သမိုင်း၏တရားခံ အခန်း(၄) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)
ဒေါ်လာစား မဟန
ကျွန်ုပ်သည် လွန်ခဲ့သော တစ်ဆယ့်လေးနှစ်ခန့်က တန့်ကြည်တောင် ငိုရယ်တရားခွေကို
ကိုကြည့်ခဲ့ရပါသည်။ မှားနေမှန်းသိသည်၊ ဘာကြောင့်မှားမှန်းမသိ၊ ဘယ်လိုမှားမှန်းမသိပေ။
ထို့ကြောင့် တဖြည်းဖြည်း စာတွေ့လက်တွေ့ လေ့လာလိုက်စား၍ စုံစမ်းဆင်ခြင်ကြည့်မိသည့်အခါ
ငိုရယ်တရားသည် ပိဋကတ်တော်နှင့် မညီညွတ်သော၊ ပိဋကတ်တော်နှင့် ဆန့်ကျင်သော၊ ဘုရားသာသနာကို အိုးမည်းသုတ်နေသော"အဓမ္မ"ကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။
ပြည်တွင်းမှာသာမဟုတ်ဘဲ ပြည်ပအထိ ငိုရယ်တရားကြီး ထင်ရှားနေပါလျက်
မဟနသည် လက်ပိုက်ကြည့်နေရကောင်းလောဟု ကျွန်ုပ်အားမလိုအားမရ ဖြစ်ခဲ့ဖူးလေသည်။
သို့ဖြစ်၍ မဟန၏သဘောထားအမှန်ကို သိရအောင် စုံစမ်းရာမှ မဟနသည် အဓမ္မဘက်တော်သားများဖြစ်နေမှန်းသိခဲ့ရလေသည်။
တန့်ကြည်တောင်ဆရာတော်သည် အမေရိကသို့ မကြာခဏကြွသည်၊
မကြွခင်လည်း မဟနအဖွဲ့ကိုဦးတင်အလှူဝတ်ပြုသည်။
ပြန်လာလျှင်လည်း နိုင်ငံခြားဖြစ် အသုံးအဆောင်များ နိုင်ငံခြားငွေ ဒေါ်လာများကို လှူဒါန်းသည်။
ဤသို့ဖြင့် မဟနသည် အငြိမ်းစားဒေါ်လာရ၊ ဒေါ်လာစား အာဏာရဘဝဖြင့် ပုတ်သင်ညိုလိုလို၊လိပ်လိုလို လုပ်နေကြလေသည်။
ရိပ်သာလောကမှ ပွတ်လောထ၍ ငိုရယ်အမှု ရောက်လာသည့်အကြိမ်ပေါင်းလည်း မနည်းလှပေ။ ထိုသို့ရောက်လာသည့်အခါတိုင်း ဒေါ်လာစား အာဏာရှိကြီးများ ခေါင်းချင်းရိုက်ကြရလေသည်။ ထိုငိုရယ်အဓမ္မအမှု စားပွဲပေါ်ရောက်လာလိုက်၊ တစ်နည်းနည်းဖြင့် ပယ်ချလိုက် လုပ်နေကြလေသည်။
အဓမ္မကို အဓမ္မဟု ဆုံးဖြတ်နိုင်သူ၊ အဓမ္မကို အဓမ္မဟု ဆုံးဖြတ်ရဲသူ၊ အဓမ္မကို အဓမ္မဟု မဆုံးဖြတ်ချင်သူတို့သာ များနေလေရာ ငိုရယ်အဓမ္မဝါဒသည် အရှိန်အဟုန်ဖြင့်မိုင်ကုန်ကြီးထွားလာလေတော့သည်။
ထိုသို့ အဓမ္မဝါဒကြီးထွားလာရခြင်း၏ အဓိကတရားခံမှာ ထိပ်တန်းအရာရှိ ဆရာတော်ကြီးများဖြစ်လေသည်။ ထိုဆရာတော်ကြီးများတွင် ဒုတိယဥက္ကဌဆရာတော်ကြီးတစ်ပါးက တန့်ကြည်တောင်ဝါဒဟာ အဓမ္မတော့မဟုတ်ဘူးကွ၊ ဝိပဿနုပဏ္ဍိလေသ(ဝိပဿနာညစ်ညူးကြောင်း)အဆင့်မှာ
သာယာနေတာသာ ဖြစ်တယ်ဟု မိန့်တော်မူလေသည်။
ထိုဆရာတော်ကြီးသည် တန့်ကြည်တောင်ဘက်လုက်၍ ပြောဆိုခြင်းမဟုတ်ပါ။
အရိုးခံအမြင်ဖြင့် ပြောခြင်းသာဖြစ်ပါသည်။
လက်တွေ့လောကသို့ ကွင်းဆင်းမကြည့်နိုင် မစုံစမ်းနိုင်ခြင်း၊ တန့်ကြည်တောင်ဝါဒကို အတွင်းကျကျ
မလေ့လာနိုင်ခြင်းကြောင့်သာ အဓမ္မမှန်းမသိခဲ့ခြင်း ဖြစ်ပါသည်။
ဒုတိယဥက္ကဌဆရာတော် နောက်တစ်ပါးကတော---
့
့
တရားထိုင်ရင်း ငိုတာ၊ ရယ်တာ၊ သီချင်းဆိုတာ တကယ်ဖြစ်တတ်တယ်၊ ငါကိုယ်တိုင် ငါ့အခန်းထဲမှာ တရားထိုင်ရင်း စိန်ခြူးကြာညောင် သီချင်းဆိုပြီး ထကမိဖူးတယ်ဟု သူ၏လက်တွေ့နှင့်ပါ ယတိပြတ် အမှားထက်လိုက်လေတော့သည်။ ထိုဆရာတော်သည် စိန်ခြူးကြာညောင် သီချင်းတစ်ပုဒ်ဖြင့် တန့်ကြည်တောင်ဇာတ်ထုပ်ကို စားပွဲခုံပေါ်မှ ရုပ်သိမ်းပေးခဲ့သူ ဖြစ်လေသည်။
အရည်အချင်းရှိသော်လည်း တရားမရှိ၍ အမှားသိခြင်းလည်းဖြစ်ပေမည်။ သစ္စာမသိ၍ လိမ်ညာမိခြင်းလည်း ဖြစ်ပေမည်။ စိန်ခြူးကြာညောင် လှိုင်ထိပ်ခေါင်တင် ဆရာတော်ကြီး၏ ထောက်ခံချက်ကြောင့် တန့်ကြည်တောင် ငိုရယ်တရားပွဲများ အတင့်ရဲလာခဲ့လေသည်။
ဤသို့ဖြင့် ကျွန်ုပ်သည် ၁၃၆၂ ခု ခရစ်နှစ် ၂၀ဝ၀ ခုနှစ်တွင် တန့်ကြည်တောင်အမှားတော်ပုံစာအုပ်ခေါ်
တရားထိုင်း ငိုရယ်ခြင်းအကြောင်းစာအုပ်ကို ရေးသား၍ သာသနာရေးဌာနသို့ မှတ်ပုံတင်လိုက်လေသည်။
ထိုအခါ ထိုဆရာတော်ကြီးများက သူတို့အထုပ်ပြေပြသလို ဖြစ်နေ၍
ကျွန်ုပ်အပေါ် အမျက်တော်ရှိကြလေသည်။
အကြံဥာဏ်ပေးခြင်း၊ အပြုသဘောပြင်ဆင်တည်းဖြတ်ပေးခြင်းများ မပြုဘဲ သာသနာအတွက် အရေးကြီးသောစာအုပ်ကို ထုတ်ဝေခွင့်ပိတ်လေသည်။
ကမ္ဘာအေးစာပေစိစစ်ရေးကျမ်းစာဌာနမှ ဒကာတစ်ဦးက ဓမ္မဝိနယခုံရုံးတင်ရန် အကြံပြုလေသည်။
လူပုဂ္ဂိုလ်ကမှ အကြံပြုဖော်ရပေသေးသည်။
သားမရှိ မယားမရှိသည့် ဆရာတော်ကြီးများကား အကြံပြုဖော်တောင် မရရှာပေ။
ကျွန်ုပ်က အဖမ်းခံကာ ဇွတ်ထုတ်မည်လျှောက်သောအခါ အစွန်းရောက်
ဘွဲ့ထူးပင် ချီးမြှင့်လိုက်ပေသေးသည်။ ဆရာတော်ကြီးများသည် ကိုယ်ကိုယ်တိုင်လည်း မဆုံးဖြတ်နိုင်၊ ဆုံးဖြတ်နိုင်သူကိုလည်း အားမပေးဘဲ အဓမ္မဘက်မှ အကြောက်အကန် ရပ်တည်နေလေသည်။
တစ်ခုတော့ မဟနကို ကျေးဇူးတင်ရပါသည်။ တန့်ကြည်တောင်ဆရာတော်ကိုကမ္မဌာနာစရိယ(ကမ္မဌာန်း
ဆရာ)ဘွဲ့ မပေးသောကြောင့် ဖြစ်၏။
ဘွဲ့ရူး ရူးနေသော တန့်ကြည်တောင်ဆရာတော်ကလည်း ကမ္မဌာန်းဆရာဘွဲ့လျှောက်ခဲ့လေသည်ကို သဒ္ဓမ္မဇောတိက(သာသနာပြု)ဘွဲ့သာ ချီးမြှင့်ခဲ့လေသည်။ အကယ်၍ တန့်ကြည်တောင်လျှောက်တိုင်း ကမ္မဌာန်းဆရာဘွဲ့ ပေးလိုက်လျှင်ကား သွားပြီ ကမ္ဘာအေး သာသနာရေးဌာနကြီး ပျက်စီးပြီဟူ၍သာ မှတ်ရသေးသည်။ မသွားသေးဟု ဖြေသာနိုင်ပါသည်။
0 Response to "သမိုင်း၏တရားခံ အခန်း(၄) ရေးသားသူ-ဆရာတော် ၀ီရသူ(မစိုးရိမ်)"
Post a Comment