နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ပညာရှိ သူမြတ်တို့၏ စိတ်ဓါတ်

ပညာရှိဟု၊ သိအပ်ခြင်းရာ၊ လက္ခဏာကား၊ မ၀ါကြွားခြင်း၊ မပြင်းဒေါသ၊ မာနမပျိုး၊ ကိုယ်ကျိုးကိုယ်သာ၊ မရှာပေတတ်၊ မလျောက်ပတ်ကို၊ သတိမမူ၊ သူတစ်ပါးအား၊ စကားပြစ်တင်၊ မဆိုချင့်တည့်၊ စိတ်ရွှင်ဝမ်းသာ၊ ခန္တီမကွာ၊ အခါခပ်သိမ်း၊ ကိုယ်နှုတ်ထိန်းသည်၊ မယိမ်းမေတ္တာ ဆင့်ပွားတည်း။ (မဟာစည်ဆရာတော်)

ရဟန္တာဟု ပြောဆိုခြင်းအကြောင်း (၅) ပါး

၁။ ပညာနုံ့နဲမှုကြောင့် ရဟန္တာဟု ပြောခြင်း၊
၂။ ယုတ်မာသော အလိုဆိုး နှိပ်စက်သောကြောင့် ရဟန္တာဟု ပြောခြင်း၊
၃။ ရူးသွပ်သောကြောင့် ရဟန္တာဟု ပြောခြင်း၊
၎။ ရနိုးထင်သော အဓိမာနကြောင့် ရဟန္တာဟု ပြောခြင်း၊
၅။ အကြောင်းအားလျော်စွာ မပြောမဖြစ်၍ ရဟန္တာဟု ပြောခြင်း၊
ဤငါးပါးတည်း။ (အံ- ပဉ္စကနိပါတ်)

ရွှေဥမင်ဆရာတော်၏ ဆုံးမသြ၀ါဒ

ခြေတစ်လှမ်း ကုဋေတစ်သန်းတန်တယ်ဆိုတာ ဘယ်ကမလဲ၊ နေ့တိုင်းလျှောက်နေကြတာ ကုဋေသန်းပေါင်းတွေမနည်းတော့ဘူး၊ တရားနှလုံးမသွင်း သတိလက်လွတ်ဖြစ်တိုင်း ကုဋေတစ်သန်းမကတန်တဲ့ ဥာဏ်ကုသိုလ်တွေ ဆုံးရှုံးသွားပြီ။
 ငွေလေးတစ်ထောင်၊ တစ်သောင်းပါတဲ့ ပိုက်ဆံအိတ်ကျပျောက်တော့ ငိုလိုက်ကြတာ နှမြောလိုက်ကြတာ ရှာလိုက်ရတာအမော၊ ကုဋေသိန်းပေါင်းများစွာ တန်တဲ့ ကုသိုလ်ပျောက်ဆုံးကုန်တာတော့ ငိုရမှန်း၊ နှမျောရမှန်း မသိကြပါလား။
သတိပဌာန်တရားအားထုတ်တာဟာ ဥာဏ်ကုသိုလ်အလုပ်လုပ်တာပဲ၊ ကံကုသိုလ်က သုံးဆယ်တစ်ဘုံ ချမ်းသာပဲ ပေးနိုင်တယ်။ ဥာဏ်ကုသိုလ်ကြီးကတော့ မနှိုင်းဆနိုင်တဲ့ အကျိုးထူး နိဗ္ဗာန်ချမ်းသာကြီးရစေတယ်။

မိဘဂုဏ်ရည် (၁၂)ပါး

အာပေါဒါ စ ဗြဟ္မာဒယော၊ သုဟရာဒိ ဂုဏာသယေ။
အတိဇာတေဟိ နာမတ္တေ၊ ၀န္ဒေ မေ မာတရော ဒုဝေ။
အာပေါဒါစ ဂုဏာသယေ-(၁)တွင်းပဘေးဒဏ်၊ ရန်မာန်ကင်းပျောက်၊ သားသမီးတို့၏ စီးပွားခြင်းသို့ရောက်အောင် စောင့်ရှောက်တတ်သော ''အာပေါဒက'' ဟူသောဂုဏ်။
(၂)နှလုံးသွေးစစ်၊ နို့ချိုနှစ်ကို သောက်ဖို့စေလျက်၊ ယုယပိုက်ထွေး ကျွေးမွေးတတ်သော "ပေါသက"ဟူသောဂုဏ်။
(၃)ရှု့ဘွယ်လုံးစုံ အာရုံဟူသမျှကို  ပြုပေးတတ်သော "ဒေဿတာရ"ဟူသောဂုဏ် အလုံးစုံတို့နှင့် ကုံ
ကုံပြည့်လျှံ အမှန်စင်စစ် တည်ရာလည်းဖြစ်တော်ကုန်ထသော ၊ 
ဗြဟ္မာဒယော ဂုဏာသယေ- (၄)သန္ဓေတည်စ ထိုကာလမှ စ၍မခြား သားသမီးများတို့​၌ ပွားစီးဗြဟ္မစိုရ်
ကြည်ညိုပိုက်ကျုံး နှလုံးမူတတ်သည်ဖြစ်၍ "ဗြဟ္မာ"ဟူသောဂုဏ် ၊ 
(၅)အကျိုးများအောင် တိုးပွားစောင့်ကြပ် မ စတတ်သော  အိမ်ဦးနတ်နှင့် တူသည်ဖြစ်၍ "ပုဗ္ဗဒေဝတာ"ဟူသောဂုဏ် ၊
(၆) ဆရာတို့ထံ မအပ်နှံသေး ငယ်ရွယ်သေး၍ ရှေ့ဦးရှေ့ဖျား သင်ကြားပြုပြင် သွန်သင်ပြသသည်ဖြစ်၍ "ပုဗ္ဗာစရိယ"ဟူသောဂုဏ် ၊ 
(၇)ခရီးဝေးစွာ ဆောင်ယူလာပြီး သားသမီးတို့၏ ပစ္စည်းအလှူကို ခံယူသိမ်းပိုက် ထိုက်သည်ဖြစ်၍   "အာဟုနေယျ"ဟူသောဂုဏ် အလုံးစုံတို့နှင့် ကုံလုံပြည့်လျှံ အမှန်စင်စစ် တည်ရာလည်းဖြစ်ကုန်
ထသော ၊ 
သုဟဒါဒိ ဂုဏာသယော -(၈) သားကိုရရန် တောင်းဆုပန်၍ သည်းရန်မျက်ဖြေ သားသက်ဝေ၌ အရေထူပါးအကြောများနှင့် ရိုး,သားထွင်းဖောက် ခြင်ဆီရောက်သည်ထိ ချစ်ခြင်းရှိထသော "သုဟဒ"ဟူသောဂုဏ်၊
(၉)ကိုးလဆယ်လ စသည်တစ်မူ ကြည်ဖြူနှစ်သက် ဆောင်ရွက်မကွာ ကြင်နာသနား သတိုးသားကို ဖွားမြင်ပေတတ်သော "ဇနေတ္တိ''ဟူသောဂုဏ် ၊ 
(၁၀)ကိုယ်စိတ်မချမ်း ငိုမြည်တမ်းက ရွှင်လန်းစိမ့်ရေး  နို့ချိုကျွေးလျက် တေးသီးချင်းတို့ဖြင့် သာညင်းကျုးငြိမ့် နှစ်သိမ့်စေတတ်သော ''တောသယန္တိ'' ဟူသောဂုဏ် ၊
(၁၁)နေပူ လေပူ ညှင်းပန်းဟူက ကြည်ဖြူလန်းဆန်း မြတ်နိုးတနာ သားသည်းခြာကို ကောင်းစွာစောင့်မ ယုယလေးမြတ် မွေးပေးတတ်သော ''ပေါသေန္တ''ဟူသောဂုဏ် ၊ 
(၁၂) မိရိုးဖလာ ရတနာရွှေငွေ လယ်ယာမြေကိုအမွေခံနှင့် စံရစ်စရာ ဖြစ်စိမ့်ငှာဟု ကောင်းစွာသိုမှီး သိမ်းဆည်း  စောင့် ရှောက်တတ်သော ''ဂေါပယန္တိ''ဟူသောဂုဏ် အလုံးစုံတို့နှင့် ကုံလုံပြည့်လျှံ အမှန်စင်စစ် တည်ရာလည်း ဖြစ်ကုန်ထသော ၊
အတိဇာတေဟိ - အမိ,အဖ နှစ်ပါးတို့က ညွတ်တွားရိုကျိုး လက်အုပ်မိုး၍ ရှိခိုးထိုက်သည့် ဂုဏ်ထူးရှိ၍ 
အတိဇာတမည်ရထင်ရှား သားရဟန်းများတို့သည် ၊ 
အနာမတ္တေ- သဒ္ဓါမြတ်လေး ဆွမ်းဦးပေး၍ လုပ်ကျွေးခြင်းငှာအပ်ကုန်သော ၊ 
မေ (မမ) - အကျွနု၏ ၊ 
ဒုဝေ မာတရော - ကျေးဇူးကြီးမား မိဖနှစ်ပါးတို့ကို၊ 
ဝန္ဒေ(ဝန္ဒာမိ)- ကိုယ်နူတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့မြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ ။

ခြကောင်လေးတွေကိုစံထားပါ

ခြကောင်ပုံကြည့်၊ခြကလေးများနှုတ်သီးနှင့်ချီ၍ချီ၍လာခဲ့တဲ့မြေစိုင်ခဲကလေးများဟာ သေးသေးကလေးတွေပါပဲ၊ သေးသေးကလေးတွေ နည်းနည်း နည်းနည်းနဲ့ ဆုတ်ယူလာခဲ့တဲ့ အမှုန့်ကလေးတွေစုရင်းနှင့် တောင်ပို့ကြီး အကြီးကြီး ဖြစ်သွားသလို။ ဥာဏ်ရှိတဲ့ လူ၊ မိတ်ကောင်း ဆွေကောင်းရတဲ့ လူ၊ စီးပွားပျက်ခြင်းရဲ့ အကြောင်းတရားခြောက်ပးရှောင်တဲ့ လူ၊ အဂတိလေးပါး မလိုက်စားတဲ့ လူ၊ ပါပကမ္မလေးပါးမှ လွတ်တဲ့လူသည် စီးပွားရေး၊ ကြီးပွားရေး တဖြေးဖြေး တိုးတက်လာပါလိမ့်မယ်။
ဘောဂါ သန္နိစယံ ယန္တိ၊ ၀မ္မိကော ၀ုပစီယတိ။
ဧ၀ံ ဘောဂေ သမာဒေတွာ၊ အမလတ္ထော ကုလေ ဂိဟိ။  ။
ဘောဂါ-စီးပွားဥစ္စာတို့သည်၊ သန္နိစယံ-စုဆောင်းမိပါတယ်ဆိုတဲ့ အဖြစ်သို့၊ ယန္တိ-မုချမသွေ ဆိုက်ရောက်ကြလေကုန်၏။ ဧ၀ံ-ဤသို့၊ ဘောဂေ-စီးပွားဥစ္စာတို့ကို၊ သမာဒေတွာ-စုဆောင်းပြီးတော့၊ ကုလေ-လူ့လောက၌၊ ဂိဟိ-အိမ်နေသူ ဒါယကာ ဒါယိကာမသည်၊ ဃရံ အာဝသိတုံ-အိမ်ကို လွှမ်းမိုးအုပ်စိုးပြီး နေထိုင်သော နေထိုင်းခြင်းကို၊ အလမတ္တော-စွမ်းနိုင်သည်၊ ဟောတိ-ဖြစ်ရာ၏။
အဲဒီ ပြောပြထားတဲ့ အချက်အလက်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အိမ်ယာတည်ထောင်လူ့ဘောင်ကို လွှမ်းမိုးအုပ်ချုပ်နိုင်တဲ့ ပုဂ္ဂိုလ်ကောင်းဖြစ်ပြီလို့ ဥယျောဇဉ် တိုက်တွန်းတယ်။
(သီတဂူဆရာတော် သိင်္ဂါလသုတ်မှ)

မြတ်ဘုရား၏ ဗုဒ္ဓ၀င်အကျဉ်းချုပ်

  • လူအမည်-သိဒ္ဓတ္ထ
  • ဘုရားဘွဲ့-ဂေါတမ
  • မိဘအမည်-သုဒ္ဓေါဒနမင်းနှင့်မာယာဒေ၀ီ
  • ကြင်ယာတော်-ယသောဓရာ(ဘဒ္ဒကစ္စာနာ)
  • ရင်သွေးတော်-ရာဟုလာ
  • ယောက်ဖတော်-ဒေ၀ဒတ်
  • မိထွေးတော်-ဂေါတမီ
  • နေပြည်တော်-ကပိလ၀တ်ပြည်(သက္ကတိုင်း၊မဇ္ဈိမဒေသ)
  • ဖွားရာဌာန-လုမ္ဗိနီဥယျာဉ်(ကပိလ၀တ်နှင့်ဒေ၀ဒဟအကြား)
  • နန်းစံနှစ်-(၁၃)နှစ်ကြာ(၁၆မှ၂၉နှစ်အထိ)
  • နိမိတ်ကြီးများ-သူအို၊သူနာ၊သူသေ၊ရဟန်း
  • ဗျာဒိတ်ခံယူသောဘ၀-သုမေဓာရသေ့ဘဝ
  • ဗျာဒိတ်ခံယူသောနေ့-ကဆုန်လပြည့်နေ့
  • ဗျာဒိတ်ပေးသောဘုရား-ဒီပင်္ကရာမြတ်စွာဘုရား
  • ပါရမီဖြည့်ဖက်-သုမိတ္တာအမျိုးသမီး(ယသော်ဓရာအလောင်း)
  • ပါရမီဖြည့်ရာကာလ-လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း(သုမေဓာဘ၀မှဝေဿန္တရာဘ၀အထိ)
  • ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက်-သတ္တ၀ါများအကျိုးဆောင်ရွက်ရန်
  • ဒုက္ကရစရိယာကျင့်ရသောကာလ-(၆)နှစ်ကြာ(၉၇မှ၁၀၃အထိ)
  • ဒုက္ကရစရိယာကျင့်သည့်နေရာ-ဥရုဝေဠတော
  • ဘုရားဖြစ်ချိန်သက်တော်-(၃၅)နှစ်အရွယ်
  • ဘုရားပွင့်ရာသက်တမ်း-(၁၀၀)တမ်း
  • အလုပ်အကျွေး-ပဉ္စ၀ဂ္ဂီငါးဦး(ဒုက္ကရစရိယာကျင့်ခိုက်)
  • တရားဦးဟောသည့်နေရာ-ဗာရာဏသီ၊မိဂဒါဝုန်တော
  • ပထမဆုံးသာဝက-ပဉ္စ၀ဂ္ဂီငါးဦး
  • နောက်ဆုံးကျွတ်သောသာဝက-သုဘဒ္ဒပရိဗိုဇ်
  • လက်ယာရံအဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
  • လက်ဝဲရံအဂ္ဂသာဝက-အရှင်မဟာမောဂ္ဂလာန်
  • အဆုံးအမသာသနာ-ပရိယတ္တိ၊ပရိပတ္တိ၊ပဋိဝေဓ
  • ကျင့်စဉ်သိက္ခာ-သီလ၊သမာဓိ၊ပညာ
  • ချမှတ်သောလမ်းစဉ်-မဇ္ဈိမပဋိပဒါ(မဂ္ဂင်လမ်းစဉ်)
  • သန္ဓေယူသောနေ့-မဟာသက္ကရာဇ်(၆၇)၀ါဆိုလပြည့်၊ကြာသပတေးနေ့
  • ဖွားမြင်သောနေ့-မဟာသက္ကရာဇ်(၆၈)ကဆုန်လပြည့်၊သောကြာနေ့
  • တောထွက်သောနေ့-မဟာသက္ကရာဇ်(၉၇)၀ါဆိုလပြည့်၊တနင်္လာနေ့
  • ဘုရားဖြစ်သောနေ့-မဟာသက္ကရာဇ်(၁၀၃)ကဆုန်လပြည့်၊ဗုဒ္ဓဟူးနေ့
  • ဓမ္မစကြာဟောသောနေ့-မဟာသက္ကရာဇ်(၁၀၃)၀ါဆိုလပြည့်၊စနေနေ့
  • ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ်(၁၄၈)ကဆုန်လပြည့်၊အင်္ဂါနေ့
  • တေဇောဓါတ်လောင်သောနေ့-(၁၄၈)ကဆုန်လဆုတ်(၁၂)တနင်္ဂနွေနေ့

အဂတိတရား လေးပါး

၁။ဆန္ဒာဂတိ=ချစ်သောကြောင့်(မျက်နှာလိုက်၍)မတရားပြုခြင်း။
၂။ဒေါသာဂတိ=မုန်းသောကြောင့် မတရားပြုခြင်း။
၃။မောဟာဂတိ=မသိသောကြောင့် မတရားပြုခြင်း။
၎။ဘယာဂတိ=ကြောက်သောကြောင့် မတရားပြုခြင်း။

ဤတရားလေးပါးလိုက်စားလျှင် လဆုတ်ပက္ခလလို ဆုတ်ယုတ်မည်။ ရှောင်ရှားလျှင် လဆန်းပက္ခလလို တစ်နေ့တစ်ခြား ထွန်းလင်းတောက်ပမည်။
ချစ်,မုန်း,ကြောက်ထွေ၊ တွေဝေသောအား၊ လွန်ကျူးမှားသော်၊
မပွားလရောင် ဆုတ်ယောင်သော်။
ချစ်,မုန်း,ကြောက်ထွေ၊ တွေဝေသောအား၊ မလွန်ငြားသော်၊ တိုးပွားလရောင် ပြည့်ယောင်သော်။


လိုတရဂါထာများ(သို့) သရဏဂုံသုံးပါး၏တန်ဘိုး

လိုတရဂါထာများ(သို့) သရဏဂုံသုံးပါး၏တန်ဘိုး

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓံ= သစ္စာလေးပါး ခပ်သိမ်းသောတရားတို့ကို ပိုင်းခြားကျန ကိုယ်တော်တိုင် သိရ၍ ဝေနေယျများစွာ သတ္တဝါတို့အား ဟောကြားသိစေတော်မူသော မြတ်စွာဘုရားကို သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာ ရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ=ယုံကြည် သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
ဓမ္မံ=မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ်ကို၊သရဏံ=ဘေးရန်ပယ် ဖျောက် ချမ်းသာရောက်အောင် စောင့်ရှောင့်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ= ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်ပါ၏ ၊အရှင်ဘုရား။

သံဃံ=သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်မြတ်အပေါင်းကို၊သရဏံ=ဘေးရန်ပယ်ဖျောက် ချမ်းသာ ရောက်အောင် စောင့်ရှောက်တော်မူတတ်သဖြင့် အမြတ်ဆုံးသော ကိုးကွယ်ရာဟူ၍၊ဂစ္ဆာမိ=ယုံကြည်သိ မှတ် ဆည်းကပ်ကိုးကွယ်ပါ၏ အရှင်ဘုရား။
နမော တဿ ဘုရားရှိခိုးပြီးလျှင် သရဏဂုံသုံးပါး ခံယူရပါတယ်။အဲဒီ နမောတဿတို့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိတို့ သည် သုံးမကုန်တဲ့ ရတနာထုပ်ကြီးများဖြစ်ကြပါတယ်။ရတနာကို ရတနာမှန်းမသိကြတဲ့အတွက် တန်ဖိုးကို နားမလည်ဖြစ်နေကြတာပါ။တရားဆိုတာ အဝေးကြီးမှာ ရှာရတယ်ထင်ပြီး ပင်စင်ရမှ၊သားသမီးတွေအတွက် စိတ်အေးရမှ စားရေး သောက်ရေး နောက်ပိုင်းအေးမှစသည်ဖြင့် ဟိုရွှေ့ ဒီရွှေ့ ရွှေ့နေတတ်ကြပါတယ်။ မရဏဓမ္မ သေခြင်းတရားဆိုတာ အစိုးမရတဲ့အတွက် ဟိုရွှေ့ ဒီရွှေ့ ရွှေရင်း တရားအားမထုတ်လိုက်ရဘဲ သေမင်းနောက် လိုက်သွားရတဲ့ သူတွေကများပါတယ်။ဒါကြောင့် သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း အလုပ်ဖြစ်တဲ့ အထူးသဖြင့် ကိစ္စများမြောင် လူတို့ဘောင်က လူသားတွေနဲ့ လျောက်ပတ်တဲ့ အလွယ်ကူဆုံး ဘာဝနာများကို ဓမ္မလက်ဆောင် ပေးပါတယ်။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဒီသရဏသုံးပါး (ကိုးကွယ်ရာသုံးပါး)ကို နမော တဿလိုပဲ ဘာဝနာဆိုက်အောင် ကြိမ်ဖန်များစွာ ရွတ်ပွားနေရင် (၁)။ဗုဒ္ဓါ နုဿတိဘာဝနာဖြစ်ပါတယ်။ (၂)ဓမ္မာနုဿတိဘာဝနာလည်းဖြစ်ပါတယ်။(၃)။သံဃာနုဿတိဘာဝနာလည်းဖြစ်ပါတယ်။
ဗုဒ္ဓံကို ဆိုလိုက်ရင် အရဟံစတဲ့ ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားကို အာရုံပြုရပါမယ်။ ဓမ္မံ လို့ဆိုလိုက်ရင် သွာက္ခာတစတဲ့ ဂုဏ်တော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူတဲ့ တရားတော်(မဂ်လေးတန် ဖိုလ် လေးတန်)၊နိဗ္ဗာန် ပရိယတ်ဟုဆိုအပ်သော ဆယ်တန်သော တရားတော်ကို) အာရုံပြုရပါမယ်။ သံဃံလို့ ဆိုလိုက်ရင် သုပ္ပဋိပန္တွတာစတဲ့ ဂုဏ်တော်ကိုးပါးနဲ့ပြည့်စုံတော်မူတဲ့ အရိယာသံဃာတော်(သမ္မုတိသံဃာ) တော်တို့ကို အာရုံပြုရပါမယ်။သာသနာတွင်းမှာသာ ပွားများပူဇော်ခွင့်ရတဲ့ အနုဿတိဘာဝနာ ကမ္မဋ္ဌာန်း ကြီးများဖြစ်ပါတယ်။သေးငယ်တယ် သေးသိမ်တယ်လို့ မထင်မိစေရန် အရေးကြီးပါတယ်။
ဒီသရဏသုံးပါးကို နမော တဿလိုပင် သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း နှုတ်ဖြင့်ရွတ်ပွားခြင်း စိတ်ဖြင့် ရွတ်ပွားခြင်းတို့ကို အလှည့်အပြောင်းထားပြီး လေ့ကျင့်ရွတ်ပွားပေးရပါတယ်။အခြေခံ ပရိကမ္မဘာဝနာအဖြစ် သုံးလေလောက် အလုပ်မပျက် အကိုင်မပျက် သတိထားပြီး ရွတ်ပွားလေ့ကျင့်ပေးရင် ပရိကမ္မဘာဝနာ အင်အားကောင်းလာပါလိမ့်မယ်။
ပရိကမ္မ အဆင့်လွန်ရင် ဥပစာအဆင့်ရောက်လာပါတယ်။ဒါကြောင့် “သွားပါများ ခရီးရောက်”ဆိုသလို “ပွားပါများ သမာဓိရ”လာတာကို ကိုယ်တိုင်တွေ့ရပါလိမ့်မယ်။ကမ္မဋ္ဌာန်းဘာဝနာအလုပ်က မခက်ပါ။ မပျင်း မရိ သတိတရားနဲ့ ပွားများဖို့ကသာ ခက်ပါတယ်။ ဒါကြောင့် အလကား အချိန်ကုန်သွားမဲ့အစား နမော တဿ ရွတ်ပွားလို့ဖြစ်စေ၊သရဏဂုံရွတ်ပွားလို့ဖြစ်စေ အချိန်ကုန်မယ်လို့ ဆုံးဖြတ်ချက် ချသင့်ပါတယ်။ယခု နည်းပေးခဲ့တဲ့ နမော တဿ ဘာဝနာ ၊ သရဏဂုံသုံးပါး ဘာဝနာတို့ဟာ အလုပ်များတဲ့ လူသားတွေနဲ့ အလွန်လျော်ကန်တဲ့ ဘာဝနာများဖြစ်ကြောင်း နှလုံးပိုက်မိကြစေလိုပါတယ်။ ဂါထာပေး တေး မဖြစ်စေဘဲ ဂါထာပေး လေးလေးနက်နက် ကျင့်သုံးကြဖို့လိုကြောင်း မေတ္တာနဲ့နှိုးဆော်သမှု ပြုလိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလ၀ံသ(၀ီရဓမ္မ) မှ ရေးသားထားသော ပို့စ်ကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

အဖေမှာ မှာတဲ့အတိုင်း

ပိတာ မံ ဘန္တေ ကာလံကရောန္တော ဧ၀ံ အ၀စ။
ဘန္တေ-ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။မေ-တပည့်တော်၏၊ ပီတာ-ဖခင်သည်၊ ကာလံကရောန္တော-သေခါနီးတဲ့ အချိန်တုန်းက။ မံ-တပည့်တော်ကို။ဧ၀ံ-ဤသို့၊ အ၀စ-မှာခဲ့ပါတော့တယ်ဘုရား။
တပည့်တော်အဖေ သေခါနီးတုန်းက တပည့်တော်ကို မှာသွားတယ်ဘုရား၊ ဘာတွေမှာသွားတုန်းဆိုလို့ရှိယင်-
ဒိသာ တာတ နမေဿယျာသီတိ။
တာတ-ချစ်သား။တွံ-သင်သည်။မမစ္စယေ-ငါကွယ်လွန်သွားတဲ့အခါကျတော့၊ဆဒိသာ-အရပ်ခြောက်မျက်နှာတို့ကို။နမေဿယျာသိ-ရှိခိုးပြီးတော့နေရစ်ပါလေ။
ဣတိ-ဤသို့၊ကာလံကရောန္တော-သေခါနီးဆဲဆဲဖြစ်၍ နေသော၊မေ-တပည့်တော်၏၊ ပိတာ-ဖခမည်းတော်သည်၊ မံ-တပည့်တော်ကို၊ ဧတံဝစနံ-ဤစကားကို၊ အဝေါစ-မှာကြားခဲ့ပါသည်မြတ်စွာဘုရား။
ဣတိ-ဤသို့၊ သိင်္ဂါလကော ဂဟပတိပုတ္တော-သိင်္ဂါလခေါ်ဆိုတဲ့ သူဋ္ဌေးသားသည်။ ဘဂ၀န္တံ-ဘုန်းတော်ခြောက်ပါးသခင်ဘုရားရှင်ကို၊ ဧတံဝစနံ- ဤစကားကို။ အဝေါစ-ရွှေနားတော်ကြားအောင် လျှောက်ထားတော်မူလေသတည်း။
တပည့်တော် အရပ်ခြောက်မျက်နှာ ရှိခိုးနေတာ တစ်ခြားကြောင့်မဟုတ်ပါဘူး။အဖေသေခါနီးတုန်းက တပည့်တော်ကိုမှာခဲ့တယ်မြတ်စွာဘုရား။ "ငါ့သား-ငါသေသွားရင်လေ၊ မင်း အရပ်ခြောက်မျက်နှာ ရှိခိုး၊ လောကကြီးပွားလိမ့်မယ်"လို့ အဖေ မှာခဲ့တယ်ဘုရား။
အဲဒါကြောင့်မို့လို့- ဘန္တေ-ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား။ တံဝစနံ-ထိုဖခင်သေခါနီး မှာကြားခဲ့တဲ့ စကားကို၊ အနုဿရမာနော-အစဉ်အောက်မေ့သည် ဖြစ်၍၊ ဂရုံ ကရောန္တော-အလေးအမြတ်ပြုသည်ဖြစ်၍။အဟံ-ဘုရားတပည့်တော်သည်။ ဆဒိသာ-အရပ်ခြောက်မျက်နှာတို့ကို၊ နမဿာမိ-ရှိခိုး၍ နေရကြောင်းပါမြတ်စွားဘုရား။ ဤသို့ သိင်္ဂါလမင်းသားသည် ဖခင်မှာကြားထားခဲ့သော အရပ်မျက်နှာခြောက်ပါးရှိခိုးပြီး လောကကြီးပွားကြောင်းကို ရှာကြံနိုင်ကြပါစေ။

ဗုဒ္ဓါနုဿတိ ပွားများပါ

ဘုရားသာသနာမှာ ဘုရားကြည်ညိုအောင် ဗုဒ္ဓါနုဿတိပွား၊ သတ္တ၀ါတွေ ညှာတာမှုရှိအောင် မေတ္တာပွား၊ အသားကျတော့မှ ၀ိပဿနာ ရုပ်နာမ်တို့ကို အနိစ္စရှု။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ဗုဒ္ဓါနုဿတိကို နေ့စဉ်ပွားများခြင်းအားဖြင့် မြတ်ဘုရား၏ ကြည်ညိုခြင်းခံရအောင်ကြိုးစားကြပါ။ သတ္တ၀ါတွေအပေါ်မှာ အချင်းချင်း ညှာတာမှုရှိအောင် မေတ္တာကိုနေ့စဉ် ပို့သပွားများကြပါ။ ထိုနေ့စဉ် အာစိဏ္ဏကံ ကုသိုလ် ရင့်ကျက်လာသည်နှင့်အမျှ ခန္ဓာကိုယ်ကြီး၏ ဖြစ်မှု၊ပျက်မှုများကို အနိစ္စ မြင်လာအောင်၊ ဒုက္ခ မြင်လာအောင်၊ အနတ္တ မြင်လာအောင် ရှု့မှတ်ပွားများကြပါလို့ မိန့်မှာတော်မူသည့် အတိုင်း သတ္တသမုတ် အကျွန်ုပ်တို့သည်လည်း မှာခဲ့သည့် လမ်းစဉ် မကြွင်းကျန်ရလေအောင် ကြိုးပမ်းကြပါကုန်စို့။  ။

သုခရချင်ရင်

သုခတစ်ခုမှ သုခတစ်ခုကို ရရိုးမရှိ၊ ဒုက္ခနဲ့ ရင်ဆိုင်မှ သုခကိုရတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များ)
သုခတစ်ခုဖြစ်ပြီး သုခတစ်ခုကို ကူးစက်ပြီးရရိုးမရှိပါဘူး။ သုခကိုလိုချင်တယ်ဆိုရင် သုခကို ဖြစ်စေတဲ့ ကောင်းမှုမှန်သမျှကို ရနိုင်သလောက် ယူထားကာမှ တော်ကာကျပေမည်။ သုခမှ သုခသို့ ကူးဖို့ဆိုတာ အတော်လေး အားစိုက်ပြီး ကြိုးပမ်းမှသာလျှင် ရနိုင်ပေမည်။ သုခမှ ဒုက္ခသို့ ပြောပြစရာလိုမည်မထင်။ ဒုက္ခကို ဖြစ်ဖို့ဆိုရင် လူအများစုများသည် မသင်ပဲတတ်သော အကုသိုလ်ပညာဖြစ်သောကြောင့်တည်း။ ဒုက္ခသို့ရောက်ဖို့ရန် လွယ်လွန်းသလောက် သုခကို ရဖို့ရန်ကား ဖြောင့်ဖြောင့် ဆန့်ကျင်သော ခက်ခဲခြင်းပင်။သို့ကြောင့် ထိုလွယ်လွန်းသည်၏ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သော သုခကို လက်ဝယ်ရရှိနိုင်ရန် ဘ၀တစ်မျက်နှာစာ ကုသိုလ်များကို တစ်သံသရာလည်ပတ်နိုင်အောင် ထုပ်ပိုးလို့ သယ်ဆောင်နိုင်ကြပါစေ။

၁၃၇၃ ခုနှစ် ဗုဒ္ဓ၀န္ဒနာယဉ်ကျေးမှုပုံရိပ်များ

ဗုဒ္ဓ၀န္ဒနာယဉ်ကျေးမှုကလေးသူငယ်ဆုရရှိသူများ
ပထမဆင့်(ပဉ္စမ)ထူးချွန်ဆု မတင်ဇာဦး
ပထမဆင့်(တတိယ)ထူးချွန်ဆု မရွှန်းလဲ့ရည်
ပထမဆင့်(ပထမ)ထူးချွန်ဆု မ၀ိုင်းဝိုင်း
ဒုတိယဆင့်(တတိယ)ထူးချွန်ဆု မောင်စည်သူထွေး

ဒုတိယဆင့်(စတုတ္ထ)ထူးချွန်ဆု မရတနာဦး
ဒုတိယဆင့်(ပထမ)ထူးချွန်ဆု မထူးမြတ်မွန်

ကြီးပွားရေး

လောကမှာ ကြီးပွားတယ်ဆိုတာ ထီပေါက်မှ စီးပွားရေးကောင်းမှလို့ ထင်နေကြတယ်၊ ဟုတ်မှန်တဲ့ သဘာဝဓမ္မတွေကို လေ့လာပွားများနေရင် စိတ်နေစိတ်ထားကြီးပွားတာပါပဲ။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
 လောကမှာ အများစုတို့သည် ပစ္စည်းဥစ္စာရာထူးဂုဏ်သိန်တွေ ချမ်းသာမှ ကြီးပွားတယ် ပြည့်စုံတယ် အရာရာ ဖန်တီးနိုင်တယ်လို့ ယူဆနေကြပေသည်။အမှားကြီးပင် မှားပါ၏။အဘယ့်ကြောင့်ဆိုသော် ဒါနပြုသော်မှန်ပေ၏။ဧကန်ပင် အကျိုးပေးမည်။နိဗ္ဗာန်မရမှီ ဘ၀တို့တွင် ကြင်လည်ရသည်ရှိသော် အောက်တန်းမကျပဲ ပြည့်စုံပြည့်စုံနေနိုင်ကြပေလိမ့်မည်။ သို့သော် အခြားကြီးပွားရေးလမ်းစဉ်ကိုလည်း လိုက်စားသင့်ပေသည်။ မြတ်ဗုဒ္ဓ၏လေးဆယ့်ငါးဝါကာလကြာအောင် ဟောကြားထားသော တရားတော်တို့ကို လေ့လာလိုက်စား ပွားများကြမည် ဆိုလျှင်ဖြင့် သံသရာ၏ မဟာအထူးကြီးပွားကြမည်ကို သိသင့်စေသောကြောင့် တင်ပြလိုက်ရပေသည်။

ကျေးဇူးအကျေဆပ်နိုင်စေ

   "ကျေးဇူးအကျေ ဆပ်နိုင်စေ"
   ဆေးခန်းပိတ်ပြီး အိမ်ပြန်ဖို့ စီစဉ်နေခိုက် ည(၉)နာရီလောက်မှာ ကျွန်တော် ဆေးခန်းတံခါးကို ကသောကမြော ခေါက်သံကြားလိုက်ပါတယ်။ ဆေးခန်းတံခါး လာခေါက်သံတွေထဲမှာ အခုလောက် အရေးတကြီး ကသုတ်ကရက်နိုင်တဲ့ တံခါးခေါက်သံမျိုး ကျွန်တော်တစ်ခါမှ မကြားခဲ့ပါဘူး။ ဝင်ခဲ့ပါ..ဝင်ခဲ့ပါ ကျွန်တော်စိတ်မရှည်စွာ တုံ့ပြန်လိုက်မိပါတယ်။ အခန်းတံခါး ဆွဲဖွင့်သံကြားလိုက်ပြီး တံခါးဝမှာ ပေါ်လာတာက အသက်(၉)နှစ်ထက် ဘယ်လိုမှကြီးမည့်ပုံမရတဲ့ ကောင်မလေး။ ကြည့်ရတာ ထိတ်ထိတ်လန့်လန့် တုန်တုန်ရီရီနဲ့ မျက်နှာတစ်ခုလုံး ဖြူဖွေးဖျော့လျော့လို့။ မျက်လုံးလေးတွေကလည်း ရီဝေညှိုးငယ်စွာနဲ့။ တောင်းပန်ပါတယ်ဆရာရယ်...သမီးအမေ အသည်းအသန်ဖျားနေလို့ပါ...သူဟာ သေလုမျောပါးဖြစ်နေပါတယ်...အမေ့ကို ကယ်ပါဦးဆရာရယ်...အိမ်ကိုလိုက်ပြီး အမေ့ကို ကုပေးပါနော်...ဆရာက ဘယ်အိမ်ကိုမှ လိုက်မကုပါဘူး..သမီးအမေကိုသာ ဒီဆေးခန်းကို ခေါ်လာခဲ့ပါကွယ်..ဆရာရယ် အမေက ဘယ်လိုမှ မထနိုင်လို့ပါ..ဆရာသာ လိုက်မကြည့်ဘူးဆိုရင် သမီးအမေ သေရပါတော့မယ်..သမီးကို သနားသဖြင့် လိုက်ကြည့်ပေးပါဆရာရယ်..သမီး တောင်းပန်ပါတယ်နော်...
    ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်ဥလေးများ တစ်လိမ့်လိမ့် ကျဆင်းလာရင်း နှုတ်မှလည်း အဆက်မပြတ် တိုးလျှိုးတောင်းပန်သံလေးက သနားသဖွယ်..ကျွန်တော့် နှလုံးသားထဲက ကြင်နာသနားစိတ်တွေ ယိုဖိတ်လာတာနဲ့ ကလေးမလေးရဲ့ အိမ်ကို လိုက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်.. ဆေးအိတ်ကို ကောက်ကိုင်လိုက်ရင်း ကလေးမလေးကို ရှေ့ကနေလမ်းပြဖို့ပြောလိုက်တော့ ဝမ်းသာစိတ်နဲ့ လက်ခနဲဖြစ်သွားတဲ့ သူမရဲ့မျက်လုံးလေးတွေက ချစ်စရာ..ကလေးမလေးက ဦးဆောင်ပြီး သူမအိမ်ရှိရာလမ်းအတိုင်း လျှောက်လာကြပါတယ်..(၁၀)မိနစ်ခန့်လျှောက်လာပြီးနောက် အိမ်ကလေးတစ်လုံးရှေ့အရောက်မှာ အိမ်တံခါးကို ဆွဲဖွင့်လိုက်ပြီး ကျွန်တော့်ကို အရင်ဝင်စေပါတယ်..ကျွန်တော်အိမ်ထဲကို ရောက်သွားချိန်မှာ အိပ်ရာ ခပ်နွမ်းနွမ်းလေးထက်မှာ လဲလျောင်းနေတဲ့ လူနာကို တွေ့လိုက်ရပါတယ်..တော်တော်လေးကို နေမကောင်းဖြစ်နေပုံပါ..တစ်ကိုယ်လုံးလဲခြစ်ခြစ်တောက်ပူကျစ်နေပါတယ်..လူနာဟာ သူ့လက်ကိုတောင် အပေါ်မြှောက်နိုင်တဲ့ အင်အားမရှိတော့ပါဘူး..ဒါပေမယ်လူနာရဲ့မျက်လုံးတွေက ဆရာဝန်ရဲ့ အကူအညီကို အသည်းအသန်လိုအပ်နေကြောင်းကို ဖော်ပြနေတယ်..သူမကို ကယ်တင်ဖို့ တောင်းပန်နေတဲ့ အရိပ်အယောင်တွေကိုလည်း အတိုင်းသားမြင်နေရပါတယ်..
    ကျွန်တော်လူနာအမျိုးသမီးကိုလိုအပ်တဲ့ ဆေးကုသမှုကို ပေးဖို့ အမြန်ဆုံးဆောင်ရွက်ပါတော့တယ်..ထူးဆန်းတာက ခုနက ကျွန်တော့်ကို တောင်းတောင်းပန်ပန်နဲ့ လာခေါ်တဲ့ ကလေးမလေးကို လုံးဝ ထပ်မတွေ့ရတော့ပါဘူး..တစ်အိမ်လုံးမှာလည်း အခြားအိမ်သားတစ်ယောက်တစ်လေကိုမျှ ကျွန်တော်မတွေ့မိပါဘူး..တကယ်လို့ ဒီညသာ ကျွန်တော်ရောက်မလာဘူးဆိုရင် လူနာအမျိုးသမီဟာ အသက်ဆုံးရှုံးကောင်း ဆုံးရှုံးသွားနိုင်ပါတယ်..သူ့အဖျားက အတော်ကိုစိုးရိမ်ရတဲ့ အခြေအနေမျိုးပါ..အဖျားကျအောင် တစ်ညလုံးနီးပါ ကျွန်တော်ကြိုးစားပန်းစား ကုသလိုက်ရပါတယ်..မနက်မိုးလင်းခါနီးမှ လူနာဟာ စိတ်ချရတဲ့ အနေအထားကို ရောက်လာပါတယ်..ကျွန်တော်က လူနာအမျိုးသမီးကို အိမ်ပြန်တော့မည့်အကြောင်းနဲ့ ညနေပိုင်းလောက်မှ တစ်ခေါက်ပြန်လာကြည့်မည့်အကြောင်း ပြောလိုက်ပါတယ်..ပြီးတော့ ဆေးအိတ်ကို ဆွဲပြီး အိမ်ပြန်လာခဲ့ပါတယ်..
    ညနေပိုင်းဆေးခန်းမဖွင့်ခင် လူနာအိမ်ကို ကျွန်တော်ပြန်ရောက်သွားပြီး လူနာကို လိုအပ်တဲ့ စစ်ဆေးမှုများပြုလုပ်ပါတယ်..တော်တော်လေး အခြေအနေကောင်းသွားပါပြီ..ခုတော့ လူနာဟာ စကားလည်း ကောင်းမွန်စွာပြောနိုင်တဲ့အနေအထား ရောက်နေပါပြီ..တစ်ညလုံးကုသပေးခဲ့တဲ့အတွက် လူနာက ကျွန်တော်ကို ကျေးဇူးစကား အထပ်ထပ်ဆိုပါတယ်..ကျွန်တော်ကပြန်ပြောလိုက်ပါတယ်..တကယ်လို့ ကလေးမလေးသာ လာမခေါ်ရင် အဒေါ်ဟာသေတောင်သေသွားနိုင်တယ်..သူမရဲ့ သနားစရာတောင်းပန်မှုကြောင့်သာ မဟုတ်ရင် ကျွန်တော်ဒီကို ရောက်လာစရာအကြောင်းမရှိပါဘူး..သိပ်လိမ္မာသိတတ်တဲ့ကလေးမလေးပါပဲဗျာ..မိဘအပေါ်သိပ်သိတတ်တဲ့ ဒီလိုကလေးမျိုးမွေးထားရတာ အဒေါ်ဘယ်လောက်များဂုဏ်ယူလိုက်မလဲနော်..ကျွန်တော့်စကားကြားတဲ့လူနာအမျိုးသမီးရဲ့မျက်နှာပြင်မှာ အပြောင်းလဲများစွာနဲ့ အံ့ဩတဲ့ အရိပ်အယောင်များ ဖြတ်ပြေးသွားပါတယ်..အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးတော့မှ စကားသံ ထွက်လာပါတယ်..ဆရာ..ကွန်မသမီးလေးက ဆုံးသွားတာ(၃)နှစ်တောင်ရှိပါပြီ..ဟိုနံရံမှာ ချိတ်ထားတဲ့ပုံဟာ သမီးလေးပုံပါ..ဆရာ ကျွန်မသမီးလေးကို သိလို့လားဟင်..ကျွန်တော်ထိုင်ရာကထပြီး နံရံမှာချိတ်ထားတဲ့ ဓါတ်ပုံအနီးကို တိုးကပ်ပြီးသေချာအောင် ကြည့်လိုက်မိပါတယ်..သေချာပါတယ်..ဒီကလေးမဟာ မနေ့ညက ကျွန်တော့်ဆေးခန်းတံခါးကို ခေါက်ပြီး ကျွန်တော့်ကို ဒီရောက်အောင်ခေါ်လာတဲ့ ကလေးမလေးပါပဲ..ဒီရုပ်လေးကို ကျွန်တော်မှားစရာ အကြောင်းမရှိပါ..
    ထူးဆန်းအံ့ဩစိတ်တွေနဲ့ လှုပ်ရှားမှုကင်းမဲ့စွာ ဓါတ်ပုံရှေ့မှာ အကြာကြီးရပ်နေမိတယ်..ပြီးတော့ လေးလေးနက်နက် စဉ်းစားနေမိတယ်..မနေ့ညက တံခါးခေါက်သံဟာ ခုချိန်ထိ သူ့အာရုံမှာ ထင်ထင်ရှားရှား ရှိနေတုန်းပါ..သူ့လိုကလေးမလေးဟာ ဒီနေရာထိအောင် ခေါ်လာတယ်ဆိုတာလဲ သူ့အနေနဲ့ မမှတ်မိစရာမရှိပါ..အင်း..ဒါဟာ မေတ္တာတရားရဲ့ ထူးခြားဆန်းကျယ်မှုပဲဖြစ်မှာပါ..ခေါင်းကို တစ်ဆတ်ဆတ်ငြိမ့်မိရင်း ကျွန်တော်တစ်ချက် ပြုံးလိုက်မိပါတယ်..အဒေါ်ကြီးကိုတော့ ကလေးမလေးအကြောင်း ဘာမှထပ်မပြောမိတော့ပါဘူး..တစ်ခါတစ်လေမှာတော့ သိပ္ပံပညာက လိုက်မမီတဲ့အရာတွေဟာ ဒီလောကကြီးထဲမှာ ရှိနေတတ်တယ်ဆိုတာ သူလက်ခံလိုက်မိပါတယ်..
    ဤဖြစ်ရပ်မှန်လေးကို ကြည့်ချင်းအားဖြင့် သားသမီးလေးများဖြစ်ကြသော ကျွန်ုပ်သည်လည်းပဲ မိဘကျေးဇူးကို သူ့လိုနောင်ဘဝမှာဆပ်ဖို့အချိန်ထက် စောနေသေးသည်။ သို့အတွက်ကြောင့် ယခုလက်ရှိအချိန်မှာ မိမိတို့ဘက်မှ မပြောရက်သူများကို ကျေးဇူးအကျေဆပ်နိုင်အောင် ကြိုးစားသင့်ကြသည်။ ဤနေရာတွင် မပြောရက်သူများဟု အမည်တစ်ခုတပ်လိုက်ပေသည်။ ထိုသူတို့ကားအဘယ်သူတို့နည်း ဟူမူကား အခြားမဟုတ်ပေ။ မိမိတို့ကို သီတာရေကြည် တစ်ပေါက်ကလေးကျရုံမျှဖြင့် လူဖြစ်အောင် ကျွေးမွေးသုတ်သင်၍ လူ့ဘဝမှသည် မဟာအသင်္ခတဓါတ်ကို ပေးစွမ်းနိုင်သည့် ချုပ်ငြိမ်းရာ ပန်းတိုင်ကို မီးမောင်းထိုးပြကြသော အနန္တဂုဏ်အင် ကျေးဇူးရှင်မိဘများပင် ဖြစ်ပေသည်။ ထိုဖြစ်ရပ်မှန်လေးကဲ့သို့လည်းကောင်း၊ မိမိတို့သိပြီးဖြစ်သော သိပြီးမဟုတ်သေးသောမိဘတို့လိုလားတောင့်တထားသော အချက်လေးများဖြင့်လည်းကောင်း ကျေးဇူးအကျေဆပ်ကြရအောင်။ အဘယ်သည်တို့နည်း။

ကျွေးမွေးမပျက်၊ဆောင်ရွက်စီမံ၊
မွေခံထိုက်စေ၊လှူမျှဝေ၍၊
စောင့်လေမျိုးနွယ်၊ဝတ်ငါးသွယ်၊
ကျင့်ဖွယ်သားတို့သမီးတို့တာ။
    ဤအချက်(၅)ချက်ကို လူတိုင်းသိမည်ထင်ပါ၏။ သို့သော်သတိထားမိကြဟန်မပေါ်။လူဆိုသည်ကား တစ်ဖြည်းဖြည်းငယ်သွားသည်ကားမဟုတ်။ တစ်ဖြည်းဖြည်းချင်း ခန္ဓာကိုယ်ကြီးသည် ဇာတိ၏ ဒုက္ခ၊ဇရာ၏ ဒုက္ခ၊ဗျာဓိ၏ ဒုက္ခ၊မရဏ၏ ဒုက္ခ စသည်တို့ကို ဧကန်မုချ ခံစားကြရပေမည်။ ထို့ဒုက္ခတို့ကို မိဘတို့သည် မိမိတို့ အသက်အရွယ်နှင့် ကိုယ်ခန္ဓာကျန်းမာစဉ်ကပင် ခံစားနေကြရပြီး နောင်အိုမင်းမစွမ်းသောအခါ၌ မိမိတို့မှ ပေါက်ဖွားလာသော ကိုယ်ပွားလေးများအပေါ် အားထားမှီခိုဖို့ပင်။ ဆက်လက်ခံစားရမည်ဖြစ်သော ဘဝလက်ကျန်အချိန်များကိုမူ မိမိမှပေါက်ဖွားသော သားသမီးများကို ပုခုံးလွှဲကာ တာဝန်ယူစေချင်ကြပေသည်။ သားသမီးများဘက်မှလည်း မိဘများအပေါ်ကျေးဇူးသိတတ်ကြရပေမည်။ မည်ကဲ့သို့သိတတ်ကြပါမည်နည်း။မိဘတို့သည် သားသမီးများအပေါ်ကို မျှော်လင့်သော အချက်(၅)ချက်ကို ထုတ်ဖော်ကာ သိတတ်ရမည်။ မိဘတို့သည် သားသမီးများအပေါ်မျှော်လင့်သည်ဆိုရာဝယ် ထိုအချက်များကို နှုတ်သော်မှလည်း မပြောကြား။ ဟန်ရေးတို့ဖြင့်လည်း မဖော်ပြကြပေ။ မိမိတို့၏ ရင်ထဲ၊ နှလုံးသားထဲတွင်သာ သိုသိပ်မြိုဝှက်ထားလေသည်။ ထို့သို့ထားအပ်သော မိဘများကိုပင် မပြောရက်သူများဟု သမုတ်လိုက်ခြင်းဖြစ်ပေသည်။ မပြောရက်လို့ အပြောခက်သူ၊ သံသရာကျယ်၍ အတောမသတ်နိုင်သူများဖြစ်ကြသော မိဘတို့ကို သားသမီးများဖြစ်ကြသော မိမိတို့က မပြောရက်သော အချက်(၅)ချက်ကို ဖြည့်ဆည်းကြရပေမည်။
    ပထမဦးစွာမပြောရက်သောအချက်ကား-ကျွေးမွေးမပျက်တဲ့ ငါတို့ကလေတဲ့ မင်းတို့ကို ဟိုး..ငယ်ငယ်ကလေးဘဝကတည်းက ကျွေးမွေးခဲ့တယ်လေ၊အဲဒီလို ကျွေးမွေခဲ့တာတွေကို သတိရပြီး ငါတို့မှာ မှုန်ပြာတဲ့ မျက်လုံး၊ထုံထိုင်းတဲ့ နား၊ညွှတ်ကိုင်းတဲ့ ခါး၊တောင်ဝှေးမှမနိုင်တော့သည့် အားတို့ ကြုံကြရတော့မယ်၊အဲဒါကြောင့် ငါတို့ကို တစ်ဖန်ပြန်ပြီး ကျွေးမွေးပါလို့ တောင်းဆိုထားပါသည်။ထိုဦးစွာတောင်းဆိုချက်ကို သားသမီးဖြစ်ကြသော မိမိတို့မှ မိဘတွေကို မည်သို့ ဖြည့်ဆည်းပြီးပြီနည်း။ ဒုတိယမပြောရက်သောအချက်ကား-ဆောင်ရွက်စီမံတဲ့ ငါတို့ကလေတဲ့ မင်းတို့ကို ဟိုး..ငယ်ငယ်ကလေးဘဝကတည်းက အခင်းကြီး၊အခင်းငယ်ကအစ မင်းစိုးရာဇာအဆုံး ကိစ္စအဝ၀တွေကို လစ်ဟင်းမှုမရှိ ဆောင်ရွက်စီမံပြီး ယခုလူတစ်လုံးသူတစ်လုံးဖြစ်အောင် ကြိုးစားခဲ့ကြတယ်။ ငါတို့ကြိုးစားခဲ့ကြသလို မင်းတို့ကလည်းပဲ ထိုကိစ္စအဝ၀ကို ဦးဆောင်ဦးရွက်ပြုပြီး ဆက်လက်ကြိုးစားထိန်းသိမ်းကြပါလို့တောင်းဆိုထားပါသည်။ ထို့အချက်ကိုလည်း သားသမီးဖြစ်ကြသော မိမိတို့က မည်သို့ ဖြည့်ဆည်းပြီးပြီနည်း။
    တတိယမပြောရက်သောအချက်ကိုဆက်ဦးအံ့။မွေခံထိုက်စေတဲ့ ငါတို့ကလေတဲ့ မင်းတို့ကို ဟိုး..ငယ်ငယ်ကလေးဘဝကတည်းက စုဆောင်းထားခဲ့တဲ့ စည်းစိမ်ဥစ္စာရာထူးဂုဏ်သိမ်တွေကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ကြပါ}လို့ တောင်းဆိုထားပါသည်။ဤတောင်းဆိုချက်ကိုလည်း မည့်သို့ဖြည့်ဆည်းပြီးပြီနည်း။ စတုတ္ထမြောက်မပြောရက်သောအချက်ကား-လှူမျှဝေ၍တဲ့ ငါတို့ကလေတဲ့ မင်းတို့ကို ဟိုး..ငယ်ငယ်ကလေးဘဝကတည်းက ဘာသာရေးစိတ်ဓါတ်၊ သာသနာရေးစိတ်ဓါတ်တွေကို ကိုယ်စီကိုယ်စီမှာ သံမှိုစွဲအောင် ရိုက်သွင်းပေးခဲ့ပြီး ငါတို့ကိုယ်တိုင်ကလည်း မိမိတို့နှင့်သက်ဆိုင်ရာ ဘာသာအလျှောက်၊ သာသနာအလျှောက် ဒါန၊ သီလ၊ ဘာဝနာတို့ကို ထမ်းနိုင်တဲ့ ဝန်၊ စွမ်းနိုင်တဲ့ အင်အားတို့ဖြင့် တတ်စွမ်းသလောက်ပြုလုပ်ခဲ့ကြတယ်၊ယခု သားသမီးဖြစ်တဲ့ မင်းတို့ဘက်မှလည်း ငါတို့မိဘတွေသက်ရှိထင်ရှားရှိချိန်မှာ ရှိသလို စွမ်းနိုင်သလောက်ပြုလုပ်ပေးကြပါ၊ မရှိချိန်တွေ ရောက်ပြီဆိုရင်လည်း ငါတို့က တမလွန်ကနေ သာဓုခေါ်နိုင်အောင်၊ ဘဝကူးကောင်းအောင် ရည်စူးပြီး လှူမျှဝေပေးကြပါလို့ တောင်းဆိုထားပါသည်။ မည်သို့ ဖြည့်ဆည်းပြီးပြီနည်း။ နောက်ဆုံးမပြောရက်သောအချက်ကို ဆိုအံ့။ အဘယ်နည်း။ စောင့်လေမျိုးနွယ်တဲ့ ငါတို့ကလေတဲ့ မင်းတို့ကို ဟိုးငယ်ငယ်ကလေးဘဝကတည်းက ငါတို့ရဲ့ အရင်ဖြစ်လာခဲ့ပြီးတဲ့ အမျိုးနွယ်ကို ထိန်းသိမ်းစောက်ရှောက်ကာ ယခုချိန်ထိ မပျောက်ပျက်အောင် တည်နေတယ်၊ အဲလိုတည်နေတဲ့ မျိုးနွယ်ကို သားသမီးဖြစ်တဲ့ မင်းတို့ကလည်း တစ်ဖြန်ပြန်ပြီး မိမိတို့ရဲ့ ဘိုးဘွားစဉ်ဆက် ထိန်းသိမ်းခဲ့တဲ့ အမျိုးအနွယ်ကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ကြပါလို့ တောင်းဆိုထားပါသည်။ ထိုနောက်ဆုံးဖြစ်သော အချက်သည်လည်းပဲ မည်သို့ဖြည့်ဆည်းပေးပြီးပြီနည်း။ဤသို့ဖြည့်ဆည်းကြရာတွင် ဖြည့်ဆည်းသော မိမိတို့၌ ယုတ်လျော့သော အကျိုးသည်ဖြစ်ထွန်းမည်မဟုတ်ပါပေ။
ဓမ္မပဒပါဠိတော်ဝယ်..
အဘိဝါဒနသီလိဿ၊နိစ္စံ ဝုဍ္ဎပစာယိနော။
စတ္တာရော ဓမ္မာ ဝုဍ္ဎန္တိ၊အာယုဝဏ္ဏော သုခံ ဗလံ။
    ဝုဍ္ဎပစာယိနော-အသက်သိက္ခာ ဂုဏ်ဝါကဲပြု မိမိထက်ကြီးသောလူဟူသမျှကို အရိုအသေအလေးအမြတ်ပြုတတ်သည်ဖြစ်၍၊ အဘိဝါဒန သီလိဿ-ရိုသေသောပုဂ္ဂိုလ်အပေါင်းအား၊အာယု-ရုပ်နာမ်နှစ်ချက် ဇီဝိတိနြေ္ဒဟူသော အသက်လည်းကောင်း၊ ဝဏ္ဏော-ရုပ်ရည်ပဝင်း တင့်တယ်လှခြင်းလည်းကောင်း၊သုခံ-ကိုယ်စိတ်နှစ်ဖြာ သာယာမညှင်းချမ်းသာ အေးမြခြင်းလည်းကောင်း၊ဗလံ-ကာယ၊ဉာဏနှစ်ပါးသောခွန်အားဗလလည်းကောင်း၊ဣတိ-ဤသို့၊စတ္တာရော-လေးပါးကုန်သော၊ဓမ္မာ-ကောင်းမြတ်လွန်ပွားအကျိုးတရားတို့သည်၊ဝုဍ္ဎန္တိ-တစ်နေ့တစ်ခြားတိုးပွားနိုင်ကြလေကုန်သတည်း။

ဤသို့ပါဠိတော်ဝယ်လာရှိသည်နှင့်လျော်ညီစွာ မိမိတို့ထက်အသက်ဂုဏ်ဝါ သိက္ခာကြီးသူ လူကြီးမိဘ ဆရာသမား စသည်အားတို့ကို ရိုသေကိုင်းညွှတ်အစဉ်လုပ်ကျွေး ကူညီဖေးမသူ အပေါင်းအား အသက်၏ရှည်ကြာခြင်း၊ရုပ်ရည်၏ ချောမောလှပခြင်း၊ ကိုယ်စိတ်နှစ်ပါး၏ ကျန်းမာချမ်းသာအေးမြခြင်း၊ ကာယအားဉာဏအားတို့သည် တစ်နေ့တစ်ခြား ဒီရေလားကဲ့သို့ တိုးပွားကြပေမည်။ သို့ကြောင့် သားသမီးများဖြစ်ကြသော မိမိတို့သည်လည်းပဲ ပြုလုပ်ကျွေး၍ ရရှိအပ်သော အကျိုးကို ရည်မျှော်ကိုးကာ အသက်(၉)နှစ်အရွယ် တမလွန်ဘဝ ကလေးမလေး သူငယ်ကဲ့သို့လည်းကောင်း၊ မပြောရက်သူများတောင့်တအပ်သော အချက်(၅)ချက်ကိုလည်းကောင်း မိမိတို့တက်စွမ်းသလောက် ကြိုးစားဖြည့်ဆည်းစေချင်ပါသည်။ သို့မှသာ မိမိတို့ကို ပေးထားခဲ့သော လူ့ဘဝ၏ တန်ဖိုး၊ နှလုံးသားကိုယ်စီ၏ စွမ်းရည်တို့သည် ကျေးဇူးတရား ပြန်လည်မျှဝေခံစားခြင်းဖြင့် ဘဝကို ပုံပေါ်အောင်ဖန်တီးထုဆစ်နိုင်ပြီး ကျေးဇူးအကျေဆပ်နိုင်ကြပေလိမ့်သတည်း။
                                ရွှေဘိုသီလာ
                        မျှော်လင့်ချက်ဆိုတာ နိုးကြားတက်ကြွတဲ့လူတစ်ယောက်ရဲ့
                        အိပ်မက်ပါဟုဆိုခဲ့လျှင် အိပ်မက်လှလှမက်ကြပါစေ။      


တပည့်မောင်သြဇာကို လယ်တီဆရာတော်မှ ဆိုဆုံးမသော သံဝေဂတေးထပ်

ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊ နင်ယခု မေ့ပုံလို၊ တွေ့မကြုံစခန်း၊ ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံရှိတော့ခမန်း။
အောက်အ၀ီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတန်း၊ နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊ ဒေသနာအထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။
သည်လောက စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊ နောင်အသစ်တကယ်လျှင်၊ ကောင်းဘို့အစဉ်၊
ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
အရမ်းကောင်းတဲ့တေးထပ်လေးပါပဲ။ အရမ်းလည်းသဘောကျမိတယ်။ တပည့်ကျော်ဖြစ်တဲ့ မောင်သြဇာကို ဆုံးမထားတဲ့ သံဝေဂတေးထပ်လေးကို သိသလောက်အကျယ်ဖြန့်ကြည့်လျှင် မောင်သြဇာရေ..တဲ့ ကာမဂုဏ်ငါးပါးကို ခင်မင်နေတာနဲ့ မင်းမှာ နေ့တွေ ရက်တွေ လတွေ ကုန်နေတယ်တဲ့။ ဒီအာရုံတွေကို ပျော်မွေ့ပြီး မေ့နေမယ်ဆိုရင်ဖြင့် ပါယ်လေးဝ သောကဘုံမှာ ဧကန်မလွဲရောက်မယ်တပည့်ရယ်တဲ့။ အောက်အ၀ီစိမှာ ခေါင်းမထူနိုင်အောင်တောင် ဖြစ်ဦးမယ်တဲ့လေ။ နစ်မည့်လမ်းကို မျှော်မှန်းနေသ၍တော့ ဒီထက်ဖျင်းပြီး အဆုံးအ၀ီစိဖြစ်မယ်တဲ့။ ယခု ဖြစ်နေတဲ့ စရိုက်တွေကို ရှောင်ခွာကာ ပယ်စွန့်လျှင်တော့ နောင်ဖြစ်မည့် ဘ၀က ကောင်းစားမယ်တဲ့။ မိမိမှာ လူလည်းဖြစ်ခိုက်၊ ဘုရားပွင့်တာနဲ့လည်း ကြုံခိုက်၊ ပွင့်ပြီးလို့ သာသနာနဲ့လည်း ကြုံခိုက်၊ တရားရေအေး အမြိုက်ဆေးတွေလည်း တိုက်ကျွေးပုဂ္ဂိုလ်ပေါ်ခိုက်၊ ဤသို့ခိုက်ပေါင်းများစွာနဲ့ ပေါင်းပြီး ကျင့်ကြံအားထုတ်လို့ နိဗ္ဗာန်ကို လှမ်းမကိုင်ဘူးဆိုလျှင် ဒီထက်မိုက်သောသူ ရှိနိုင်ဦးမလားတဲ့။ သိပ်ကောင်းတဲ့ ဆုံးမစာလေးပါပဲ။ ယခု စာဖတ်သူ သူတော်စင်များတို့တစ်တွေသည်လည်းပဲ ခွင့်သာခိုက် လိုက်သွားရအောင် ကျင့်ကြံအားထုတ်လို့ ပန်းတိုင်ကို လှမ်းကိုင်ကြပါစို့လား။   ။

အယူအဆလေးများ

အဲသလို ၁၁.၁၁.၁၁ နဲ့ ပက်သက်တဲ့ ချီးမွမ်းထောပနာတွေ၊ ခြောက်လုံးလှန့်လုံးတွေ ဖတ်ရှုအပြီးမှာ တမူထူးခြားတဲ့ အယူအဆတစ်ခုကိုလည်း ဂဏန်းဗေဒင် ပညာရှိတစ်ဦးက တင်ပြထားပြန်တယ်။

(၁၁) ရက်၊ (၁၁) လ၊ (၂ဝ၁၁)၊ ဒါထက်မက ကဲပြရရင် ၁၁ နာရီ၊ ၁၁ မိနစ်တိတိဟာ ဂဏန်းသင်္ချာ ဗေဒင်ဆရာတွေအဖို့ ရင်ခုန်စရာ ကောင်းနေသလို ဂဏန်းတွေကိုမှ စိတ်ပါဝင်စားသူ ကျား၊မများ အဖို့လည်း စိတ်လှုပ်ရှားစရာ ဖြစ်နေမှာ အသေချာပါပဲ။ တစ်ကမ္ဘာလုံးမှာ တစ်တစ်တစ်တစ်နဲ့ တစ်ပြီးရင်း တစ်နေ လိုက်ကြတာ တွေ့ရပါတယ်။ တစ်ဂဏန်းတွေ ဒီလောက် ထပ်နေတော့ ဘာဖြစ်မလဲ၊ မိုးပဲ ပြိုမလား၊ မြေပဲကျွံကျမလား၊ ရေပဲ လျှံတက် လာမလား၊ ကောင်းကင် ပေါ်က ဂြိုဟ်သားတွေပဲ ခုန်ဆင်း လာမလား၊ မနက်ဖြန်ပဲ ရတနာပုံကိန်း ဆိုက်မလား၊ သန်ဘက်ခါပဲ မွဲပြာကျမလား စိတ်ကူးယဉ်စရာတော့ ကောင်းနေပါရဲ့။


အံ့ချီးမကုန် ၁၁.၁၁.၁၁


ကိုယ်က နက္ခတ်တွေ၊ ဂြိုဟ်တွေနဲ့မှ ပျော်မွေ့လေသူ ဆိုတော့ အဲဒီနေ့ သေချာ ပြောရရင် အဲဒီနာရီမိနစ်ကို ဇာတာနဲ့ ဘာနဲ့ ကျကျနန တွက်ချက်ထားလေသူ ဆြာအပေါင်းရဲ့ အပြောအဆို၊ တော်ကီတွေကို လျှောက်ဖတ် ကြည့်မိပါတယ်။ သူတို့ အဆိုအရ အဲဒီနေ့မှာ ဘာသာရေး၊ ဒဿန အတွေးအခေါ် ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်ကြီးတွေ လုပ်ကြံသတ်ဖြတ်ခံရနိုင်တယ်၊ မကျေနပ်မှု၊ ပေါက်ကွဲ အုံကြွမှု၊ ဆူပူသောင်းကျန်းမှုတွေ ဖြစ်တည်လာနိုင်တယ်လို့ ကြောချမ်းဖွယ် တင်ပြ ထားပါတယ်။


ဂဏန်းဗေဒင် ပညာရှိတွေကတော့ (၁၁) ဂဏန်းဟာ အစတည်းက မာစတာဂဏန်း ဖြစ်ပြီး ရိုက်တာဝိတ်တီး တားရော့မှာ Strength နဲ့ Justice ကဒ်ကြား ဖလှယ် နှီးနွယ်မှုလည်း ဖြစ်တယ်လို့ ဆိုကြပြန်တယ်။ ပြောချင်တာက တရားမျှတမှုတွေ ရှင်သန်ထွန်းကားဖို့ ခွန်အားစွမ်းပကားတွေလည်း လိုအပ်တယ် ဆိုတာပါပဲ။ ၁ နှစ်လုံးကို ပေါင်းချလိုက်တော့ (၂) ထွက်လာတယ်။ (၂) က တားရော့မှာ သီလရှင်မကြီးပေါ့ဗျာ။ ခွန်အားဗလနဲ့ ချိန်ခွင်လျှာ ညီမျှခြင်းကို ထိုးပေးလိုက်တော့ ကိုယ့်မသိစိတ်က ပေါ်ထွက်လာတဲ့ အကြံဥာဏ်ကို လက်ခံဖို့နဲ့ ဒါကို ရဲရဲဝံ့ဝံ့ ပစ်ယုံလိုက်ဖို့ တိုက်တွန်းထားတာ ဖြစ်တယ်လို့ ဂဏန်းဗေဒ ပညာရှိတွေက ဆိုကြပါတယ်။


လွဲချက်ကယ်နာ ၁၁.၁၁.၁၁


အဲသလို ၁၁.၁၁.၁၁ နဲ့ ပက်သက်တဲ့ ချီးမွမ်းထောပနာတွေ၊ ခြောက်လုံးလှန့်လုံးတွေ ဖတ်ရှုအပြီးမှာ တမူထူးခြားတဲ့ အယူအဆတစ်ခုကိုလည်း ဂဏန်းဗေဒင် ပညာရှိတစ်ဦးက တင်ပြထားပြန်တယ်။ ရန်းဂန်း အကြိုက် အယူအဆပေါ့ဗျာ။ တခြားရှုထောင့်တစ်ဖက်က ကြည့်ရင်တော့ အဲဒီနေ့ဟာ ထူးမခြားနား သာမန်နေ့ ပါပဲလို့ အဲဒီပညာရှိက သုံးသပ်တယ်။ ကြည့်လေဗျာ။ ၁၁.၁၁.၂ဝ၁၁ ကို ရူးသလို ပေါသလိုနဲ့ ၁၁.၁၁.၁၁ ဆိုပြီး နှပ်ချထားတာ။ ၂ဝ၁၁ ကို အရူးကွက်နင်းပြီး ၁၁ ပဲ ပြထားတာ။ ၂ဝ၁၁ ထဲက ၂ဝ ကို ဖြုတ်ချ ထားရုံနဲ့ ၂ဝ၁၁ က ၁၁ ခုနှစ် ဖြစ်မသွားပါဘူး။ တကယ့်ဂဏန်းဗေဒင် စစ်စစ်မှာ ၂ဝ ကို ချန်မထားဘဲ အမှန်အကန် ၂ဝ၁၁ ကို အပြည့်အစုံ ယူပြီး တွက်ချက်ယူကြတယ်၊ သူများရူးလို့ လိုက်ပေါ နေကြတဲ့ အတိုင်း ၁၁.၁၁.၁၁ ဆိုပြီး ရမ်းမဖြီးဘူးလို့ အများနဲ့မတဲ့ ခပ်မိုက်မိုက် အယူအဆကို ဖော်ထုတ် သူတွေကိုလည်း တွေ့ရတယ်။


ကျွန်တော်ကတော့ ဘယ်ဂဏန်းတွေ ဘယ်လောက် ပူးပူး၊ ဘာကြီးတွေ ဘယ်လိုပဲ ထူးဆန်းပြပြ၊ စိတ်ဝင်တစား မျက်လုံးပြူးသွားတယ်လို့ ခပ်ရှားရှားပါ။ တစ်ခါတုန်းက ဖတ်ဖူးတဲ့ ဘာသာရေးစာအုပ် တစ်အုပ်မှာ လူတွေက ဟိုနေရာမှာ ဘယ်ကိုယ်တော်က ရေဆွမ်းပဲ ဘုန်းပေးတယ်၊ ဘယ်ပုဂ္ဂိုလ်က အာရုံနဲ့ အဘ ပင့်ပြီး ဟောတာ၊ ဘယ်ယောဂီက တန်ခိုးစွမ်းပြတာ၊ ဘယ်ဗေဒင်ဆရာက ကွက်တိဟဲ့ ဆိုတဲ့ ထူးထူးဆန်းဆန်းတွေ နောက်ကိုပဲ တကောက်ကောက် မမောမပန်း လိုက်နေကြတယ်။ သံသရာနဲ့ ယှဉ်ရင် အသေးအဖွဲလို့ မမြင်ဘဲ အထူးအဆန်းနောက်ကို အရူးအနှမ်းတွေက လိုက်နေကြတာ အင်မတန် သနားစရာ ကောင်းတယ်လို့ ဝေဖန်ပြထားတာ ဖတ်မိပါတယ်။ မိတ်ဆွေတို့ရော လူတွေ ဖန်တီးခဲ့တဲ့ အတိုင်း တစ်ဂဏန်းတွေ ပူးပြတာကို ထူးနေ ဆန်းနေတုန်းလားဗျာ။

http://www.younggun.co.cc ပြန်လည်မျှဝေပါသည်။

စလေဦးပုည၏ သတိပေးစာ

စလေဆရာ ဦးပုည က "ယုန်မင်းဝတ္ထု" တွင်
ယခုအခါမူ၊ လူလည်းဖြစ်လာ၊
သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊
ဟောကြားမည့်သူ၊ လူလည်းမရှား၊
သို့ပါလျက်သားနှင့်မူ....
တရားမလိုက်၊ အမှားကို ကြိုက်ကြလျှင်၊
အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊
အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့၊
လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည်-ဟု ဆိုခဲ့ပေသည်။
ထိုဝတ္ထုတွင် ဆိုခဲ့သော ကဗျာကဲ့သို့ ယခုအခါ မိမိသည် လူ့ဘ၀ ရ၏။ သာသနာနှင့်လည်း ကြုံ၏။ တရားရေအေးများ တိုက်ကျွေးမည့်သူလည်း ရှိ၏။ ထို့သို့ ရှိပါလျှက်ကယ်နှင့် တရားမလိုက်ပဲ အမှားကို ကြိုက်ကြမည်ဆိုပါလျှင် အမိုက်တကာ့အမိုက်ဆုံး ဖြစ်ပြီးသကာလ အပါယ်လေးဝသို့ နစ်မြုပ်ပလုံစီနေမည့် တကယ့် လူမိုက်ကြီးတွေ ဖြစ်ကြလိမ့်မည်။ သို့ကြောင့် ဦးပုညက လူမိုက်ကြီးများ မဖြစ်ရလေအောင် အသိပေး နှိုးဆော်သည်ကို သတိချပ်ပြီး ကျန်ရှိနေသော အချိန်တွေကို နောင်သံသရာကောင်းအောင် ကြိုးပန်းကြပြီး မဟာအသင်္ခတသို့ ကူးခတ်၊ လှမ်းတက်နိုင်ကြပါစေ။

ရှိပြီးဂုဏ်ကို ထိန်းရတာက ခက်တယ်

လောကကြီးမှာ မရသေးတဲ့ ဂုဏ် ရရှိအောင် ကြိုးစားရတာထက် ရရှိပြီးသားဂုဏ်ကို ထိန်းသိမ်းဖို့က သာခက်တယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ဆရာတော်ဘုရားသည်လောကကြီးထဲမှာ လူသားအားလုံးဟာ ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာတွေကို တစ်ခုထက်တစ်ခု များအောင် တိုးပွားအောင် ကြိုးစားနေကြပေသည်။ ကြိုးစားထားသလောက်လည်း တိုးတက်ကြပေသည်။ သို့သော် ထိုရရှိထားပြီးသော ရာထူးဂုဏ်သိမ်စသည်တွေကို ထိန်းထားဖို့ရန်ကား အလွန်တရာ ခဲယဉ်းပေသည် ဟုဖော်ပြထားလေသည်။ မှန်ပေ၏။ အဘယ့်ကြောင့်ဆိုသော် ပါဠိတော်တွင် "၀ဏ္ဏုပ္ပတ္တိခေါပန နဘာရိယာ၊ ဥပ္ပန္နဿ ၀ဏ္ဏဿ ရက္ခဏမေ၀ ဘာရိယံ" လို့ လာရှိသည်ကို ယူ၍ ဖော်ပြထားပေမည်။ အလွန်တရာမှ ခဲယဉ်းသော ထိန်းကျောင်းဖို့ကို သတိပေးထားပေသည်။ သို့ကြောင့် လူသားအားလုံးတို့သည်လည်း မိမိတို့ ရထားပြီးသော ရာထူး၊ ဂုဏ်ပကာသန၊ စည်းစိမ်၊ ဥစ္စာတွေကို ရထားပေမယ့်လို့ ထိုရထားပြီးသော ရာထူးစသည်တို့ကို ထိန်းသိမ်းတတ်ဖို့ သတိပေးထားခြင်းဖြစ်ပေသည်။ သို့အတွက်ကြောင့် မိမိတို့သည်လည်း မိမိတို့ ရထားပြီးသော ရာထူးစသည်တို့ကို ထိန်းသိမ်းကာ ဘ၀ကို တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ဤတရားလေးကို ဖတ်ပြီး ထိန်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်။

ဘုရားရှင်တို့၏ တူညီသော အချက် ၃၀


ဘုရားရှင်တို့၏ တူညီသော အချက် ၃၀‏ ဘုရားရှင်တို့တွင် တူသော အချက်များ (၃၀) ရှိပါသည် ။
(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။
( ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ်အထုံ လူ့ပြည်ကို ပါလာမယ် ။ အဲလိုဆိုရင်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူး ။ အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါတယ် ။)


(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင် ဖွဲ့ခွေ၍ အရှေ့သို့မျက်နှာမူပြီးနေပါသည် ။
( အလောင်းတော်တွေဟာ သာမန်လူတွေရဲ့ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါဘူး ။ အတည့်ပဲနေပါတယ် ။ မယ်တော်ရဲ့ ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်ကိုယ့်သန္ဓေသားကို ကိုယ် ဗိုက်ကနေ ကောင်းကောင်းမြင်နေနိုင်ပါတယ် ။ ချဉ်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။ )


(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားပါသည် ။
( ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါတယ် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါတယ် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့် အတိုင်း မွေးပြီးပြီးချင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါတယ် ။


(၄) တောအရပ်၌သာ ဖွားတော်မူပါသည်။


(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို. ခြေ (၇) လှမ်းကြွကာ…… “ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ “……ဟု ကြုံးဝါးတော်မူပါသည်။
(ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟု ဆို၏ ။ ဂေါတမ ဘုရားလောင်းသည် ဘ၀ပေါင်း (၃) ခု၌ ဖွားစမှာပင် စကားပြော၏ ။ မဟောသဓါ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ – (သုခမှတ်စု))


(၆) သူအို၊သူနာ၊သူသေ ၊ရဟန်း နိမိတ် (၄)ပါးမြင်ပြီး ၊ သား(၁)ယောက်ဖွားသော ညမှသာ တောထွက်တော်မူကြသည်။
( ထိုနိမိတ်ပြသော နတ်သားကို ဘုရားလောင်း၏ ဆရာ ၅-ယောက်တွင် ၁-ယောက် အပါအ၀င်ဟု သတ်မှတ်ပါတယ် ။ )


(၇) အရဟတ္တဖိုလ်၏ တံခွန်ဖြစ်သော ရဟန်းအဖြစ်ကို ရယူပြီးမှ ဒုက္ကရစရိယ ကျင့်သည်။


(၈) ဘုရားဖြစ်မည့်နေ့တွင် နွားနို့ဃနာဆွမ်း ဘုန်းပေးတော်မူကြသည်။
( ထိုဆွမ်းတွင် နတ်သြဇာပါတတ်ပြီး ဘုရားဖြစ်ပြီး (၇) ပတ် ၊ (၄၉) ရက်စာ အာဟာရ ဖြစ်သည်။ ဘုရားရှင်၏ ၀မ်းထဲတွင် အစာခြေလည်း မမြန် ၊ မြန်မြန်လည်း မဆာလောင်ဘဲ သမာပတ်ဝင်စားခြင်း ၊ တရားတော်များကို ဆင်ခြင်သုံးသပ်ခြင်းများအတွက် ကောင်းစွာ ထောက်ပံ့တယ်။ )


(၉) မြက်အခင်းတွင် ထိုင်တော်မူလျက် ဘုရားဖြစ်သည်။


(၁၀) အာနပါန ကမ္မဌာန်းကို စီးဖြန်းတော်မူကြသည် ။
( ဘုရားရှင်တို့သည် အာနပါန ကမ္မဌာန်းဖြင့်သာ သဗ္ဗညုတဥာဏ်တော်ကို ရရှိကြသောကြောင့် ဂေါတမ ဘုရားရှင်သည်လည်း အာနပါန ကို လွန်စွာ ချီးမွမ်းတော်မူသည်။ ပါဠိတော်တွင်လည်း -
၁/ မဟာသတိပဌာနသုတ် ( ဒီ-၂ ၊ ၃၁ )
၂/ မဟာသတိပဌာနသုတ် ( မ-၁ ၊ ၇၀ )
၃/တတိယပါရာဇိက ပါဠိ ( ၀ိ-၁ ၊ ၈၉ )
၎/ အာနာပါနဿတိ သုတ် ( မ-၃ ၊ ၁၂၂ )
၅/ မဟာရာဟုလောဝါဒသုတ် ( မ-၂ ၊ ၈၈ )
၆/ ကာယဂတာသတိသုတ် ( မ-၃ ၊ ၁၃၀ ) တို့၌ ဟောတော်မူခဲ့သည် ။


(၁၁) မာရ်စစ်သည်ကို အောင်တော်မူသည် ။


(၁၂) ဗောဓိပလ္လင်၌သာ ၀ိဇ္ဇာ(၃)ပါးစသော ဆအသာဓာရဏ …အစရှိသော ကျေးဇူးတရားအပေါင်းကို ရတော်မူကြပါသည်။


(၁၃) ဗောဓိပင်ရဲ့ ထက်ဝန်းကျင်၌သာ သတ္တ သတ္တာယကျင့်တော်မူကြပါတယ်။ (၇) ဌာနကို ပို့စ်သက်သက် တင်ထားပါတယ်…. ဒီမှာ တင်လိုက်ရင် အရမ်းရှည်နေမှာ စိုးလို့ပါ ။


(၁၄) တရားဦးဟော စိမ့်သောငှာ ဗြဟ္မာမင်းက လျှောက်ရသည် ။
( ၇ -သတ္တဟ အပြီး ၅၀-ရက်မြောက်နေ့မှာ အဘယ်သူအား တရားဟောရမည်နည်း ၊ အဘယ်သူသည် ခက်ခဲနက်နဲသော ဤတရားများကို ခေတ်ကာလ၏ အယူဝါဒများမှ ခွဲထွက်၍ လျင်မြန်စွာ နားလည်နိုင်မည်နည်း ဟု ဆင်ခြင် ကြည့်တော်မူပါတယ် ။ မဟာစည်ဆရာတော်ဘုရားကတော့ ဒီနေရာမှာ မြန်မြန်တရားထူးရမယ့် သူကို ရှေးဦးစွာ ဟောဖို့ ရည်ရွယ်ချက် ဖြစ်တယ် ။ ဆင်ခြင်တဲ့ နေရာမှာ ဘုရားရှင်တွေဟာ ပကတိမျက်စိကိုပဲ သုံးတော်မူကြတယ်လို့ ဟောပါတယ် ။
ဘာကြောင့် ဗုဒ္ဓစက္ခု ( ဣန္ဒြိယပရောပရိယတ္တ ၊ အာသယာနုသယ ဥာဏ် (၂)ပါး ) ကို မသုံးတာလဲ ဆိုတာ မသိပါဘူး ။ ပကတိမျက်စိနဲ့ပဲ ကြည့်တော့ ပထမမှာ ဒီလောက် ခက်ခဲနေတဲ့ တရားတွေကို နားလည်သဘောပေါက်ပြီး စောစောစီးစီး တရားထူးရမယ့် သူကိုမတွေ့ဘူးလို့ ဆိုပါတယ် ။ ဒီအခါ ဘုရားရှင်ဟာ မချိတင်ကဲနဲ့ တစ်လောကလုံး အန္ဓတွေကြီးပါလား လို့ ညည်းတွားတော်မူပါတယ်။ ကိလေသာထူပြောလွန်းတဲ့ လောကကို တရားမဟောတော့ဘူး၊ တစ်ကိုယ်တည်း ဖိုလ်ချမ်းသာနဲ့ နေတော့မယ် ဆိုတဲ့ စိတ်အကြံလည်း ဖြစ်ပါတယ် ။ ဒီအခါမှာ ဗြဟ္မာမင်းက တရားဦးဟောရန် လျှောက်ရပါတယ်။ ဂေါတမဘုရားရှင်ကိုတော့ မဟာသဟမ္ပတိ ဗြဟ္မာမင်းက တောင်းပန်တယ် လို့ဆိုပါတယ်။ ဒီဃနိကယ် မှာတော့ ၀ိပဿီ ဘုရားရှင်လည်း ဒီလို ဖြစ်ခဲ့တယ်လို့ အတိအလင်းရေးထားပါတယ်။ )


(၁၅) ဣတိပတနမိဂဒါဝုန်တော ၌သာ ဓမ္မစကြာတရားဦးကို ဟောတော်မူကြပါတယ်။


(၁၆) တပို့တွဲ လပြည့်နေ့၌သာ ပါတိမောက် ပြတော်မူကြပါတယ် ။


(၁၇) ဇေတ၀န်မည်သော ကျောင်းတော်၌သာ သီတင်းများကြသည်။


(၁၈) သာဝတ္ထိမြို့၌ သာ ယမိုက်ပြာဋိဟာပြတော်မူပါသည် ။
( ယမိုက် + ပြာဋိဟာ = အစုံစုံ + တန်ခိုး ။ ရေအစုံ၊ မီးအစုံ ဟုဆိုအပ်သော အစုံလိုက် အစုံလိုက် ဖြစ်ပေါ်စေသော တန်ခိုးတော် )


(၁၉) တာဝတိံသာ၌သာ အဘိဓမ္မာတရားဟောပါတယ် ။
မြတ်စွာဘုရားသည် ပထမ၀ါကို မိဂဒါဝုန်မှာ ၀ါကပ်တော်မူပြီး ဒုတိယ၀ါ၊ တတိယ၀ါ၊ စတုတ္ထ၀ါတို့ကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၊ ပဉ္စမ၀ါကို ဝေသာလီပြည်၊ ဆဋ္ဌ၀ါကို မကုဠတောင် စသည့် နေရာဌာနများ၌ ၀ါကပ်တော်မူသည်။ သတ္တမ၀ါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသည့် သန္တုဿိတ နတ်သားကို အမှူးထား၍ အဘိဓမ္မာဒေသနာတော်ကို ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူသည်။


အဘိဓမ္မာ သင်တန်းမှာ မှတ်သားမိတာကတော့ ၀ါတွင်း ( ၃ ) လ မှာ -
၁။ ဓမ္မသင်္ဂဏီကျမ်း ကို ( ၁၂ ) ရက်
၂။ ၀ိဘင်္ဂ (၀ိဘင်းကျမ်း)ကို ( ၁၂ ) ရက်
၃။ ဓာတုကထာကျမ်းကို ( ၆ ) ရက်
၎။ ပုဂ္ဂလပညတ္တိ (ပုဂ္ဂလပညတ်ကျမ်း)ကို ( ၇ ) ရက်
၅။ ကထာဝတ္ထုကျမ်းကို ( ၈ ) ရက်
၆။ ယမက (ယမိုက်ကျမ်း)ကို ( ၂၀ ) ရက်
၇။ ပဋ္ဌာန (ပဋ္ဌာန်းကျမ်း)ကို ( ၂၅ ) ရက် ဟောတော်မူခဲ့သည်။


နတ်ပြည်မှာ ဘုရားရှင် ရဲ့ နှုတ်ထွက်စကားပြောနှုန်း မြှင့်ပြီးဟောလို့ရတာဟာလည်း အကြောင်းတစ်ခုလို့ ဆိုပါတယ်။
ကျွန်တော် တွက်ကြည့်တာကတော့ လူ့ပြည် (၁၀၀) နှစ် = တာဝတိသာ(၁) ရက်


ယမိုက်ကျမ်း-အရ
လူ့ပြည် (၁) နှစ် = လူ့ပြည် (၁၂) လ = တာဝတိသာ ( ၀.၂၄ ) နာရီ
လူ့ပြည် (၃) လ = တာဝတိသာ ( ၀.၀၆ ) နာရီ = တာဝတိသာ (၃.၆) မိနစ်
နတ်တွေအတွက်တော့ (၃.၆) မိနစ် ပဲကြာပါတယ် ။ သူတို့ရဲ့ အချိန်အတိုင်းအတာတွေ ကျွန်တော်တို့နဲ့ ရေတွက်ပုံ တူရင်ပေါ့လေ။ (၆၀) မိနစ် = (၁)နာရီတွေ ဘာတွေ၊ မရှိရင်တော့ ဒီလိုတွက်လို့ မရနိုင်ဘူးပေါ့ ။ ကျွန်တော်လည်း လူ့ပြည်ရောက်တာကြာပြီဆိုတော့ မေ့ကုန်ပြီ ။( ဟီး )


(၂၀) သင်္ကဿနဂိုရ်ပြည်၌သာ နတ်ပြည်မှ သက်တော်မူပါတယ် ။


(၂၁) ဖလသမာပတ်ကို မပြတ်ဝင်စားတော်မူပါတယ် ။


(၂၂) နံနက်အခါ ၊ ညဉ့်အခါ တို့၌ ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရှုတော်မူပါသည်။
( နေ့ (၃) ခါ ၊ ည (၃)ခါ ..၆ ခါ ကြည့် ပါတယ် )


(၂၃) အကြောင်းရှိမှ ၀ိနည်းတရားတို့ကို ပညတ်တော်မူပါသည်။


(၂၄) အတ္ထုပ္ပတ္တိ နဲ့ တိုက်ဆိုင်မှုရှိလျှင် အတိတ်မှ ဇာတ်တရားများကို ဟောပါသည်။


(၂၅) ဆွေတော် ၊ မျိုးတော်တို့၏ အစည်းအဝေး တရားပွဲများတွင် ဗုဒ္ဓ၀င်ကိုသာ ဟောတော်မူကြသည်။


(၂၆) ဧည့်သည်ရဟန်းတို့နှင့် တရားစကား ပြောတော်မူကြသည်။


(၂၇) ဒါယကာတို့ ဖိတ်၍ ၀ါဆိုတော်မူသော် ၊ ၀ါကျွတ်လျှင် ဒါယကာတို့အား ပန်ကြားပြီးမှသာ ထွက်ခွာကြွသွားတော်မူကြသည်။


(၂၈) နေ့စဉ် အခါခပ်သိမ်း ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူသည်။
( ဗုဒ္ဓကိစ္စငါးပါး ။ ။
၁/ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင် တို့အား အခွင့်အားလျော်စွာ မနုမောဒနာပြုခြင်း ကိစ္စ။
၂/ ပစ္ဆာဘတ္တကိစ္စ = နေလွဲအခါ နဲ့ ညနေပိုင်း၌ ပူဇော်ရန်လာသူတို့၏ အပူဇော်ခံပြီး သင့်တော်သော တရားဟောခြင်းကိစ္စ။
၃/ ပုရိမယာမ ကိစ္စ = ညဉ့်ဦးယံ၌ ရဟန်းတို့အား တရားဟောခြင်း၊ကမ္မဌာန်းပေးခြင်း စသော ကိစ္စ။
၎/ မဇ္စိုမယာမကိစ္စ = သန်းခေါင်ယံ ၌ စကြာဝဠာ တိုက်တစ်သောင်းမှ လာရောက်ကြကုန်သော နတ်၊ဗြဟ္မာတို့၏ အမေးပုစ္ဆာပြဿနာတို့ကို ဖြေဆိုတော်မူခြင်းကိစ္စ။
၅/ ပစ္ဆိမယာမ ကိစ္စ = မိုးသောက်ယံ ၏ ၃ ပုံ ၊ ၁ ပုံ တွင် – ပထမတစ်ပုံ၌ စင်္ကြံကြွတော်မူခြင်း ၊ ဒုတိယတစ်ပုံ၌ သီဟသေယျဖြင့် လက်ယာနံတောင်း လျောင်းစက်တော်မူခြင်း၊ တတိယအပုံ၌ မဟာကရုဏာဖြင့် စတုတ္ထဈာန်သမာပတ်ကို ၀င်စားတော်မူ၍ ထိုကရုဏာသမာပတ်မှ ထတော်မူသောအခါ (အရုဏ်တက်ခါနီး) ယနေ့ ချွတ်ထိုက်သော သတ္တ၀ါကို ဗုဒ္ဓစက္ခုဖြင့် လောက(၃)ပါးကို ကြည့်တော်မူခြင်း ကိစ္စ ။
သုတ်သီလက္ခန် အဌကထာ – မှ )


(၂၉) ပရိနိဗ္ဗာန်ပြုအံ့သောနေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူသည်။


(၃၀) သမာပတ်ဝင်စားပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူသည်။
ဗုဒ္ဓကမ္ဘာဆိုဒ်မှ သဘောကျ၍ ကူးယူဖော်ပြထားသည်။

ချမ်းသာတယ်ဆိုတာ

ချမ်းသာတယ်ဆိုတာ ၀မ်းမြောက်တဲ့ သောမနဿ၊ နှစ်သက်တဲ့ ပီတိ၊ ခံစားရတဲ့ သုခ၊ ဒီလိုမှ ချမ်းသာတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
တကယ့်ချမ်းသာအစစ်ကတော့ နိဗ္ဗာန်ပါပဲ။ သောမနဿလို့ဆိုတဲ့ ၀မ်းမြောက်တာကတော့ သူတစ်ပါး ဆင်းရဲပြီး ဒုက္ခရောက်နေတာကို ၀မ်းမြောက်နေတာကို ဆိုလိုသည်မဟုတ်ပါဘူး။ မိမိက အနစ်နာခံလိုက်လို့ သူတစ်ပါးချမ်းသာတာ ၀မ်းမြောက်သွားတာ သုခတွေရသွားတာကို သောမနဿဖြစ်တယ် ၀မ်းမြောက်တယ်လို့ ဆိုလိုပါတယ်။ နှစ်သက်တဲ့ ပီတိကတော့ ကောင်းသောအာရုံ မကောင်းသောအာရုံ စသည်ဖြင့် မိမိ၏စိတ်က လိုလားတောင့်တနေပြီး ၀မ်းသာပျော်ရွှင်တာကြည်နူးတာ မြတ်နိုးတာကို ဆိုလိုပါတယ်။ ခံစားရတဲ့ သုခကတော့ဖြင့် ကောင်းတာတွေကိုပဲ သုံးဆောင်ချင်တယ်၊ ကောင်းတာတွေပဲ စားသောက်ချင်တယ်၊ ကောင်းတာတွေပဲ ထိတွေ့ချင်တယ်၊ ကောင်းတာတွေပဲ အာရုံမှာ တင်ထားချင်တယ်၊ စသည်အားဖြင့် ကောင်းတာလေးတွေကိုပဲ ခံစားတာကို ဆိုလိုပါတယ်။ လူတစ်ယောက်မှာ သောမနဿ၊ ပီတိ၊ သုခ တွေနဲ့ ပြည့်စုံနေတယ်ဆိုရင် ချမ်းသာတာပါပဲ။ ။

မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း


တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။

အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။

ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..

“အဝေရာ ဟောန္တု

အဗျာပဇ္ဇာ ဟောန္တု

အနီဃာ ဟောန္တု

သုခီအတ္တာနံ ပရိဟရန္တု
လို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။

မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။ မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊

ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို

မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်း ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို

ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။ လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။ (တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။

(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့

(၁) မုန်းသူ

(၂) အလွန်ချစ်သူ

(၃) မချစ်မမုန်းသူနှင့်

(၄) ရန်သူတို့ ဖြစ်တယ်။

အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင် မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။

အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။

အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။

ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို) မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ ရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။ သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။

မေတ္တာ၏အကျိုးကျေးဇူးများ

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။

(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။

(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။

(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။

(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။

(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။

(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး  သမာဓိဖြစ်လွယ်တယ်။

(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။

(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။

(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ  ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။

မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ)

ရင်လှိုက်မော

တစ်ဖြည်းတစ်ဖြည်း
မီးစာတွေကုန်
ဆီခမ်းချိန်ကို စောင့်ရင်း
နောင်စမည့်ဘ၀ကို
ရင်လှိုက်မောစွာ
စောင့်မျှော်နေရင်း
လက်ရှိရသောအချိန်ကို ဤတရားဓမ္မကုသိုလ်ဖြင့် နောင်ဘ၀၏ ကောင်းကျိုးဆိုးကျိုးကို 
တည်ဆောက်ရင်း
တစ်နေ့တစ်နေ့
ခန္ဓာရှိသ၍
စွမ်းနိုင်သလောက်ကုသိုလ်ယူလျှက်
ရွှေဘိုသီလာ

စကားအရာအင်္ဂါများနှင့် စကားကြီးဆယ်ခွန်း

စကားအရာအင်္ဂါ (၁၀) ပါး


၁။ကာလ၀ါဒီ- ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း။
၂။ဘူတ၀ါဒီ-ဟုတ်မှန်သောစကားကိုသာပြောဆိုခြင်း။
၃။ဓမ္မ၀ါဒီ-တရားနှင့်စပ်သည်ကိုသာပြောဆိုခြင်း။
၎။အတ္ထ၀ါဒီ-အကျိုးနှင့်စပ်သည်ကိုသာ ပြောဆိုခြင်း။
၅။ပိယ၀ါဒီ-ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း။
၆။မိဟိတပုဗ္ဗဘာဏီ-ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း။
၇။မိတာဘာဏီ-မပိုမလွန်ချင့်ချိန်၍ ပြောဆိုခြင်း။
၈။အတုရိတ၀ါဒီ-အဆောတလျင် မပြောဆိုခြင်း။
၉။ပေါရီ-ပြည်ကြီးသူ ပြည်ကြီးသားတို့ဓလေ့ထုံးစံကိုလိုက်၍ပြောဆိုခြင်း။
၁၀။ဝိသဒ၀ါဒီ-သန့်ရှင်းသေချာ၊ဌာန်ကရိုဏ်းကျအောင်ပြောနိုင်ခြင်း။


  • စကားကြီး (၁၀)ခွန်း

၁။ရေကူးညာတင်-လိုသည်ထက် ပို၍ပြောသောစကား။
၂။ကောက်ပင်ရိတ်လှီး-တခွန်းတည်းနှင့်အပိုင်ပြောသည့်စကား။
၃ရေစီးဖောင်ဆန်-စကားပြောရာ၌ လက်ဝင်ပင်ပန်းပြောသောစကား။
၎။အိုးတန်ဆန်ခပ်-တဖက်လူနှင့်တန်သလောက်ပြောသောစကား။
၅။ဆီပွတ်ကျသည်ပွေ့-တဖြေးဖြေး ကိုယ့်ဖက်ပါအောင် ပတ်ချွဲ နပ်ချွဲပြောသောစကား။
၆။ဆင်ဝှေ့ရန်ရှောင်-ထမင်းရေပူလာ လျှာလွှဲတာဝန်ရှောင်သောစကား။
၇။တောင်သူယာခုတ်-အခြေခံကို ပထမပြော၍ လိုရာကို နောက်မှပြောသောစကား။
၈။ကြက်ဆုတ်ခွပ်ပစ်-မိမိအသားစီးရသည့်အခါ အပိုင်ပြောသောနည်း။
၉။ရေစစ်ကရား-စကားအကုန်ပြောနည်း။
၁၀။ခက်တင်မောင်းနင်း-မတင်မကျစကား။

လူလေးမျိုး

အမှောင်ကလာပြီး အမှောင်သွားမယ့်လူ၊ အလင်းကလာပြီး အမှောင်သွားမယ့်လူ၊ အမှောင်ကလာပြီး အလင်းသွားမယ့်လူ၊ အလင်းကလာပြီး အလင်းသွားမယ့်လူလို့ လေးမျိုးရှိတယ်၊ အလင်းကလာပြီး အလင်းသွားနိုင်တဲ့လူ ဖြစ်အောင် ကြိုးစားကြပါ။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
အမှောင်ကလာပြီး အမှောင်သွားမယ့်လူဆိုသည်မှာကား အတိုချုပ်ဆိုရသော် အပါယ်လေးဘုံမှ လာပြီး ထိုအပါယ်လေးဘုံကိုပဲ ပြန်သွားသောပုဂ္ဂိုလ်ကို ဆိုလိုပေသည်။ အလင်းကလာပြီး အမှောင်သွားမယ့်လူ ဆိုသည်မှာကား အလင်းဟုဆိုအပ်သော သုဂတိဘုံဘ၀ကနေပြီး အောက်ပြည်ဟုဆိုအပ်သော အပါယ်ဘုံကို သွားသော ပုဂ္ဂိုလ်ကို ဆိုလိုပေသည်။အမှောင်ကလာပြီး အလင်းကိုသွားမယ့်လူကတော့ဖြင့် အပါယ်ဟုဆိုအပ်သော ဘုံဘ၀မှသည် ကောင်းသောသုဂတိဘ၀ ဘုံဋ္ဌာနသို့ လားရောက်သော ပုဂ္ဂိုလ်ကိုဆိုလိုပေသည်။ အလင်းမှလာပြီး အလင်းသွားမယ့်လူဆိုသည်ကား ကောင်းသော ဘုံဘ၀ကနေမှသည် ကောင်းသော သုဂတိဘုံဘ၀သို့ လားရောက်သော ပုဂ္ဂိုလ်တို့ဟူ၍ လေးမျိုးရှိလေသည်။ထိုလေးမျိုးတို့တွင် မိမိတို့သည် မိမိတို့ကိုယ်တိုင်ဘယ်ဘ၀မှလာပြီး ဘယ်ဘ၀သို့ သွားမည်ကို ကိုယ်တိုင်ဆုံးဖြတ်ပြီးသကာလ ရွေးချယ်ကာ အလင်းသွားနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလျက်။

မယုံနဲ့

မေတ္တာတွေက လမ်းလျှောက်နေခိုက်
သစ္စာတွေက ပန်းကောက်နေလေရဲ့
ကရုဏာကို လေနှင်လိုက်တော့
မုဒိတာတရားက ပြန်လှည့်ကြည့်ချိန်တွေ
နောက်ကျခဲ့တယ်
နောက်ဆုံးတော့ 
ဥပေက္ခာကသာ 
ဘ၀တွေကို ဦးဆောင်စေခဲ့တယ်။ ။
ဖြစ်တတ်တဲ့သဘောပေါ့....

ကိုယ့်ကိုယ်ကို ချစ်ကြရင်

လောကကြီးမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ပြောကြတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ချစ်ရင် ကောင်းသထက် ကောင်းအောင် ကြိုးစားရမယ်။ လောဘ၊ ဒေါသ၊ မောဟတရားတွေမှာ နစ်မွန်းနေရင် ချစ်ရာ မရောက်ပါဘူး။ ကိုယ့်ကိုယ်ကို နှစ်ရာ ရောက်နေပါတယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လူတွေဟာ တကယ်တော့ လောဘ၊ဒေါသ၊မောဟတွေ အင်မတန်ဖုံးလွှမ်းပြီး နေကြပါတယ်။ တစ်နေ့တာရဲ့ကုန်ဆုံးချိန်ဟာ လောဘ၊ဒေါသ၊ မောဟ တစ်မျိုးမျိုးနဲ့ ကုန်ဆုံးနေကြတယ်။ တကယ် သနားစရာကောင်းသော သတ္တ၀ါတွေပါပဲ။ မိမိတို့ရဲ့ လောဘ၊ ဒေါသ၊မောဟ တွေကို တစ်နေ့မှာ အနည်းငယ်စီလျှော့ချသွားပြီး လုပ်ကိုင်စားသောက် လှုပ်ရှားကြမယ်ဆိုရင် တစ်ဘ၀သာ ကျေနပ်စရာမဟုတ်ပဲ တစ်သံသရာသာ စိတ်ချဖို့ဖြစ်သွားကြပါလိမ့်မယ်။

လူ့သီလ

လောကကြီးထဲမှာဘယ်သူမဆို
ချမ်းသာချင်ကြတာပဲ၊
သူများ ဆင်းရဲ(ဒုက္ခ)ရောက်မှ
ကိုယ်ချမ်းသာရတာမျိုးတော့
မဖြစ်စေနဲ့၊ မလုပ်အပ်ဘူး။
သူများ ဆင်းရဲအောင်
ကိုယ်-စိတ် မလုပ်ကြနဲ့၊
အနစ်နာခံစရာရှိရင်
ကိုယ်သာခံ၊ ဒါ လူ့သီလပဲ။ ။
(အရှင်ဇနကာဘိဝံသ)
လောကကြီးထဲမှာ လူတွေဟာ လူတိုင်းလိုလို ချမ်းသာချင်ကြတာချည်းပါပဲ။ မချမ်းသာချင်သောသူရှာလျှင် 
ရွှေထက်ရှားမည်ထင်၏။ ချမ်းသာချင်သော စိတ်ကြောင့်နည်းအမျိုးမျိုးဖြင့် ကြိုးစားကြလေ၏။ တစ်ချို့က သူတစ်ပါးကို မထိခိုက်စေပဲ ချမ်းသာချင်ကြသလို တစ်ချို့များကြတော့ သူများတစ်တွေ မျက်ရည်ပေါက်ကြီးငယ်ကျမှ စိတ်ဆင်းဒုက္ခရောက်မှ သူတို့က စိတ်ချမ်းသာပြီး ပစ္စည်းဥစ္စာ ချမ်းသာချင်ကြသော ပုဂ္ဂိုလ်များလည်း ရှိကြပေသည်။ ထိုသို့ သူများတကာတို့ စိတ်ဆင်းရဲမှ ချမ်းသာချင်ကြသော စိတ်ဓါတ်များကို ဖယ်ရှား၍ အနစ်နာခံစရာရှိကား မိမိပင် ခံ၍ ဘ၀ကို ရိုးရိုးသားသား ကြိုးစားပြီး စီးပွားဥစ္စာကို ရှာကြံကြမယ်ဆိုရင်ဖြင့် လူ့သီလကို စောင့်ထိန်းသည်မည်ပေ၏။
ထို့ကြောင့် ပြောချင်သည်ကား လူများကား လူ့သီလကို လူလိုစောင့်ထိန်းပြီး ဘ၀ကို ပေါ့ပါးစွာ ဖြတ်သန်းကြပါလို့ တိုက်တွန်းအပ်ပါသတည်း။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...