နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မောင်ဖြူလေးရဲ့ဖြစ်ပုံ


ပုထုဇဉ်တွေဟာ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသကို မေ့တတ်ကြပေသည်။ အထူးအားဖြင့် မိမိတို့ဟာ ဒီဘ၀မှမဟုတ်ပဲ အခြားဘ၀တွေလည်း မသေတော့ဟုပင် မှတ်ထင်နေကြပေသည်။ မေ့တတ်ပုံသည်ကားလည်း ကြာနီကန်ဆရာတော်ဟောကြားထားသော တရားတော်များထဲမှ တရားတစ်ပုဒ်မှာ ပါလာသော မောင်ဖြူလေးလိုဖြစ်နေကြပေသည်။
မောင်ဖြူလေး၏ ဖြစ်ပုံကား---
ပွဲကြည့်ချင်စိတ်နဲ့ စပါးတွေကို ကျည်ထဲထည့်နေချိန်ဖြစ်ပေသည်။ ပွဲကြည့်ချင်စိတ်ကလည်း နိုးကြားတက်ကြွလို့၊ နေမ၀င်ခင် စပါးကျည်ထဲကို လှန်းထားတဲ့ စပါးတွေပြီးအောင် ထည့်ဖို့ စိတ်စောပြီး အစွမ်းကုန်ထည့်နေပေသည်။ နေကလည်း ၀င်၊ ပွဲကလည်း စတော့မည်၊ စပါးတွေလည်း သိမ်းဆည်းတာ ပြီးသွားပေသည်။ ဒါနဲ့ ရေချိုးချိန်ကမရ၊ ကဲလေ…လမ်းမှာပဲ ရေကန်ထဲ ရေချိုးတော့မယ်လို့ ကြံပြီး အိမ်ကိုလာခဲ့တယ်၊ အိမ်ရောက်တယ်ဆိုရင်ပဲ စွတ်ကျယ်အင်္ကျီလေးကို ယူပြီး ပွဲခင်းရှိရာကို ဦးတည်လာခဲ့တယ်။ လမ်းမှာ ဟန်ကျပန်ကျပါပဲ၊ ရေကန်ကိုတွေ့ပါပြီ၊ ကပျာကယာ ပုဆိုးလေးချွတ်ပြီး ရေဆင်းချိုးလိုက်တယ်။ ရေဆင်းချိုးချိန်က ညီအစ်ကို မကွဲတကွဲအချိန်ဆိုတော့ ညနေဆည်းဆာချိန်လေးပေါ့။ ပြန်တက်လာတော့ ပွဲကြည့်ချင်ဇောက ထက်သန်နေကာ ကပျာကယာပါပဲ..စွတ်ကျယ်လေးကို ၀တ်ပြီး ပွဲခင်းဆီသို့ အမြန်သွားလေသည်။ ပုဆိုးကိုကား မ၀တ်မိချေ။ ပွဲကလည်း ထွက်တော့မှာမို့ အလျင်အမြန် ပွဲခင်းထောင့်နားလေး ၀င်ရပ်ကြည့်လိုက်တယ်၊ ၀င်ရပ်လိုက်တယ်ဆိုရင်ပဲ လူတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့၊ သူ့ကို ကြည့်နေတာကို သူက သတိထားမိဟန်မတူ၊ အင်း…ဒီနေ့တော့ ပွဲဆူတော့မယ်ထင်တယ်၊ တော်ပြီ…တော်ပြီ ပွဲကတော့ဖြင့် သေချာပေါက် ဆူမယ်ထင်တယ်၊ ဒါနဲ့ မဖြစ်သေးပါဘူးလေ..ဆိုပြီး ဓါတ်မီးတိုင်အောက် သွားရပ်၊ ပိုဆိုးသွားလေသည်၊  လူတွေက ပိုပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ ပိုဆိုးလာပေသည်။ အင်း…ဒီနေ့တော့ သေချာပါပြီ၊ ပွဲဆူတော့မယ်…ဖြစ်သေးပါဘူးလေ…ပွဲမကြည့်ရလဲနေပါစေတော့ မင်းသမီးကို မြင်ဖူးအောင် ကြည့်ဦးမှဆိုပြီး ဇာတ်ဆင်ထောင့်နားက မီးရောင်အောက် သွားရပ်ကာ မင်းသမီးထွက်အလာကို စောင့်ကြည့်နေလေသည်။ ကဲ..ပိုဆိုးကုန်ရော။ အင်း…မကြာခင်တော့ ပွဲဆူတော့မယ်ကွာ...ပြန်တာပဲ ကောင်းပါတယ်ဆိုပြီး ပြန်လာခဲ့သည်။ အိမ်ကိုရောက်တော့ ရှင်မရေ…တံခါးဖွင့်ဟေ့…ငါပြန်လာပြီ၊ ပွဲဆူမည့်ပုံပေါ်နေတာနဲ့ ငါပြန်လာခဲ့တာ…ရှင်မကဲ ကပျာကယာပါပဲ၊ မီးခွက်လေးကို ထွန်းလို့ တံခါးရှိရာသို့ လာခဲ့ပေသည်။ တံခါးလည်း ဖွင့်အပြီး မီးခွက်အရောင်က မောင်ဖြူကို မြင်လည်း မြင်ရော… ပက်လက်လန်အောင် ရှင်မက ရယ်တော့ပေသည်။ ဒါနဲ့ မောင်ဖြူက ဒီမိန်းမ ဘာ့ကြောင့် လူကိုကြည့်ပြီး ပက်လက်လန်အောင် ရယ်တာလဲ၊ ငါ့ကိုများ ဆိုပြီး စိတ်ဆိုးသွားလေသည်။ စိတ်ဆိုးပြီး ရိုက်မည်အကြံနဲ့ ခါးစောင်းအကြိုက်မှာ ပုဆိုးကောက်မမယ် ရွယ်မှ ပုဆိုးမပါမှန်းသိသွားပြီး အလွန်ရှက်မိသွားလေသည်။
ပုထုဇဉ်ခေါ်ဆို တို့တစ်တွေသည်လည်း မောင်ဖြူလို ကြည့်ချင်စိတ်၊ ဒေါသစိတ်တွေနဲ့ ထပ်တလဲလဲ ဖြစ်နေတာကို မေ့ကျန်ခဲ့ပါက ပုဆိုးတင်မက အင်္ကျီပါမေ့ကျန်ခဲ့မည် စိုး၍ လောဘ၊ ဒေါသ၊ မောဟ ဟူသော အကုသိုလ်တရားများ လျှော့ကာ ဘ၀အတွက် အလှဆင်သော ဒါန၊ သီလ၊ ဘာဝနာ တရားတွေကို ပြုလုပ်ကြရင်းဖြင့် ကောင်းရာသုဂတိကို အရောက်လှမ်းနိုင်ကြပါစေ။

0 Response to "မောင်ဖြူလေးရဲ့ဖြစ်ပုံ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...