အဝေးရန်သူ
နောက်တစ်ခုက အဝေးရန်သူဖြစ်တယ်။ အဝေးရန်သူဆိုတာ သိသာမြင်သာလို့ အဝေးရန်သူလို့ခေါ်တာ၊ ကရုဏာနဲ့ သဘာဝချင်း မတူတဲ့ ရက်စက်မှု ၀ိဟိံသာ တရားဖြစ်တယ်။ ကရုဏာက ကြင်နာတယ်၊ ၀ိဟိံသာက ရက်စက်တယ်။ ရက်စက်မှုနှင့် ကြင်နာမှုဆိုတာဟာ သဘာဝချင်း တူရဲ့လား။ မတူဘူးနော်။ သဘာဝချင်းမတူပဲ ကွဲပြားခြားနားသည့် အတွက်ကြောင့် အဲဒါကို ကရုဏာ ရဲ့ အဝေးရန်သူ(သို့)အဝေးဆန့်ကျင်ဘက်တရားလို့ ပြောရမယ်။
အေး၊ ဒါကြောင့်မို့ ကရုဏာပွားပြီဆိုရင် အနီးကပ်ရန်သူကို သတိထားပြီး အဝေးရန်သူဖြစ်တဲ့ ၀ိဟိံသာ တရားကို ပျောက်ကွယ်အောင် လုပ်ရမယ်။ ဒါမှ သန့်စင်တဲ့၊ မွန်မြတ်တဲ့၊ သဘာဝတရားဖြစ်တဲ့ ကရုဏာ ဖြစ်လာနိုင်မယ်။ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က သတ္တ၀ါတွေကို ကြည့်လိုက်တဲ့အခါမှာ သနားကြင်နာတဲ့ ကရုဏာ တရားတွေမြောက်များစွာဖြစ်တယ်။ အဲဒီ ကရုဏာဖြစ်ပုံနဲ့ပတ်သက်ပြီး တစ်ခုလောက် ပြောရမယ်ဆိုရင် လောက လူသားတွေဟာ ဗျာဓိ လို့ဆိုတဲ့ ရောဂါဝေဒနာတွေ နှိပ်စက်ပြီးနေတယ်။ ဒါ တစ်ဦးတစ်ယောက်ထဲကို ကြည့်လို့မရဘူး၊ လူသားတွေအတွက် ကြည့်မယ်ဆိုရင် ဒီကနေ့ခေတ်မှာ လူဦးရေဟာ သန်းပေါင်း(၆၀၀၀)လောက်ရှိမယ်။ အဲဒီ သန်းပေါင်း(၆၀၀၀)လောက်ရှိတဲ့ လူသားတွေထဲမှာ ရောဂါဝေဒနာဖြစ်နေတဲ့ လူသားတွေဟာ အများကြီးရှိတယ်နော်။ အဲဒီလို ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို မြတ်စွာဘုရားကကြည့်ပြီး ဗျာဓိနာ အဘိဘူတော လောကသန္နိဝါသော လောကမှာရှိတဲ့ သတ္တ၀ါတွေဟာ ဗျာဓိတရားရဲ့ လွှမ်းမိုးမှုကို ခံနေကြရတယ်။ မြင်ရတဲ့အခါ မြတ်စွာဘုရားရဲ့ သန္တာန်မှာ အကြင်နာတရားတွေ တဖွားဖွား ပေါ်လာတယ်၊ မဟာကရုဏာတွေဖြစ်လာတယ်။ ထို့အတူပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခု ဥာဏ်တော်ကြီးနဲ့ ကြည့်လိုက်မယ်ဆိုရင် စက္ကန့်နှင့်အမျှ သတ္တ၀ါတွေဟာ သေဆုံးနေကြတာကို တွေ့ရတယ်။ အဲဒီလို သေဆုံးနေကြတာကို တွေ့ရတဲ့အခါ မရဏေန အဗ္ဘာဟတော လောကသန္နိဝါသော အေး...သေခြင်းတရားဟာ သတ္တ၀ါတွေကို လွှမ်းမိုးနှိပ်စက်နေပါလားလို့ သတ္တ၀ါတွေကို အင်မတန်မှ သနားတဲ့ ကရုဏာပေါ်လာတယ်။ ဒီသေခြင်းတရားက လွတ်အောင် ဘယ်လိုလုပ်ရမလဲ။ ရောဂါဝေဒနာတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားလှုံ့ဆော်စေတတ်တဲ့ နှလုံးသားထဲမှာ ငြိမ်မနေပဲနဲ့ ရောဂါဝေဒနာတွေက လွတ်မြောက်အောင်၊ သေခြင်းတရားက လွတ်မြောက်အောင် ဘယ်လိုစွမ်းဆောင်ပေးရမလဲဆိုတဲ့ ရှုမြင်တဲ့ ဥာဏ်နဲ့ ယှဉ်တဲ့ မဟာကရုဏာတော် ဟာ ပေါ်လာတယ်။ ဒါ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ဒီ(၂)ချက်နဲ့ ပတ်သက်ပြီး ကရုဏာ ဖြစ်ပုံပဲ။ (ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ဆည်းဆာ ကရုဏာမှ)

0 Response to "အဝေးရန်သူ"
Post a Comment