အားစိုက်ကြည့်ပါ သင့်ခန္ဓာ
တစ်ခန္ဓာ၏ တစ်သက်တာ အလုပ်ချိန်ကို ချိန်ထိုးကြည့်ကြရအောင်။ ခန္ဓာကြီးက ဘာတွေတောင်းလဲ။ နောက် ဘာတွေ ရည်ရွယ်ချက်ထားပြီး စွန့်ပစ်လဲ။ ဒွါရအပေါက်များက ဦးစွာ တောင်းဆိုမှုတွေ အလွန်များတာကို သတိထားသင့်ပေသည်။ ဒွါရတစ်ခုချင်းစီ၏ သတ္တိကိုလည်း သိထားသင့်ပေသည်။ စားချင်၊ သောက်ချင်၊ မြင်ချင်၊ ကြားချင်၊ ရှူချင်၊ စွန့်ချင် စသော ချင်ပေါင်းများစွာရှိပေရာ ထိုချင်ပေါင်းများစွာ လိုအပ်နေသည်ကို ဖြည့်ဆည်းရင်း တစ်နေ့တာရဲ့ တန်ဖိုးများသော အချိန်တွေကို ၀ါးမျိုးကြသော သတ္တ၀ါတွေ များပေသည်။ ခန္ဓာကပေးသော တရားကိုမသိကြ၊ အလိုလိုက်၍ ဘယ်ဟာဖြင့် ဘာနဲ့တော်တယ်။ ဘယ်ဟာဖြင့် ဘာနဲ့ဆို ဆီလျှော်တယ်၊ ဘယ်လိုပြုစုရတယ်၊ ဘယ်လို ပျိုးထောင်ရတယ်၊ ဘယ်လိုနေရင် အသက်ရှည်တယ်၊ ဘယ်လိုနေရင် ရောဂါကင်းတယ်၊ ဘယ်လိုနေရင် ဘ၀အတွက် ပျော်ရွှင်မှုတွေပေးတယ်၊ စသည်အားဖြင့် ဘ၀ကို အမျိုးမျိုးပုံဖော်ကာ အစာကျွေးနေကြပေသည်။ ထိုသို့ အများ၏ အကြံပေးချက်အတိုင်း ခန္ဓာကိုယ်ကြီး၏ တောင်းဆိုမှုတွေကို သူပြောလူပြောဖြင့် တိုက်ကျွေးနေကြပေသည်။ တစ်ဘ၀အတွက် ချမ်းသာကို မှီဝဲကြရင်း တစ်ဖြည်းဖြည်းချင်း ဇရာနှိပ်စက်လာလေတော့ ဘယ်ဟာက အရေးအကြောင်းတွေကို ဖုံးလွှမ်းတယ်၊ ဒါဆို ပင်ကိုယ်သဘာဝမှ ကျော်လွန်ကာ ခံနိုင်ရည်တွေနဲ့ ဘ၀က လှပနေမှာ။ ဒီခန္ဓာကြီး ပျိုနေသ၍ သင်ဟာ ဘ၀ရဲ့ အကောင်းဆုံးတွေ ပိုင်ဆိုင်ထားတယ် စသည်အားဖြင့် တစ်ဖုံ၊ ဖြတ်သန်းကြရင်း တစ်ဖြည်းဖြည်းနဲ့ သေနေ့ကို မေ့လျော့ကာ အဆုံးသတ်ကြလေသည်။ ဘ၀အတွက် အလှဘက်မှကြည့်ကာ တက်လှမ်းခဲ့သူတို့၏ အယူအဆ တရားမရပေ။ ထိုမှတစ်ဖုံ သင်တွေ့ကြုံသလို ခန္ဓာ၏ သတ္တိ ရွေ့လျားရင်း ဇရာကို မြင်လာသော သူတို့မှာကား ခန္ဓာကတော့ ဇာတိပြပြီ၊ ငါဘယ်လိုလုပ်ပါ့၊ ပျိုရွယ်ခြင်းကို နှစ်သက်ခဲ့သူ၊ ဘယ်တော့မှ မအိုဘူးလို့ ယူဆခဲ့သူ၊ သေခြင်းဆိုတာ မရှိဟု ထင်မှတ်ခဲ့သူ၊ ခုတော့ သရုပ်ပြလို့ပင် အရာထင်ခဲ့ပြီ။ ထိုအရာကို ငါ ကြောက်လှပါ၏၊ ငါ ဘယ်သို့ လွတ်အောင် ရုန်းရပါမည်နည်း၊ ငါ ဘယ်သူကို အားကိုးရှာပြီး ကျော်လွန်ရပါမည်နည်း စသည့်မေးခွန်းတွေ တက်လာပြီး အားကိုးရှာချိန်မှာ တရားသိသူ၊ တရားမြင်သူ၊ တရားရှုသူ ထိုလူအပေါင်းကား အကြောင်းတရား၏ အကျိုး၊ အကောင်းစကားနဲ့ ချိန်ထိုးပြီး ခန္ဓာကြီး၏ ဆိုးညစ်ပုံကို ထုတ်ဖော်ပြသ ဟောပယ်ချခဲ့ပေမယ့် တရားမရပဲ အများအပြောကို ကိုယ့်သဘောမပိုက် သူများအကြိုက်အလိုက်ကြီးလိုက်ပြီး လမ်းလွဲလိုက်ကြပေသည်။ ကိုယ့်သဘောကို လိုက်ပြီး နေသူ၊ သူများသဘောကို ယုံပြီး အားကိုးသူ၊ ထိုသို့ အားကိုးလွဲမှားနေသူများအား သနားတော်မူလိုသော ဘုရားရှင်ကိုယ်တော်မြတ်က တရားတော်များဟောကြားဆုံးမ လမ်းညွှန်ပြသည့်အနက်မှ ကိုယ်ပိုင်ဥာဏ်ဖြင့် ထုတ်လုပ်အပ်သော မိုးကုတ်ဆရာတော်ဘုရားကြီးက လူပြောသူတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ၊ ဟူသော လင်္ကာအတိုင်း တရားဟောဆရာ၊ တရားပြောဆရာ စသူတို့၏ အပြောတွေနှင့်သာ မယုံသင့်ပဲ၊ မိမိတို့၏ ခန္ဓာမှပြောသော တရားတွေနှင့် တိုက်ဆိုင်ပြီး တရားအလုပ်ကို စိတ်စိုက်လို့ ကြိုးကုတ်အားထုတ်ကြလေကုန်။ ခန္ဓာကိုယ်ကြီးပန်းတိုင်ကား သေခြင်းတရားဆီသို့ ဦးတည်သွားနေပေသည်။ အသေမဦးခင် ဥာဏ်ဦးကာ ၀ိပဿနာကို ကြိုးစားအားထုတ်လျှက် ခေမာနိဗ္ဗာန်တိုင်ကြပါစေသော်။ ။
0 Response to "အားစိုက်ကြည့်ပါ သင့်ခန္ဓာ"
Post a Comment