မြတ်ဆရာ
မြတ်ဆရာ
မြင်ယောင်ကြားယောင်နေမိနေပါသည်၊
အသီးတစ်ရာ အညှာတစ်ခု သီချင်းထဲ ကလိုပါပဲ၊ ခေါင်းလောင်းသံ ပုံမှန်ပေးလျက်ရှိသော ပင်လိန်အရှေ့ရွာကြီး၏
အခြေခံ ပညာ မူလတန်းကျောင်းနှင့် ရွှေပင်အရှေ့ ရွှေလမင်းကျောင်းကြီးတို့ကို ပြေးမြင်မိသည့်
အခါ ငယ်စဉ်အခါက ကျောင်းအ၀င်မှာရှိသည့် မြေနီလမ်းဘေးမှာ ဖြူနီပြာဝါ ရောင် စုံဖြာပန်းတို့ဖြင့်
လန်းဆန်းနေသည့်စိန်ပန်းပင်ချယ်ရီပင်အောက်တို့မှဖြတ်ကာ သင်္ကန်း ၀ါနီ ကိုယ်စီဝတ်ထားသည့်
ဒက်ချီးကိုရင်လေးများ ကျောင်းစိမ်းအင်္ကျီလုံချည် ၀တ်ရမှန်း မသိ၍ မိဖများဆင်ပေးသော ရောင်စုံအင်္ကျီ
ကိုယ်စီဝတ်ကာ မြေနီစွဲနေသော လွယ် အိတ်ကိုယ်စီ မနိုင့်တနိုင် လွယ်ထားသည့် ကျောင်းသူကျောင်းသားလေးများသည်
စာသင်ကျောင်းဖွင့်သည့်ရက်တိုင်း စာသင်ကျောင်းသို့မသွားမီ နံနက်(၈)နာရီတစ်ချိန်၊ စာသင်ကျောင်းဆင်းပြီး ညနေ (၄)နာရီတစ်ချိန် နေ့စဉ်နှစ်ကြိမ်
ဘုန်းဘုရားကျောင်းသို့ ဘုရားရှိခိုးသွားရသည့်ဓလေ့သည် ယနေ့တိုင် ပုံမှန်လည်ပတ်နေဆဲပင်။
ဘုရားရှိခိုးရာတွင်
နှာယောင်လက်မ ဆံစလက်ညှိုး ထိကာမိုး ရှိခိုးလက်အုပ်ချီ
ပါမယ်ဘုရား၊ လက်ချ ဒူးချ တစ်တောင်ချ နဖူးကျစေ ဦးချလေ-ဟု မြတ်ဆရာသခင်က အမှတ်ရစေချင်လို့ ဒုတ်ကလေးပြကာ သာသာပြောမရရင် နာနာပြောမှာနော်-လို့ ခြောက်ချီတစ်ခါ
မြှောက်ချီတစ်လှည့်ဖြင့် ဘုရားရှိခိုးသင်ပေးလျက်။ သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်စသည့် လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားရှိခိုးကို
မြတ်ဆရာကိုယ် တိုင် ရှေ့မှတိုင်ပေးသည်ကို သံပြိုင်လိုက်ဆို ဟစ်ကြွေးသံများနှင့်အတူ
ဘုရားသွား ကျောင်းတက် ၀တ်မပျက်ပဲ မျိုးဆက်သစ်ကလေးငယ်များ အစားထိုးဝင်ရောက်နေကြ လေသည်။
အဟောင်းပျောက် အသစ်ရောက်လာကြပေမဲ့ မပျောင်းလဲသေးတာက သာမြဲသာဆဲ ခေါင်းလောင်းသံနှင့်အတူ
အထက်ပါ ချစ်စရာဓလေ့များပင်တည်း။
ထို့ပြင်
ညနေစောင်းလို့ ကိုရင်ငယ်များနှင့်အတူ ကျောင်းအိပ်ကျောင်းစား ကိုရင် ကျောင်းသားကလေးများ
အိမ်ပြန်ချိန်တန်တော့ ဥဒေါင်းယဉ်သာ နေစကြာသည်
ဂေါယာခွင်သို့ ၀င်ချိန်ကျ၍ သားလှမိခင် အိမ်ကြမ်းပျဉ်က ရွှေစင်သားလှ ပြန်ချိန်ကျ၍ မျှော်လှတော့မည်
သို့ဖြစ်သည်ကြောင့် စုံညီအသင့် အပြုံးဆင့်၍ အရှင့်ထံပါး ပန် လျှောက်ကြားသည် အိမ်သွားချိန်တန်ပါပီဘုရား
စသည် အိမ်ပြန်ဖို့အရေး မြတ်ဆရာထံ ခွင့်ပန်လျှောက်ကြားသည့်အသံများသည်လည်း ယနေ့အသက်ဝင်ဆဲပင်။
မြတ်ဆရာ
ပင်လိန်အရှေ့ရွာကျောင်းကြီးသို့ ကျောင်းထိုင်ရန် ပင့်ဆောင်လာ သည့် ၁၃၃၇-ခုနှစ်၊ နယုန်လပြည့်ကျော်(၈)ရက်နေ့။
ကျွန်ုပ်သည် (၁၃)နှစ်သားခန့်သာ ရှိသေး၏။ ထိုစဉ်က ပင်လိန်အရှေ့ရွာကြီးသည် သွားရေးလာရေး
ယခုလောက်မလွယ် ကူပါ၊ ယခုလောက်လည်း မဖွံ့ဖြိုးသေးပါ၊ လှည်းကိုသာ အားကိုး၍ သွားလာရသော
အချိန်ဖြစ်ပေသည်။ မိုးများလွန်း၍ မြေတွေကနီ ရွံ့ဗွက်တွေကထူ လှည်းဘီးမှာ ရွံ့အလိမ်းလိမ်းကပ်လို့၊
ထိုစဉ်အခါက ရွာလူကြီးများ ဖြစ်ကြသော သူကြီးဦးလှရွှေ၊ ဦးကျောင်းစိန်၊ ဦးချစ်လှိုင်စသူတို့
ဦးဆောင်ကာ ပင့်ဆောင်လာသော နောင်တစ်ချိန် မိမိ၏ ကျေးဇူးကြီးသည့် မြတ်ဆရာ ဖြစ်လာမည့်
ယခင် အရှင်စန္ဒိမာစာရ (သာသနဓဇ ဓမ္မာစရိယ) စာချဘုန်းကြီးလေးအဖြစ်မှ ယခု ဘဒ္ဒန္တစန္ဒိမာစရ(နိုင်ငံတော်
ဗဟိုသံဃာ့ဝန် ဆောင် ၀ိနည်းဓိုရ်ဆရာတော်အရှင်မြတ်)၏ ရင်ထဲမှာတော့ မဲဇာတောင်ခြေသို့ ရောက်
လာသလား ထင်မိကောင်းထင်မိနေပေလိမ့်မည်။ ၀က်ဝံရွာဈေးကုန်းကျောင်းဆရာတော် ဦးမဏိဇောတ၊
မစိုးရိမ်ဆရာတော် ဦးသုမနာဘိဝံသတို့နှင့်အတူ ဦးဝိမလ (ရေစကြို) ဦးတေဇိန္ဒ(မြိုင်) ဦးပညိန္ဒ
စသောရဟန်းတော်များလည်း အတူလိုက်ပါလာကြသည်ကို ပြန်တွေးရင် ရေးရေးပေါ်ဆဲပင်။
ကျောင်းတင်ပွဲကြီး
ကျင်းပရာတွင် မြတ်ဆရာမှ ပင်လိန်အရှေ့ရွာသူရွာသားများ အတွက် တရားဦးကိုလဲ စတင်ဟောကြားပါတော့သည်။
တရားနာမည်ကိုတော့ မမှတ်မိ တော့ပါ။ မြတ်ဆရာသည် စာပေကို အင်မတန်မြတ်နိုးသည်။ စာပေလည်း
အင်မတန်နှံ့ စပ်သည်ဟု မြင်မိပါသည်။ စာပေအကြောင်း မေးလာသူများကို ကျမ်းဂန်အထောက် အထားဖြင့်
ကျနစွာရှင်း ပြတတ်သည်။ ကဗျာ လင်္ကာ တေးထပ် ရတုစသည်ကိုလည်း ပိုင်နိုင်စွာရေးတတ်လေသည်။
မြတ်ဆရာ ပင်လိန်အရှေ့ရွာကြီးသို့ ကျောင်းထိုင်ရောက် ရှိလာပြီးနောက် စာရေးသူသည် လေးတန်းကျောင်းသားဘ၀ဖြင့်ရှိသေး၏။
ဘုန်းကြီး ကျောင်းသို့ မအပ်ရသေးပါ။ မိဖနှစ်ပါးများဖြစ်ကြသော ဦးထွန်းဖေ+ဒေါ်ဂွမ်းရုံတို့မှ
ဘုန်းကြီးသစ် ရောက်လာပြီဆိုတော့ ဘုန်းကြီးကျောင်း အပ်ရန်စီစဉ်ကြယင်း ဘုန်းကြီး ကျောင်းသို့
ကန်တော့ပွဲဖြင့် ကျောင်းအပ်ပါတော့သည်။ နောက်တစ်နေ့မှာတော့ ဆရာ ဘုန်းကြီးမှ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ
သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဟူသော ဆရာ့ကျင့်ဝတ်နှင့်အညီ ဘုရားရှိခိုး
ပရိတ်ကြီး သဒ္ဒါ သဂြိင်္ုဟ် အင်္ဂလိပ်စာ သင်္ချာ ဗေဒင်တို့ကို သင်ပေးပါတော့သည်။ မြတ်ဆရာသည်
မိမိ တပည့်များကို အင်မတန်မှ ချမ်းအေးသော နေ့စဉ်နံနက်(၄)နာရီဆိုလျှင် ကြေးမောင်း ထိုး
ကြေးစည်တီးပြီးသည်နှင့် အရုဏ်ဆွမ်း ယာဂုလဘက်ရည်အတွက် အလှည့်ကျ ကိုရင်ကျောင်းသားများက
ယာဂုကျိုခြင်း ဆွမ်းချက်ခြင်းစသည် ပြုလုပ်စေ၍ အလှည့် မကျသော ကိုရင်ကျောင်းသားများကိုလည်း
အားလုံးထစေကာ မျက်နှာသစ်အပြီး.. ဘုရားရှိခိုးအမျိုးမျိုး၊ ပဉ္စာရက္ခကမ္မဋ္ဌာန်း၊ ဆုံးမစာ၊
နေ့ရွေးညရွေးလင်္ကာ၊ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ဂုဏ်တော်အနှစ်ချုပ်၊ ဘ၀တု သဗ္ဗမင်္ဂလံ၊ ပစ္စဝေက္ခဏာ
ပါဌ်အနက်လင်္ကာ အစရှိသော တစ်နေ့တာသင်ခဲ့သမျှ စာပေများကို ၀ိုင်းဖွဲ့စေလျက် တစ်ယောက်တစ်
လှည့် အလွတ်ချစေကာ ကျန်ကိုရင်ကျောင်းသားများက နောက်မှလိုက်ဆိုကြရလေ သည်။ အိပ်ငိုက်နေ၍
အရိုက်ခံအမန်ခံခဲ့ရပေါင်းလဲ မနဲခဲ့ပေ။
မြတ်ဆရာသည်
အလှူအတမ်း အင်မတန် ရက်ရောသူဟုလည်း မှတ်ချက်ပြုမိပါ သည်။ ကျောင်းသို့ရောက်လာသည့် ကလေးက
စလို့ လူကြီးပါမကျန် စားစရာ၊ ပိုက်ဆံ စသည်တစ်မျိုးမျိုး ကျွေးမွေးထောက်ပံ့ရမှ ကျေနပ်သည်။
စာရေးသူ စာသင်သားဘ၀ တွင် စာမေးပွဲဖြေပြီး၍ မြို့မှပြန်လာခဲ့သော်လည်းကောင်း အာဂန္တုကခေါ်
ဧည့်သည် ရဟန်းသာမဏေများ လိုက်ပါလာလျှင်သော်လည်းကောင်း အခြားအရပ် လေးမျက်နှာမှ ရောက်လာသူ
ဧည့်သည်ရဟန်းသာမဏေများအား သင်္ကန်း ထီး ဘိနပ်နှင့် ၀တ္ထုငွေများ ကို လှူလိုက်ရမှ ကျေနပ်သည်။
ထို့ပြင် ပညာသင်ကြသော ကျောင်းသူ ကျောင်းသား များကိုလည်း ပညာသင်စရိတ်ကို အခါအားလျှော်စွာ
တတ်နိုင်သ၍ ထောက်ပံ့တတ်ပေ သည်။ မြတ်ဆရာ ထောက်ပံ့ပြုစုပေးခဲ့သော တပည့်ပေါင်းများစွာထဲမှ
ယခုအချိန်တွင် ဒေါက်တာဘွဲ့ရသူ၊ အင်္ဂျင်နီယာဘွဲ့ရသူ၊ ကျောင်းဆရာ၊ ဆရာမများ၊ စစ်ဗိုလ်များ၊
ပြည်တွင်းပြည်ပ နယ်မြေအသီးသီးသို့ရောက်၍ အထိုက်အလျောက် အောင်မြင်သော စီးပွားရေးပညာရှင်များ၊
မိရိုးဖလာတောင်သူလယ်လုပ်သူများစသည့် အသီးအပွင့်များ ဝေဆာလျက်ရှိပေသည်။ ဓမ္မသဘောအရပြောမည်ဆိုပါက
အချိန်မတန်မီကြွေလွင့်သွား သူများလည်း မနဲတော့ပေ။ မြတ်ဆရာသည် ပင်လိန်အရှေ့ကျောင်းကြီးသို့
ရောက် သည့်နေ့မှစ၍ ယနေ့ထက်တိုင် ကိုရင်ကျောင်းသားများကို နေ့စဉ် စိတ်ရှည်လက်ရှည် စာသင်ပေးခြင်း
ယဉ်ကျေးမှုသင်တန်းများ ပြုလုပ်ပေးခြင်း စာကြည့်ခြင်း တရားဟော တရားပြခြင်း တရားထိုင်ခြင်း
နံနက်(၄)နာရီတိတိတွင် အသံချဲ့စက်ဖြင့် တရားတိတ်ခွေ များဖွင့်ပေးခြင်း ဘုရားအား ရေတော်စသည်
ကပ်ခြင်းတို့ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေသူ ဖြစ်ပေသည်။ တစ်နည်းအားဖြင့်
ဓမ္မဖြင့်မွေ့လျော်နေသူဟု ဆိုထိုက်ပေ သည်။ မြတ်ဆရာပြောခဲ့သည့် စကားတစ်ခွန်းကို ယခုချိန်ထိ
ခေါင်းထဲတွင်စွဲနေပါသည်။ စာရေးသူ စိတ်ကစားတတ်သည့်အရွယ်သို့ ရောက်ချိန်တွင် ပျင်း၍လူထွက်ချင်ကြောင်း
လျှောက်ထားမိသည့်အခါ မြတ်ဆရာ ပြောလိုက်သည်က “ငါ့ဘ၀မှာ
ပျင်းချိန်ဆိုတာ မရှိခဲ့ဘူး ပျင်းတယ်လို့ ခံစားမိယင် စာကြည့်ယင်းဖြင့် အချိန်ကို ကုန်လွန်စေတာပဲ”ဟု
ပြောဆိုခဲ့ပေသည်။ ပြောသည့်အတိုင်းလည်း မှန်ကန်ပေသည် မြတ်ဆရာသည် ကိုရင် ကျောင်းသားများကို
စာသင်ပေးပြီး ဒကာဒကာမများ ဧည့်ခံစရာမရှိပါက အမြဲတမ်း စာအုပ်ကိုသာ မျက်မှန်တပ်ကာ ဖတ်နေတတ်သည်ကိုသာ
တွေ့နေခဲ့ပေသည်။
မိမိတို့နေစဉ်က
မိုးကုန်၍ဆောင်းလရောက်သည့်အခါတွင် ရေ အင်မတန်မှ ရှား ပါးသည့်အားလျော်စွာ ကျောင်းမှရေချောင်းရှိရာသို့
နေ့စဉ် ရေခပ်သွားကြရသည်။ ရေ ခက်ခဲမှုကို အကြောင်းပြု၍ မြတ်ဆရာမှ ရေတေးထပ်ကို မေမြို့နယ် ရွှေပင်အရှေ့ နေချင်ပေ့ ကိုယ်တော်၊
မိုးကုန်လို့ ဆောင်းလပေါ်လျှင် ကျောင်းမှာနော် ရေခမ်း စသည်ဖြင့် စပ်ဆိုခဲ့ဘူးလေသည်။
မြတ်ဆရာသည်
ဇွဲလုလ္လရှိသူတစ်ယောက်ဖြစ်ပေသည် ပင်လိန်အရှေ့ကျောင်း ကြီးသို့ ရောက်သည့်နေ့မှစ၍ နံနက်တိုင်း(၄)နာရီမထိုးမီထကာ
ဘုရားဝတ်ပြုခြင်း သောက်တော်ရေကပ်ခြင်း တရားထိုင်ခြင်းစသည် ပြုလုပ်ပြီး (၄)နာရီတိတိအချိန်တွင်
ကြေးမောင်းထိုး ကြေးစည်တီး တရားဖွင့်အလုပ်ကို ပျက်ကွက်သည်ဟု ယနေ့ထက် တိုင် မတွေ့ခဲ့ပါ။
ပင်လိန်အရှေ့ရွာသူရွာသားများသည် တရားသံကြားသည့်အခါ နံနက် (၄)နာရီထိုးပြီ၊ တရားနာရင်း
ဆွမ်းချက်ရန်ထတော်မူကြပါဟု ပြောလိုက်သည့်အလား အလိုလိုသိကြရပေသည်။ ထို့ပြင် မေမြို့နယ် ၀က်ဝံဈေးကုန်းကျောင်းဆရာတော်
ဝိနည်းဓိုရ်တာဝန်ထမ်းဆောင်စဉ်ကာလ ၀ိနည်းအဆုံးအဖြတ်များကို နောက်ကွယ်မှ ကိုယ်တိုင် ဆုံးဖြတ်သုံးသပ်ကာ
ညလုံးပေါက် မနားတမ်း လက်ရေးမူဖြင့် ၀ိနည်းအဆုံး အဖြတ်များကို တစ်ဆက်တည်း ညလုံးပေါက်
စာမျက်နှာပေါင်း(၄၅၀)ခန့်ကို လက်ရေး မူဖြင့် ရေးသားပေးခဲ့ပေသည်။ တရားဟောရာတွင်လည်း
ဒကာဒကာမများကို သဘော ပေါက်လွယ်စေရန် ကဗျာလင်္ကာတေးထပ်ရတုများကို ကိုယ်တိုင်ရေးကာ ဟောကြား
တတ်ပေသည်။ တရားဟောသည့်အခါ ပါဠိပါဌ်သားကို ပိုင်နိုင်စွာကျက်၍လည်း ဟော ကြားတတ်ပေသည်။
မိမိဟောကြားထားသော တရားများကိုလည်း ကက်စက်တိတ် ခွေဖြင့် အမြဲမှတ်တမ်းတင်ထားသည်မှာ ယခုချိန်ထိ
တရားတိတ်ခွေပေါင်း(၁၀၀၀)ခန့် ရှိပေရော့မည်။ မြတ်ဆရာသည် သာသနာစိတ်ဓာတ်ပြင်းထံသူလည်း
ဖြစ်ပေသည်။ ဆင်းရဲ ချမ်းသာမရွေး တရားကို တိုတိုတုတ်တုတ် ဘယ်သောအခါမှ မဟောကြား တတ်ပေ။
တရား ရှည်လွန်းသည်ဟု ပြောလာသူတိုင်းကိုလည်း
“တရားတိုတာဟာ သာသနာကွယ် ကြောင်းဖြစ်တယ်၊ သာသနာကွယ်စေချင်လို့လား” ဟု အမြဲတုံ့ပြန်
ပြောဆိုတတ်ပေသည်။
ဘ၀သည်
မမျှော်လင့်သည်များ ဖြစ်လာတတ်ပေသည်။ တစ်နေ့ စာရေးသူသည် မြို့သို့ ပညာသင်ထွက်ရန် အကြောင်းဖန်လာလေသည်။
တပည့်များစွာထဲမှ ထူးခြား သောတပည့်ဟု ပြောရမည်လားမသိ၊ မည်သူမျှ မစဉ်းစားမတွေးတောမိသော
ဤခရီး လမ်းကိုလျှောက်ရန် မည်ကဲ့သို့ ရွေးခြယ်မိသည်ကို မိမိကိုယ်တိုင်လည်းမတွေးတတ် ခဲ့ပါ။
တစ်နေ့ မြတ်ဆရာမှ မန္တလေးသို့ သွားရောက်မည်ဖြစ်၍ မြို့သို့ လိုက်ပါချင်သော ရှင်သာမဏေများကို
ခေါ်မည်ဖြစ်ကြောင်း မြို့မှာ ပညာသင်ချင်ရင်လည်း ထားပေးမယ်၊ လိုအပ်သည်များကို အစစအရာရာ
ထောက်ပံ့မယ် စသည်ပြောလာခဲ့ပေသည်။ ထိုအခါ မြို့သို့လိုက်ပါချင်သော စိတ်တွေက မိမိအပေါ်
လွှမ်းမိုးနေလေသည်။ ဘာရယ် ညာရယ်မသိ မြို့လိုက်ချင်သော စိတ်တစ်ခုထဲဖြင့်သာ လိုက်ပါချင်ကြောင်း
မြို့မှာ နေချင်ကြောင်း လျှောက်ထားယင်း အိမ်ပြန်ကာ မိဖများအား ပြောကြားပြီး နောက် တစ်နေ့နံနက်စောစောတွင်
မြတ်ဆရာနှင့်အတူ ဘစ်စ်ကားလမ်းရှိရာ မြိုင်ကြီးရွာသို့ လှည်းယဉ်စီးကာ အတူထွက်ခဲ့ကြလေသည်။ ထိုသို့ထွက်လာယင်း
ရွာ၏အရှေ့ ဘက်ခပ်လှမ်းလှမ်းတွင် ယခင်ဘုန်းကြီး ဦးအိန္ဒြိယကိုယ်တိုင် ပိုက်ဆံအကုန်အကျခံကာ
လှူဒါန်းထားသောကြောင့် ဘုန်းကြီးတံတားဟု အမည်တွင်သော တံတားသို့ အရောက် တွင် မြတ်ဆရာမှ
စကားတစ်ခွန်းပြောလာသည်ကိုလည်း အမှတ်ရနေပါသေးသည် ထိုအရာကား “မောင်သာသန၊ ကိုရင်ဟာ ရွှေပင်အရှေ့ရွာကြီး၏ ရောင်ခြည်ဦး ဖြစ်စေရ မယ်-ကွ”
ဟု မြတ်ဆရာ၏ ၀မ်းပန်းတသာ ပြောလာသည်ကိုလည်း မှတ်မိနေပါသေး သည်။
ဤသို့ဖြင့်
မန္တလေးရွှေမြို့တော်သို့ရောက်ရှိပြီး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးနာယကာဘိဝံသထံတော်သို့
အပ်နှံပေးခဲ့ပါတော့သည်။ မြို့မှာနေသားမကျသေး သော အကျွန်ုပ်သည် မြတ်ဆရာ ရွာပြန်သွားပြီအထင်ဖြင့်
ရွာကိုလွမ်းလို့လား ဆရာကို လွမ်းလို့လား ဘာကိုလွမ်းမှန်း မဝေခွဲတတ်၊ သုံးရက်တိုင်တိုင်
ငိုမိခဲ့လေသည်။ မြတ် ဆရာကတော့ ရွာမပြန်သေးပဲ မစိုးရိမ်တိုက်ဟောင်းတွင် မိမိအခြေအနေကို
မိမိ မသိအောင် နားစွင့်စောင့်ကြည့်နေခဲ့ရင်း သုံးရက်ကျော်မှ တပည့်ကိုစိတ်ချကာ ၀ယ်စရာ
ရှိသည်များဝယ်၍ ရွာသို့ပြန်သွားကြောင်း နောက်မှ သိရလေသည်။ နောက်မှပြန်တွေး ရင်း ရှက်သလိုလိုခံစားမိခဲ့ပေသည်။
မည်သို့ဆိုစေ မြတ်ဆရာ၏ ကြီးမားသည့် ဆရာ့ မေတ္တာဟုသာခံယူမိပေသည်။ ဤသို့ဖြင့် စာရေးသူသည်
ပညာသင်ရင်းဖြင့် သုံးနှစ် ပြည့်မှသာလျှင် ရွာသို့ပြန်ဖြစ်ခဲ့လေသည်။ နောင်သောအခါ မြတ်ဆရာ၏
မိမိအပေါ် ပြောမဆုံးပေါင် ဖြစ်ခဲ့သည့်စကားကား “မောင်သာသနဟာ
မြို့ကိုရောက်တော့ ပျင်းလို့ သုံးရက်တိုင်တိုင် ငိုခဲ့ကြောင်းနှင့် သုံးရက်ငိုပြီး
သုံးနှစ်တိုင်တိုင် ရွာမပြန်ပဲ နေနိုင် ခဲ့သူဖြစ်ကြောင်း” ပြောစမှတ်ပြုခဲ့လေသည်။
စာရေးသူသည် သကျသီဟ ရှင်သာမဏေ စာမေးပွဲ ပထမဆင့်နှင့် ငယ်လတ်ကြီး ဓမ္မာစရိယတန်းတို့ကို အောင်မြင်ခဲ့သည်။ နှစ်ပေါင်းများစွာ သင်ကြားလေ့လာခဲ့သည့် မိမိဘ၀အောင်ပန်းကို
တက်လှမ်း နိုင်စေရန် အဖက်ဖက်မှ ထောက်ပံ့ခဲ့သူ ကျေးဇူးရှင်များကား အထက်ပါ မြတ်ဆရာနှင့် အတူ မစိုးရိမ်တိုက်သစ်ဆရာတော်ဦးနာယကာဘိဝံသစသော
စာချဆရာများ၊ မစိုးရိမ် တိုက်ဟောင်းဆရာတော် ဦးသုမနာဘိဝံသနှင့် စာချဆရာတော်များ၊ ပခုက္ကူအရှေ့တိုက်
မင်းကျောင်းဆရာတော် ဦးပဏ္ဍိတ၊ ပဲခူးမြို့မဆရာတော်နှင့် စာချများ၊ စစ်ကိုင်းတောင် အထက်သုံးခွဆရာတော်
ဦးသုဘောဂ၊ မိမိ၏ မိဖဆွေမျိုးများ၊ ရဟန်းဒကာ ဦးတက်တိုး ရဟန်းဒကာမ ဒေါ်ဒေါ်ညွန့် မိသားစု၊
ပင်လိန်အရှေ့ရွာသူရွာသားများ၊ နယ်သူနယ်သား များနှင့် မန္တလေး၊ ပခုက္ကူ၊ ပဲခူး၊ ရန်ကုန်မှ
ဒကာဒကာမများ ဖြစ်ခဲ့သည်။ ထို့ပြင် စာရေး သူ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ Banaras
Hindu University တွင် M.A ဘွဲ့၊ Ph.D ဒေါက်တာဘွဲ့တို့ကိုရရှိအောင် အထက်ပါကျေးဇူးရှင်များနှင့်အတူ
အဖက်ဖက်မှ အထူး အားပေးထောက်ပံ့ပေးခဲ့သူကား ကျေးဇူးရှင်မြတ်ဆရာတော် ကမ္ဘာကျော် သီတဂူဆရာ
တော်ဘုရားကြီးပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိကို ကကြီးခကွေးမှအစ ငယ်လတ်ကြီး ဓမ္မာစရိယတန်း၊
M.A. Ph.D ဒေါက်တာဘွဲ့တို့ကို ရသည်အထိ သင်ပေးခဲ့ကြသော သင်ဆရာ မြင်ဆရာ ကြားဆရာ ကျေးဇူးရှင်မြတ်ဆရာများနှင့်တကွ
မိမိကို အဖက်ဖက် မှ ယခုအချိန်အထိ အားပေးထောက်ပံ့ဆဲ ထောက်ပံ့လတံ့ ထောက်ပံ့ပြီးဖြစ်ကြသော
ကျေးဇူးရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသောဘ၀ကို ထာဝရပိုင်ဆိုင် နိုင်ကြပါစေ။
ရည်မှန်းသည့် ပန်းတိုင်ကိုလည်း လွယ်ကူစွာ တက်လှမ်းနိုင်ကြပါစေ။ မိမိ သည်လည်း အသက်နှင့်ခန္ဓာ
တည်မြဲနေသမျှကာလပတ်လုံး ဓမ္မဖြင့်ကျေးဇူးဆပ်နိုင်သူ ဖြစ်ရပါစေကြောင်း ဆန္ဒပြုလျက်….
ဒေါက်တာ
သာသန
သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး
0 Response to "မြတ်ဆရာ"
Post a Comment