နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ပေးဆပ်အချိန် ပြန်ရစေ


ပေးဆပ်အချိန် ပြန်ရစေ
ရခဲခြင်းများစွာကို သိကြမည်ထင်ပါသည်။ထိုအထဲမှ အလွန်တရာ ရခဲတယ်ဆိုတာလည်း ရှိပေသည်။သို့ရာတွင်မူ ယခုလို ရခဲခြင်းများစွာထဲမှ ရခဲခြင်းတစ်ခုကို တင်ပြရသော်။ လူ့အဖြစ်မှသည် စရပေမည်။ ပထမ လူ့ဘ၀ကား ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်၊ သုခ အ၀၀တွေကိုခွဲခြမ်းစိတ်ဖြာ ဝေဖန်ကြည့်သော် ယခု ပူဇော် ဖူးမြော်ခွင့်ကို ပန်ဆင်သော ပုဂ္ဂိုလ်ထူးကိုပင် ဖွင့်လှစ်ပြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ ပါရမီအရှိန်အဟုန်နှင့် နောက်နောင်ဘ၀များစွာထိ အကျိုးဆက်တို့ ပါလာသောကြောင့်ပေတည်း။ မည်သို့ ပုံပမာ ပြရမည်နည်း ဟူမူကား- အတိတ်ဘ၀များစွာက ပိဋကတ်စာပေကို မလေ့လာ မဆည်းပူးခဲ့ဘူးဟု ဆိုခဲ့လျှင် ယခုကဲ့သို့ စံပြနေရာ ယူနိုင်ရန် အသာထား သုခတရားတွေ ခေါင်းပါးတဲ့ ဘ၀များစွာ အပါယ်လားလို့မြုပ်ဝင် မြင်တောင်မြင်နိုင်အံ့မထင်။ ကုသိုလ်ပါရမီကို အစွမ်းကုန် ကြိုးကုတ် အားထုတ်လို့ ဆက်ငင် ယခုလို ဇာတ်စဉ်ပေါ်တက် ကြေငြာမောင်းခတ်နိုင်ခဲ့သော ဆရာတော်လေးအဖြစ် ဂုဏ်ယူလို့ဝံ့ကြွား ထာဝရပန်ဆင်နိုင်ခဲ့သူပေတည်း။
နဟိဓမ္မောအဓမ္မောစ၊ဥဘောသမ၀ိဘာဂိနော။
အဓမ္မောနိရယံနေတိ၊ဓမ္မောပါပေတိသုဂတိ။
ဓမ္မောစ - ကုသိုလ်ဟုဆိုအပ်သော ဓမ္မသည်လည်းကောင်း ၊ အဓမ္မောစ - အကုသိုလ်ဟုဆိုအပ်သော အဓမ္မသည်လည်းကောင်း၊ ဥဘောသမ ၀ိဘာဂိနော - ထိုကုသိုလ် အကုသိုလ် ဟုဆိုအပ်သောဓမ္မ အဓမ္မတို့သည် တူမျှသောအဖို့ ရှိကြပါကုန်၏။ အဓမ္မော- အကုသိုလ်ဟုဆိုအပ်သော အဓမ္မသည် ၊ နိရယံ - ငရဲသို့ ၊ နေတိ- ဆောင်တတ်ပါပေ၏။ ဓမ္မော- ကုသိုလ်ဟုဆိုအပ်သော ဓမ္မတို့သည်၊ သုဂတိံ- သုဂတိဘ၀သို့ ၊ ပါပေတိ- ရောက်ရလေတော့သတည်း။
ကုသိုလ်နှင့် အကုသိုလ်ဆိုတာ ရှိတယ်။ ကုသိုလ်ကိုပြုလုပ်ခဲ့လျှင် ကုသိုလ်တရား၏ အကျိုးကို ခံစားရမယ်။ အကုသိုလ်ကို ပြုလုပ်ခဲ့လျှင် အကုသိုလ်တရား၏ အကျိုးကို ခံစားရမယ်။ ဘယ်အထိခံစားရလိမ့်မလဲဆိုလျှင် ကုသိုလ်အကျိုးဟာ သုဂတိဘ၀ထိ အကျိုးပေးပါတယ်။ အကုသိုလ်အကျိုးဟာ ပါယ်ငရဲထိ အကျိုးပေးပါတယ်။ ဤနေရာတွင် ဆိုလိုသည်ကား- ဘ၀ါဘ၀က ဆည်းပူးလာမှ အကျိုးပေးသန်လာခဲ့တဲ့၊ ဘ၀ါဘ၀က ဖြည့်ကျင့်လာမှ  ရင့်ကျက်လာခဲ့တဲ့ ယခုလို ပူဇော်ခံပုဂ္ဂိုလ်ကဲ့သို့ ဖြည်းဖြည်းချင်း ဆည်းပူး၊ ဖြည့်ကျင့်လာခဲ့လို့ အလွန်တရာ ရခဲတဲ့ လူ့ဘ၀ကိုလည်း ရခဲ့ပြီ၊ အလွန်တရာ ရခဲ့တဲ့ ရဟန်းဘ၀ကိုလည်း ရခဲ့ပြီ၊ အလွန်တရာ ကြားခဲ့တဲ့ မြတ်ဘုရား၏တရားတော်တွေကိုလည်း သင်ယူဆည်းပူး ရင်ထဲတွင် ဆွတ်ခူးခဲ့ပြီတည်း။
ရင်ထဲတွင် ဘုရားတည်ပြီး သာသနာတစ်ခွင်ဝယ် ကျင်လည်နေဦးတောင်မှ အထက်တန်းကျတဲ့ ရဟန်းဘ၀မှ ဂုဏ်ထူးပိုင်ဆိုင် အံ့ထူးခိုင်ခဲ့တဲ့ ဆရာတော်သည် ဓမ္မကို ပါရမီအဖြစ် အသွင်ကူးပြောင်းကာ ဖန်ဆင်းနိုင်ခဲ့သူပေတည်း။ ရှောင်ရှားရမည့်တရားကိုလည်း စာပေသင်ရင်းခံစား နှလုံးသားမှ ပယ်ထုတ် အဝေးကို လွင့်စင်စေခဲ့သူပေတည်း။ မလျှော့တဲ့ ဇွဲ၊ အားထုတ်တဲ့ လုံ့လ၊ တင်းထားတဲ့ ၀ီရိယ တွေနဲ့ယှဉ်လို့ လိုချင်တဲ့ပန်းတိုင်ကို ဓမ္မနှင့် အဓမ္မ ခွဲခြား ယုံကြည်သော သဒ္ဓါတရားတွေပေါင်းစုလို့ ကြိုးစားအားထုတ်ခဲ့တဲ့ ပုံစံကို အားကျသင့်ပေသည်။ မည်သို့ပင် ဆိုစေ။ မြတ်ဘုရား၏ ဒေသနာတော်တွေကို ကျင့်သုံး၊ ပရဟိတကို အစွမ်း အားကုန်သွန်နေတဲ့ သီတဂူဆရာတော်၏ သြ၀ါဒအတိုင်းဆိုရသော်-
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမားသောသူများ မှီခိုခွင့်ရတယ်။
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို  ဘုန်းကံရှားပါးသူများ မှီခိုခွင့်မရဘူး။
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမာသူတို့ ထောက်ပံ့ခွင့်ရတယ်။
ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံရှားပါးသူတို့ ထောက်ပံ့ခွင့်မရဘူး။
ယခု ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်မှာ မှီခိုခွင့်ရသူ၊ ထောက်ပံ့ခွင့်ရသူ ဖြစ်သော ပူဇော်ခံပုဂ္ဂိုလ်သည် အလွန်တရာမှ ဘုန်းကံကြီးမားသူပေတည်း။ ဘုန်းကံကြီးမားသည့်အလျောက် သာသနာ့အကျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်နိုင်မည်ကိုကား မြေကြီးလက်ခတ်မလွဲပင်။ ထောက်ပံ့ခွင့်ရသူနေရာအားဖြင့်ကြည့်သော်ကား- ယခုလို အောက်အခြေခံသင်ရိုးမှစကာ ကြိုးစားသင်ယူကာ အဆင့်မြင့်သော သာသနဓဇဓမ္မာစရိယ အထိ အောင်မြင်ခဲ့သောကြောင့် ဘုန်းကံကြီးမား မြတ်ဘုရားသာသနာတော်ကို ဘုန်းကံကြီးမား ပါရမီတွေကို တိုးပွားရင်း ရိုးသားခဲ့သူကို ချီးမြှင့်ထောက်ပံ့ခွင့်ရပေသည်။ ထောက်ပံ့သူ၊ ထောက်ပံ့ခံရသူ ထိုသူနှစ်ယောက်မှာ အကျိုးတရားတို့သည် တုနှိုင်းစရာ ရှိအံ့မထင်။
အတိတ်က ပါခဲ့တဲ့ ပါရမီကို အရိုးခံနှလုံးသားနဲ့ ငယ်စဉ်က စာပေသင်ယူစဉ်မှာ ပျံ့လွင့်ဖို့ အချိန်တွေကို စာပေပေါ်မှာ သိမ်ငယ်သွားရလေအောင် သတိကို မောင်းတင်ခဲ့တယ်။ ဆော့ကစားချင်တဲ့ စိတ်ဓါတ်တွေကို စာပေပေါ်မှာ တိန်ဝင်သွားအောင် စိတ်အစဉ်ကိုထိန်းချုပ် သိမ်းထားတဲ့အထုပ်ကြီးတစ်ထုပ်လိုထုတ်ပိုး ယခုအချိန်ထိ မပုပ်သိုးသေးပါဘူး။ သို့ပေမယ့် ထိန်းချုပ်အံဝင် ခုတော့ ညိမ်စင်းစင်း သံစဉ်တစ်ပုဒ်ဖြစ်နေပေမယ့် ၀ီရိယကို ဇွတ်တိုးကာ ကြိုးစားခဲ့တယ်။ ခလုတ်နှင့် ခရောင်းကြမ်းတွေ လက်လှမ်းလို့ ကာဆီးနေပေမယ့် မိမိသင်လာသမျှ သိထားသမျှ ဦးနှောက်နဲ့ ဆုံးဖြတ် သင့်တင့်လျှောက်ပတ်တဲ့ နှလုံးသွင်း လုံ့လကို အာရုံစိုက်ခဲ့တယ်။ အင်မတန်ခက်ခဲနက်နဲတဲ့ စာပေကျမ်းဂန်တွေကို အင်မတန်ခက်ခဲနက်နဲတဲ့ ဆင်းရဲခြင်းတွေနဲ့ ဖြတ်ကျော်ကာ သည်းခံရတဲ့ဘ၀မျိုးစုံကို ဓါတ်ခံအားကောင်းခဲ့တဲ့ အပြုံးများနဲ့ အောင်နိုင်သူကို ထောက်ပံ့ပူဇော်ရသည်ကြောင့် သင်တို့အပေါ်ဝယ် ဤဇမ္ဗူထင်ရှား အကျိုးတရားများစွာက အကိုးအကားမခြားပဲ တိုးပွားမည်မှာ မလွဲပေ။
သဘာဝပေးတာက သံပုရာသီးပါ။ သံပုရာရည်ကို သောက်ချင်တယ်ဆိုရင် အရည်ညှစ်သောက်ရသလို ဘ၀ကပေးတာက အကြောင်းရာတွေပါ။ အကျိုးကို လိုချင်တယ်ဆိုရင် အရည်ညှစ်တတ်အောင် ကြိုးစားအားထုတ်ရပေမည်။ ယခုမူ ပေးလိုက်သော ပညာရေးအကြောင်းတရားတွေကို သညာရေးအကျိုးတရားနဲ့ နာခံလို့ ပရဟိတ အမျိုးပွားရလေအောင် ဆရာ၊ ဒကာ ညီညွတ်စွာဖြင့် ဖလှယ်နိုင်ကြရပေမည်။ ကိုင်းက ကျွန်းကိုမမှီလျှင် သဘာဝမကျသလို ကျွန်းက ကိုင်းကိုမှီလျှင်လည်း သဘာဝကျမည်မဟုတ်ပေ။ သို့ကြောင့် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေကို ပြန်ရချင်တယ်ဆိုလျှင်တော့ ပရဟိတအကျိုးကို ဦးထိပ်မှာတင်ကာ စွမ်းသလောက် အားထုတ်ပါက ပြန်ရနိုင်ပေသည်။
ဓမ္မကို အသိနဲ့ ယှဉ်၊ ဘုန်းကံကြီးမားလို့ မှီခိုအားထားခွင့်တွေနှင့် ထောက်ပံ့ခွင့် အကျိုးတရားတွေကို ကုန်ခမ်းသွားခဲ့တဲ့ အချိန်နေရာမှာအစားထိုးကာ အများအကျိုးကို တက်အားအမျိုးမျိုးတွေနှင့် သာသာနာပြုနိုင်ပါစေ။ ပေးဆပ်ခဲ့ရတဲ့ ဆင်းရဲခြင်းအပြည့်ရှိသော အချိန်တွေကို ပြန်ရပါစေ ဟု ဆန္ဒပြုရင်း
အရှင်သီလာစာရ(ရွှေဘိုသီလာ)

0 Response to "ပေးဆပ်အချိန် ပြန်ရစေ"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...