ရပ်တည်မှုမှားသူ။ ။ မဟနသည် သံဃာအတွက် သာသနာအတွက် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်
သော်လည်း သံဃာလက်မှလည်းကောင်း၊ သာသနာဘက်မှလည်းကောင်း ရပ်တည်မှုမရှိခဲ့ပေ။ ၄င်းတို့ ရားထူးမြဲဖို့၊အာဏာမြဲဖို့အတွက် အစိုးရဘက်မှ အမြဲရပ်တည်တတ်လေသည်။ ၁၉-၁၀-၂၀ဝ၃ တွင် ဖြစ်ပွားသောကျောက်ဆည်အဓိကရိုဏ်းကြောင့် ၂၂-၁၀-၂၀ဝ၃ တွင် ကျောက်ဆည်မြို့၏ အကြီးဆုံးစာသင်တိုက်မှ ပဓာနနာယကဆရာတော်ကြီးနှင့် စာချတပည့်ကြီးများကို အစိုးရက ဖမ်းလေသည်။ ထိုသို့ ဆရာတော်ကြီးတစ်ပါးကို အလွယ်တကူ ဖမ်းဖို့အတွက် မြို့နယ်သံဃနာယကဥက္ကဌဆရာတော်ကြီးက ကူညီလေသည်။ အဆင့်ဆင့်သောသံဃနာယကများကို တင်ပြလျှောက်ထားခြင်းမရှိဘဲ ဖမ်းသည်ကို မဟနက မသိဟန်ဆောင်နေပေသည်။
ဆရာတော်ကြီးအား အစာနှင့်ရေ သုံးရက်အငတ်ထားပြီး ထိုးကြိတ်ကန်ကြောက်ကြ၊ နှိပ်စက်ညှန်းပမ်းကြပြီး အတင်းအဓမ္မဝန်ခံခိုင်း လက်မှတ်ထိုးခိုင်းပြီး ထောင်ချကြောင်း မဟနထံ တင်ပြလျှောက်ထားသည့်အခါ၌လည်း ငုတ်တုတ်သာငြိမ်နေကြလေသည်။ မေတ္တာရပ်ခံသင့်လျက်လည်း မရပ်ခံခဲ့ပေ။ ဘာမျှမသိသလို ဘာမျှမပတ်သက်သလို ရေငုံနှုတ်ပိတ်နေတော်မူကြ၏။ တစ်နှစ်လည်မလွတ်၊ နှစ်နှစ်လည်းမလွတ်၊ သုံးနှစ်လည်းမလွတ်သည့်အခါ၌
လည်း ထိုနည်းလည်းကောင်းပင်။ လူရှေ့သူရှေ့၌ကား သူတို့မှာ အာဏာရှိသလိုလို၊ လုပ်ပိုင်ခွင့်ရှိသလိုလို အထင်ကြီးအောင်ြွကားကြထွားကြလေသည်။ အားလုံးလက်လွန်ပြီးမှ သိရလို့ ဘာမျှမတတ်နိုင်တော့ဘူးဟုဆိုသူက ဆိုသေး၏။ သစ်မှု၊ ဆေးမှု စသည့်ဖြင့် ရာဇဝတ်မှုများကိုတော့ တက်တက်ြွကြွက ရွေးထုတ်ပေးတော်မူကြ၏။ စာသင်တိုက်ကြီးတစ်ခုလုံး၏ အကြီးဆုံးဆရာတော်လည်းဖြစ်၊ မြို့နယ်သံဃနာယက အတွင်းရေးမှူး
ဆရာတော်လည်းဖြစ်ပြီး သာသနာတော်အတွက် အဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ လက်တွဲလုပ်ကိုင်လာသည့် ဆရာတော်ကြီးတစ်ပါးကိုမှ အကာအကွယ်မပေးနိုင်၊ မကယ်တင်နိုင်ကြပေ။ သာသနာအတွက် သံဃာထုအတွက် ဘာမျှ အာမခံချက်မပေးနိုင်သည့် စည်းစိမ်ခံအဖွဲ့အစည်းကြီး ဖြစ်၏။
ဘုရားလက်ထက်က ပိလိန္ဒဝစ္ဆထေရ်သည် အပြစ်မဲ့ ဆွမ်းဒကာမ သားအမိကို ဗိမ္မိသာရမင်းက ဖမ်းသည့်
အတွက် နန်းတော်အထိ သပိတ်ပိုက်လိုက်သွားပြီး ဖြေရှင်းကယ်တင်တော်မူခဲ့၏။ ရဟန္တာဖြစ်သော်လည်းအေးအေးလူလူ မနေနိုင်ရှာခဲ့ပေ။ အမှန်တရားဘက်မှ ရပ်တည်၍ ရှင်ဘုရင်ကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့လေ၏။ မဟနအဖွဲ့က (၄၇)ပါးစုံညီ အစည်းအဝေးမှာ တင်ပြမည်၊ ဆွေးနွေးမည်၊ အတည်ပြုချက်ရယူမည်။ ပြီးလျှင် အာမခံချက်ပေးမည်၊ အစိုးရကို မေတ္တာရပ်ခံမည်ဆိုလျှင် အပြစ်မဲ့ဆရာတော်ကြီးတစ်ပါး မလွှတ်နိုင်စရာ အကြောင်းမရှိပေ။အစိုးရက လွှတ်မပေးဘဲ မနေနိုင်ပေ။ ထို့ကြောင့် မဟနသည် ဓမ္မအတွက် သာသနာအတွက် မရပ်တည်ဘဲအာဏာအတွက် နေရာအတွက် ရပ်တည်နေကြသည့် ရပ်တည်မှုလွဲနေသော အဖွဲ့အစည်းကြီး ဖြစ်လေသည်။
ထို့ကြောင့် မဟနအဖွဲ့မှ ဆရာတော်ကြီးများအား အမှုနိုင်ဖို့၊ စီးပွားရေးကောင်းဖို့၊ အဆက်အသွယ်ကောင်းရဖို့၊ ထောက်ခံချက်၊ မေတ္တာရပ်ခံချက်ရဖို့အတွက်သာ ကိုးကွယ်ထိုက်လေသည်။ မဟနကြောင့် အမှုနိုင်ကြသူများ၊ မဟနကြောင့် စီးပွားဖြစ်သူ၊ ကြီးပွားသူများ၊ ထောင်ကလွတ်သူမျာ မနည်းပေ။ ပစ္စုပ္ပန်အတွက် သံသရာအတွက်သိက္ခာသမာဓိအတွကတော့ လုံးဝအားမကိုးထိုက်၊ မကိုးကွယ်ထိုက်သော ဆရာတော်ကြီးများ ဖြစ်ကြ၏။
မဟနအဖွဲ့မှ နာမည်ဆိုးထွက်သူ၊ အပုပ်နံ့လှိုင်သူများ၏ ဈာပနနှင့် မင်းကွန်းဆရာတော်ကြီး၏ ဈာပန
နှိုင်းယှဉ်ကြည့်က သိနိုင်ပေသည်။ မင်းကွန်းဆရာတော်ကြီး၏ ဈာပနသည် နိုင်ငံတော်ဈာပနဖြစ်သော်လည်းအလှူငွေမထည့်မနေရ အမိန့်ထုတ်ပြီး ကောက်ခံသည့်စနစ် မကျင့်သုံးပေ၊ တစ်လောကလုံးက ကြည်ညို၍ နောက်ဆုံးအနေဖြင့် ကုသိုလ်ယူကြခြင်း ဖြစ်၏။ မဟနထိပ်တန်းအရာရှိ ဆရာတော်ကြီးများ ဈာပန၌ အတင်းအကြပ်ကောက်ခံသည်ကိုပင် အများအပြား မထည့်လှူကြပေ။
ဤမျှ သိက္ခာဩဇာကျဆင်းနေသော အဖွဲ့အစည်းကြီးကို အချိန်မီပြုပြင်သင့်လှပေပြီ။
အမျိုးယုတ်မြီးကောင်များ ။ ။ မဟနအဖွဲ့ မှ ဆရာကြီး များသာ ရာထူး ဂုဏ်မောက်ြကသည် မဟုတ်၊
၎င်းတို့၏ တပည့်ကြီးများကလည်း စိန်နားကပ်ရောင်နှင့် ပါးပြောင်တတ်ကြသေးသည်။ ကျွန်ုပ်သည် မြို့လေးတစ်ခုသို့ တရာဟောသွားစဉ် ထိုမြို့မှ ဒကာများက စိန်နားကပ်ကိုယ်တော်ကြီးများ အပါးဝပုံကို ဝိုင်းဝန်းလျှောက်ကြ၏။
လမ်းဘေးချရပ်ထားသည့်ကားကို စိန်နားကပ်ကိုယ်တော်ကြီးများကားက ပွတ်ဆွဲသွားသည်။ ကားဆရာများက ပြေးလာကြသည့်အခါ စိန်နားကပ်ကိုယ်တော်ကြီးများ ကားပေါ်ကဆင်းလာပြီး။ ဘာလဲ ဘာဖြစ်တာလဲ၊ ဘာလုပ်ချင်လဲ၊ ငါတို့က VIP ခရီးစဉ်နှင့်လာတာဟု ဒေါသတကြီး ရန်တွေ့လေသည်။ ကားကြီးကလည်း အကောင်းစား၊ ကားဘီးကြီးများကလည်း အပြင်သို့ကားထွက်နေ၍ သူတို့ကား ဘာမျှမဖြစ်သော်လည်း ပွတ်ဆွဲခံရသည့်ကားလေး
မှာ အတော်နာသွားခဲ့ရပေသည်။ လူလိုသူလို ပြေလည်အောင် ဖြေရှင်းလျှင်လည်း ကျေနပ်ဖွယ်ရှိသေးသည်။
ယခုမူ လူပါးဝလွန်း၏။ ဆူးနှင့်ဖက် ဥပမာကို ဆင်ခြင်မိ၍သာ နစ်နာသည့်ဘက်က အလျှော့ပေးလိုက်ခြင်းဖြစ်၏။
ကားပေါ်က ကိုယ်ပိုင်စာတန်းဘွဲ့တံဆိပ် စာတန်းကြီးကလည်း လန့်စရာကောင်းလှ၏။
မဟနဆရာကြီးများ၏ ကိုယ်ရံတော်ကြီးများကသာ ထောင်လွှားကြသည်မဟုတ်၊ တိုင်းအဆင့်၊
မြို့နယ်အဆင့်မှ ဆရာကြီးများ၏ သက်တော်စောင့်ကြီးများ၊ တပည့်ကြီး တပည့်လေးများကလည်း ထောင်လွှားတတ်လေသည်။ ဤခေတ်သည်ကား သီလခေတ်မဟုတ်၊ သုတခေတ်ဖြစ်၏။ အပ္ပမားခေတ်မဟုတ်၊ ပမာဒခေတ်
ဖြစ်၏။ ဗြဟ္မစိုရ်ခေတ်မဟုတ်၊ အာဏာခေတ်ဖြစ်၏။ သန္တုဋ္ဌီသလ္လေခခေတ်မဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်ခေတ်ဖြစ်၏။
ဂါရဝနိဝါတခေတ်မဟုတ်၊ အတ္တမာနခေတ်ဖြစ်၏။ ထို့ကြောင့် ရာထူး၊ အာဏာရှိသူများသည် ရာထူးကြီးလျှင် ကြီးသလောက်၊ အာဏာကြီးလျှင် ကြီးသလောက် မောက်မာကြလေသည်။ ရာထူးအာဏာမဟုတ်ပါဘဲ စည်းစိမ်ကြီးသူများပင် စည်းစိမ်ဂုဏ်မောက်တတ်ကြ၏။ တစ်နေ့ ကျွန်ုပ်ဆွမ်းစားနေစဉ် ကျွန်ုပ်ဆရာ၏ကျောင်း၌ ဒကာမတစ်ယောက်၏ အော်ကြီးဟစ်ကျယ် လျှောက်ထားသံကို ကြားနေရ၏။ ဆွမ်းစားနေရင်းဖြစ်၍ ကျွန်ုပ်ထွက်မကြည့်
မိ။ ကျွန်ုပ်ဆရာ၏ကားက ဂျစ်ကားဖြစ်သည်။ ထိုဂျစ်ကားဖြင့် ကျွန်ုပ်ဆရာကို လာကြိုစဉ် လမ်းမှာယာဉ်မတော်မဆထိခိုက်မှု ဖြစ်ကြသည်။ မီးပွိုင့်က မီးနီပြသည့်အခါ အရှိန်မသတ်နိုင်၍ ရှေ့တည့်တည့်မှ ရပ်ထားသည့်ကားကိုဝင်တိုက်မိခြင်းဖြစ်၏။ ပြေပြေလည်လည် တောင်းပန်စကားပြောလိုက်လျှင် ပြဿနာသည် ထိုနေရာ၌ပင် ပြီးခဲ့မည်
ဖြစ်သည်။ ယခုမူ လာကြိုသောတပည့်လေးက ]]သတ္တိရှိရင် ကျောင်းအထိလိုက်ခဲ့}}ဟု စိန်ခေါ်လေ၏။ ကားပိုင်ရှင်ဒကာမမှာ ထက်မြက်သူ ဖြစ်ပေမည်။ ယာဉ်ထိန်းရဲကို ကားပေါ်တင်ကာ စိန်ခေါ်လို့ တိမ်ပေါ်ထိ လိုက်ခဲ့ပေသည်။
ဆရာသမားနှင့်တွေ့သည့်အခါ ဖြစ်ကြောင်းကုန်စဉ် ဒေါနှင့်မောနှင့် လျှောက်ထားလေသည်။ စိန်ခေါ်လို့တိမ်ပေါ်ထိလိုက်ခဲ့ပြန်တော့လည်း စိန်ခေါ်သူက မထိုးသတ်ဝံ့ပြန်ပေ။ ဆရာ့ရှေ့တွင် ကုပ်ကုပ်ကလေး နေရရှာလေ၏။ဆရာသမားဖြစ်သူမှာ တပည့်မကောင်း ဆရာခေါင်းဆိုသလို ကိုယ့်ဘက်က မှားခဲ့သည့်အတွက် ခေါင်းအေးအေးထားပြီး ပြောသမျှကို နားထောင်ပေးရှာ၏။ ဒကာမလျှောက်ပြီးသည့်အခါ တပည့်လေးအား မေးလေသည်။
တပည့်လေးက ကြောက်၍ ဘူးခါလေ၏။ ထိုအခါ ဒကာမက ကိုယ်တော်ယောကျာ်း၊ တပည့်တော်မိန်းမ၊
ကိုယ်တော်ယောကျာ်းဖြစ်ပါလျက် ဘာလို့ယောကျာ်းစကားမပြောတာလဲ ပြောင် ရှင်းလေ၏။ ကိုယ်တော်လေးမှာ ကိုယ့်ဘက်က မှားခဲ့မိသည့်အတွက် ဒကာမကိုပင် ရင်မဆိုင်နိုင်တော့ပေ။ ဆရာသမား၏ ဖြေရှင်းပုံကလည်း မှတ်သားစရာကောင်းလှသည်။ ကဲ ဘုန်းကြီးဘက်က မှားခဲ့ပြီ၊ တပည့်လေး ကိုယ်စား ဘုန်းကြီးကပဲ တောင်းပန်ပါတယ်၊ အဲဒီအတွက် ဘုန်းကြီးက ဘာများ ဆောင်ရွက်ပေးရပါဦးမလဲဟု မိန့်တော်မူရာ ပင်ကိုယ်ကပင် ရဟန်း
သံဃာဆိုလျှင် ကြည်ညိုရင်းစွဲ ရှိပြီးသားဖြစ်၍ ဆရာတော်တစ်ပါးက တိုးရှိုးတောင်းပန်နေသည့်အခါ ဒကာမ၏ ဒေါသအာဃာတများ ချက်ချင်းလွှင့်စင်ကာ ကျေနပ်သွားခဲ့ပေသည်။ တပည့်တော်မ အလျော်တောင်းဖို့ လိုက်လာတာ မဟုတ်ပါဘူး ဘုရား ရိုသေစွာ ရှိခိုးဦးချပြီး ပြန်သွားလေ၏။
နိုင်ငံရေး၌ပင်ဖြစ်စေ၊ သာသနာရေး ဘာသာရေး၌ပင်ဖြစ်စေ မတရားမှုကို ခေါင်းငုံ့ခံမနေပဲ
ထိုဒကာမလို သတ္တိရှိစေချင်ပါသည်။
ဝိဒေမင်းကို မာန်တင်းရန်ထောင် ပုတ်သင်စောင်သို့ ဟူသော မဃဒေဝလိုပင် အသပြာတစ်ပြားမျှဖြင့်
မင်းစည်းစိမ်ကို အန်တုကာ မာန်ထောင်သူများ ရှိတတ်ကြ၏။
ရှေးအခါက အာဇာနည်သိန္ဓောမြင်းတို့အား စပျစ်သီး စသည့်သစ်သီးများကို အရည်ညှစ်ပြီး အရည်သာ
တိုက်လေသည်။ ကျန်နေသော သစ်သီးခွံ၊ သစ်သီးဖတ်များကို ရေနှင့်ရောပြီး သိန္ဓောမြင်းတို့၏ ကိုယ်ရံတော် မြည်းကောင်များကို တိုက်လေသည်။ အမျိုးမြတ်သည့် သိန္ဓောမြင်းတို့မှာ စားကောင်းသောက်ဖွယ်များကို ဦးဦးဖျားဖျား စားရသော်လည်း အမျိုးမြတ်၍ မာန်မမူကြ၊ မထောင်လွှားကြပေ။ သိန္ဓောမြင်းတို့၏ အကျန်အကြွင်းကိုသာ စားရသောမြည်းကောင်များကား အမျိုးယုတ်ကြသူမျာဖြစ်၍ အဆီယစ်ပြီး နန်းရင်ပြင်တစ်ခုလုံး၌ ခုန်ပေါက်
ပြေးလွှားကြ၊ တိုးဝှေ့ကန်ကြောက်ကြဖြင့် နန်းတော်ရင်ပြင် အကျည်းတန်အောင် မာန်မူထောင်လွှားကြလေသည်။
သိန္ဓောမြင်းကဲ့သို့ ကောင်းကောင်းစားရ၊ ဦးဦးဖျားဖျားစားရလျှင်ကား ဆိုဖွယ်ရာ မရှိပေ။ (ဒုတနိပါတ်၊ အသဒိသဝဂ်၊ဝါလောဒကဇာတ်)
ကရော်ကမည်၊ စာကျည်ကျည်လျှင်၊ ကြည်တမြမြ၊ သောမနဖြင့် ရှေးကမြင်းမင်း၊ လောင်းသနင်း၏၊
စားကြွင်းသောက်ကျန်၊ ထွေးအန်စွန့်လတ်၊ မစင်ဖတ်ကို၊ စားတတ်ရရုံ၊ ယစ်မူးပုံဖြင့်၊ ဟီတုံဟန်တုံ၊ ခွါစုံကန်ပေါက်
လွန်မြောက်မြူးကြွ၊ အားခွန်ပြ၍၊ ပြေးကြခုန်လွှား၊ မြည်းယုတ်များသို့၊ တရားမတည်၊ လော်လီမြူးရွှင်၊
မလေဘင်တည့်။ (မဃဒေဝ၊ စာပိုဒ် ၄၂၉)