုလို ဖြစ်လာပုံတည်း။
သာသနာရေးဦးစီးဌာနမှ သာသနာထွန်းကားပြန့်ပွားရေးဌာနဟူ၍ ဌာနခွဲတစ်ခုအသစ် ပေါ်ပေါက်လာခဲ့
ပေသည်။ ထိုဌာနမှ ဂန္ထဝါစက(စာချ)ဘွဲ့များ၊ ကမ္မဌာနစရိယ(ကမ္မဌာန်းဆရာ)ဘွဲ့များ၊ သဒ္ဓမ္မဇောတိကဓဇ
(သာသနာပြု)ဘွဲ့များနှင့် လူပုဂ္ဂိုလ်များအတွက် သီရိသုဓမ္မ၊ သီဟသုဓမ္မ စသည်ဖြင့် များပြားစွာ ချီးမြှောက်လာပါသည်။ သာသနာရေးဦးစီးဌာနမှပေးသော ရှားပါးဘွဲ့များ ပေါများလာ၍ တန်ဖိုးရှိဘွဲ့များ တန်းဖိုးမဲ့ဖြစ်ကြ၍ နှာခေါင်းရှုံ့နေကြချိန်တွင် တန်ဖိုးမဲ့ဘွဲ့များ၊ ငွေစက္ကူအတုလို ဖောင်းပွလာ၍ သာသနာတော်မှာလည်း ရစရာမရှိ ဖြစ်ခဲ့လေသည်။ စာချ၍ စာချဘွဲ့ရလျှင်၊ ကမ္မဌာန်းပြ၍ ကမ္မဌာန်းဆရာဘွဲ့ရလျှင်၊ သာသနာပြု၍ သာသနာဘွဲ့ရလျှင် ရသည့်ဘွဲ့နှင့် လုပ်သည့်အလုပ်၊ ဂုဏ်နှင့်ဒြပ် ထင်ဟပ်နေလျှင်ကား သာဓုခေါ်စရာပင် ကောင်းလေသည်။
ယခုမူ စာတစ်လုံးမျှမချသူလည်း စာချဘွဲ့ရ၊ ဘာမျှမလုပ်ဘဲ ထိုင်စားနေသူကလည်း သာသနာပြုဘွဲ့ရ၊ ကမ္မဌာန်းဆရာမဟုတ်ပါဘဲ ကမ္မဌာန်းဆရာဘွဲ့ရ၊ တရားတစ်ပုဒ်မျှ မဟောပါဘဲ ဓမ္မကထိကဘွဲ့ရသူက ရနေ၍ သူတော်ကောင်းများ စိတ်အနှောက်အယှက် ဖြစ်ရလေသည်။ ဆရာတော်တစ်ပါးဆိုလျှင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ရလို၍ စာချတန်းသံဃာများကို စာခေါ်ချပြီး ဘွဲ့တောင်းလျှောက်လွှာတင်လေသည်။ စာချရာ၌ စာချနိုင်၍ စာချခြင်းဖြစ်လျှင် တော်သေးသည်။ စာမချနိုင်ဘဲ ဘွဲ့တံဆိပ်လိုချင်၍ စာချခြင်း၌ သံဃာများ ဆင်းရဲရလေသည်။ ပုဒ်စစ်ကျမ်းလာသံဝဏ္ဏနာ နည်းလေးဆယ်ကို သတင်းစာဖြင့်ကွယ်၍ ဖတ်ပြလေသည်။ ထိုဆရာတော်မှာ အကြီးတန်း အဆင့်မျှသာရှိ၍ စာမချနိုင်ပေ၊ စာချတန်းကို စာမချလျှင်လည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ် စံနှုန်းမမီ ဖြစ်ပေမည်။ သို့ဖြစ်၍ ဝိနည်းလွတ်လုပ်၍ စာချပြခြင်းဖြစ်လေ၏။ ဘွဲ့တောင်းလျှောက်လွှာတင်ပြီးသည့်အခါ စာမချတော့ပေ။ ထိုအခါကျမှ စာသင်သားများ သက်သာရာ ရလေ၏။ ရှေးက အစိုးရများကား ထိုက်တန်၍ ချီးမြှောက်ခြင်း ဖြစ်၏။ ရှေးဆရာတော်ကြီးများကလည်း အမှန်တကယ် ထိုက်တန်၍ ချီးမြှောက်ခံရခြင်းဖြစ်၏။ ယခုမူ ဘွဲ့တံဆိပ်ဖို့ လျှောက်လွှာအမျိုးမျိုး ထောက်ခံချက် အမျိုးမျိုးလုပ်ပြီး တင်တောင်းနေရလေသည်။ လျှောက်လွှာတင်ရုံဖြင့် မပြီးသေးဘဲ ငွေလည်း လိုက်ရသေးလေသည်။ သာသနာရေးအရာရှိကြီးများ ချက်ချင်းကြီးပွားသွားကြ၏။ တိုက်ကြီးများအပျံစား၊ ကားကြီးများ အကောင်းစားဖြင့် စီးပွားဖြစ်ကြလေ၏။ ဘွဲ့တံဆိပ်ရဆရာတော်များ၏ ကောင်းမှုပင်တည်း။ ထိုအရာရှိကြီးနှင့်ပတ်သက်၍ ကမ္ဘာအေး၌ ဟာသလေးတွေ ဖြစ်ပေါ်ခဲ့ဖူးလေသည်။ ဆရာတော်တစ်ပါးက ဘွဲ့လျှောက်ပါလျက် မရ၍ အရာရှိကြီးထံသွားရာ အရာရှိကြီးက စိတ်ပါလက်ပါလုပ်မှ ရမှာပေါ့ဘုရားဟု ပြောလိုက်လေ၏။ ဘွဲ့တံဆိပ်လိုချင်နေရုံဖြင့် မပြီးဘဲ၊ ငွေလည်းပေးရသေးသည်ဟူလို့။
လူတစ်ယောက်ကလည်း ထို့အတူ ထိုဆရာကြီးဆီသွားရာ ခင်ဗျား - ဒါစေတနာအတော်နည်းပုံ ရတယ်
ဟု ပြောလေ၏။ ထိုအခါ ဘွဲ့တောင်းသူက ရုတ်တရက် နားမလည်၍ မနည်းပါဘူးခင်ဗျား၊ ကျွန်တော်အိမ်မှာ
နေ့စဉ် သံဃာဆယ်ပါး ဆွမ်းလောင်းပါတယ်ဟု ပြန်ပြောလေ၏။ ငွေနည်းနေလျှင်လည်း ဘွဲ့ပေးပုံမပေါ်ပေ။
ဆရာတော်တစ်ပါးကမူ ငွေနည်းသော်လည်း အများကြီးဟု ထင်ရလေအောင် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ
ဆယ်တန်အရွက်ကြီးများကို ထုပ်ပြီးပေးလေ၏။
ဆရာကြီးက ပွပြီဟု ထင်ကာ ငွေထုပ်ကြီးများကို အခန်းတွင်းဝင်၍ ရေတွက်လေသည်။ ပြန်ထွက်လာပြီး အရှင်ဘုရား ဒီတစ်ပတ်တော့ ပါမှာမဟုတ်သေးဘူးဟု လျှောက်လေ၏။
ငွေလည်းပြန်ပေးလေ၏။ ဘွဲ့တံဆိပ်တောင်းစားသူများနှင့် ဘွဲ့တံဆိပ်ရောင်းစားသူများသာတည်း။ အချို့ကလည်း ငွေဘယ်လောက်ပေးရ ပေးရ၊ အရင်းကြေသည်ဟု ဆို၏။ ဘွဲ့တံဆိပ်ပြစားခြိမ်းခြောက်စားမည့် စီးပွားရေးသမားများသာတည်း။
ဆရာတော်ကြီးတစ်ပါးသည် လွတ်လပ်ရေးနေ့ ဘွဲ့တံဆိပ်ကြေညာတိုင်း သာဓုပါဗျာ၊ သာဓု၊ သာဓု
တော်ကြပါပေတယ်၊ ထိုက်တန်ကြပါပေတယ်ဟု အမြဲတန်း သာဓုခေါ်လေ၏။ ထို့နောက် သူလည်း ဘွဲ့တံဆိပ်ရလို၍ ဆိုင်ရာကပ်၍ ငွေပေးရာ သူလည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့ရလေသည်။ ထိုအခါကျမှ ရှေးက မအေပေးတွေလည်း ငါလိုပဲ နေမှာဟု ပြောလေ၏။
ထိုသို့ ဘွဲ့တံဆိပ်များ ဖောင်းပွ၍ ပညာရှိများ အနေကြပ်၊ အနေခက်လာခြင်းကြောင့် တစ်ချို့ဆရာတော်များမှာ ဘွဲ့တံဆိပ်ဆက်ကပ်ဖို့ ကမ်းလှမ်းလာသည်ကိုတောင် မယူဝံတော့ပေ။ ရောကောသောကော ဖြစ်မှာစိုးလေ၏။
ရှေးအခါတုန်းက ခြင်္သေ့ထီးနှင့်မြေခွေးမတို့ ပေါင်းသင်းကြာမှ ခွေးခြင်္သေ့လေး မွေးလေသည်။ ထိုခွေး
ခြင်္သေ့လေးသည် အသွင်သဏ္ဍန်အားဖြင့် အဖခြင်္သေ့နှင့်တူပြီး၊ အသံအားဖြင့် အမိမြေခွေးသံ ထွက်လေသည်။
တစ်နေ့သောအခါ မိုးရွာပြီးချိန်၌ ခြင်္သေ့များက ပျော်မြူးကခုန်လျက် ခြင်္သေ့လိုဟောက်ကြလေ၏။ ထိုအခါ ခွေးခြင်္သေ့လေးကလည်း ခြင်္သေ့များနှင့်အတူ ရောရောင်၍ မြူးတူးအော်ဟစ်လေသည်။ အသံက ခြင်္သေ့သံမထွက်ဘဲ မြေခွေးသံထွက်လာ၍ ခြင်္သေ့သံကြား၌ ခွေအူသံ ထင်ရှားသွားလေသည်။ ထိုအခါ ခြင်္သေ့များက ရှက်ရွံ့သွားကြပြီး မဟောက်တော့ဘဲ ပြန်သွားကြလေ၏။ (ဒုကနိပါတ်၊ အသဒိသဝဂ်၊ သီဟကောတ္ထုဇာတ်)
တင့်တယ်မဲ့စွာ၊ ကေသရာနှင့်၊ သိင်္ဂါလီမွေး၊ ခွေးခြင်္သေ့ငယ်၊ သားများလယ်၌၊ ရယ်ဖွယ်ဟောက်ခြင်း။
(မဃဒေဝ၊ စာပိုဒ် ၂၂၃)
ကျွန်ုပ်သည် ဆရာတော်ကြီးတစ်ပါး၏ တရားတော်ကို နာကြားခဲ့ဖူး၏။ ပရိယတ္တိသာသနဟိတ
အသင်းကြီး၌ ဟောကြားသောတရားတော် ဖြစ်၏။ ထိုတရားပွဲ၌ စာချအကျော်ဆရာတော်ကြီးက ဘုန်းကြီးတို့က အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အဘိဓဇဘွဲ့တို့ကို မမြတ်နိုးပါဘူး၊ ဘာလို့လဲဆိုရင် သူတို့က ဘာလို့ပေးမှန်းကို မသိဘူး၊ ဘုန်းကြီးတို့ ရထားတဲ့ သကျသီဟဘွဲ့တံဆိပ်ကိုသာ ဘုန်းကြီးတို့ မြတ်နိုးပါတယ်၊ ဘာကြောင့်ဆို ဒီသကျသီဟဘွဲ့တံဆိပ်က မန္တလေးမြို့ရှိ စာချအကျော်ဆရာတော်ကြီးများက မေးခွန်းထုတ် စစ်ဆေးကြ၊ ဘုန်းကြီးတို့က ဆရာတော်ကြီးများရဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ကြလို့ ဒီဘွဲ့ကိုရခဲ့ကြတာ၊ ဘုန်းကြီးတို့ ကြိုးစားမှုနဲ့ ဘုန်းကြီးထိုက်တန်လို့ ရထားတဲ့ ဘွဲ့တံဆိပ်ဖြစ်လို့ ဘုန်းကြီးတို့က သကျသီဟဘွဲ့ကိုပဲ မြတ်နိုးပါတယ်ဟု ဟောကြားသည်ကို နာခဲ့ရလေသည်။ ခြင်္သေ့ပီပီ မဟာဆီ မဟာသွေးရှိသော ဆရာတော်ကြီးပါတကား။
ကျွန်ုပ်သည် ၂၀ဝ၀ ခုနှစ်က ရန်ကုန်မြို့၌ အဘိဓမ္မာပို့ချနေသော ဆရာမကြီးတစ်ယောက်ကို တွေ့ဖူ၏။
ထိုဆရာမကြီးသည် ဌာနတစ်ခု၌ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိကြီး ဖြစ်လေသည်။ အဘိဓမ္မာပို့ချလာသည်မှာ နှစ်ပေါင်းသုံးဆယ်ကျော်ရှိခဲ့ပြီး၊ သင်တန်းသားပေါင်း ငါးရာကျော် ပို့ချခဲ့လေသည်။ သူ့အား တပည့်များက သာသနာပြုဘွဲ့တံဆိပ် လျှောက်ခိုင်း၍ လျှောက်တင်ရာတွင် ငွေနှစ်သောင်းပေးမှ ရမည်ဟု ပြောလေ၏။ ထိုအခါ ထိုဆရာမကြီးက ကျွန်ုပ်အား ငွေပေးမှ ဘွဲ့ရမယ်ဆိုလို့ တပည့်တော်မ မလျှောက်တော့ဘူးဘုရားဟု လျှောက်လေ၏။ သာသနာအတွက် တကယ်အလုပ်လုပ်သူများအား ချီးမြှင့်သောဘွဲ့ မဟုတ်ပါတကား။
တစ်ချို့မှာ ပျံလွန်ခါနီးတွင် နောက်ဆုံးအချိန်တွင် ဆေးရုံထိလိုက်၍ ဘွဲ့တံဆိပ်ကပ်သည်ကိုလည်း တွေ့ရ၏။ နောက်ဆုံးထွက်သက်၌ ဘွဲ့တံဆိပ်စွဲလမ်း၍ လွန်တော်မူလျှင် ပျံတော်မမူဘဲ လျှိုးတော်မူဖို့များလေသည်။ ပြိတ္တာဖြစ်ဘွဲ့တံဆိပ်ကြီးပါတကား။
အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို သရုပ်ခွဲပြသည့် ဆရာတော်ကြီးတစ်ပါးထံလည်း စာလိုက်ဖူး၏။ ထိုဆရာတော်
ကြီးက စာချစဉ် ဤသို့ မိန့်လေသည်။ တိုက်ပေး၊ တောင်းပေး၊ ဗျာဒိတ်ပေး၊ ထိုက်ပေးလေးအဂ္ဂတဲ့။ တစ်ချို့ကတိုက်လို့ရတာ၊ တစ်ချို့က တောင်းလို့ရတာ၊ တစ်ချို့က အာဏာပိုင်အရာရှိကြီးတွေ ပေးခိုင်းလို့ရတာ၊ တစ်ချို့ကတော့ အားနာပါးနာ ထိုက်တန်သူ နည်းနည်းပါးပါးကို ရွေးချယ်ပြီး ပေးတာဟု အဂ္ဂလေးမျိုးကို သရုပ်ခွဲပြလေသည်။
လူတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းသည် ဘုရားလက်ထက်တော်ကပင် အစရှိခဲ့လေသည်။ ယခုအခါ၌လည်း ဘုရားလက်ထက်ကကဲ့သို့ လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခြင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမိပေသည်။ သို့သော် ခုတ်ရာတစ်ခြား ရှရာတစ်ခြား ဖြစ်ခဲ့လေသည်။ ဓမ္မစစ်သာသနာပြု လူပုဂ္ဂိုလ်များကို ချီးမြှင့်ခြင်းကို ဘွဲ့တံဆိပ်လိုချင်၍ ဘွဲ့တံဆိပ်မက်မောပြီး အလှူလုပ်ကြ၊ ရဟန်းခံကြ၊ ရှင်ပြုပြီး အရောင်ဆိုးလိုက်ကြလေသည်။ တစ်ချို့မှာ ဘွဲ့တံဆိပ်လိုချင်၍ ရဟန်းလောင်းလေးငါးဆယ်ကို တစ်ပြိုင်တည်း ရဟန်းခံကြလေသည်။
တစ်ပြိုင်နက်တည်း ကလေးလေးငါးဆယ် အမြွာပူးမွေးသကဲ့သို့ ဖြစ်လေ၏။ ရဟန်းများကို အဘယ်သို့ ထောက်ပံ့နိုင်ပါမည်နည်း၊ ရဟန်းဒကာဝတ္တရား ကျေပွန်ကြပါဦးမည်လော၊ ရဟန်းဒကာမရှိ၍ စာရင်းပေးလိုက်ရသော ရဟန်းလောင်းများမှာ ရဟန်းတစ်ခါနှင့် ငြားခဲ့ကြလေပြီ။
ရဟန်းဒကာက ရဟန်းခံပြီး ရေစက်ချပြီးချိန်မှစ၍ ရဟန်းများကို လှည့်မကြည့်ကြတော့ပေ။ ဘဲများလို အပြီးပစ်ထားခဲ့ကြလေ၏။ ထိုအလှူသည် အကျိုးကြီးပါဦးမည်လေ၊ ဂုဏ်မက်မောသောအလှူ၊ ပကာသနအလှူ၊ သူတော်ကောင်းများ သာဓုမခေါ်နိုင်သော အလှူဖြစ်လေ၏။
ထိုသို့ ဘွဲ့တံဆိပ်ရမ္မက်ကြောင့် ရဟန်းလုခံ၊ အလှူလုပြုကြသူများကို အလှူပြုတတ်အောင် ဆုံးမဖို့ လိုလာလေပြီ။
0 Response to "သမိုင်း၏တရားခံ အခန်း(၁၀) ရေးသားတင်ပြသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"
Post a Comment