နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မဆုံးတော့ပြီလော့


တဏှာတရားကိုလက်ကိုင်ထားမိပါရဲ့
ပူလောင်မှုက
အသင်္ချေ
ဝါသနာတွေမကုန်သ၍
ဆုံတွေ့ကြမှာက
သံသရာ
ဖန်ခါခါ ဇွတ်အတင်းကြောင့်
အမှောင့်တကာအမှောင့်
ခုထိရောက်နေဆဲပါလား
ဝေဒနာဖြေမဆည်ပေမယ့်
သွေဖီဦးမည့် မနက်ဖြန်
လင်းကြက်တွေ အလီလီ
တွန်စေဦးတော့
မိုးမလင်းတော့ပြီ။ ။

မြတ်ဆရာ



မြတ်ဆရာ
မြင်ယောင်ကြားယောင်နေမိနေပါသည်၊ အသီးတစ်ရာ အညှာတစ်ခု သီချင်းထဲ ကလိုပါပဲ၊ ခေါင်းလောင်းသံ ပုံမှန်ပေးလျက်ရှိသော ပင်လိန်အရှေ့ရွာကြီး၏ အခြေခံ ပညာ မူလတန်းကျောင်းနှင့် ရွှေပင်အရှေ့ ရွှေလမင်းကျောင်းကြီးတို့ကို ပြေးမြင်မိသည့် အခါ ငယ်စဉ်အခါက ကျောင်းအ၀င်မှာရှိသည့် မြေနီလမ်းဘေးမှာ ဖြူနီပြာဝါ ရောင် စုံဖြာပန်းတို့ဖြင့် လန်းဆန်းနေသည့်စိန်ပန်းပင်ချယ်ရီပင်အောက်တို့မှဖြတ်ကာ သင်္ကန်း ၀ါနီ ကိုယ်စီဝတ်ထားသည့် ဒက်ချီးကိုရင်လေးများ ကျောင်းစိမ်းအင်္ကျီလုံချည် ၀တ်ရမှန်း မသိ၍ မိဖများဆင်ပေးသော ရောင်စုံအင်္ကျီ ကိုယ်စီဝတ်ကာ မြေနီစွဲနေသော လွယ် အိတ်ကိုယ်စီ မနိုင့်တနိုင် လွယ်ထားသည့် ကျောင်းသူကျောင်းသားလေးများသည် စာသင်ကျောင်းဖွင့်သည့်ရက်တိုင်း စာသင်ကျောင်းသို့မသွားမီ နံနက်(၈)နာရီတစ်ချိန်၊  စာသင်ကျောင်းဆင်းပြီး ညနေ (၄)နာရီတစ်ချိန် နေ့စဉ်နှစ်ကြိမ် ဘုန်းဘုရားကျောင်းသို့ ဘုရားရှိခိုးသွားရသည့်ဓလေ့သည် ယနေ့တိုင် ပုံမှန်လည်ပတ်နေဆဲပင်။
ဘုရားရှိခိုးရာတွင် နှာယောင်လက်မ ဆံစလက်ညှိုး ထိကာမိုး ရှိခိုးလက်အုပ်ချီ ပါမယ်ဘုရား၊ လက်ချ ဒူးချ တစ်တောင်ချ နဖူးကျစေ ဦးချလေ-ဟု မြတ်ဆရာသခင်က အမှတ်ရစေချင်လို့ ဒုတ်ကလေးပြကာ သာသာပြောမရရင် နာနာပြောမှာနော်-လို့ ခြောက်ချီတစ်ခါ မြှောက်ချီတစ်လှည့်ဖြင့် ဘုရားရှိခိုးသင်ပေးလျက်။ သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်စသည့် လယ်တီဆရာတော်ဘုရားကြီး၏ ဘုရားရှိခိုးကို မြတ်ဆရာကိုယ် တိုင် ရှေ့မှတိုင်ပေးသည်ကို သံပြိုင်လိုက်ဆို ဟစ်ကြွေးသံများနှင့်အတူ ဘုရားသွား ကျောင်းတက် ၀တ်မပျက်ပဲ မျိုးဆက်သစ်ကလေးငယ်များ အစားထိုးဝင်ရောက်နေကြ လေသည်။ အဟောင်းပျောက် အသစ်ရောက်လာကြပေမဲ့ မပျောင်းလဲသေးတာက သာမြဲသာဆဲ ခေါင်းလောင်းသံနှင့်အတူ အထက်ပါ ချစ်စရာဓလေ့များပင်တည်း။
ထို့ပြင် ညနေစောင်းလို့ ကိုရင်ငယ်များနှင့်အတူ ကျောင်းအိပ်ကျောင်းစား ကိုရင် ကျောင်းသားကလေးများ အိမ်ပြန်ချိန်တန်တော့ ဥဒေါင်းယဉ်သာ နေစကြာသည် ဂေါယာခွင်သို့ ၀င်ချိန်ကျ၍ သားလှမိခင် အိမ်ကြမ်းပျဉ်က ရွှေစင်သားလှ ပြန်ချိန်ကျ၍ မျှော်လှတော့မည် သို့ဖြစ်သည်ကြောင့် စုံညီအသင့် အပြုံးဆင့်၍ အရှင့်ထံပါး ပန် လျှောက်ကြားသည် အိမ်သွားချိန်တန်ပါပီဘုရား စသည် အိမ်ပြန်ဖို့အရေး မြတ်ဆရာထံ ခွင့်ပန်လျှောက်ကြားသည့်အသံများသည်လည်း ယနေ့အသက်ဝင်ဆဲပင်။
မြတ်ဆရာ ပင်လိန်အရှေ့ရွာကျောင်းကြီးသို့ ကျောင်းထိုင်ရန် ပင့်ဆောင်လာ သည့် ၁၃၃၇-ခုနှစ်၊ နယုန်လပြည့်ကျော်(၈)ရက်နေ့။ ကျွန်ုပ်သည် (၁၃)နှစ်သားခန့်သာ ရှိသေး၏။ ထိုစဉ်က ပင်လိန်အရှေ့ရွာကြီးသည် သွားရေးလာရေး ယခုလောက်မလွယ် ကူပါ၊ ယခုလောက်လည်း မဖွံ့ဖြိုးသေးပါ၊ လှည်းကိုသာ အားကိုး၍ သွားလာရသော အချိန်ဖြစ်ပေသည်။ မိုးများလွန်း၍ မြေတွေကနီ ရွံ့ဗွက်တွေကထူ လှည်းဘီးမှာ ရွံ့အလိမ်းလိမ်းကပ်လို့၊ ထိုစဉ်အခါက ရွာလူကြီးများ ဖြစ်ကြသော သူကြီးဦးလှရွှေ၊ ဦးကျောင်းစိန်၊ ဦးချစ်လှိုင်စသူတို့ ဦးဆောင်ကာ ပင့်ဆောင်လာသော နောင်တစ်ချိန် မိမိ၏ ကျေးဇူးကြီးသည့် မြတ်ဆရာ ဖြစ်လာမည့် ယခင် အရှင်စန္ဒိမာစာရ (သာသနဓဇ ဓမ္မာစရိယ) စာချဘုန်းကြီးလေးအဖြစ်မှ ယခု ဘဒ္ဒန္တစန္ဒိမာစရ(နိုင်ငံတော် ဗဟိုသံဃာ့ဝန် ဆောင် ၀ိနည်းဓိုရ်ဆရာတော်အရှင်မြတ်)၏ ရင်ထဲမှာတော့ မဲဇာတောင်ခြေသို့ ရောက် လာသလား ထင်မိကောင်းထင်မိနေပေလိမ့်မည်။ ၀က်ဝံရွာဈေးကုန်းကျောင်းဆရာတော် ဦးမဏိဇောတ၊ မစိုးရိမ်ဆရာတော် ဦးသုမနာဘိဝံသတို့နှင့်အတူ ဦးဝိမလ (ရေစကြို) ဦးတေဇိန္ဒ(မြိုင်) ဦးပညိန္ဒ စသောရဟန်းတော်များလည်း အတူလိုက်ပါလာကြသည်ကို ပြန်တွေးရင် ရေးရေးပေါ်ဆဲပင်။
ကျောင်းတင်ပွဲကြီး ကျင်းပရာတွင် မြတ်ဆရာမှ ပင်လိန်အရှေ့ရွာသူရွာသားများ အတွက် တရားဦးကိုလဲ စတင်ဟောကြားပါတော့သည်။ တရားနာမည်ကိုတော့ မမှတ်မိ တော့ပါ။ မြတ်ဆရာသည် စာပေကို အင်မတန်မြတ်နိုးသည်။ စာပေလည်း အင်မတန်နှံ့ စပ်သည်ဟု မြင်မိပါသည်။ စာပေအကြောင်း မေးလာသူများကို ကျမ်းဂန်အထောက် အထားဖြင့် ကျနစွာရှင်း ပြတတ်သည်။ ကဗျာ လင်္ကာ တေးထပ် ရတုစသည်ကိုလည်း ပိုင်နိုင်စွာရေးတတ်လေသည်။ မြတ်ဆရာ ပင်လိန်အရှေ့ရွာကြီးသို့ ကျောင်းထိုင်ရောက် ရှိလာပြီးနောက် စာရေးသူသည် လေးတန်းကျောင်းသားဘ၀ဖြင့်ရှိသေး၏။ ဘုန်းကြီး ကျောင်းသို့ မအပ်ရသေးပါ။ မိဖနှစ်ပါးများဖြစ်ကြသော ဦးထွန်းဖေ+ဒေါ်ဂွမ်းရုံတို့မှ ဘုန်းကြီးသစ် ရောက်လာပြီဆိုတော့ ဘုန်းကြီးကျောင်း အပ်ရန်စီစဉ်ကြယင်း ဘုန်းကြီး ကျောင်းသို့ ကန်တော့ပွဲဖြင့် ကျောင်းအပ်ပါတော့သည်။ နောက်တစ်နေ့မှာတော့ ဆရာ ဘုန်းကြီးမှ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ဖို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာဟူသော ဆရာ့ကျင့်ဝတ်နှင့်အညီ ဘုရားရှိခိုး ပရိတ်ကြီး သဒ္ဒါ သဂြိင်္ုဟ် အင်္ဂလိပ်စာ သင်္ချာ ဗေဒင်တို့ကို သင်ပေးပါတော့သည်။ မြတ်ဆရာသည် မိမိ တပည့်များကို အင်မတန်မှ ချမ်းအေးသော နေ့စဉ်နံနက်(၄)နာရီဆိုလျှင် ကြေးမောင်း ထိုး ကြေးစည်တီးပြီးသည်နှင့် အရုဏ်ဆွမ်း ယာဂုလဘက်ရည်အတွက် အလှည့်ကျ ကိုရင်ကျောင်းသားများက ယာဂုကျိုခြင်း ဆွမ်းချက်ခြင်းစသည် ပြုလုပ်စေ၍ အလှည့် မကျသော ကိုရင်ကျောင်းသားများကိုလည်း အားလုံးထစေကာ မျက်နှာသစ်အပြီး.. ဘုရားရှိခိုးအမျိုးမျိုး၊ ပဉ္စာရက္ခကမ္မဋ္ဌာန်း၊ ဆုံးမစာ၊ နေ့ရွေးညရွေးလင်္ကာ၊ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ဂုဏ်တော်အနှစ်ချုပ်၊ ဘ၀တု သဗ္ဗမင်္ဂလံ၊ ပစ္စဝေက္ခဏာ ပါဌ်အနက်လင်္ကာ အစရှိသော တစ်နေ့တာသင်ခဲ့သမျှ စာပေများကို ၀ိုင်းဖွဲ့စေလျက် တစ်ယောက်တစ် လှည့် အလွတ်ချစေကာ ကျန်ကိုရင်ကျောင်းသားများက နောက်မှလိုက်ဆိုကြရလေ သည်။ အိပ်ငိုက်နေ၍ အရိုက်ခံအမန်ခံခဲ့ရပေါင်းလဲ မနဲခဲ့ပေ။
မြတ်ဆရာသည် အလှူအတမ်း အင်မတန် ရက်ရောသူဟုလည်း မှတ်ချက်ပြုမိပါ သည်။ ကျောင်းသို့ရောက်လာသည့် ကလေးက စလို့ လူကြီးပါမကျန် စားစရာ၊ ပိုက်ဆံ စသည်တစ်မျိုးမျိုး ကျွေးမွေးထောက်ပံ့ရမှ ကျေနပ်သည်။ စာရေးသူ စာသင်သားဘ၀ တွင် စာမေးပွဲဖြေပြီး၍ မြို့မှပြန်လာခဲ့သော်လည်းကောင်း အာဂန္တုကခေါ် ဧည့်သည် ရဟန်းသာမဏေများ လိုက်ပါလာလျှင်သော်လည်းကောင်း အခြားအရပ် လေးမျက်နှာမှ ရောက်လာသူ ဧည့်သည်ရဟန်းသာမဏေများအား သင်္ကန်း ထီး ဘိနပ်နှင့် ၀တ္ထုငွေများ ကို လှူလိုက်ရမှ ကျေနပ်သည်။ ထို့ပြင် ပညာသင်ကြသော ကျောင်းသူ ကျောင်းသား များကိုလည်း ပညာသင်စရိတ်ကို အခါအားလျှော်စွာ တတ်နိုင်သ၍ ထောက်ပံ့တတ်ပေ သည်။ မြတ်ဆရာ ထောက်ပံ့ပြုစုပေးခဲ့သော တပည့်ပေါင်းများစွာထဲမှ ယခုအချိန်တွင် ဒေါက်တာဘွဲ့ရသူ၊ အင်္ဂျင်နီယာဘွဲ့ရသူ၊ ကျောင်းဆရာ၊ ဆရာမများ၊ စစ်ဗိုလ်များ၊ ပြည်တွင်းပြည်ပ နယ်မြေအသီးသီးသို့ရောက်၍ အထိုက်အလျောက် အောင်မြင်သော စီးပွားရေးပညာရှင်များ၊ မိရိုးဖလာတောင်သူလယ်လုပ်သူများစသည့် အသီးအပွင့်များ ဝေဆာလျက်ရှိပေသည်။ ဓမ္မသဘောအရပြောမည်ဆိုပါက အချိန်မတန်မီကြွေလွင့်သွား သူများလည်း မနဲတော့ပေ။ မြတ်ဆရာသည် ပင်လိန်အရှေ့ကျောင်းကြီးသို့ ရောက် သည့်နေ့မှစ၍ ယနေ့ထက်တိုင် ကိုရင်ကျောင်းသားများကို နေ့စဉ် စိတ်ရှည်လက်ရှည် စာသင်ပေးခြင်း ယဉ်ကျေးမှုသင်တန်းများ ပြုလုပ်ပေးခြင်း စာကြည့်ခြင်း တရားဟော တရားပြခြင်း တရားထိုင်ခြင်း နံနက်(၄)နာရီတိတိတွင် အသံချဲ့စက်ဖြင့် တရားတိတ်ခွေ များဖွင့်ပေးခြင်း ဘုရားအား ရေတော်စသည် ကပ်ခြင်းတို့ဖြင့် အချိန်ကို တန်ဖိုးရှိစွာ အသုံးချနေသူ ဖြစ်ပေသည်။ တစ်နည်းအားဖြင့် ဓမ္မဖြင့်မွေ့လျော်နေသူဟု ဆိုထိုက်ပေ သည်။ မြတ်ဆရာပြောခဲ့သည့် စကားတစ်ခွန်းကို ယခုချိန်ထိ ခေါင်းထဲတွင်စွဲနေပါသည်။ စာရေးသူ စိတ်ကစားတတ်သည့်အရွယ်သို့ ရောက်ချိန်တွင် ပျင်း၍လူထွက်ချင်ကြောင်း လျှောက်ထားမိသည့်အခါ မြတ်ဆရာ ပြောလိုက်သည်က “ငါ့ဘ၀မှာ ပျင်းချိန်ဆိုတာ မရှိခဲ့ဘူး ပျင်းတယ်လို့ ခံစားမိယင် စာကြည့်ယင်းဖြင့် အချိန်ကို ကုန်လွန်စေတာပဲ”ဟု ပြောဆိုခဲ့ပေသည်။ ပြောသည့်အတိုင်းလည်း မှန်ကန်ပေသည် မြတ်ဆရာသည် ကိုရင် ကျောင်းသားများကို စာသင်ပေးပြီး ဒကာဒကာမများ ဧည့်ခံစရာမရှိပါက အမြဲတမ်း စာအုပ်ကိုသာ မျက်မှန်တပ်ကာ ဖတ်နေတတ်သည်ကိုသာ တွေ့နေခဲ့ပေသည်။
မိမိတို့နေစဉ်က မိုးကုန်၍ဆောင်းလရောက်သည့်အခါတွင် ရေ အင်မတန်မှ ရှား ပါးသည့်အားလျော်စွာ ကျောင်းမှရေချောင်းရှိရာသို့ နေ့စဉ် ရေခပ်သွားကြရသည်။ ရေ ခက်ခဲမှုကို အကြောင်းပြု၍ မြတ်ဆရာမှ ရေတေးထပ်ကို မေမြို့နယ် ရွှေပင်အရှေ့ နေချင်ပေ့ ကိုယ်တော်၊ မိုးကုန်လို့ ဆောင်းလပေါ်လျှင် ကျောင်းမှာနော် ရေခမ်း စသည်ဖြင့် စပ်ဆိုခဲ့ဘူးလေသည်။
မြတ်ဆရာသည် ဇွဲလုလ္လရှိသူတစ်ယောက်ဖြစ်ပေသည် ပင်လိန်အရှေ့ကျောင်း ကြီးသို့ ရောက်သည့်နေ့မှစ၍ နံနက်တိုင်း(၄)နာရီမထိုးမီထကာ ဘုရားဝတ်ပြုခြင်း သောက်တော်ရေကပ်ခြင်း တရားထိုင်ခြင်းစသည် ပြုလုပ်ပြီး (၄)နာရီတိတိအချိန်တွင် ကြေးမောင်းထိုး ကြေးစည်တီး တရားဖွင့်အလုပ်ကို ပျက်ကွက်သည်ဟု ယနေ့ထက် တိုင် မတွေ့ခဲ့ပါ။ ပင်လိန်အရှေ့ရွာသူရွာသားများသည် တရားသံကြားသည့်အခါ နံနက် (၄)နာရီထိုးပြီ၊ တရားနာရင်း ဆွမ်းချက်ရန်ထတော်မူကြပါဟု ပြောလိုက်သည့်အလား အလိုလိုသိကြရပေသည်။  ထို့ပြင် မေမြို့နယ် ၀က်ဝံဈေးကုန်းကျောင်းဆရာတော် ၀ိနည်းဓိုရ်တာဝန်ထမ်းဆောင်စဉ်ကာလ ၀ိနည်းအဆုံးအဖြတ်များကို နောက်ကွယ်မှ ကိုယ်တိုင် ဆုံးဖြတ်သုံးသပ်ကာ ညလုံးပေါက် မနားတမ်း လက်ရေးမူဖြင့် ၀ိနည်းအဆုံး အဖြတ်များကို တစ်ဆက်တည်း ညလုံးပေါက် စာမျက်နှာပေါင်း(၄၅၀)ခန့်ကို လက်ရေး မူဖြင့် ရေးသားပေးခဲ့ပေသည်။ တရားဟောရာတွင်လည်း ဒကာဒကာမများကို သဘော ပေါက်လွယ်စေရန် ကဗျာလင်္ကာတေးထပ်ရတုများကို ကိုယ်တိုင်ရေးကာ ဟောကြား တတ်ပေသည်။ တရားဟောသည့်အခါ ပါဠိပါဌ်သားကို ပိုင်နိုင်စွာကျက်၍လည်း ဟော ကြားတတ်ပေသည်။ မိမိဟောကြားထားသော တရားများကိုလည်း ကက်စက်တိတ် ခွေဖြင့် အမြဲမှတ်တမ်းတင်ထားသည်မှာ ယခုချိန်ထိ တရားတိတ်ခွေပေါင်း(၁၀၀၀)ခန့် ရှိပေရော့မည်။ မြတ်ဆရာသည် သာသနာစိတ်ဓာတ်ပြင်းထံသူလည်း ဖြစ်ပေသည်။ ဆင်းရဲ ချမ်းသာမရွေး တရားကို တိုတိုတုတ်တုတ် ဘယ်သောအခါမှ မဟောကြား တတ်ပေ။ တရား ရှည်လွန်းသည်ဟု ပြောလာသူတိုင်းကိုလည်း “တရားတိုတာဟာ သာသနာကွယ် ကြောင်းဖြစ်တယ်၊ သာသနာကွယ်စေချင်လို့လား” ဟု အမြဲတုံ့ပြန် ပြောဆိုတတ်ပေသည်။
ဘ၀သည် မမျှော်လင့်သည်များ ဖြစ်လာတတ်ပေသည်။ တစ်နေ့ စာရေးသူသည် မြို့သို့ ပညာသင်ထွက်ရန် အကြောင်းဖန်လာလေသည်။ တပည့်များစွာထဲမှ ထူးခြား သောတပည့်ဟု ပြောရမည်လားမသိ၊ မည်သူမျှ မစဉ်းစားမတွေးတောမိသော ဤခရီး လမ်းကိုလျှောက်ရန် မည်ကဲ့သို့ ရွေးခြယ်မိသည်ကို မိမိကိုယ်တိုင်လည်းမတွေးတတ် ခဲ့ပါ။ တစ်နေ့ မြတ်ဆရာမှ မန္တလေးသို့ သွားရောက်မည်ဖြစ်၍ မြို့သို့ လိုက်ပါချင်သော ရှင်သာမဏေများကို ခေါ်မည်ဖြစ်ကြောင်း မြို့မှာ ပညာသင်ချင်ရင်လည်း ထားပေးမယ်၊ လိုအပ်သည်များကို အစစအရာရာ ထောက်ပံ့မယ် စသည်ပြောလာခဲ့ပေသည်။ ထိုအခါ မြို့သို့လိုက်ပါချင်သော စိတ်တွေက မိမိအပေါ် လွှမ်းမိုးနေလေသည်။ ဘာရယ် ညာရယ်မသိ မြို့လိုက်ချင်သော စိတ်တစ်ခုထဲဖြင့်သာ လိုက်ပါချင်ကြောင်း မြို့မှာ နေချင်ကြောင်း လျှောက်ထားယင်း အိမ်ပြန်ကာ မိဖများအား ပြောကြားပြီး နောက် တစ်နေ့နံနက်စောစောတွင် မြတ်ဆရာနှင့်အတူ ဘစ်စ်ကားလမ်းရှိရာ မြိုင်ကြီးရွာသို့  လှည်းယဉ်စီးကာ အတူထွက်ခဲ့ကြလေသည်။ ထိုသို့ထွက်လာယင်း ရွာ၏အရှေ့ ဘက်ခပ်လှမ်းလှမ်းတွင် ယခင်ဘုန်းကြီး ဦးအိန္ဒြိယကိုယ်တိုင် ပိုက်ဆံအကုန်အကျခံကာ လှူဒါန်းထားသောကြောင့် ဘုန်းကြီးတံတားဟု အမည်တွင်သော တံတားသို့ အရောက် တွင် မြတ်ဆရာမှ စကားတစ်ခွန်းပြောလာသည်ကိုလည်း အမှတ်ရနေပါသေးသည် ထိုအရာကား “မောင်သာသန၊ ကိုရင်ဟာ ရွှေပင်အရှေ့ရွာကြီး၏ ရောင်ခြည်ဦး ဖြစ်စေရ မယ်-ကွ” ဟု မြတ်ဆရာ၏ ၀မ်းပန်းတသာ ပြောလာသည်ကိုလည်း မှတ်မိနေပါသေး သည်။
        ဤသို့ဖြင့် မန္တလေးရွှေမြို့တော်သို့ရောက်ရှိပြီး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးနာယကာဘိဝံသထံတော်သို့ အပ်နှံပေးခဲ့ပါတော့သည်။ မြို့မှာနေသားမကျသေး သော အကျွန်ုပ်သည် မြတ်ဆရာ ရွာပြန်သွားပြီအထင်ဖြင့် ရွာကိုလွမ်းလို့လား ဆရာကို လွမ်းလို့လား ဘာကိုလွမ်းမှန်း မဝေခွဲတတ်၊ သုံးရက်တိုင်တိုင် ငိုမိခဲ့လေသည်။ မြတ် ဆရာကတော့ ရွာမပြန်သေးပဲ မစိုးရိမ်တိုက်ဟောင်းတွင် မိမိအခြေအနေကို မိမိ မသိအောင် နားစွင့်စောင့်ကြည့်နေခဲ့ရင်း သုံးရက်ကျော်မှ တပည့်ကိုစိတ်ချကာ ၀ယ်စရာ ရှိသည်များဝယ်၍ ရွာသို့ပြန်သွားကြောင်း နောက်မှ သိရလေသည်။ နောက်မှပြန်တွေး ရင်း ရှက်သလိုလိုခံစားမိခဲ့ပေသည်။ မည်သို့ဆိုစေ မြတ်ဆရာ၏ ကြီးမားသည့် ဆရာ့ မေတ္တာဟုသာခံယူမိပေသည်။ ဤသို့ဖြင့် စာရေးသူသည် ပညာသင်ရင်းဖြင့် သုံးနှစ် ပြည့်မှသာလျှင် ရွာသို့ပြန်ဖြစ်ခဲ့လေသည်။ နောင်သောအခါ မြတ်ဆရာ၏ မိမိအပေါ် ပြောမဆုံးပေါင် ဖြစ်ခဲ့သည့်စကားကား “မောင်သာသနဟာ မြို့ကိုရောက်တော့ ပျင်းလို့ သုံးရက်တိုင်တိုင် ငိုခဲ့ကြောင်းနှင့် သုံးရက်ငိုပြီး သုံးနှစ်တိုင်တိုင် ရွာမပြန်ပဲ နေနိုင် ခဲ့သူဖြစ်ကြောင်း” ပြောစမှတ်ပြုခဲ့လေသည်။ စာရေးသူသည် သကျသီဟ ရှင်သာမဏေ စာမေးပွဲ ပထမဆင့်နှင့် ငယ်လတ်ကြီး  ဓမ္မာစရိယတန်းတို့ကို အောင်မြင်ခဲ့သည်။       နှစ်ပေါင်းများစွာ သင်ကြားလေ့လာခဲ့သည့် မိမိဘ၀အောင်ပန်းကို တက်လှမ်း နိုင်စေရန် အဖက်ဖက်မှ ထောက်ပံ့ခဲ့သူ ကျေးဇူးရှင်များကား အထက်ပါ  မြတ်ဆရာနှင့် အတူ မစိုးရိမ်တိုက်သစ်ဆရာတော်ဦးနာယကာဘိဝံသစသော စာချဆရာများ၊ မစိုးရိမ် တိုက်ဟောင်းဆရာတော် ဦးသုမနာဘိဝံသနှင့် စာချဆရာတော်များ၊ ပခုက္ကူအရှေ့တိုက် မင်းကျောင်းဆရာတော် ဦးပဏ္ဍိတ၊ ပဲခူးမြို့မဆရာတော်နှင့် စာချများ၊ စစ်ကိုင်းတောင် အထက်သုံးခွဆရာတော် ဦးသုဘောဂ၊ မိမိ၏ မိဖဆွေမျိုးများ၊ ရဟန်းဒကာ ဦးတက်တိုး ရဟန်းဒကာမ ဒေါ်ဒေါ်ညွန့် မိသားစု၊ ပင်လိန်အရှေ့ရွာသူရွာသားများ၊ နယ်သူနယ်သား များနှင့် မန္တလေး၊ ပခုက္ကူ၊ ပဲခူး၊ ရန်ကုန်မှ ဒကာဒကာမများ ဖြစ်ခဲ့သည်။ ထို့ပြင် စာရေး သူ အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့ရှိ Banaras Hindu University တွင် M.A ဘွဲ့၊ Ph.D ဒေါက်တာဘွဲ့တို့ကိုရရှိအောင် အထက်ပါကျေးဇူးရှင်များနှင့်အတူ အဖက်ဖက်မှ အထူး အားပေးထောက်ပံ့ပေးခဲ့သူကား ကျေးဇူးရှင်မြတ်ဆရာတော် ကမ္ဘာကျော် သီတဂူဆရာ တော်ဘုရားကြီးပင်ဖြစ်ပါသည်။ ထို့ကြောင့် မိမိကို ကကြီးခကွေးမှအစ ငယ်လတ်ကြီး ဓမ္မာစရိယတန်း၊ M.A. Ph.D ဒေါက်တာဘွဲ့တို့ကို ရသည်အထိ သင်ပေးခဲ့ကြသော သင်ဆရာ မြင်ဆရာ ကြားဆရာ ကျေးဇူးရှင်မြတ်ဆရာများနှင့်တကွ မိမိကို အဖက်ဖက် မှ ယခုအချိန်အထိ အားပေးထောက်ပံ့ဆဲ ထောက်ပံ့လတံ့ ထောက်ပံ့ပြီးဖြစ်ကြသော ကျေးဇူးရှင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာသောဘ၀ကို ထာဝရပိုင်ဆိုင် နိုင်ကြပါစေ။ ရည်မှန်းသည့် ပန်းတိုင်ကိုလည်း လွယ်ကူစွာ တက်လှမ်းနိုင်ကြပါစေ။ မိမိ သည်လည်း အသက်နှင့်ခန္ဓာ တည်မြဲနေသမျှကာလပတ်လုံး ဓမ္မဖြင့်ကျေးဇူးဆပ်နိုင်သူ ဖြစ်ရပါစေကြောင်း ဆန္ဒပြုလျက်….

ဒေါက်တာ သာသန
   သီတဂူကမ္ဘာ့ဗုဒ္ဒတက္ကသိုလ်
                                 စစ်ကိုင်းတောင်ရိုး


““အရှုံးနှင့်ပျော်တတ်ခဲ့ပြီ””

““အရှုံးနှင့်ပျော်တတ်ခဲ့ပြီ””
နေခြည်တောက်လို့ အရုဏ်ပျောက်ခဲ့ပေသည်။ နှလုံးအိမ်မှ သွေးတို့သည်လည်း အရည်ကြဲကြဲ အပင်အိုလှဲသလိုပင် လောင်မြိုက်လျှက်။ ၀တ်ရည်စုပ်သော ပျားလေးများတောင် အဖြေမရှာ နေသာတဲ့ အရိပ်မှာ ချောင်ကျကျ စုပ်ယူနေလေပြီ။ ဘ၀ကပေးတဲ့ သဘာဝကို မသိသေးသော လူသားတစ်ယောက်အဖို့ အရာရာတိုင်းဟာ ခြောက်သွေ့သွေ့နဲ့ အလံဖြူကိုဝေ့ရမ်း မလန်းတော့သော ပန်းပင်ကို ရေလောင်းမိနေသလို နွေနေပူမှာ သောကတစ်ယောက် ဆောင်းမိုးစရာ ဗလာဖြင့် ၀မ်းရေးအတွက် လှုပ်ရှားနေလေရဲ့။
“သားရေဩဩဩသွားတော့မှာလားဩဩအစာပြေ ထမင်းကြမ်းလေး စားသွားဦးလေ” တုပဖို့ ယှဉ်နိုင်ရန် ခက်ခဲသော မေတ်္တာများပိုင်ရှင် မိခင်က သားအတွက် အားဖြစ်စေအောင် အစာပြေကို စားသွားဖို့ မှာကြားနေလေသည်။ ဟုတ်ပေသားပဲဩဩဩဟု တွေးရင်း မိခင်ထည့်ပေးသော ထမင်းကြမ်းလေးကို အားပါးတရ စားလျှက် တစ်နေ့တာရဲ့ အလုပ်တွေကို ခေါင်းထဲမှာထည့်ရင်း။ အမေဩသားသွားပြီအမေဩဩဩဟု နှုတ်ဆက်ခဲ့သည်။ နွေနေရဲ့ အသူရိန် မထွန်းပခင် လုပ်ငန်းခွင် စောနိုင်သမျှ စောစောဝင်နိုင်အောင် ခပ်သုတ်သုတ်လျှောက်ကာ ကိုင်းတောသို့ ၀င်ခဲ့လေသည်။ မိခင်မှာလည်း ဘ၀လမ်း ကြမ်းတမ်းစွာ ရုန်းကန်သူများပီပီ ၀င်ငွေတစ်စိတ် တအိတ်ရနိုး အများသူငါ မနိုးခင် ပဲပြုတ်တောင်း ခေါင်းပေါ်ရွက် ခပ်နဲ့နဲ့ ခြေလှမ်းများနဲ့ တစ်အိမ်ပေါက် တစ်ခါရပ် “ပဲပြုတ်သည်ဩပဲပြုတ်၊ ယူကြဦးမလား” ဟု အထပ်ထပ်သော ဟော်ဟစ်သံနဲ့။
နဖူးပြင်မှ ချွေးလေးတွေသပ်လိုက်တော့ အတိတ်ဆီက ပုံရိပ်ဟောင်းကို မြင်ယောင်ကာ အမေ့မျက်နှာမှာ ၀င်းပသစ်လွင် ရှက်နိုးပုံရိပ် ငယ်ငယ်ကအသုံးပြုဖူးတဲ့အပြုံး ရှားရှားပါးပါး အမေအသုံးပြုခဲ့ပေသည်။
တစ်သက်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ချစ်၊ အမေ့နှလုံးသားမှာ အသစ်သစ်ဆိုတာ ဘယ်မရှိ။ လူ့ဘ၀ကို တစ်ခဏမျှ အလည်လာသည့်သူကို အမေ့မေတ်္တာတွေ ပေးအပ်၊ အသဲချင်းထပ်ကာ အမေသိပ်ချစ်ခဲ့တယ်လေ။ ကံကြမ်္မာအလှည့်ကို ကြိုတင်မသိသောအမေဟာ သူသိပ်ချစ်သော အဖေနှင့် သေတဖန် သက်တစ်ဆုံး ပေါင်းသင်းဖို့ရွယ်ရည် ပျားရည်ဆမ်းခရီးပင် စိတ်ကူးနဲ့ ဆမ်းလိုက်သေးသည်။ “အော်.အမေ၊ အမေ့ရဲ့ စိတ်ကူးယဉ် ခရီးလေးက သိပ်မကြာလိုက်ပါလား၊ အဖေဟာ ရုတ်တရက် နှုတ်မဆက်ပဲ တိတ်တဆိတ်ထွက်ခွာ အမေမသိနိုင်တဲ့ ဟိုး..အဝေးတစ်နေရာကို အဖေ တစ်ယောက်တည်း သွားခဲ့သည်လေ။ အဖေရယ်... အမေကို ဘာလို့တစ်ယောက်တည်း ထားခဲ့တာလဲလို့တောင် အပြစ်ပုံချခဲ့မိသေးတယ်၊ တကယ်ဆို အမေရဲ့အနားမှာ မခွဲမခွာ အမြဲပါနေတဲ့ အရိပ်လေးလို ထာဝရဖြစ်နေရမှာပါ၊ ခုတော့ ချစ်စခင်စကြင်နာစမှာ စောစီးစွာ စိမ်းကား ဘ၀ခြားပြီး အဖေသွားခဲ့တာ သားအသက်နဲ့မျှပါလား အဖေရယ်...
ပါရမီဖြည့်ဘက် ဖြစ်နေလျှက်နှင့် အဖေက စိမ်းကားရက်တယ်နော်... သိဒ္ဓတ္ထမင်းသားက ယသော်ဓရာမင်းသမီးလေးကို ရက်သားမျှ ရသေးတဲ့ သားတော်လေးနဲ့ ထားခဲ့တာကို အားကျနေရော့သလား အဖေရယ်... သိဒ္ဓတ္ထမင်းသားလေးက နောက်ဆုံးဘ၀ ပါရမီပြည့်မောက်လို့ ဓမ္မသံဝေ နှစ်ထွေအ၀ိဇ္ဇာ ကိလေသာအညစ်ကို ပြစ်ဖယ်စွန့်စား အလောင်းဘုရားတို့ရဲ့ လမ်းစဉ်ကို ကမ်းမြင်လို့ ကူးခတ်သွားတာပါ အဖေ၊ စိုးစိတ်တိုးတိတ်တဲ့ခြေသံ သန်းခေါင်ယံဖော်ကြူး သူတထူးတို့လည်း တားမရအောင် ပန်းတိုင်အရာ ထာဝရငြိမ်းချမ်းရာကို ဦးတည်လို့ ကြွမြန်းတာပါ အဖေ၊ ကိလေသာတွေရဲ့ အပြစ် အဖေကသိသိသာသာ စစ်ကြောသွားလို့ လောင်မြိုက်ဆူဝေ ဒုက္ခဗွေထက်က အလွတ်ရုန်းကုန်စင် ပင်တိုင်မင်းသား လုပ်သွားတာလား အဖေရယ်...အသဲတစ်ချပ်မှာ အမြဲကပ်ထားတဲ့ အမေရဲ့နာမည်ကို တုန်ရီစွာခွာချ ဒါနတို့၏ အကျိုးပေးရာ အထက်နတ်ရွာကို လားရာဖန်ဆင်း ဆောင်ကျဉ်းသွားတာလား အဖေရယ်... တက်ကျိုးသွားတဲ့လှေ၊ အတောင်ပျက်သွားတဲ့ငှက်တို့ကဲ့သို့ ရေဆန်၊ လေဆန်မှာ ကြိမ်ဖန်များစွာကျရှုံးတဲ့ ဒဏ်ရာများကို အမေ့ရဲ့ရင်ခွင်အစုံမှာ ခြေကုန်မောင်းနှင်စေတာလား အဖေရယ်...ဒါပေမယ့် အဖေရယ်... လောကဓံတရားက မျက်နှာမလိုက်ပဲ ပြင်းထန်တဲ့ဝေဒနာ အပြည့်နဲ့လက်ဆောင်တွေ အမေတစ်ယောက် မတောင့်တပြည့်ဝနေပြီအဖေ... ဘယ်လိုပဲ ဘယ်ရည်ရွယ်ချက်နဲ့ ထားခဲ့ထားခဲ့၊ အရှုံးအရှုံးလို့ ဟစ်တစ်ခါအော် ခုတော့ အမေက ပျော်တတ်နေပါပြီအဖေ။ အော်..အဖေ၊ အဖေပေးခဲ့တဲ့ လက်ဆောင်တစ်ခု အမေမှာရှိတယ်အဖေ၊ ဒါပေမယ့် အဖေက ပေးလိုက်မှန်းမသိလိုက်ဘူးလေ၊ အဖေရဲ့ ကိုယ်ပွားဆိုရင် လွဲမလားပဲ၊ အမေကတော့ လက်ဆောင်တစ်ခုဟာ သားတစ်ယောက်ဖြစ်နေမှန်း သိကတည်းက ဆုံးရှုံးသွားတဲ့ မဏ္ဍိုင်၊ ကုန်ခမ်းသွားတဲ့အားအင်၊ ကုန်စင်သွားတဲ့ မျက်ရည်၊ ပျောက်ဆုံးသွားတဲ့ ပန်းတိုင်၊ အရာရာတိုင်းတို့ ပြန်လည်လန်းဆန်း အပြုံးပန်းများ ဝေခဲ့ပါပြီအဖေ။
ဥမမည်၊ စာမမြောက်သေးတဲ့ ရင်သွေးကို တုံရင်သောလက်များနှင့် ပိုက်ထွေးယုယကာ အနာဂတ်ကိုကျော်လွှားဖို့ နမ်းတစ်ရှိုက်တွေးရင်း၊ ပဲပြုပ်တောင်းကို ခေါင်းမှာရွက်ကာ တစ်လမ်းဝင် တစ်လမ်းထွက် ၀မ်းတစ်ထွာအတွက် ဖြေရှင်းချက်ထုတ်ခဲ့ရတယ်။ ကိုယ်ဝန်သည်တို့ဘ၀ ရှောင်ရရှားရတာ သိပ်များတာပေပဲ၊ ချဉ်၊ ချို၊ ငံ၊ စပ်၊ ခါး၊ အပူစတဲ့ အစာကို စားချင်တာတောင် ရှောင်ရတယ်၊ ဒါက စားသောက်ရာမှာပေါ့၊ အသွားအလာအနေအထိုင်မှာလည်း အပေါ့အလေးသွားရဦးတောင် သိပ်ဂရုစိုက်ရတယ်၊ အချိန်လေး ကြာလေသမျှ သနေ်္ဓသားဘ၀ကကျော်လွန်လို့ ကိုယ်ဝန်ရင့်လာတော့ ပိုလို့အထူးဂရုပြုရပြန်တယ်၊ ဒီလိုချိန်တွေမှာ အရမ်းသတိရတောင့်တတာက အဖေတဲ့၊ ဘေးနားလေးမှာ ကူဖို့ အမေခုံမင်နေတာ အဖေရဲ့လက်တစ်စုံတဲ့အဖေ၊ အားကိုးရာမဲ့တဲ့နှလုံးသားတွေနဲ့ တုန်ရီနေပေမယ့်လို့ မမြင်ရသေးတဲ့ရင်သွေးကို ခိုကိုးရာလူသားလေးအဖြစ် မှတ်ထင်ထားတော့ အမေသက်သာတယ်တဲ့၊ မဖွားခင်ကတည်းက ရင်သွေးရဲ့ အားအင်တို့ မိခင်သို့ တွန်းပို့ပေးထားသလားပဲ အမေမှာဖြင့် တစ်ချက်ကလေးမှ မျက်နှာညိုမသွားပါ၊ ဘ၀တိုက်ပွဲအတွက် ထာဝရအားဆေးတစ်ခွက် အမေခပ်ပြီးသောက်နေပြီလေ၊ အူဝဲငိုကာ ခုမှ ဘ၀ကိုစတဲ့ သားယောက်ျားလေးဖွားတော့ အမေ အကျေနပ်ကြီးကျေနပ်သွားပါပြီ၊ စိတ်ထဲမှလည်း “အော်..ခင်ပွန်းဖြစ်သူက ဘေးနားမှာ တစ်သက်လုံး နေမပေးနိုင်လို့ ကိုယ်စားကိုယ်ပွား အပိုအားတွေနဲ့ချစ်ဖို့ သားငယ်လေး သူပေးခဲ့တာပဲလေ”ဟု စိတ်သုဉ်းခဲ့တဲ့ဝေဒနာအရိပ် အမေက ခဏလေးဖိတ်မံလို့ ဧည့်ခံနေတယ်အဖေ။
ဒုက်္ခဆိုတာ အမေ့အတွက် အဖော်၊ သောကဆိုတာ အမေ့အတွက် လက်ပါးစေ၊ ပရိဒေ၀ဆိုတာ အမေ့အတွက် ကျွန်ပါလို့ တမလွန်ကအဖေ့ကို သိစေချင်တယ်၊ သားလေးတစ်ယောက် လူးလားမြောက်ဖို့ ကျန်ခဲ့တဲ့ အားအင်ကိုစုစည်းလို့ ရုန်းကန်ရတဲ့ဘ၀ကို အမေတစ်ယောက် စိန်ခေါ်နေတယ်အဖေ၊ ကျဆုံးမှုတွေများလာတော့ ခံစားရတာကို ဥပေက္ခာအမည်တပ်လို့ အဝေးဆီကို မောင်းထုတ်နိုင်ခဲ့ပါပြီ။ ဒီလိုနဲ့ အမေဟာ အရှုံးတွေနဲ့ ပျော်တတ်ခဲ့လာတယ် အဖေ။
လူလားမမြောက်သေးတဲ့သားကို ရင်မှာပိုက်ကာ တိုက်ပွဲတွေအလီလီနွှဲရင်း အမေ့ရင်ခွင်ထဲမှာ ကြီးခွင့်ရခဲ့သူ သားမှာဖြင့် ကြမ်းတမ်းလိုက်တာလို့ မဆုံးဖြတ်တတ်သေးခင်မှာပဲ သိခဲ့ရတယ်၊ “ငါသာ အသက်ကြီးလာခဲ့ရင် မိခင်ကို ပြန်လည်လုပ်ကျွေးပြုမယ်”လို့ အခိုင်အမာတော့ စိတ်ထဲမှာ တေးထားမိခဲ့ပါတယ်၊ တစ်နေ့တစ်နေ့နဲ့ ရာသီဥတုက ပြောင်းလဲလာခဲ့တယ်၊ ချမ်းအေးတာကနေ ပူအိုက်လာတယ်၊ ပူအိုက်နေတာကမှ တစ်ဆင့် အေးချမ်းမှုနဲ့ ပူအိုက်မှုတို့ ရောထွေးပြန်လာတယ်၊ ဒီလိုနဲ့ ပြောင်းလဲမှုတွေများလာတာနဲ့အမျှ သားမှာလည်း လူတွေအကြောင်းကို တစ်ဖြည်းဖြည်းချင်း နားလည်လာခဲ့တယ် အဖေ၊ တောင့်တတာတွေ များလာခဲ့ရင် စိတ်ပင်ပန်းမှုတွေက ဖိအားပိုဖြစ်တယ်တဲ့၊ ငယ်ကတည်းက မပြည့်စုံမှုဆိုတဲ့ကျိန်စာကို အထပ်ထပ်အခါခါ ရွတ်ဖတ်နေမိခဲ့ပါတယ်၊ လှောင်ရယ်မှုတွေနဲ့ ပြည့်နေတဲ့ ကံကြမ်္မာကလည်း ဂိတ်အဆုံးမှာအလှည့်ကျ ချိတ်ဆွဲထားတဲ့ နံပါတ်ပြားလိုပါပဲ၊ မျှော်လင့်ချက်က အဝေးဆုံးမှာ။
နေမင်းကြီးဟာ အဖေပါလို့ အမည်တပ်လိုက်ရင် သားမှာ နေမင်းကြီးပျောက်ကွယ်လို့ နေ့ဆိုတဲ့အရသာကို မခံစားခဲ့ရတာ သားအသက်မျှပါအဖေ၊ လမင်းကြီးဟာ အမေပါလို့ အမည်တပ်လိုက်ရင်တော့ သားမှာ လမင်းရဲ့အလင်းရောင်နဲ့ ကြမ်းတမ်းတဲ့ဘ၀လမ်းကို မှုန်ပြာပြာလျှောက်လှမ်းနေခဲ့ပါတယ်၊ တိတိပပအလင်း မရခဲ့ပေမယ့် ညမှပိုလင်းခွင့်ရတဲ့ အလင်းရောင်နဲ့ သား လမ်းလျှောက်တတ်လာခဲ့တယ်လေ၊ လမင်းအလင်းနဲ့ ဖြတ်သန်းနေရပေမယ့် နေမင်းကြီးရဲ့အလင်းကို ခံစားချင်စိတ်ကတော့ အထွတ်အထိပ်မှာ ရှိခဲ့ပါတယ်၊ ခံစားပိုင်စွမ်း မရှိသူအဖို့တော့ ကမ်္ဘာလောကကြီးထဲမှာ လမင်းတစ်စင်းတည်းသာလျှင် ထွန်းလင်းတောက်ပဆုံး ထင်မိ ပါတော့တယ်။
အများတကာရဲ့ ကဲ့ရဲ့သံတွေကြားမှာ လူလုံးမလှခဲ့ပေမယ့် ကြံ့ကြံ့ခံနှလုံးသားနှစ်စုံဟာ လောကကြီးထဲမှာ ခေါင်းမော့လို့ရင်ကော့ပြီး ရဲဝံ့သွေးဆူနေပါတယ်။ လူသားချင်းယှဉ်ကြည့်လျှင်ကား အဖဆုံးတဲ့ မုဆိုးမသား၊ ရင်ခွင်တစ်စုံ ဆုံးရှုံးလို့ ကြေကွဲတဲ့သား၊ လူများအလယ်မှာ မျက်နှာငယ်နှလုံးသားနဲ့ အကြောက်ဆုံးတရား လူသားတစ်ယောက်ဖြစ်တဲ့ သားရယ်ပါ...
ကျေးဇူးရှင်မိဘနှစ်ပါးကို အားပါးတရ လုပ်ကျွေးမပြုစုရပေမယ့် ကျန်သောတစ်ပါး ဦးထိပ်ထားကာ ကျေးဇူးအကျေ ဆပ်နေနိုင်တာ ကံကောင်းတာပဲလေ၊ ဥမယ်လို့ စာမြောက် အတောင်ပေါက်ခဲ့တာတောင် မပျံနိုင်ပဲ နှစ်ကိုယ်တူ ဘ၀အစကတည်းက မုန်တိုင်းပင်လယ်ဝေခဲ့တဲ့ အမေကို သားအားမရနိုင်အောင် လုပ်ကျွေးပြုနေတယ် အဖေ။ ကံကြမ်္မာအလှည့်အပြောင်းမှာ ဘ၀တွေက ခပ်စောင်းစောင်းလေး တွန်းပို့နေတယ်အဖေ၊ သားအရွယ် ရောက်လို့ ကျားပေါက်တစ်ကောင်လို့ အမေအားကိုးရချိန်မှာ အမေရဲ့ ကျန်းမာရေးတွေ ဖောက်လာတယ်အဖေ၊ ပထမတော့ ခပ်ငွေ့ငွေ့အပူရှိန်လေးနဲ့ အမေမှာ ယဲ့သဲ့သဲ့လေသံလေးနှင့်အတူ ငြီးညူနေတာခဲ့တယ်၊ အဖျား ရောဂါလို့တောင် မပြောပလောက်ပါဘူး၊ တကယ်ဆို ချွေးစို့စို့ထွက်ရုံမျှ လှုပ်ရှားလိုက်လျှင် ကောင်းနေမည့် လက်္ခဏာပါ၊ သို့ပေမယ့် ထင်သလိုမဟုတ်ခဲ့ပါဘူး၊ တစ်ရက်ထက်တစ်ရက် တိုးတက်လာခဲ့တဲ့ ကျန်းမာရေးက အမေ့ကို နှိပ်စက်နေပါတယ်၊ အားအင်တွေလျော့ရဲတော့ အရင်တစ်ခါနေဖူးခဲ့တဲ့ဘ၀ကို အမေတစ်ယောက် ပြန်လည်မြင်ယောင်ခဲ့တယ်၊ ပြင်ပပုံသွင်ဟာ သိပ်ပြီးမပြင်းပျချိန်မှာ အမေဟာ အားခဲလို့သည်းခံခဲ့ပါတယ်။ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရသူမှာ ဝေဒနာဟာ ဘယ်ရောက်ခရီးပေါက်နေမှန်းကို ပြောမပြတတ်အောင်ပါပဲ၊ တစ်ဖြည်းဖြည်းချင်း ပိန်ချုံးချိနဲ့ အသားပေါ်အရေတင် တုန်ရင်လက်အစုံကို အမေပိုင်ဆိုင်ထားပြီလေ။
ဆေးခန်း၊ ဆေးရုံတွေလည်း အကုန်စင်နီးပါး အမေနဲ့အတူ သားရောက်ခဲ့ပါတယ်၊ ရောဂါကိုသိတဲ့ အမေမှာတော့ မသွားပြဖို့ အကြိမ်ကြိမ်တောင်းဆိုပါသေးတယ်၊ သားမနေနိုင်ဘူးလေ၊ “ဘယ်လောက်ပဲ ကုန်သွားပါစေ” သားကုမယ်အမေလို့ အခိုင်အမာဆုံးဖြတ်ပြီး သမားတော်တွေနဲ့ အလီလီပြခဲ့တယ်လေ၊ သိပ်မထူးခြားခဲ့ပေ။

    တစ်ခါတစ်ခါ အမေ့ရဲ့မျက်ဝန်းမှာ သားငယ်စဉ်က ပြုံးခဲ့တဲ့အပြုံး ရံဖန်ရံခါ အမေသုံးတယ်လေ၊ တစ်ခါတစ်ခါ အမေ့ရဲ့မျက်ဝန်းမှာ သားငယ်စဉ်က ငြီးတွားသံနှင့်မျက်ရည် ရံဖန်ရံခါ အမေတစီစီကျစေ ပြန်တယ်လေ၊ လက်လေးတစ်ဖက်ကိုလည်း ဘယ်ဘက်ရင်ညွန့်မှာ အသာအယာဖိလို့ပေါ့၊ အဖေသာရှိရင် ဆိုတဲ့အသိနဲ့ အမေ့ကို ကြိုးစားကုသပြုစုရင်း ဝေဒနာက ပြင်းထန်လာခဲ့ပါတယ်။ သိပ်မကြာလိုက်ပါဘူး အဖေ၊ ရောဂါအမည်သိခဲ့ရပါတယ်၊ အဖေ့ကို ဆုံးရှုံးခဲ့တဲ့ နေ့ကစပြီး ခိုအောင်းခဲ့တာပါ၊ နှလုံးသားကိုတိုက်ရိုက် ပုတ်ခတ်မှုတဲ့အဖေရယ်...ဝေဒနာက ကြီးထွားမှုနှုန်းဟာ တစ်စတစ်စမြန်ဆန်လာခဲ့ပါတယ်၊ သမားတော်တွေရဲ့ လိုအပ်မှု (သို့မဟုတ်) ဆုံးဖြတ်ချက်မခိုင်မာမှု တစ်ခုခုပေါ့လေ၊ အမေဟာ သိပ်ချစ်တဲ့ အဖေကိုလည်း ဆုံးရှုံးခဲ့သလို ခုလည်း တကယ့်ကိုအရှုံးကြီးရှုံးတဲ့ ပွဲနဲ့ အမေရင်ဆိုင်လိုက်ပြီအဖေ၊ အဖေကိုဆုံးရှုံးခဲ့စဉ်က အမေပျော်တတ်ခဲ့တာမှန်ပေမယ့် တကယ်တော့ တစ်ခဏတာ အပျော်ပါဆိုတာ သားလည်း အဖေ့ကို တစ်ခါရှုံးတာ မသိသာခဲ့ပါဘူး၊ ခုတစ်ခါမှာတော့ အမေကိုပါ ဆုံးရှုံးလိုက်ရတော့ ပိုသိလာခဲ့ပါတယ်၊ အမေရယ်...နောင်ဘ၀တမလွန်မှာ ပျော်စရာအစစ်တွေ့ပါစေ။
    အဖေက လက်ဆောင်ပေးခဲ့တဲ့ အမေ့အတွက် ရတနာဟာ မမြင်ဖူးလိုက်ရသော ဖခင်နှင့် ကျေးဇူးဆပ်ခွင့်ကြုံပေမယ့် ဆပ်ရတာအားမရနိုင်သော မိခင်တို့အတွက် ရတနာအစစ် တစ်နည်းအားဖြင့် အရှုံးနှင့်အပျော်အစစ်ကို အမေ့ထွက်သက်အဆုံးမှာ ရုပ်လုံးကြွအပူလုံးတို့ကြောင့် သိခဲ့ရပါပြီ။ သောက၊ ပရိဒေ၀၊ ဒုက်္ခ..အော်.မီးပေါင်းများစွာ ခြံရံထားတဲ့လောကတွင်းက မလွတ်ကင်းသ၍ အပျော်အစစ်ကိုတော့ဖြင့် မတွေ့နိုင်ပြီ၊ အပူမီးတို့ စစ်ရှုံးရာ လောကုတ်္တရာကို သတိရလိုက်တော့မှ အေးချမ်းပျော်စံရာအစစ်ကို တွေ့ရခဲ့ရပါတယ်။ မမွေးခင်ကတည်းက ရှုံးခဲ့တဲ့ ဖခင်၊ ကျေးဇူးဆပ်တာကို အပြည့်အ၀ မရရှာပဲ ရှုံးခဲ့တဲ့မိခင်တို့ကို ကျေးဇူးအကျေဆပ်ရင်း သာသနာတွင်းကို သက်ဆင်းခဲ့ပါပြီ၊ အရှုံးတွေက အလီလီအောင်ပွဲခံခဲ့တာ များလာလို့ အဲဒီအရှုံးတွေကြောင့်ပဲ အပျော်အစစ်ကို ရှာတွေ့ချိန်မှာ ဤဘ၀၊ ဤခန်္ဓာနှင့် ဤမည်သော မိခင်ဖခင်တို့ကို ရည်စူးပြု၍ လောကုတ္တရာကောင်းကျိုး သယ်ပိုးထမ်းဆောင်ရင်းဖြင့် ကျေးဇူးဆပ်လိုက်ပါသတည်း။

ရွှေဘိုသီလာ
(သီတဂူ)

““၀ဋ်ကြွေးရှိသမျှ ကြေပါစေ””

 ““၀ဋ်ကြွေးရှိသမျှ ကြေပါစေ””
    မိုးကုတ်စက်ဝိုင်းဆီမှာ နေလုံးကြီးက အနောက်ဂေါယာကျွန်းသို့ ရွန်းတော့မည်ဖြစ်၍ မေးတင်ကာ နှုတ်ဆက်လို့ နေလေပြီ၊ နုနယ်ပျိုမျစ်၍ လှပအိစက်ဖြူဝင်းတောက်ပသော အသားအရည်နဲ့ လွယ်အိပ်ကလေးကိုလွယ်ကာ မြို့မှာ စက်ချုပ်ပြီး၍ ရွာသို့ပြန်လာခဲ့သော တစ်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်...သူမရဲ့အတွေးထဲမှာတော့ တောင်ယာလယ်လုပ် ဓါးမခုတ်ကာလ ဆုတောင်းပြည့်ဘုရား၏ ဆည်းလည်းသံနှင့်အတူ နေ့စဉ် အုံးမောင်းခေါက်သံ၊ ဘုရားဝတ်ပြုသံဆိုတဲ့ ဓမ္မတေးသံတွေကြားမှာ ဓမ္မပီတိကို နေ့စဉ်ကြည်နူးခံစားလျက် ဖြူစင်ရိုးသားသည့် သမီးအလာကို မျှော်နေရှာမည့် ရွာမှမိခင် ဖခင်တို့ရဲ့ မျက်ဝန်းနှစ်စုံကို မြင်ယောင်ရင်း... (လွယ်အိတ်ထဲမှ ပိုက်ဆံတစ်ချို့ တစ်ဝက်နှင့်အတူ သမီး မကြာမကြာ ၀ယ်လာနေကျ အမေကြိုက်တတ်တဲ့ ကိတ်မုန့်လေးတစ်လုံး) ရင်ထဲမှ ထိုပီတိ အဟုန် ကြောင့်လားမသိ သူမရဲ့မျက်ဝန်းမှာ ကြည်နူးသည့် အပြုံးရိပ်ကလေးတွေသန်းလို့ပေါ့... ရှေ့ရွာ တစ်ရွာကျော်ရင် အမိရွာကိုရောက်တော့မည်ဆိုတဲ့အသိနဲ့ ခေါင်းကလေး ငိုက်စိုက်ချကာ တောလမ်းလေးအတိုင်း သုတ်ချေတင်နေမိတော့၏။
    မိုးကလည်း ကောင်းထားတော့ တောချုံတွေကလည်း ကောင်းလိုက်ပါဘိခြင်း၊ မကြာခင် ရွာကို ရောက်တော့မှာပဲဆိုတဲ့အတွေးနဲ့ အားခဲလျှောက်လာရင်း...ချုံပုတ်တစ်ခုကို အကျော်မှာတော့ မိမိဘယ်တုန်းကမှ မျှော်လင့်မထားသော...သွေးဆာနေသည့် မိစ္ဆာဘီလူးသုံးကောင် လက်ထဲမှာ ဓါးကိုယ်စီနဲ့ ချုံပုတ်ကြားက ထွက်လာကြသည်။ သူမ ဘာလုပ်ရမှန်းမသိ၊ လူသူလေးပါး ရှေ့နောက်လှန်းကြည့်သော်လည်း တစ်ယောက်တစ်လေကိုမျှ မတွေ့ရ...သူမတစ်ကိုယ်လုံးမှာလည်း ကြောက်စိတ်က လွှမ်းမိုးနေလို့လားမသိ အော်ဖို့တောင် အသံမထွက်ခင်မှာပဲ မိစ္ဆာဘီလူးတစ်ကောင်က လွယ်အိပ်ကိုဆွဲလု၊ တစ်ကောင်က ဓါးနဲ့ထောက်၊ တစ်ကောင်က ဖက်တွန်းလှဲရင်း မိစ္ဆာဘီလူးတွေ တစ်ကောင်ပြီးတစ်ကောင် တော်သလင်းကောင်တွေအလား မဖွယ်မရာ ပြုကျင့်ကြပါတော့တယ်၊ အားရှိသမျှ ရုန်းကန်အော်ဟစ်နေလို့လား မသိ ပါးစပ်ကိုပိတ်လျက် ဓါးတွေနဲ့ အင်္ကျီကိုထိုးခွဲ အို...ရှက်လွန်းကြောက်လွန်းလို့ သူမ အားအင်ရှိသမျှ ရုန်းကန်နေရင်းမှာပဲ လည်ပင်းကို လှီးလိုက်သော ဓါးဒဏ်ချက်ကြောင့် ကြက်ကလေးတစ်ကောင်လို ယက်ကန်ယက်ကန်ပြုရင်း မျက်ဝန်းမှာ မျက်ရည်စတွေနဲ့အတူ လောကကြီးကို ကျောခိုင်းထွက်ခွါသွားရပါတော့တယ်။ အကယ်၍သာ သူမတစ်ယောက် တမလွန်ဘ၀ကနေ စကားပြောနိုင်ခဲ့မယ်ဆိုရင်...
    ““အမေရယ်...အူဝဲလို့ လူ့လောကထဲကို မရောက်ခင်ကတည်းက ဗိုက်ထဲမှာရှိတဲ့ ငါ့ကလေးလေး တစ်ခုခုဖြစ်မှာစိုးလို့ အမေအင်မတန်ကြိုက်လှပါတယ်ဆိုတဲ့ အစပ်ဆိုလည်း ရှောင်ခဲ့ရ၊ အမေ အပျိုဘ၀ ကတည်းက ကြိုက်ခဲ့ရတဲ့ ချဉ်ပေါင်လေးတွေကိုလည်း မစားရက်၊ အပူစာတွေဆိုလည်း တတ်နိုင်သမျှ မစားဖြစ်၊ ထမင်းပူပူ ငါးခြောက်ဆီဆမ်းကလေးနဲ့ တစ်မျိုး၊ တစ်ခါတစ်ရံ အမေကြိုက်တတ်လွန်းလို့ မြို့ကနေ အဖေပြန်လာတဲ့အခါ ၀ယ်လာတတ်တဲ့ နူးညံ့လှတဲ့ကိတ်မုန့်လေးတွေကို စားရင်းနဲ့ ငါ့ကလေးလေး ကျန်းကျန်း မာမာနဲ့ မွေးလာပါစေလို့ တောင်းဆုချွေရင်း အဖေ့မျက်နှာကိုကြည့်ကာ ပြုံးပြုံးလေးစားတတ်သော အမေရယ်ပါ။ အဖေဆိုရင်လည်း သမီးလေး ကိုယ်ဝန်ရလာပြီလို့ သိလိုက်တဲ့အချိန်ကစလို့ ပြုံးပြုံးပြုံးပြုံးနဲ့ လယ်တောခွင်အ၀င်မှာ လေကလေး တစ်ချွန်ချွန်နဲ့ ရင်ထဲမှာတော့ သားလေးမွေးလာခဲ့သည်ရှိသော် ငါ့သားလေး ကြီးလာရင် မျက်နှာမငယ်ရလေအောင် ရလာတဲ့ပိုက်ဆံလေးတွေကို စုဆောင်းလို့ သားလေးအချိန်တန်လာတဲ့အခါ ကျောင်း လွယ်အိတ်ကလေးလွယ်လို့ “ဖေဖေ သားကျောင်းသွားတော့မယ် မုန့်ဖိုးပေးအုံး” လို့ ငါ့သားလေး တောင်းလာရင် ပြုံးဖြီးဖြီးလုပ်ကာ “ရော့ ဒါနဲ့လောက်အောင်သုံးနော် သားလေး.ကျောင်းရောက်ရင် မတည့်တာတွေလည်း ၀ယ်မစားနဲ့သိလား” လို့ မှာကြားရင်း “ဟုတ်ကဲ့ပါဖေဖေ” ဆိုတဲ့ သားလိမ်္မာလေးရဲ့ အသံကို ကြားယောင်မျှော်တွေးလို့ တစ်မျိုး၊ ငါ့သားလေး အရွယ်ရောက်လာရင် ရှင်ပြုပေးလို့ “ကိုရင်လေး”လို့ ခေါ်လိုက်ရင် “ဒကာကြီး”လို့ အခေါ်ခံရမှာကို ကျေနပ်ပီတိဖြစ်လျက်တစ်ဖုံ အတွေးစုံကိုတွေးရင်း နွားနှင့်ဖက်ရုံး တကုန်းကုန်းနဲ့ အပြုံးရင်မှာ ပီတိဖြာနေတဲ့ အဖေရယ်ပေါ့။
    ဒီလိုနဲ့ ကိုးလလွယ်လို့ ဆယ်လရောက်တော့ သမီးတစ်ယောက် လူ့လောကထဲကို အူဝဲဆိုပြီး ငိုချင်းနဲ့ စခဲ့ရတဲ့ သမီးရဲ့အသံကိုကြားလိုက်ရတဲ့ အဖေတစ်ယောက်မှာတော့ ၀မ်းသာလွန်း၍ သားလေးလား သမီးလေးလား ပြေးကြည့်ချင်သော်လည်း မဖြစ်နိုင်လို့ အိပ်ခန်းပြင်ဘက်မှာ ပြုံးနေတဲ့ ဖေဖေ့မျက်နှာ၊ အမေကတော့ ဇောချွေးတွေပြန်လို့ ခေတ္တမျှအနားယူရင်း ကလေးငိုနေတဲ့အသံကိုကြားရပေမယ့် သမီးလေးလား သားလေးလားမသိ လူ့လောကထဲတော့ ချောချောမောမောရောက်လာခဲ့လေပြီလို့တွေးရင်း ပီတိအပြုံးလေးတွေ မျက်နှာမှာသန်းလို့ပေါ့။ တစ်ဆက်တည်းမှာပဲ ငါ့ကလေးလေး ခြေလက်အင်္ဂါ စုံစုံလင်လင်ကော ရှိရဲ့လားကွယ်၊ သားလေးလား သမီးလေးလားကွယ်လို့ ပင်ပန်းသည့်ကြားမှ အနားရှိတဲ့ လူကို မှုန်ဝါးဝါးကြည့်ရင်း လေသံယဲ့ယဲ့နဲ့ မေးနေမိနေလေရဲ့။ ဒီလိုနဲ့ သမီးလေးပါလို့ သိလိုက်တဲ့အချိန်မှာတော့ စိတ်ထဲမှာ မေတ္တာဓာတ်တွေ တစ်ပြားသားမျှမလျှော့ရှာပဲ “သမီးလေးဆိုတော့လည်း ငါ့မိန်းမအတွက် ကူဖော်လောင်ဖက်ရတာပေါ့ကွာ၊ ဘာပဲဖြစ်ဖြစ် တို့သမီးလေး ချောချောမောမောနဲ့ ကိုယ်လက်အင်္ဂါ စုံစုံလင်လင်မွေးလာတာကိုပဲ ကံကောင်းတယ်လို့ မှတ်ကြတာပေါ့ကွာ”လို့ အဖေရဲ့အားပေးသံကို နားမလည်တတ်သေးပေမယ့် ခုချိန်မှာ မှန်းဆရင်း တမလွန်ဘ၀ရောက်နေတဲ့ သမီး ပီတိဖြစ်ရပါတယ် အမေတို့အဖေတို့ရယ်...
    သမီးကို နို့ချိုတိုက်ကျွေးလို့ မှက်ခြင် မကိုက်ရအောင် ပြုစုခဲ့ကြတယ်။ ၀လုံးလေး ၀ိုင်းဝိုင်းလေး ရေးတတ်အောင် လက်ထပ်ပြီးသင်ပေးခဲ့လို့ လက်ဦးဆရာ မည်ခဲ့ရတယ်။ သမီး ထမင်းစားနိုင်ချိန်ရောက်တော့ မ၀ါးနိုင်သေးမှန်းသိလို့ အမေ့ပါးစပ်နဲ့ဝါးပြီး ခွံ့ကျွေးခဲ့တယ်။ ထုပ်တန်းမှာ တွဲလောင်းချပြီး ဆင်ထားတဲ့ နှီးပုခက်တွင်းမှာ မအိပ်နိုင်ပဲ နွဲ့ဆိုးဆိုးကာ တအာအာ တအီအီ အော်မြည်နေတဲ့ သမီးယ်ကို အိပ်ပျော်အောင် ဖျားယောင်းချော့မြှူခဲ့တဲ့ “ကြောင်ဖားကြီးရဲ့ မြီးတံတို၊ အဆီစားပါလို့ အသားကိုမျို ကြောင်အိုရယ် ပေမှေးကို ကိုက်ပါနဲ့လေး” “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဖိုးအို ဟော ကြည့်ပါဆို။ ဆိုသာဆို ပိုမိုသည့်စကား ကလေးအငိုတိတ်အောင် အရိပ်အယောင်ပြတယ်ကွယ် ဖိုးလနတ်သား” ဆိုတဲ့ အမေ့အသံချိုချိုလေးနဲ့ အငိုတိတ်အောင် သိပ်ခဲ့ဖူးတာကိုလည်း ကြားယောင်မြင်ယောင်နေပါသေးတယ် အမေရယ်။
    ဖေဖေကတော့ ဇနီးနဲ့ သမီးလေးတို့ သူရှာပေးခဲ့တာတွေနဲ့ ၀မ်းသာပျော်ရွှင်စားသောက်နေကြတာကို ကြည့်ပြီး ပြုံးပြုံးကြီး ကြည့်နေတတ်တယ်လေ။ ဒီလိုတယုတယ ကျွေးမွေးပြုစုကြရင်း ကျောင်းနေချိန်ရောက်လို့ ကျောင်းအပ်တော့ ကျောင်းမှာမပျော်လို့ ငိုခဲ့ရတဲ့အခါ အမေ့မျက်ဝန်းမှာ မျက်ရည်စလေးတွေ တွေ့လိုက်သလိုပါပဲ။ ဒါပေမယ့် အနေကြာလာတော့ ကျောင်းမှာပျော်ပြီး ကျောင်းစာတွေ သင်ခဲ့ရတာတွေထဲက “လှည်းဘီး နွံထဲ ကျွံနေသည်၊ ကူ၍တွန်းကြပါ၊ လေးလွန်း၍မတွန်းနိုင်ဘူးလား၊ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”ဆိုတဲ့ ကဗျာလေးကို သမီး တအားသဘောကျခဲ့တာပေါ့။ ဘာကြောင့်လဲဆိုတော့ စည်လုံးမှုရဲ့ အင်အားကို ပြတဲ့ကဗျာလေးမို့ပေါ့ အမေရယ်။ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ဘယ်အရာမဆို စည်းလုံးမှ အောင်မြင်မယ်လို့ သိလာတဲ့အတွက်ကြောင့်ပေါ့။ နွားကွဲရင် ကျားဆွဲမယ်လို့ ကြားဖူးတယ်လေ။ သမီးကျောင်းမှာသင်ခဲ့တဲ့ စာတွေကို မပီကလာ ပီကလာနဲ့ ဆိုပြီးတော့ အမေနဲ့အဖေ သဘောကျနေတာလေးတွေကိုလည်း သမီးတစ်သက် မမေ့နိုင်တော့ဘူးလေ။ ဒါတင် ဘယ်ကမလဲ စာသင်ကျောင်းထားရင်း ဘာသာရေးဘက်ကော လိမ်္မာရေးခြား ရှိအောင်ဆိုပြီး ရွာဦးကျောင်း ဆရာတော် သင်ပေးလိုက်တဲ့ ဟို လယ်တီဆရာတော် ရေးတယ် ဆိုလားပဲ...သုံးလူ့ရှင်ပင် ကျွန်းထိပ်တင် သောင်းခွင်စကြာဝဠာဆိုတဲ့ ကဗျာရှည်ကြီးကို ရွတ်ပြရင်း သမီးတို့ကိုးကွယ်တဲ့ လောကမှာ အမြတ်ဆုံး အသာဆုံးဖြစ်တဲ့ မြတ်ဗုဒ္ဓအကြောင်းကို ဘုန်းဘုရား ရှင်းပြတဲ့အတိုင်း အဖေနဲ့အမေကို ပြန်ရှင်းပြတော့ ၀မ်းသာလွန်းလို့ အမေနဲ့အဖေမျက်ဝန်းမှာ မျက်ရည်စတွေတောင် လည်တဲ့အထိ သဘောကျနေကြတာကို သမီး မြင်ယောင်မိနေပါသေးတယ်။ ဖေဖေ စိတ်ကူးယဉ်ခဲ့တဲ့ ကျောင်းစိမ်းလုံချည် အင်္ကျီလေးကို ၀တ်လျက် ကျောင်းတက်နေတဲ့ သမီးလေးရဲ့ အနာဂါတ်ကို မျှော်တွေးရင်း ပြုံးပြုံးကြီးကြည့်ကာ ပီတိဖြာနေတဲ့ အဖေ။ အမေကတော့ သမီးလေးအတွက် စားစရာအဆင်သင့်ဖြစ်ဖို့ မီးခိုးလုံးတွေကြားမှာ ချက်ရေးပြုတ်ရေးနဲ့ အချိန်ကုန်ပြီး သမီးကလေးရဲ့ အနာဂါတ်ကို မှုန်ဝါးဝါးတွေးရင်း အနည်းငယ် ပီတိအရသာ ခံစားမိနေမှာပေါ့။ အဲသလိုနဲ့ပဲ သမီးလေး လေးတန်းအောင်တဲ့အခါမှာတော့ စီးပွားရေးကလည်း သိပ်အဆင်မပြေရှာ၊ သမီးလေး ငါးတန်းဆက်တက်ရင်လည်း မြို့ကိုသွားတက်ရမှာဆိုတော့ ပိုက်ဆံတွေ အကုန်အကျများတော့မှာကို တွေးရင်း အမေနဲ့အဖေတို့ အကြံအိုက်နေကြတယ်လေ။ ဒီအခြေအနေကိုသိနေတဲ့ သမီးက “သမီး ကျောင်း မတက်တော့ပဲ မြို့မှာ စက်ချုပ်သွားသင်ပြီး အဖေတို့အမေတို့ကို သမီး တတ်နိုင်သလောက် ကျေးဇူးဆပ်ပါရစေ”လို့ မမျှော်လင့်မိတဲ့ သမီးရဲ့စကားသံကို ကြားလိုက်ရလို့ အော်... လိမ်္မာလိုက်တဲ့ သမီးလေးရယ်”လို့ သမီးခေါင်းလေးကို ညင်သာစွာပွတ်ရင်း ၀မ်းသာစွာနဲ့ပဲ ဖေဖေ မေမေတို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ကြတယ်လေ။
    ဒီလိုနဲ့ပဲ သမီးစက်ချုပ်ပညာတတ်လို့ သမီး ရသမျှပိုက်ဆံလေးတွေနဲ့ အဖေတို့အမေတို့ကို ကျွေးရလို့ ကျေးဇူးဆပ်ခွင့်ရလို့ ၀မ်းသာပီတိ ဖြစ်ခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းခဲ့ပါဘူးလေ...အော်.. ခုတော့လည်း မမျှော်လင့်တဲ့ ကံကြမ်္မာဆိုးကြောင့် သမီး မြို့ကအပြန်မှာ မိစ္ဆာကောင် သုံးကောင်ရဲ့လက်ချက်နဲ့ သမီး တမလွန်ဘ၀ရောက်ခဲ့ရပြီလေ။ အမေ ကြိုက်တတ်တဲ့ ကိတ်မုန့်လေးလည်း မိစ်္ဆာကောင်တွေ လက်ချက်နဲ့ ကြေမွပျက်စီးခဲ့ရပြီပေါ့။ အငိုနဲ့ စခဲ့ရတဲ့ သမီးဘ၀၊ အငိုနဲ့အဆုံးသတ်ခဲ့ရပြီလေ။ နေထွက်တာရှိသလို နေ၀င်ဆိုတာလည်း ရှိတယ်လေ။ လ ထွက်တာရှိသလို လ ၀င်တာလည်း ရှိတာပေါ့၊ ဇာတိကနေလာခဲ့တဲ့ သမီးဆိုတော့ မရဏက လက်လှမ်းကြိုနေတယ်လေ၊ သေခြင်းတရားဆိုတာ ငယ်တယ် ကြီးတယ်မရွေး အချိန်မရွေး သေနိုင်တယ်ဆိုတဲ့ ဘုန်းဘုရားပြောဘူးတာ တကယ်မှန်တာပဲနော်။ ဒါပေမယ့် အမေနဲ့အဖေတို့ရယ် သမီးလို အမျိုးသမီးတွေ အားလုံးအတွက် ဒီလို လူမဆန် ရက်စက်ကြမ်းကြုတ် အောက်တန်းကျ နှမချင်းမစာနာ လူစိတ်ကင်းမဲ့တဲ့ မိစ်္ဆာကောင်တွေရဲ့ ဘေးရန်ကနေ ကမ်္ဘာတည်သမျှ မကြုံတွေ့ကြပါစေနဲ့ ဆုတောင်းပေးခဲ့ပါတယ်။ သမီးအတွက်တော့ သံသရာ ၀ဋ်ကြွေးရှိသမျှ ဤမျှနဲ့ ကြေပါစေတော့”ရယ်လို့ ၀မ်းနည်းပက်လက် ငိုကြွေးရင်း ပြောနေရှာရော့တော့မယ်။ (ယခုချိန်ဆိုရင် သပြေချောင်ရွာလေးမှာ မိစ်္ဆာကောင်တွေရဲ့ လက်ချက်ကြောင့် ကမ်္ဘာပျက်သည့်အလား ရိုးသားဖြူစင်သည့် ရွာသူရွာသားတွေလည်း ဘေးကင်ရာကို ရှာကြလျက် ရွာဦးကျောင်းက ဆည်းလည်းသံနှင့်အတူ ဓမ္မတေးသံများ ဆိတ်သုန်းလို့ နေရော့မည်)။
ဘုန်းသာ(သီတဂူ)
မှတ်ချက်။ ။ကျောက်နီမော်မှ တစ်နေ့တာ စက်ချုပ်ပြီး မိမိကျေးရွာ သပြေချောင်သို့ တစ်ဦးတည်း အပြန်တွင် ၂၀၁၂ ခု၊ မေလ ၂၈ ရက်နေ့က ဗလက်္ကာရ ပြုကျင့်ခံရပြီး ရက်ရက်စက်စက် အသတ်ခံရသူ မသီတာထွေးအား ရည်ညွှန်းပြုလျက်။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...