နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ(ခ)
(၂) ဗုဒ္ဓသည် အုတ်အုတ်-အုတ်အုတ်အသံတို့ကို ကြားသည်။ ရုတ်ရုတ်-ရုတ်ရုတ် အခြေအနေတို့ကို သိသည်။
ရဟန်းတို့၊ ရဟန်းတို့၊ ရွှေသင်္ကန်းကို အလှူခံသော ရဟန်းကား သာမန်မဟုတ်။ ဘုန်းနှင့် ကံနှင့် ပါရမီနှင့် ၀ိသေသကို ဆောင်သည်။ သူ့အား အမြင်မှားခြင်းမရှိကြလင့်။ အမှားမြင်ခြင်းမရှိကြသင့်။ ဆုထူးပန်ဖြစ်သည်။ ဤဘဒ္ဒကမ္ဘာ ၌ ဆက်၍ ပွင့်မည့် အရိမေတ္တေယျအလောင်းတော်မြတ် ဖြစ်ပေသည်။
ဤသို့ သံဃာတော်အများက အဇိတရဟန်းအား အထင်အမြင်လွဲမှားခြင်းကင်းစေရန် ဗုဒ္ဓက မိန့်တော်မူလိုက်သည်။
လက်တွေ့သည် အရေးပါ၏။ အရာရောက်၏။ အရာရာ၌ ရာနှုန်းပြည့်အောင်စေ၏။
မြသပိတ်တော်သည် အနားလေးရစ်နှင့် ဖြစ်သည်။ ဗုဒ္ဓသည် သပိတ်တော်ကို လက်ဝါးပေါ်တွင် တင်သည်။ ကောင်းကင်ထက်သို့ လွှတ်သည်။ မြသပိတ်တော်ကို လိုက်ယူကြ။ ရဟန်းတို့အား မိန့်တော်မူသည်။
ရှစ်ကျိပ်သော သာဝကကြီးများမစွမ်း။ ရဟန်းငယ်များမစွမ်း။ သပိတ်ပျံကို လိုက်ဖမ်းနိုင်သူ တပါးမျှ မပေါ်ခဲ့။ မထွက်ခဲ့။
အဇိတ၊ ချစ်သား အဇိတ၊ မြသပိတ်ပျံကို ယူချေလော့။
မြတ်ဗုဒ္ဓ၊ ကောင်းပါပြီ၊ တပည့်အဇိတ ယူပေးပါမည်။
အဇိတရဟန်းက ၀န်ခံသည်။ ကောင်းကင်ယံသို့ ဈာန်ယာဉ်ပျံဖြင့် ကြွသည်။ မြသပိတ်တော်နောက်သို့ လိုက်သည်။ ချက်ချင်း ရရှိ၏။ ဗုဒ္ဓအား ကပ်သည်။
ဤကား အဇိတရဟန်း၏ အစွမ်းကို လက်တွေ့ဖြင့်တည်စေလိုက်ခြင်း။
တစ်ဆက်တည်းပင် အဇိတရဟန်းက ဗုဒ္ဓအား ရွှေဖျဉ်ထည်- ရွှေဝိတာန်ကို လှူသည်။ ရွှေဖျဉ်မျက်နှာကျက်အဖြစ် သုံးစွဲတော်မူပါ။ ဤကောင်းမှုကြောင့် ဗုဒ္ဓအဖြစ်ရောက်သောအခါ ရွှေပန်းဆိုင်း၊ ငွေပန်းဆိုင်း၊ သန္တာပန်းဆိုင်း၊ ပုလဲပန်းဆိုင်းတို့ဖြင့် တန်းဆာဆင်အပ်သော (၁၂) ယူဇနာရှိ ရတနာဝိတာန်ကြီး ဖြစ်ပေါ်ပါစေသတည်း။ ရလိုသောဆု ယူလိုသောဆုကို ပန်၍ ဗုဒ္ဓအား လှူပါသည်။
0 Response to "နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ(ခ)"
Post a Comment