နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

တဏှာအစစ်(၁၀၈) ရေတွက်ပုံ

ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာရယ်လို့ (၃)မျိုးရှိပါတယ်။ တိပိဋကတ်ဆရာတော်က တဏှာအစစ် (၁၀၈) ရှိပုံ လင်္ကာနှင့်ဟောထားပါတယ်။ တဏှာသုံးတန် အရင်းခံ အာကာသံနှင့် မြှောက်၊ တဏှာအစစ်(၁၀၈) ဟု ဟောထားပါတယ်။ တဏှာသုံးတန်က ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာ။ "အာ" က အာရုံ(၆)ပါး၊ "ကာ" က ကာလ(၃)ပါး၊ "သံ" က အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန်(၂)ပါး၊ တဏှာသုံးတန်ကို အာရုံ(၆)ပါးနှင့် မြှောက်သောအခါ (၁၈)ရပါသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ (၃)ပါးနှင့်မြှောက်(၁၈x၃=၅၄)။ အဇ္ဈတ္တသန္တာန်၊ ဗဟိဒ္ဓသန္တာန် (၂)ပါးနှင့်မြှောက်သောအခါ (၁၀၈) ရပါသည်။

အော်...ဒုက္ခ

နေ၀င်သွားတိုင်း သတိရတာက 
ကုန်သွားတဲ့ ရက်ကိုပါ။
နေထွက်တိုင်း သတိရတာက
ပြန်စမယ့် လကိုပါ။
မွန်းတည့်ချိန်မှာတော့ ဒုက္ခတွေကြားမှာ
ရုန်းကန်ရင်း မေ့နေတတ်တဲ့ အ၀ိဇ္ဇာနဲ့ပေါ့။
 လုပ်လိုက်တာကို အ၀ိဇ္ဇာက ဆရာ
ဖြစ်လာတာက သင်္ခါရ
ပြန်မရတော့တဲ့ အချိန်တွေကို
သင်္ခါရ အားထည့်တော့
တစ်ပတ်ပြန်စတော့မယ့် ပဋိစ္စသမုပ္ပါဒ်
အဆုံးဘယ်လိုသတ်ရပါ့
အော်...ဒုက္ခပါလား..

တရားနှင့်ပျော်ရန် အင်္ဂါ ငါး တန်

၁။ စာပေကိုသာ သင်ကြားနေသူသည် ပရိယတ္တိဗဟုလော တရားနှင့် မွေ့လျော်နေသူမဟုတ်။
၂။ သမထ၀ိပဿနာ တရားကိုသာ ဟောပြောနေသော ဓမ္မကထိကသည် ပညတ္တိဗဟုလော တရားနှင့် မွေ့လျော်သူမဟုတ်။
၃။ စာပေကိုသာ ရွတ်ဖတ်သရဇ္ဈာယ်နေသူသည် သဇ္ဈာယဗဟုလော တရားနှင့်ပျော်မွေ့သူမဟုတ်။
၎။ စာပေကိုသာ ကြံစည်နေသူသည် ၀ိတက္ကဗဟုလော တရားနှင့် မွေ့လျော်နေသူမဟုတ်။
၅။ မိမိကိုယ်တွင်း ကိလေသာငြိမ်းအေးရန် ကမ္မဋ္ဌာန်းတရား အားထုတ်နေသူ ဓမ္မပရိယတ္တိယာသာ တရားနှင့် မွေ့လျော်သူမည်၏၊ ဤသို့ ဟောတော်မူပြီးနောက် တရံတခါမျှ ၀ိပဿနာတရားထူးကို ဟုတ်ဟုတ်ဟတ်ဟတ် အားမထုတ်ဘူးသူကို ရည်ရွယ်၍
အို..သာဝကတို့ သေခါနီးအခါကျမှငါဖြင့် ကမ္မဋ္ဌာန်းတရား အားမထုတ်ခဲ့သေးပါ တကားဟု နောင်တ တစ်ဖန် မပူပန်နှင့်၊ ဤကား ငါဘုရားသီခြားဟောချက်တည်း။ ဆုံးမချက်တည်းဟု ၀ိပဿနာ ကမ္မဋ္ဌာန်တရားနှင့် မွေ့လျော်ဖို့ရန် အတန်တန် ဂရုစိုက် မိန့်တော်မူခဲ့သည်ကို ထောက်လျှင် သီလ ဆောက်တည်မှု၊ သမထပွားများမှုထက် ၀ိပဿနာပွားများမှုက သာလွန် အရေးကြီးကြောင်း သိရ၏။(အဂုင်္တ္ထိုရ်၊ ပဉ္စကနိပါတ်-၇၃)

ပုထုဇဉ်နှင့် သောတာပန်ကွာခြားပုံ (၇) ချက်

၁။ ပုထုဇဉ်က ဖြစ်ကြောရှည်တယ်၊ သောတာပန်က ဖြစ်ကြောတိုတယ်။ လောဘ၊ ဒေါသ၊ မောဟ ထတိုင်းသိတာက(၀ါ) ပေါ်တိုင်းသိတာက သောတာပန်တို့၏ အသိ။
၂။ အဲဒီလို ပေါ်ပေါ်လာတာ ချက်ချင်းသိလို့ သိတာနဲ့ တပြိုက်နက်တည်း ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည် သောတာပန်တို့၏အသိ။
၃။ ဤဘုရားသာသနာတော်မှတစ်ပါး အခြားသော သာသနာမှာ ထွက်ရပ်လမ်းမရှိဘူးလို့ သိနေတဲ့ အသိဟာလည်း သောတာပန်တို့၏ အသိပါပဲ။
၎။ ကိစ္စကြီးငယ်တွေ ရှိလာတဲ့အခါကျတော့ အလျင်အမြန်ကုသလိုတဲ့ စိတ်ရှိတယ်၊ ဥပမာ- ကိုယ့်မှာ ကျူးလွန်ထားတဲ့ အပြစ်လေးတွေရှိနေတယ်။ မပယ်နိုင်သေးတဲ့ ကိလေသာထကြွ သောင်းကျန်းလာတဲ့အခါမှာ ချက်ချင်းပဲ ကုသလိုစိတ် ဖြစ်ပေါ်လာတာလဲ သောတာပန်တို့၏ အသိပါပဲ။
၅။ ကိစ္စကြီးငယ်ရှိလို့ သူတစ်ပါးအတွက်ရုံးတို့၊ ဂါတ်တို့၊ လိုက်ရငြားသော်လည်း မိမိသီလ၊ သမာဓိ၊ ပညာအပျက်မခံပဲ လိုက်သွားခြင်းသည် သောတာပန်တို့၏ အသိပါပဲ။
၆။ မြတ်စွာဘုရား တရားဟောစဉ်၊ ဘုန်းကြီးများ တရားဟောစဉ်ဖြစ်စေ၊ စိတ်သည် အာရုံတစ်ပါးသို့ မသွားပဲ သစ္စာတရားကို စူးစူးစိုက်စိုက် အနက်အဓိပ္ပါယ်သိပြီးသကာလ နာနေနိုင်ခြင်းသည် သောတာပန်တို့၏ တရားနာနည်းပဲ။
၇။ ဒီလိုတရားနာပြီးနောက် ခန္ဓာဥာဏ်ရောက်တဲ့ တရားတွေပါလားလို့ ၀မ်းမြောက်ဝမ်းသာလို့မဆုံး ကြည်ညိုလို့မဆုံး၊ ကျေးဇူးတင်လို့မပြီး၊ ဒီလိုမပြီးတဲ့ သတ္တိတွေဟာလည်း သောတာပန်တို့၏ သတ္တိပဲ။ ပုထုဇဉ်တို့ကတော့ ပြီးရင် ပစ်လိုက်တာပဲ များပါတယ်။

သောတာပန် ပဋိစ္စသမုပ္ပါဒ် (၁၀) မျိုး ပြတ်သည်
၁။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်၊ (အပါယ်တံခါး ပိတ်သည်)။
၂။ ကျိုး၊ ကန်း၊ ဆွံ့အ၊ ကုဋ္ဌနူနာ၊ ရူပ၊ အရူပ (မဖြစ်ပါ)။
၃။ ဤဆယ်ကျိုးပ၊ ပဋိစ္စ၊ ပြတ်ကြ အသွယ်သွယ်။
၎။ သကဒါဂါမ်မှာ ရုန့်ရင်းကြမ်းတမ်းမှုသာ ပို၍ ပယ်နိုင်ပါသည်။

အတိတ်ကံဆိုတာ

အတိတ်ကံဆိုတာ ဖျက်လို့လည်းရတယ်၊ ဆက်လို့လည်းရတယ်၊ ဖျက်လို့မရရင် ရဟန္တာတို့ နိဗ္ဗာန်တို့ မရှိနိုင်တော့ဘူး၊ ဗောဓိပက္ခိယတရား(၃၇)မျိုးမှာ ၀ိရိယပြဋ္ဌာန်းတဲ့ သမ္မပ္ပဓာန်(၄)မျိုးဆိုတာပါတယ်။ ဒီ(၄)မျိုးကို ဗမာလိုပြောပြမယ်။
၁။ ဖြစ်ပြီးခဲ့တဲ့ အကုသိုလ် မကောင်းမှုကံတွေကို ပပျောက်သွားအောင် အားထုတ်ရမယ်။ 
၂။ မဖြစ်သေးတဲ့ အကုသိုလ်ကောင်းမှုကံတွေကို မဖြစ်အောင် အားထုတ်ရမယ်။ 
၃။ မဖြစ်သေးတဲ့ ကုသိုလ်ကောင်းမှုကံတွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို အတိုင်းထက်အလွန် ပွားများအောင် အားထုတ်ရမယ်။

အတိတ်ကိုလဲ မပြန်နဲ့

အတိတ်ကိုလဲမပြန်နဲ့၊ အနာဂတ်လဲ မကြံနဲ့၊ ပစ္စုပ္ပန် တည့်တည့်ထား။
အတိတ်ပြန်တော့ ဒေါသဖြစ်တယ်၊ အနာဂတ်ကြံတော့ လောဘဖြစ်တယ်။
ဒါ့ကြောင့် ပစ္စုပ္ပန်ကာလသည်သာ အရေးကြီးတာ။ ၀ိပဿနာ လုပ်တဲ့ အခါမှာလဲ ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ အရောင့်ရဲတင်းတိမ်မယ်ဆိုရင် အမှန်ချမ်းသာတယ်။(စွန်းလွန်းဆောင်ပုဒ်)

ဣနြေ္ဒ ညှိပေးနည်း
သဒ္ဓါလွန်ရင်...တဏှာဖြစ်။
ပညာလွန်ရင်...ကွန့်၊ ကောက်ကျစ်သည်။ သတိကပ်ပေး။
ဝိရိယလွန်ရင်...ပြန့်လွင့်။
သမာဓိလွန်ရင်...ငိုက်သည်။ သတိကပ်ပေး။
ဖြစ်ပျက်ရှိတဲ့ဘက...ဥာဏ်ညီအောင်လွှတ်ပေး။


ဒိဋ္ဌိဝိသုဒ္ဓိဖြစ်အောင် အယူစင်ကြယ်အောင်

၁။ သပ္ပုရိဿ သံသေဝေါစ။
၂။ သဒ္ဓမ္မဿဝနံ။
၃။ ယောနိသော မနဿီကာရောစ။
၎။ ဓမ္မနု ဓမ္မပဋိပတ္တိယာ။
သူတော်ကောင်းတွေ့အောင် ရှာပါ။ သူတော်ကောင်းဟော သစ္စာတရား နာမှသာ အယူစင်ကြယ်မှာပါ။ သူတော်ကောင်းဟောသော သစ္စာတရား နာမှသာ နှလုံးသွင်းက မှန်၍ အမြင်ကြည်လင်မှာပါ။ သစ္စာတရားနာ၍ နှလုံးသွင်းမှန်၍ အားထုတ်သော ၀ိပဿနာဥာဏ်သည်၊ ဗလ၀ ၀ိပဿနာဖြစ်၍ သမ္မာဒိဋ္ဌိဥာဏ်ရမှ ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပါတယ်။ သစ္စာတရားနာမှသာလျှင် ဒိဋ္ဌိဝိသုဒ္ဓိဖြစ်ပါတယ်။

တိုက်တွန်းမျှော်ရည်

တရားရှာကိုယ်မှာတွေ့
ဦးကျည်ပွေ့အတက်ပေါက်မှ
တရားရမှာမဟုတ်ပါဘူး၊
အခုရှာ အခုတွေ့ 
သံသရာတစ်ကွေ့ လမ်းဖြောင့်အောင်
ကောင်းမှုတွေ ပန်းလိုပန်ပြီး
အမှန်တရား မိမိကိုယ်မှာပွားလို့၊
ဖြစ်ပျက်အစစ် ဥာဏ်မှာထင်
နေမ၀င်ခင် အားစိုက်
ထိုက်လျောက် ၀န်တာ
ကျင့်သုံးကာ စခန်းကျအောင်ပ
ကမ္မဋ္ဌာနက စလို့
ဘ၀အတွက် အချိန်တိုကို
အကျိုးရှိအောင် အသုံးချကြစို့။  ။

အမြင်တစ်ကွက်၏ ၀မ်းနည်းဖွယ်

တစ်နေ့တစ်နေ့တစ်ရွေ့ရွေ့နဲ့ ခန္ဓာ၏ ခိုင်းသမျှကို လိုက်နာရင်း ဘ၀ရဲ့ နိဂုံးကို လျှောက်နေကြတဲ့ လူသားတွေထဲမှာ ကျွန်ုပ်သည်လည်း တစ်ယောက်အပါအ၀င်ပေါ့လေ၊ တစ်နေ့ စိတ်ပေါက်ပေါက်နဲ့ လမ်းလျှောက်လာခိုက် အမှတ်မထင်မြင်ကွင်းတစ်ခုက ၀တ္ထုနဲ့ အာရုံတိုက်ဆိုင်လာပေသည်။ ထိုအရာကား မိမိတို့၏ ကျေးဇူးရှင်များထဲတွင် ပါဝင်နေသော မိမိတို့ကို လုပ်ကိုင်ကျွေးနေသော မိမိတို့၏ ဘ၀သာယာရေးကို ဘာဆိုဘာမှမသိပဲ အားသွန်ခွန်စိုက် လုပ်အားပေးနေသော ကျွဲ၊ နွားတို့ကို သတ်ပုတ်နေသော မြင်ကွင်းဖြစ်ပေသည်။ အလွန်ပင် ရက်စက်ကြမ်းကြုတ်မည့်ပုံစံတွေနှင့် လိုက်ဖက်ညီလှသည်ဟု ပြောဆိုရမည်ကိုပင် လုံလောက်အံ့မထင်။ အတော်ကို ကျေးဇူးမသိထိုက်သော မိမိတို့ကို ခွန်အားတွေနှင့် လုပ်ကျွေးနေသည်ကို မေ့လျော့နေသော ထိုလူပုံစံတွေကို ကြည့်ပြီး သနားမိလေသည်။ ၀ဋ်ဆိုတာ တစ်ပတ်ပြန်လည်တတ်သည် မဟုတ်ပါလား။ ထိုသို့များ တစ်ပတ်လည် လာမည်ကို တွေးပြီး သနားမိပါသည်။ ထိုသူတို့ ခံနိုင်ရည်ရှိမည်လော့။ မတွေးဝံ့ပါပေ။
မည်သို့ဆိုစေ ယခုမြင်လိုက်ရသော မြင်ကွင်းက မသက်သာ၊ နွား-တဲ့၊ ထို နွားကားအခြားသော နွားတို့နှင့်မတူ၊ အရွယ်နုပျို၊ အရွယ်ခုဆို သန်မာလို့ထွားကြိုင်း လူပျိုရိုင်းလောက်ပင် ရှိလိမ့်မည်ထင်။ သူတို့ကတော့ ပြောကြသည်ပင် (အစ်)တဲ့ ဘာအစ်လဲတော့မသိ၊ ပန်းနံ့သာတွေနှင့် ရေချိုးစေပြီး အကောင်းဆုံးလို့ ယူဆထားသော အမွှေးနံ့သာတို့ဖြင့် သုတ်လိမ်းကာ အလှပဆုံးပြင်ဆင်ထားကြလေသည်။ တော်တော်လေးကို နွားလေးက ကြည့်ပျော်နေလေသည်။ တန်ကြေးဖြင့် ဆုံးဖြတ်သော် တန်ဖိုးနည်းနည်းဖြင့် ပေးဝယ်ရမည်မထင်။တော်တော်အဖိုးတန်မည်ဟု မြင်ရရုံနှင့် သိနိုင်ပေသည်။ ထိုနေ့တွင် သူတို့ဝယ်မည်ဟု သတ်မှတ်ထားသော နွားကို ၀ယ်ယူရာတွင်လည်း ဈေးမဆစ်ကြဟု သိရသည်။ မည်သို့နည်းကား မသိပေ။ ထိုနွားကို တန်ကြေးဖြင့် ပိုတောင်းကလည်း ပေးကြပေသည်ဟု သိရသည်။ မရလျှင်လည်း ရအောင်ဝယ်ကြလေသည်။ ၀ယ်ပြီးလျှင် ပွဲတော်ကျင်းပကြလေသည်။ ကျင်းပပုံကား လူတို့လုပ်သော လုပ်ရပ်တို့နှင့် လုံးလုံးမှ မတူပေ။ မေတ္တာ၊ ကရုဏာ ဆိုတာ သူတို့ကြားတောင် ကြားဖူးကြဟန်မတူ၊ လုပ်ရက်ကြလေသည်။ ပန်းနံ့သာတွေနှင့် လှပစွာ ပြင်ဆင်ပြီး ဆုတောင်းသည်ဟု ယူဆကာ ပွဲတော်ကို စတင်ကျင်းပလေသည်။ ဦးစွာ လှပသော နွား၏ လည်ပင်းကို ထက်လှစွာသော ဓားဖြင့် ဖြည်းညှင်းစွာ လှီးရင်း ကျလာသော သွေးတို့ကို ခံယူ၍ သူတို့ယူဆသော ဘုရားကို ပူဇော်ကြလေသည်။ ယဇ်ပူဇော်သည်ဟု ဒီနေရာမှာ ယူဆလျှင် မှားမည်မထင်၊ ရှေးရှေးကလည်း ရှိခဲ့ဖူးသည်မဟုတ်ပါလား။ ထို့သို့ လည်ပင်းသွေးကို ယူလိုက်စဉ်ဝယ် အလွန်တရာမှ နာကျင်စွာ ခံစားနေရသော နွားကလေးသည်ကား လူတို့ကဲ့သို့ နာသည်ဟု မပြောနိုင်သော်လည်း ပြောနေသလိုပင်၊ လူတို့ကဲ့သို့ပင် နာကျင်လျှင်ကား ရုန်းကြလေသည်
၊ ထိုနွားလေးသည်လည်း အလွန်နာကျင်ခံခက်သောကြောင့် ရုန်းကန်လေသည်၊ စိတ်ထဲကတော့ဖြင့် ဒီနာကျင်စွာခံစားသည်မှ လွတ်ပါစေပေါ့။ ကံဆိုးလေသည်၊ လုံးဝပင်ရုန်းလို့မရ၊ လှုပ်တောင် လှုပ်ဖို့မရ၊ သေချာစွာ ချည်နှောင်ထားလေသည်။ ထိုအခိုက် လှီးလိုက်သော ဒဏ်ရာမှ ကျလာသော သွေးကို သောက်သုံးကြလေသည်။ ထို့နောက် လည်လှီးသားတဲ့၊ ထိုလည်လှီးသားကိုလည်း ပူဇော်ကြလေသည်။ ထို့နောက် သူတို့လည်း စား၏။ ထိုလူတို့သည် လူတို့နှင့်မတူ ဟိုးရှေးက ဝေသာလီတိုင်းပြည် ဘီလူးများလားပင်ဟု ထင်မှားစရာ။ သနားညှာတာခြင်း အချင်းမရှိပေ၊ တစ်စုချင်းဆီ၏ ဝေစုလို့ ယူဆရသော ခွဲခြမ်းစိတ်ဖြာကာ ကိုယ်စီကိုယ်စီ သယ်သွားကြပြီး ပျော်ပျော်ကြီးနွှဲနေကြလေသည်။ မြင်ရသော မြင်ကွင်းကား သူတို့အဖို့ ပျော်ရွှင်စရာ အတိုင်းမသိပေမဲ့ ကြည့်မိသူ ကျွန်ုပ်မှာကား မသက်သာလှ၊ နောင်ဘ၀များ ခံကြရမည်မလွဲဟု သိလိုက်သည့်တပြိုင်နက် ကြက်သီးပင် ထမိ၏။ မိမိတို့၏ ကျေးဇူးရှင်များဖြစ်ကြသော တိရစ္ဆာန်ဟု သမုတ်ထားသော နွားတို့၌ ဘာအဖြစ်မှ ရှင်းရှင်းမရှိ၊ မိမိတို့ပြုလုပ်ထားသော မကောင်းမှုတို့ ပပျောက်စေရန်တဲ့၊ သတ်ဖြတ်ကာ ပူဇော်ကြလေသည်။ မေးလိုက်ချင်သည်၊ သတ်ပြီး ပူဇော်လျှင် ကျေသွားရိုးလားကွယ်တို့။ ကျေစတမ်းဆိုရင် နောက် ငြိမ်းချမ်းရာကို ထာဝရ ရမည်စတမ်းဆိုရင် သတ္တ၀ါတိုင်းစီမှာ ရှိတဲ့ သွေးနဲ့ အသားတို့ကို တစ်နေ့လျှင် တစ်ယောက်နှုန်းသတ်ကာ ပူဇော်လိုက်ချင်သည်။ မိမိတို့ပြုလုပ်သော မကောင်းတို့ ပပျောက်အောင် သူတစ်ပါးက အနစ်နာခံကာ ပေးရမည်လော့။ အမှားကြီး မှားနေကြပေသည်။ မိမိအမှု မိမိပြုခဲ့သည်မဟုတ်ပါလား။ ပြုလုပ်သူပင် ခံစားရကြပေမည်။ ဗုဒ္ဓမြတ်စွာက အဓမ္မော နိရယံ နေတိ တဲ့ ဟောတော်မူပါတယ်။ မကောင်းလုပ်မှတော့ ငရဲပေါ့၊ မရောက်ချင်လျှင်ကား မပြုလုပ်သာရှိတယ်။ မပြုလုပ်ဘူးဆိုခဲ့လျှင် ကောင်းတာလုပ်ဖို့ပါ ပြောပါရစေ။ ဘာ့ကြောင့်ပါလဲ၊ ဗုဒ္ဓက ဆက်ဟောသည်ကား ဓမ္မော ပါပေတိ သုဂတိံတဲ့၊ ကောင်းတာလုပ်ရင် သုဂတိ ရမယ်လို့ ဟောတော်မူသည့်အတိုင်း ကောင်းတာသာ လုပ်ပါ ကောင်းတာတွေချည်း ဖြစ်ပါလိမ့်မည်။ ထိုသို့ တစ်ပါးသူက နစ်နာပြီးမှ အပြစ်ကျေတယ်ဆိုတာ ဘယ်လိုနည်းနှင့်မျှ လုံးဝမဖြစ်၊ မကျေပေ။သို့ကြောင့် မိမိတို့သိသော အသိ၊ တတ်သော အတတ်၊ ကျွမ်းကျင်သော အလုပ်တို့သည်ကား မှားသည်မှန်သည် ဆုံးဖြတ်ဝေဖန်ကာ ဘ၀အတွက် အဆုံးသတ်စေချင်ပါသည်။ သူတစ်ပါး စိတ်ဆင်းရဲမှ ကိုယ်ဆင်းရဲမှ နစ်နာမှ နောက်ဆုံး သေဆုံးမှ မိမိတို့ချမ်းသာသည်ဟု ယူဆထားကြသော လုပ်ရပ်တို့ ထိန်းချုပ်ကာ မှန်သောအသိ မှန်သောအမြင်တို့ဖြင့် ပါဏာတိပါတ အစထားကာ ရှောင်ရှားကြဖို့ လူမျိုးမခွဲ သတ္တ၀ါတိုင်း ကောင်းတာတွေ အတူတွဲလို့ ခေမာတိုင်အောင် ရွက်ဆောင်ကြစို့လားကွယ်တို့....

တရားအတုဟု ဆိုအပ်သည့် အန္တရာယ်(၁၀)ပါး

၁။ သြဘာသ-အရောင်အလင်း၊
၂။ ပီတိ- နှစ်သက်ခြင်း၊
၃။ ပဿဒ္ဓိ- ကိုယ်စိတ်ငြိမ်းခြင်း၊
၎။ အဓိမောက္ခ- သဒ္ဓါ ယုံကြည်ခြင်း၊
၅။ ပဂ္ဂဟ- ထောက်ပံ့ခိုင်စေခြင်း၊
၆။ သုခ- ချမ်းသာခြင်း၊
၇။ ဥာဏ- အလွန်နှစ်သက်သော ၀ိပဿနာဥာဏ်၊
၈။ ဥပဋ္ဌာန- ကြာမြင့်စွာက အမှုကို ထင်မြင်နိုင်ခြင်း၊
၉။ ဥပေက္ခာ- လျစ်လျူရှုခြင်း၊
၁၀။ နိကန္တိ- ဥာဏ်ကိုးပါး၌ နှစ်သက်ခြင်း၊


အန္တရာယ်(၁၀)ပါးလင်္ကာ
အရောင်နှစ်သက်၊ ငြိမ်းလျက်စိတ်ကို၊ ယုံကြည်ပိုကာ၊ ၀ီရိယာနှင့်၊ ချမ်းသာထက်ဥာဏ်၊ သတိသန်မူ၊ လျစ်လျူရှုလျှင်၊ ကိုးခုတပ်မက်၊ တစ်ချက်ချက်တွင်၊ မပျက်ပေါ်ရ၊ ဤဘ၀၊ မှတ်ကြအန္တရာယ်။

ချမ်းသာဖို့

နေထိုင်နည်းများစွာထဲမှာ မြတ်စွာဘုရားဟောကြားတော်မူသော ချမ်းသာစွာနေထိုင်နည်းကို အကျဉ်းချုပ် ဖော်ပြအံ့။ ပထမဦးစွာ တင်းတိမ်ရောင့်ရဲမှုကို ဖော်ပြရလျှင်ကား- တင်းတိမ်မှု ရောင့်ရဲမှုဆိုရာဝယ် မြတ်ဘုရားက ဒီနေရာမှာ ရှိတာနှင့် ရောင့်ရဲမှုကိုမဆိုလို၊ ရတာနဲ့ ရောင့်ရဲမှုကိုသာ ဆိုလိုပေသည်။ ဤနေရာ၌ မိမိက လောဘကို ပြဋ္ဌာန်းပြီး တစ်ရာတန်သည်ကို ငါးရာလောက်ရချင်လျှင်ကား ချမ်းသာမှုမရနိုင်ပေ။တစ်ရာတန်သည်ကို တစ်ရာနှင့် လုံလောက်ငှအောင် သုံးစွဲပြီး ရောင့်ရဲမှသာ ချမ်းသာကိုရရှိနိုင်ပေမည်။ ထိုအရာကား ရတာနဲ့ ရောင့်ရဲမှုအတွက် ချမ်းသာမှုပင်။ ဒုတိယအားဖြင့် ပစ္စုပ္ပန်ကျကျနေလျှင်လည်း ချမ်းသာပေမည်ဟု ဟောကြားထားသည့်အလျှောက် အတိတ်မှပါလာသော အပူတွေကို ကြောင့်ကြမဲ့မနေပဲ ပူဆွေးသောက လောင်မြိုက်ကြလို့ မချမ်းသာကြပေ။ နောက် အနာဂတ်ကို မျှော်မှန်းလို့ တမ်းတ မှန်းဆပြီး ပူဆွေးနေကြပြန်ပေရာ ချမ်းသာမှုတွေနှင့်ပင် ဝေးကွာနေကြပေသည်။ လက်ရှိအခြေအနေကို အဆင်ပြေအောင် ကောင်းသော နှလုံးသွင်းခြင်းဖြင့် ဘ၀အတွက် တိုးတက်မှုကို ကျေနပ်နိုင်ပြီး ချမ်းသာအစစ်ကို ရရှိပေလိမ့်မည်။ အမှန်စင်စစ်ကား ယခုလက်ရှိ ပစ္စုပ္ပန်ကိုပဲ ရှုပြီး လက်ရှိအကျိုး နောင်နောင်ကုသိုလ်တိုးဖို့ ရည်မျှော်ကာ ချမ်းသာအောင် ကြိုးကုတ်လို့ အားထုတ် ချမ်းသာမှုအလုပ်တွေ တိုးပွားနိုင်ကြပါစေ။

အားစိုက်ကြည့်ပါ သင့်ခန္ဓာ

တစ်ခန္ဓာ၏ တစ်သက်တာ အလုပ်ချိန်ကို ချိန်ထိုးကြည့်ကြရအောင်။ ခန္ဓာကြီးက ဘာတွေတောင်းလဲ။ နောက် ဘာတွေ ရည်ရွယ်ချက်ထားပြီး စွန့်ပစ်လဲ။ ဒွါရအပေါက်များက ဦးစွာ တောင်းဆိုမှုတွေ အလွန်များတာကို သတိထားသင့်ပေသည်။ ဒွါရတစ်ခုချင်းစီ၏ သတ္တိကိုလည်း သိထားသင့်ပေသည်။ စားချင်၊ သောက်ချင်၊ မြင်ချင်၊ ကြားချင်၊ ရှူချင်၊ စွန့်ချင် စသော ချင်ပေါင်းများစွာရှိပေရာ ထိုချင်ပေါင်းများစွာ လိုအပ်နေသည်ကို ဖြည့်ဆည်းရင်း တစ်နေ့တာရဲ့ တန်ဖိုးများသော အချိန်တွေကို ၀ါးမျိုးကြသော သတ္တ၀ါတွေ များပေသည်။ ခန္ဓာကပေးသော တရားကိုမသိကြ၊ အလိုလိုက်၍ ဘယ်ဟာဖြင့် ဘာနဲ့တော်တယ်။ ဘယ်ဟာဖြင့် ဘာနဲ့ဆို ဆီလျှော်တယ်၊ ဘယ်လိုပြုစုရတယ်၊ ဘယ်လို ပျိုးထောင်ရတယ်၊ ဘယ်လိုနေရင် အသက်ရှည်တယ်၊ ဘယ်လိုနေရင် ရောဂါကင်းတယ်၊ ဘယ်လိုနေရင် ဘ၀အတွက် ပျော်ရွှင်မှုတွေပေးတယ်၊ စသည်အားဖြင့် ဘ၀ကို အမျိုးမျိုးပုံဖော်ကာ အစာကျွေးနေကြပေသည်။ ထိုသို့ အများ၏ အကြံပေးချက်အတိုင်း ခန္ဓာကိုယ်ကြီး၏ တောင်းဆိုမှုတွေကို သူပြောလူပြောဖြင့် တိုက်ကျွေးနေကြပေသည်။ တစ်ဘ၀အတွက် ချမ်းသာကို မှီဝဲကြရင်း တစ်ဖြည်းဖြည်းချင်း ဇရာနှိပ်စက်လာလေတော့ ဘယ်ဟာက အရေးအကြောင်းတွေကို ဖုံးလွှမ်းတယ်၊ ဒါဆို ပင်ကိုယ်သဘာဝမှ ကျော်လွန်ကာ ခံနိုင်ရည်တွေနဲ့ ဘ၀က လှပနေမှာ။ ဒီခန္ဓာကြီး ပျိုနေသ၍ သင်ဟာ ဘ၀ရဲ့ အကောင်းဆုံးတွေ ပိုင်ဆိုင်ထားတယ် စသည်အားဖြင့် တစ်ဖုံ၊ ဖြတ်သန်းကြရင်း တစ်ဖြည်းဖြည်းနဲ့ သေနေ့ကို မေ့လျော့ကာ အဆုံးသတ်ကြလေသည်။ ဘ၀အတွက် အလှဘက်မှကြည့်ကာ တက်လှမ်းခဲ့သူတို့၏ အယူအဆ တရားမရပေ။ ထိုမှတစ်ဖုံ သင်တွေ့ကြုံသလို ခန္ဓာ၏ သတ္တိ ရွေ့လျားရင်း ဇရာကို မြင်လာသော သူတို့မှာကား ခန္ဓာကတော့ ဇာတိပြပြီ၊ ငါဘယ်လိုလုပ်ပါ့၊ ပျိုရွယ်ခြင်းကို နှစ်သက်ခဲ့သူ၊ ဘယ်တော့မှ မအိုဘူးလို့ ယူဆခဲ့သူ၊ သေခြင်းဆိုတာ မရှိဟု ထင်မှတ်ခဲ့သူ၊ ခုတော့ သရုပ်ပြလို့ပင် အရာထင်ခဲ့ပြီ။ ထိုအရာကို ငါ ကြောက်လှပါ၏၊ ငါ ဘယ်သို့ လွတ်အောင် ရုန်းရပါမည်နည်း၊ ငါ ဘယ်သူကို အားကိုးရှာပြီး ကျော်လွန်ရပါမည်နည်း စသည့်မေးခွန်းတွေ တက်လာပြီး အားကိုးရှာချိန်မှာ တရားသိသူ၊ တရားမြင်သူ၊ တရားရှုသူ ထိုလူအပေါင်းကား အကြောင်းတရား၏ အကျိုး၊ အကောင်းစကားနဲ့ ချိန်ထိုးပြီး ခန္ဓာကြီး၏ ဆိုးညစ်ပုံကို ထုတ်ဖော်ပြသ ဟောပယ်ချခဲ့ပေမယ့် တရားမရပဲ အများအပြောကို ကိုယ့်သဘောမပိုက် သူများအကြိုက်အလိုက်ကြီးလိုက်ပြီး လမ်းလွဲလိုက်ကြပေသည်။ ကိုယ့်သဘောကို လိုက်ပြီး နေသူ၊ သူများသဘောကို ယုံပြီး အားကိုးသူ၊ ထိုသို့ အားကိုးလွဲမှားနေသူများအား သနားတော်မူလိုသော ဘုရားရှင်ကိုယ်တော်မြတ်က တရားတော်များဟောကြားဆုံးမ လမ်းညွှန်ပြသည့်အနက်မှ ကိုယ်ပိုင်ဥာဏ်ဖြင့် ထုတ်လုပ်အပ်သော မိုးကုတ်ဆရာတော်ဘုရားကြီးက လူပြောသူတွေကို မယုံနဲ့၊ မိမိခန္ဓာက ပြောတာကိုသာ အယုံကြီး ယုံလိုက်ပါ၊ ဟူသော လင်္ကာအတိုင်း တရားဟောဆရာ၊ တရားပြောဆရာ စသူတို့၏ အပြောတွေနှင့်သာ မယုံသင့်ပဲ၊ မိမိတို့၏ ခန္ဓာမှပြောသော တရားတွေနှင့် တိုက်ဆိုင်ပြီး တရားအလုပ်ကို စိတ်စိုက်လို့ ကြိုးကုတ်အားထုတ်ကြလေကုန်။ ခန္ဓာကိုယ်ကြီးပန်းတိုင်ကား သေခြင်းတရားဆီသို့ ဦးတည်သွားနေပေသည်။ အသေမဦးခင် ဥာဏ်ဦးကာ ၀ိပဿနာကို ကြိုးစားအားထုတ်လျှက် ခေမာနိဗ္ဗာန်တိုင်ကြပါစေသော်။  ။

အလောင်းတော် မြင်မက်သော အိပ်မက်ကြီးငါးပါး

မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လဆန်း ၁၄ ရက်နေ့ည ဘုရားအလောင်းသိဒ္ဓတ္ထမင်းသား မြင်မက်သော အိပ်မက်ကြီးငါးပါးမှာ-
၁။ မြေပြင်ကို အိပ်ယာခင်း၍ ဟိမ၀န္တာတောင်းကြီးကို ခေါင်းအုံးပြီး သမုဒ္ဒရာကို ခြေလက်တင်ရသည်ဟု မြင်မက်ခြင်း။
၂။ ၀င်ရိုးပမာ သန္တာနီအဆင်းရှိသော မြက်သည် ချက်မှဖောက်၍ ကောင်းကင်သို့ တက်သည်ဟု မြင်မက်ခြင်း။
၃။ အဆင်းမျိုးစုံငှက်တို့သည် လာလတ်၍ ခြေတော်ရင်း၌ အဖြူရောင်ငှက်တွေချည်း ဖြစ်ကုန်သည်ဟု မြင်မက်ခြင်း။
၎။ ပိုးကောင်ဖြူကလေးများ ဒူးပုဆစ်မြုပ်အောင် တက်သည်ဟု မြင်မက်ခြင်း။
၅။ မစင်တောင်ကြီးပေါ်သို့တက်၍ စင်္ကြံကြွရာ လူးလဲခြင်းမရှိဟု မြက်မက်ခြင်း။
ထိုအိပ်မက်ငါးပါးကို မြင်မက်ရာ မုချဘုရားဖြစ်မည်ဟု အားတက်ယုံကြည်သွားလေသည်။

ပဋိစ္စသမုပ္ပါဒ်နှင့် သံသရာ ရှင်းပြချက်

ပဋိစ္စသမုပ္ပါဒ်ဆိုတာ-
ပဋိစ္စ-အကြောင်းကို စွဲ၍၊ သံ-ကောင်းစွာ၊ ဥပ္ပါဒ-အကျိုးဖြစ်ခြင်း။ ပေါင်းလိုက်တော့ အကြောင်းကိုစွဲ၍ ကောင်းစွာ အကျိုးဖြစ်ခြင်း ဆိုတာကို ပဋိစ္စသမုပ္ပါဒ်ဟု ခေါ်ပါသည်။ 
သံသရာဆိုတာ သံ-ကောင်းစွာ၊ သရာ-လည်သည်။ (အစဉ်မပြတ် အဖန်တလဲလဲ ဖြစ်ရခြင်းကို ဆိုလိုပါသည်။)

ပြဿနာဖြေရှင်းနည်း (၅)မျိုး

၁။ ဂါထာမန္တာန်ဖြင့် ဖြေရှင်းနည်း။
၂။ ပညာရှိနှင့်တိုင်ပင်၍ ဖြေရှင်းနည်း။
၃။ ချစ်ဖွယ်သောစကားကိုဆို၍ ဖြေရှင်းနည်း။
၎။ လက်ဆောင်ပေး၍ ဖြေရှင်းနည်း။
၅။ ဆွေမျိုးစပ်၍ ဖြေရှင်းနည်း။(ဇနက္ကဇာတ်တော်ကြီး)
ပြဿနာအမျိုးမျိုးကို ဖြေရှင်းအမျိုးမျိုးတို့ဖြင့် ဖြေရှင်းကြပေရာ ယခုတင်ပြလိုက်သော ဖြေရှင်းနည်းတို့ဖြင့် မိမိတို့တွင် တွေ့ကြုံနေသော ပြဿနာကို ဆိုင်ရာနည်းတို့ဖြင့် ဖြေရှင်းကြည့်ကြကုန်။ အဆင်ပြေစွာ ပြေလည်သွားမည်မှာ မလွဲကုန်။ တကယ်တမ်းဖြေရှင်းကြရာတွင် အဓိကကျသောအချက်ကား- မေတ္တာသာပဓာနတည်း။ မည့်သည့် ပြဿနာကို ဖြေရှင်းကြသည်ဖြစ်စေ၊ မေတ္တာရှေ့ထား၍ ဖြေရှင်းကြမည်ဆိုပါမူကား အရာရာတိုင်းကို အောင်မြင်နိုင်အောင် သာဓက ထောက်ပြစရာအကြောင်းအထူးအထွေ ရှာစရာမလိုပေ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ် အောင်ခြင်းရှစ်ပါးကို အောင်မြင်ခဲ့သည်ကား မေတ္တာတရားကို လက်ကိုင်ထားပြီး အောင်မြင်သောကြောင့် မိမိတို့တွင်လည်း ကြုံလာသမျှ ပြဿနာကို မည်သည့်နည်းနှင့်မဆို ဖြေရှင်းနိုင်သည် မှန်သော်လည်း အကောင်းဆုံး ယှဉ်စိတ်ထားရမည်ကား မေတ္တာသာ သိစေသောကြောင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသတည်း။

ဂုဏ်ပြုအပ်သော အမေများအတွက် စာချွန်လွှာ

မိုးလင်းစင်စင်မှမလင်းခင် တောတောင်တွေဆီ ခရီးနှင်ပြီး နေ့စားအလုပ် တစ်နေကုန် ကုန်းရုန်းလုပ်နေရတဲ့ ကျေးရွာလေးတစ်ရွာက ချစ်စရာ ဓလေ့လေးတစ်ခု အကျဉ်းချုပ်လို့ အွန်လိုင်းပေါ် ၀င်ရှုပ်လိုက်ပါတယ်။
လင်းကြက်မှ မမြည်တွန်မှီ မှောင်ရီသန်းစ မပပျောက်မှီ ဘ၀အတွက် တစ်နေ့တာရဲ့ ဒုက္ခတွေကို ရုန်းထွက်နေစဉ် မိခင်ဖြစ်သူတစ်ယောက် ခြောက်ခြောက်တောက်တောက် တောတောင်တွေဆီ နေ့စားအလုပ် ဇာတ်ထုပ်ခင်းနေလေရဲ့။ လယ်ပိုင်ရှင်တို့ ပေးစားအပ်သော ငွေလျှော်ညီအောင် ကြိုးစားလုပ်ရင်း နဖူးလေးမှ ကျဆင်းလာခဲ့သော ချွေးလေးတွေကိုပင် ဂရုမစိုက်အားပဲ မိမိရဲ့ပိုင်ဆိုင်ထားတဲ့ အားအင်နဲ့ ရုန်းကန်နေရှာလေသည်။ မနက်မိုးလင်းလို့ လုပ်အားအကုန် သွန်ပစ်နေခိုက် နေ၏အရောင် တစ်ရှိန်ရှိန်တောက်ပလာလေတော့ လယ်ပိုင်ရှင်တို့မှ အားအင်၏ဖြေဆေး၊ နှလုံးသွေးတို့အစာကျေအောင် နေ့စာတည်ခင်း ပွဲသဘင်ပမာ တောလယ်မှာ ကျင်းပပေးလေသည်။ ထိုအခါ နေ့စားအလုပ် ဘ၀အတွက် ရွေးထုတ်ခဲ့သူအမေ။ နေ့လည်အစာပြေ အင်အား၏ တောရိုးရာဒိုးနပ် အမေမစားရက်ပဲ၊ သိမ်းဆည်းကာယူ သားသမီးများအတွက် သယ်ဆောင်လာခဲ့သူပါ။ အိမ်ဖန်စောင့် နတ်သားလေးနှင့် နတ်သမီးလေးများမှာလည်း တောကအပြန်အမေ ပါလာမည့် တောဒိုးနပ်ကို မျှော်ရင်းစောင့်ဆိုင်း ကစားရင်း။ အင်အားတွေဖြစ်စေမည့် တောမုန့်ဟာ သားသမီးလောက်တော့ အားမဖြစ်ပါဘူးဟု ဖော်ပြပေးသလို ဟာနေတဲ့ဝမ်း သားသမီးများမျက်နှာလေးတွေ မြင်ယောင်ပြီး ယှက်သန်းအပြုံးနဲ့ ချွေးတုပ်တုပ်ကျအောင်ကြိုးစား သားသမီးများရဲ့ ပုံရိပ်လေးတွေနဲ့ ၀ါးမျိုရင်း ရုန်းကန်ခဲ့တဲ့အမေ။ ကလေးဘ၀မို့ မသိတတ်သေးသူများခမျာမှာတော့ တောကအမေပြန် မုန့်ဆီပြန် ပါလာမည်အရေး တွေးရင်း။ ပြန်လာမည့်လမ်းကို မျှော်မှန်းတမ်းတကာ စောင့်စားလျှက် ဆော့တစ်ပြန် 
ပျော်မြူး သားသမီးအရူးတွေမှာလည်း "အမေ...တောကပြန်လာရင် မုန့်ပါအောင် ယူခဲ့နော်...တောထဲမှာ အမေတစ်ယောက်တည်း မုန့်တွေ အကုန်မစားပြစ်နဲ့၊ သားတို့သမီးတို့အတွက် ချန်ဦး၊ သားတို့သမီးတို့က ဗိုက်ဆာဆာနဲ့ အမေ့ကိုစောင့်နေရတာ၊ အကုန်မစားနဲ့နော်" ဟု တစ်တွတ်တွတ် မှာရှာလေသော အသည်းမွှာလေးတို့၏ စကားကို နားထဲမှာ အထပ်ထပ်ကြားလေတော့ မစားရက်သူအမေ့မှာတော့ မိခင်များ၏မေတ္တာ ဇာတိပါလာလေသည်။ လုံးဝ မစားခဲ့ပါ။ သည်မုန့်ကို မစားရလို့ နှလုံးသွေးတွေ ဆူပွက်ကုန်စေဦးတော့၊ အသည်းတွေ တုန်ခါလို့ ပုံကာကျချင် ကျပါစေတော့၊ အသားတွေ မှုန်ပြာလို့ နေကြာနွမ်းသလို ဖြစ်စေဦးတော့၊ ငါမစားပြီ။ ဒါလေးတွေဟာ ငါ့သားအတွက်၊ ငါ့သမီးအတွက် ဆိုပြီး ထည်ဝါခန့်ညား အလှတရားပြည့်စုံ တုနှိုင်းမကုန်တဲ့ မိခင်တို့၏မေတ္တာ ထာဝရရှင်သန်သွားခဲ့လို့ တောရွာကလေးတစ်ခု၏ ဓါတ်ပြားတစ်ပုဒ်ကို အကျဉ်းချုပ်ရင်း ပြာသိုလပြည့်အမေ့နေ့မှာ အမေများကို ဤစားသားတို့ဖြင့် ဂုဏ်ပြုလျှက် ကြီးမားလှတဲ့ မေတ္တာတရား တုန့်ပြန်သောအားဖြင့် မညီညာ စာသားများဖြင့် ဖွဲ့သီအပ်ပါသည်။
အမေများ ကျမ္မာပျော်ရွှင် ဘ၀ခရီးကို အကောင်းတွေချည်း ဆုပ်ကိုင်ပြီး ခေမာသောင်ကမ်း တက်လှမ်းနိုင်ပါစေသော်ဝ်။  ။

မေမေ

မေမေ
သားတို့အတွက် ရွက်ကြွေလုမတက်
စတေးခဲ့တာ သားခုမှသိတယ်မေမေ။
ဘ၀ကပေးတာက သံပုရာပေမယ့်
ညှစ်သောက်တတ်အောင်
သင်ပေးခဲ့တာ သားခုမှသိတယ်မေမေ။
ပျားရည်တွေချိုတာကို သားသိလာတော့
မေမေရယ်..ချိုလိုက်တာလို့ ပြောတာကို 
ဟုတ်တယ်သားလို့
ညာပြောတာလည်း သားခုမှသိတယ်မေမေ။
တကယ်တော့ မေမေ့နို့ရည်လောက် မချိုပါဘူးမေမေ။
ခုမှသိတာ နောက်မကျဘူးလို့
သားယူကာဆ
ယခုကမှ ကျေးဇူးအကျေ ဆပ်နိုင်ပေအောင်
သားကြိုးစားပါတော့မယ်မေမေ။


သီတဂူဆရာတော်၏ ဆုပေး

မေတ္တာမဉ္ဇူသကော လောကေ။
သုဖုဠှော ဟောတု သဗ္ဗဒါ။
မေတ္တာပုပ္ဖသုဂန္ဓေန။
သုခန္တု ၀ါသိကာ ပဇာ။
လောကေ-သတ္တ၀ါအလီလီ ခိုမှီပေါလတ် လောကဓာတ် ကမ္ဘာအတွင်း၌။ မေတ္တာမဉ္ဇူသကော-မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်းပင်ကြီးသည်။ သဗ္ဗဒါ-နေ့နေ့ညည ခပ်သိမ်းသော ကာလတိုင်းမှာ။ သုဖုဠှော-အခိုင်ခိုင် ကြိုင်လှိုင်စွာပွင့်သည်။ ဟောတု-မုချမသွေ ဖြစ်ပါစေသတည်း။
မေတ္တာပုပ္ဖသုဂန္ဓေန-မေတ္တာတည်းဟူသော မဉ္ဇူသကနတ်ပန်း၏ ရနံ့ဖြင့်။ဝါသိကာ-ထုံအပ်မွှမ်းအပ်ကုန်သော။ ပဇာ-လူရောနတ်ပါ သတ္တ၀ါတို့သည်။ သဗ္ဗဒါ-နေ့နေ့ညညခပ်သိမ်းသော ကာလတိုင်းမှာ။ သုခန္တု-ကိုယ်စိတ်နှစ်ဖြာ လိုဣစ္ဆာဖြင့် ပြည့်ကာကြွယ်ဝ ချမ်းသာတော်မူကြပါစေကုန်သတည်း။
သီတဂူဆရာတော်၏ လက်စွဲ ဆုပေး။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...