11/23/2011
9:59 AM
စာရေးသူ***
ရွှေဘိုသီလာ
,
0 Comments
Labels:
ဗဟုသုတ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓံ= သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားကျန ကိုယ်တော်တိုင် သိရ၍ ဝေနေယျများစွာ သတ္တဝါတို့အား ဟောကြားသိစေတော်မူသော မြတ်စွာဘုရားကို သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာ ရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ=ယုံကြည် သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
ဓမ္မံ=မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို၊သရဏံ=ဘေးရန်ပယ် ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောင့်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ= ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ၊အရှင်ဘုရား။
သံဃံ=သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို၊သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာ ရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ=ယုံကြည်သိ မှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
နမော တဿ ဘုရားရှိခိုးပြီးလျှင် သရဏဂုံသုံးပါး ခံယူရပါတယ်။အဲဒီ နမောတဿတို့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိတို့ သည် သုံးမကုန်တဲ့ ရတနာထုပ်ကြီးများဖြစ်ကြပါတယ်။ရတနာကို ရတနာမှန်းမသိကြတဲ့အတွက် တန်ဖိုးကို နားမလည်ဖြစ်နေကြတာပါ။တရားဆိုတာ အဝေးကြီးမှာ ရှာရတယ်ထင်ပြီး ပင်စင်ရမှ၊သားသမီးတွေအတွက် စိတ်အေးရမှ စားရေး သောက်ရေး နောက်ပိုင်းအေးမှစသည်ဖြင့် ဟိုရွှေ့ ဒီရွှေ့ ရွှေ့နေတတ်ကြပါတယ်။ မရဏဓမ္မ သေခြင်းတရားဆိုတာ အစိုးမရတဲ့အတွက် ဟိုရွှေ့ ဒီရွှေ့ ရွှေရင်း တရားအားမထုတ်လိုက်ရဘဲ သေမင်းနောက် လိုက်သွားရတဲ့ သူတွေကများပါတယ်။ဒါကြောင့် သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း အလုပ်ဖြစ်တဲ့ အထူးသဖြင့် ကိစ္စများမြောင် လူတို့ဘောင်က လူသားတွေနဲ့ လျောက်ပတ်တဲ့ အလွယ်ကူဆုံး ဘာဝနာများကို ဓမ္မလက်ဆောင် ပေးပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဒီသရဏသုံးပါး (ကိုးကွယ်ရာသုံးပါး)ကို နမော တဿလိုပဲ ဘာဝနာဆိုက်အောင် ကြိမ်ဖန်များစွာ ရွတ်ပွားနေရင် (၁)။ဗုဒ္ဓါ နုဿတိဘာဝနာဖြစ်ပါတယ်။ (၂)ဓမ္မာနုဿတိဘာဝနာလည်းဖြစ်ပါတယ်။(၃)။သံဃာနုဿတိဘာဝနာလည်းဖြစ်ပါတယ်။
ဗုဒ္ဓံကို ဆိုလိုက်ရင် အရဟံစတဲ့ ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားကို အာရုံပြုရပါမယ်။ ဓမ္မံ လို့ဆိုလိုက်ရင် သွာက္ခာတစတဲ့ ဂုဏ်တော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ တရားတော်(မဂ်လေးတန် ဖိုလ် လေးတန်)၊နိဗ္ဗာန် ပရိယတ်ဟုဆိုအပ်သော ဆယ်တန်သော တရားတော်ကို) အာရုံပြုရပါမယ်။ သံဃံလို့ ဆိုလိုက်ရင် သုပ္ပဋိပန္တွတာစတဲ့ ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ အရိယာသံဃာတော်(သမ္မုတိသံဃာ) တော်တို့ကို အာရုံပြုရပါမယ်။သာသနာတွင်းမှာသာ ပွားများပူဇော်ခွင့်ရတဲ့ အနုဿတိဘာဝနာ ကမ္မဋ္ဌာန်း ကြီးများဖြစ်ပါတယ်။သေးငယ်တယ် သေးသိမ်တယ်လို့ မထင်မိစေရန် အရေးကြီးပါတယ်။
ဒီသရဏသုံးပါးကို နမော တဿလိုပင် သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း နှုတ်ဖြင့်ရွတ်ပွားခြင်း စိတ်ဖြင့် ရွတ်ပွားခြင်းတို့ကို အလှည့်အပြောင်းထားပြီး လေ့ကျင့်ရွတ်ပွားပေးရပါတယ်။အခြေခံ ပရိကမ္မဘာဝနာအဖြစ် သုံးလေလောက် အလုပ်မပျက် အကိုင်မပျက် သတိထားပြီး ရွတ်ပွားလေ့ကျင့်ပေးရင် ပရိကမ္မဘာဝနာ အင်အားကောင်းလာပါလိမ့်မယ်။
ပရိကမ္မ အဆင့်လွန်ရင် ဥပစာအဆင့်ရောက်လာပါတယ်။ဒါကြောင့် “သွားပါများ ခရီးရောက်”ဆိုသလို “ပွားပါများ သမာဓိရ”လာတာကို ကိုယ်တိုင်တွေ့ရပါလိမ့်မယ်။ကမ္မဋ္ဌာန်းဘာဝနာအလုပ်က မခက်ပါ။ မပျင်း မရိ သတိတရားနဲ့ ပွားများဖို့ကသာ ခက်ပါတယ်။ ဒါကြောင့် အလကား အချိန်ကုန်သွားမဲ့အစား နမော တဿ ရွတ်ပွားလို့ဖြစ်စေ၊သရဏဂုံရွတ်ပွားလို့ဖြစ်စေ အချိန်ကုန်မယ်လို့ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ယခု နည်းပေးခဲ့တဲ့ နမော တဿ ဘာဝနာ ၊ သရဏဂုံသုံးပါး ဘာဝနာတို့ဟာ အလုပ်များတဲ့ လူသားတွေနဲ့ အလွန်လျော်ကန်တဲ့ ဘာဝနာများဖြစ်ကြောင်း နှလုံးပိုက်မိကြစေလိုပါတယ်။ ဂါထာပေး တေး မဖြစ်စေဘဲ ဂါထာပေး လေးလေးနက်နက် ကျင့်သုံးကြဖို့လိုကြောင်း မေတ္တာနဲ့နှိုးဆော်သမှု ပြုလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလ၀ံသ(၀ီရဓမ္မ) မှ ရေးသားထားသော ပို့စ်ကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။
0 Response to "လိုတရဂါထာများ(သို့) သရဏဂုံသုံးပါး၏တန်ဘိုး"
Post a Comment