နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic
တင်းတိမ်မှု
တင်းတိမ်ခြင်းဟာ အမြတ်ဆုံးဥစ္စာပါပဲလို့ ဗုဒ္ဓမြတ်စွာက ဟောတော်မူပါတယ်၊ ရှေးတုန်းက လူတွေဟာ အစားကို ငါးပိချက်ကလေး၊ငါးကလေးနဲ့ပဲ စားကြတယ်။ အ၀တ်ကိုလည်း ကိုယ့်ဟာကိုယ် ရက်ဝတ်ကြတယ်။ စိတ်ချမ်းသာကြတာပဲ။ စိတ်ချမ်းသာတယ်ဆိုတာ ပေါမှချမ်းသာတာမဟုတ်ဘူး။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ဟိုရှေးက လူများဟာ အစားကိုလည်း ပဲ၊ငါးပိချက်၊ချဉ်ရည်၊ငရုတ်သီးထောင်းလောက်နဲ့ တစ်နေ့တာရဲ့ စားချိန်ကို ကုန်လွန်သွားကြပါတယ်။ ဒါန၊သီလ၊ဘာဝနာတို့ကိုကား ၀က်သား၊ကြက်သားများ၊ငါးများ၊မဲများကို ချမ်းသာတဲ့ အသိုင်းအ၀ိုင်းတို့ စားသကဲ့သို့ ဆင်းရဲသားလူတန်းစားအချို့က ဒါန၊ သီလ၊ ဘာဝနာ တို့ကို စားကြသောက်ကြလေ၏။ အ၀တ်ဆိုလျှင်လည်း မိမိရက်လုပ်သော မိမိတို့ဆီမှ ထွက်ရှိသော ဂုဏ်လျော်တွေနဲ့ ရက်လုပ်ပြီး တင်းတိမ်ရက်လုပ်ပြီး ၀တ်ကြလေသည်။ ဤကဲ့သို့ နေထိုင်စားသောက်ဝတ်စားကြသော ရှေးပုဂ္ဂိုလ်တို့သည် ရောင်ရဲတင်းတိမ်ခဲ့လို့ စိတ်၏ချမ်းသာခြင်းကို ရခဲ့ကြပေသည်။ယခုခေတ်၌ကား ဤသို့မဟုတ်ပေ။ အခြားနိုင်ငံမှထွက်ရှိသော ပစ္စည်းဝတ္ထုမှန်သမျှကို အဟုတ်ထင်ပြီး သုံးစွဲကြကာ ဂုဏ်ယူကြလေသည်။ မိမိတို့၌ မကုန်သင့်ပဲကုန်ကာ ဆင်းရဲပင်ပန်းကြလေသည်။ ဒါန၊သီလ၊ဘာဝနာတို့ဘက်၌ကား အလွန်တရာအားနည်းနေပေသည်။ ဤကား စိတ်ချမ်းသာမှုဆိုတာ ရာထူး၊ ဥစ္စာ၊ စည်းစိမ်၊ ဂုဏ်သိန်တို့ ပေါမှ စိတ်ချမ်းသာတာမဟုတ်ပါဘူး။ ရောင်ရဲတတ်မှသာလျှင် တကယ့်ချမ်းသာအစစ်ဖြစ်ပါပေသည်။
တစ်နေ့အတွက် အကျိုးမရရင်
တစ်နေ့တာမှာ ကုသိုလ်၊ ဥစ္စာ၊ ကျန်းမာရေး၊ အတတ်ပညာ၊ တန်ခိုးဂုဏ်သိန် ဒီငါးမျိုး တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားတဲ့နေ့ဟာ ၀မ်းနည်းစရာ အကောင်းဆုံးနေ့ပါပဲ။(အသေခင်က အသေဖြစ်ရတဲ့နေ့ပါပဲ။)
ကုသိုလ်ဥစ္စာ၊ ကျန်းခံ့သာ၍၊ ပညာတန်ခိုး၊ တစ်မျိုးမျိုးမှ၊ အကျိုးမထွက်၊ ထိုနေ့တွက်၊ သက်သက် ၀မ်းနည်းဖွယ်။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
 တစ်နေ့တာမှာ ထိုငါးမျိုးတစ်မျိုးမျိုးရမယ်ဆိုရင်ဖြင့် အင်မတန်မှ တန်းဖိုးရှိသောနေ့လို့မှတ်လိုက်ပါ။ ဤငါးမျိုးမှ တစ်မျိုးမျိုးမရဘူးဆိုလျှင် အလွန်တရာမှ ၀မ်းနည်းစရာပင်ဖြစ်ပေသည်။
ချမ်းသာ(၅)ပါး (င)
ပဉ္စမ အရဟတ္တဖိုလ် ချမ်းသာ
အသ္မိမာနဿ-ငါတလူလူ မာန်မူထောင်လွှားမှုကို၊ယောဝိနယော-အပြီးအငြိမ်းပယ်ဖျောက်ရာ အကြင်အရဟတ္တဖိုလ်သည်၊အတ္ထိ-ရှိပေ၏။ဧတံ-ထိုအရဟတ္တဖိုလ်သည်၊ ဝေ-စင်စစ်၊ ပရမံ သုခံ-သင်္ခတတရားအားလုံးတွင် အမြတ်ဆုံးသော ချမ်းသာသုခပါပေတည်း။ဣတိ-ဤသို့၊ ဘဂ၀ါ-မြတ်စွာဘုရားသည်၊ဥဒါနေသိ-ချမ်းသာ(၅)မျိုးကို ၀မ်းမြောက်ရွှင်မြူး ဥဒါန်းကျူးရင့်တော်မူလေသတည်း။
လောကမှာ စီးပွားဥစ္စာချမ်းသာလို့ဖြစ်စေ၊ ရုပ်ရည်ချောမောလှပလို့ဖြစ်စေ၊ ရာထူးဂုဏ်သိမ် ကြီးမားလို့ ဖြစ်စေ၊ ပညာတတ်လို့ဖြစ်စေ၊ သူတပါးထက် သာတဲ့အကြောင်းတရား တခုခုကိုစွဲပြီးတော့ ငါမှငါဆိုတဲ့ ထောင်လွှားတဲ့ မာန်မူခြင်း မာနဖြစ်ပါတယ်။ အဲဒီမာထောင်လွှားမှုကို အပြီးအပိုင် ပယ်သတ်နိုင်တာကတော့ အရဟတ္တဖိုလ်ပါပဲ၊ အရဟတ္တဖိုလ်ဟာလည်းပဲ ငါမှငါလို့ တလူလူထောင်လွှား မာန်မာနတရားကို ပယ်သတ်နိုင်တဲ့ အတွက် သင်္ခတ တရားအားလုံးထဲမှာ အချမ်းသာဆုံးပါပဲ ၊အကျဉ်းချုပ်ဆိုရသော် အရဟတ္တဖိုလ် ချမ်းသာပါပဲ။
မှတ်ချက်။ ။အရှင်နာရဒါဘိဝံသ(လှရတနာ) နဂါးရုံဘုရား မေတ္တာ စာအုပ်မှ ထုတ်နှုတ်တင်ပြအပ်သော ချမ်းသာ(၅)မျိုးကား ဤတွင် နိဋ္ဌိတံ ပေသတည်း။
ချမ်းသာ(၅)ပါး (ဃ)
စတုတ္ထ အနာဂါမိမဂ် ချမ်းသာ
သုခါ ၀ိရာဂတာ လောကေ၊ ကာမာနံ သမတိက္ကမော။
အသ္မိမာနဿ ယော ၀ိနယော၊ဧတံ ဝေ ပရမံ သုခံ။
  လောကေ-လောက၌၊ ကာမာနံ-၀တ္ထုအာရုံ ကာမဂုဏ်တို့ကို၊သမတိက္ကမော-သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်လွန်မြောက်ရာဖြစ်သော၊၀ိရာဂတာ-ရာဂကင်းကြောင်း အနာဂါန်မိမဂ်သည်၊သုခါ-ချမ်းသာလှပါပေ၏။
  အနာဂါမိမဂ်ဆိုတာ ကာမရာဂကို အကြွင်းမဲ့ပယ်သတ်နိုင်တယ်၊ကာမရာဂဆိုတာက ကာမတဏှာပဲ ဒါကြောင့် သူက ၀တ္ထုအာရုံ ကာမဂုဏ်တွေကို အကုန်လုံးပဲ နှစ်သက်မက်မောတယ်၊ ကြိုက်တယ်၊စီးပွားဥစ္စာတွေဆိုလည်း ဖြစ်ချင်တာပဲ၊ လောဘအာရုံတွေဟာ အမျိုးမျိုးပါပဲ၊
ဆယ်သိန်းချမ်းသာနေရင် သိန်းနှစ်ဆယ် ချမ်းသာချင်တယ် စသည်ဖြင့် ၀တ္ထုအာရုံ ကာမဂုဏ်တွေ အပေါ်မှာ လောဘဟာ အတောမသတ်နိုင်အောင်ကို ဖြစ်ပွားနေတယ်၊လောဘဖြစ်သလောက် ပူလောင်မှုကလည်း ပြင်းထန်တယ်၊ အဲဒိဝတ္ထုအာရုံ ကာမဂုဏ်တွေအပေါ်မှာ တပ်မက်ပူလောင်တဲ့ တဏှာလောဘကို ပယ်သတ်နိုင်တာက အနာဂါမိမဂ်ပါပဲ၊ ဒီလို အနာဂါမန်မဂ်က လောဘအပူကို ပယ်သတ်နိုင်တဲ့အတွက် အနာဂါမိမဂ်ဟာ အင်မတန် ချမ်းသာလှပါတယ်၊ အဲဒီတော့ စတုတ္ထမြောက်ချမ်းသာက အနာဂါမိမဂ်ချမ်းသာဆိုပြီး မှတ်ရပါမယ်။
ချမ်းသာ(၅)ပါး (ဂ)
တတိယ ကရုဏာချမ်းသာ
ပါဏဘူတေသု-လူနတ်ဗြဟ္မာ သတ္တ၀ါတို့၌၊ သံယမော-မညှင်းပန်းမနှိပ်စက်လို ဗြဟ္မစိုရ်ကရုဏာတရား ပွားများခြင်းသည်၊ သုခေါ-ချမ်းသာလှပေ၏။
သတ္တ၀ါတွေကို ကြီးနိုင်ငယ်ညှင်း အနေနဲ့ ညှင်းဆဲနှိပ်စက်မယ်ဆိုရင် ညှင်းဆံနှိပ်စက်တဲ့ပုဂ္ဂိုလ်ကိုယ်တိုင် စိတ်ဆင်းရဲ ကိုယ်ပင်ပန်းမှုဖြစ်ရသလို ညှင်းဆဲနှိပ်စက်ခံပုဂ္ဂိုလ်တွေလဲ ကိုယ်နာကျင်မှု စိတ်ဆင်းရဲမှုတွေ ဖြစ်ရမှာပဲ၊ ကြီးနိုင်ငယ်ညှင်း မညှင်းဆဲ မနှိပ်စက်ပဲ သနားကရုဏာပွားများခြင်းကတော့ လေကမှာ ချမ်းသာလှပေတယ်။ အဲဒီတော့ ချမ်းသာခြင်းဟာ (၃)မျိုးရှိသွားပါပြီ။ အဲဒီထဲမှာ နိဗ္ဗာန်ချမ်းသာဟာ ဘယ်လိုချမ်းသာလဲဆိုတာ ကိုယ်ကိုတိုင်မရသေးတော့ မသိနိုင်ဘူး။ မှန်းဆပြီးတော့မှသိရတယ်။ မေတ္တာချမ်းသာဆိုတာကတော့ ကိုယ်ကိုတိုင်ခံစားလို့ရတယ်။ ကိုယ်ကိုတိုင်မေတ္တာပွားများပို့သနေလို့ရှိရင် စိတ်ဟာ ငြိမ်းအေးနေတယ်။စိတ်ငြိမ်းအေးသလို ကိုယ်လည်း ငြိမ်းအေးပြီးတော့ ချမ်းသာတယ်။မိမိတို့နေရာ မိမိတို့အိမ်မှာ ဘုရားရှိခိုးပြီးတဲ့အခါ မေတ္တာပို့သရပါမယ်။ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးရဲ့မေတ္တာပို့ လင်္ကာတွေလည်းရှိတယ်။တောင်းတန်းသာသနာပြုဆရာတော်ကြီးရဲ့ မေတ္တာပို့တွေလည်းရှိတယ်။ ဘယ်မေတ္တာပို့နည်း နဲ့ပဲပို့ပို့ ကိုယ်ရတဲ့နည်းနဲ့ မေတ္တာပို့တဲ့အချိန်မှာ ပို့နေတဲ့ ပုဂ္ဂိုလ်ရဲ့ စိတ်အစဉ်သန္တာန်ဟာ ငြိမ်းအေးနေတယ်။ ချမ်းသာနေတယ်။ အဲဒီတော့ မေတ္တာချမ်းသာဆိုတာလည်း ထင်ရှားတယ်။
နောက် ကရုဏာချမ်းသာဆိုတာလည်း ထင်ရှားပါတယ်။လူတစ်ယောက်ကိုကြီးနိုင်ငယ်ညှင်း အနေနဲ့ မိမိကအသက်ကြီးလို့ဖြစ်စေ၊ စီးပွားဥစ္စာချမ်းသာလို့ဖြစ်စေ၊ ရာထူးဂုဏ်သိမ်ကြီးမားလို့ဖြစ်စေ၊ ငယ်တဲ့လူကို ညှင်းပန်းနှိပ်စက်ရင် ညှင်းပန်းနှိပ်စက်တဲ့အချိန်ကိုက စိတ်ဆင်းရဲနေပြီး တစ်ဖက်သားကို နိုင်ချင်တဲ့စိတ်က များတော့ ကိုယ့်မှာ ဆင်းရဲနေတယ်။ ကြီးနိုင်ငယ်ညှင်း မလုပ်ပဲနဲ့ သာတူညီမျှ တန်းတူရည်တူ ဆက်ဆံလို့ရှိရင် သနားတဲ့ ကရုဏာစိတ် ပွားလို့ရှိရင် ကိုယ့်စိတ်ဟာ ချမ်းသာတာပဲ၊ အဲဒီတော့ ကရုဏာချမ်းသာဟာလဲ ထင်ရှားပါတယ်။
ချမ်းသာ(၅)ပါး (ခ)
ဒုတိယ မေတ္တာချမ်းသာ
ဒုတိယမြောက်ချမ်းသာက ဘာချမ်းသာလဲဆိုတော့ သတ္တ၀ါတွေ အပေါ်မှာ အမျက်မထားပဲနဲ့ မေတ္တာပွားများခြင်းပါပဲ၊ မေတ္တာပွားများလို့ရှိရင်လည်း လောကမှာ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုကိုခံစားရပါတယ်၊ ပွားများတဲ့ မိမိကိုယ်တိုင် စိတ်ငြိမ်းအေး ချမ်းသာမှုဖြစ်ရသလို မေတ္တာပို့သခံရတဲ့ ပုဂ္ဂိုလ်တွေလည်း ဘေးကင်းမှု ချမ်းသာမှုဖြစ်ရပါတယ်။ မြတ်စွာဘုရားရှင် ဥဒါန်းကျူးရင့်တဲ့အထဲမှာ ချမ်းသာနှစ်ခုပါပြီးသွားပြီ၊နောက် တတိယချမ်းသာကို ဆက်ပြီးတော့ ဘုရားရှင်က ဥဒါန်းကျူးရင့်ပါတယ်။
ချမ်းသာ(၅)ပါး (က)
ပထမ နိဗ္ဗာန်ချမ်းသာ
ဒုတိယချမ်းသာက-
     တုဋ္ဌဿ-လေးပါးသောမဂ်ဉာဏ်ဖြင့် ရည်သန်ချက်ပြည့်ဝအားရရောင့်ရဲသော၊ သူတဓမ္မဿ-ထင်လင်းပြီးသော တရားရှိသောကြောင့်၊ ပဿတော-ဉာဏ်မျက်စိဖြင့် ဥပဓိလေးတန် ဆိတ်ရာမှန်သည့် နိဗ္ဗာန်တရား ထိုမှတပါး သိသင့်သမျှတရားတို့ကို ကြည့်ရှုဆင်ခြင် အကြွင်းမဲ့သိမြင်သောပုဂ္ဂိုလ်၏၊ အဗျာပဇ္ဇံ-လူနတ်ဗြဟ္မာ သတ္တ၀ါတို့၌ အမျက်မပွား မေတ္တာထ၊ားခြင်းသည် လောကေ-လောက၌၊ သုခံ-ချမ်းသာလှပါပေ၏။
သံသရာအရှည်နဲ့ ပုထုဇဉ်အရူး
ခရီးကရှည်၊ အရူးတွေ၊ စားရေကသိုး၊ အဖော်ကဆိုးသနှင့်၊ အမျိုးမျိုးကာမဂုဏ်၊ အာရုံတွေ အလွန်နှောက်တာကြောင့်၊ အပါယ်ဘုံ ထပ်ခါရောက်သော်လည်း၊လွန်မြောက်ဖို့ ဝေး....
၁။ သံသရာခရီးက အလွန်ရှည်၏။
၂။ ခရီးသွားလူတွေကား အရူးအနှမ်းတွေသာ။
၃။ သူတို့၏ ဂုဏ်ပကာသန ဒါန၊သီလ၊ ဘာဝနာ စားနပ်ရိက္ခာတို့သည် နိဗ္ဗာန်မရောက်ခင်ပုပ်သိုးကြလိမ့်မည်။
၎။ သူတို့၏ အဖော်ဖြစ်သူမှာ အမြဲပါနေသော တဏှာဖြစ်၏။
၅။ သို့ဖြစ်၍ အပါယ်ငရဲရောက်သော်လည်း တဏှာမပျောက်သောကြောင့် သံသရာမှ လွန်မြောက်ဖို့ အဝေးကြီးဖြစ်နေ၏။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
ထိုစကားကားမှန်၏။ သံသရာခရီးကား အလွန်ပင် ရှည်လျား၏။ ခုချိန်မှစ၍ တတ်နိုင်သလောက် ပါရမီကိုဖြည့်ကျင့်ရင်း အရူးအနှမ်းဘ၀ကို ကျော်လွန်အောင် ကြိုးစားရပေမည်။ မိမိတို့ ပြုလုပ်ထားသော ဒါန၊သီလ၊ ဘာဝနာတို့သည်လည်း နိဗ္ဗာန်မရောက်မှီစပ်ကြား၌ ကုန်ခမ်းသွားမှုမရှိရလေအောင်ကြိုးစားရပေမည်။ မိမိတို့တွင် ပါနေသော အဖော်တဏှာကို စွန့်ခွါဖို့ကိုလည်း ယခုကတည်းက ကြိုးစားကြရပေမည်။ အကြောင်းရင်းကား တဏှာကို ပယ်ဖျောက်နိုင်မှသာလျှင် နိဗ္ဗာန်ကို လှမ်းကိုင်နိုင်မည်ဖြစ်သောကြောင့် နောက်မကျသေးခင် အလင်းဝင်လို့ နိဗ္ဗာန်ကို လားရောက်နိုင်ကြပါစေ။
လူယုတ်မာလက္ခဏာ
သူမခေါ်ပဲ သူ့အိမ်သို့သွားဖန်များသောသူ၊ သူမမေးပဲစကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကိုပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။(လောကနီတိ-မှ)
လူယုတ်မာတို့သည် ကြွားတတ်ကြသည်။ လူရာဝင်ချင်ကြသည်။နေရာတိုင်းမှာသူသာအဓိကဖြစ်နေသည်ဟု အထင်ရှိပြီး ဟိုစပ်စပ် ဒီစပ်စပ် ထင်တစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်သည်။မခေါ်ပဲသွားပြီး မမေးပဲပြောသောသူတို့ကား လက်တွေ့ပင် လူမုန်းခံကြရပေသည်။ မိမိတွင်ရှိသော ဂုဏ်တွေ ကျေးဇူးတရားတွေကို လူအလည်မှာ "ငါကတော့ဖြင့် သူကိုဘယ်လိုပုံ ဖြစ်စေချင်တာ ဘယ်လိုလေး ဖြစ်စေချင်တာ စသည်ဖြင့် သူတို့ကတော့ ပြောသလိုမလုပ်ပဲ တလွဲလုပ်ပြီး စကားနားမထောင်ပဲ လုပ်ချင်ရာလုပ်ကြတယ်။ ငါကဒီနေရာမှာရလို့ ဒီလိုလုပ်ပိုင်ခွင့်ရှိလို့ လုပ်ပေးချင်တာကို နားမလည်ဘူး။စေတနာတွေ တပုံကြီးထားပြီး လုပ်ပေးတာကို နားမလည်ကြဘူး။" စသည်ဖြင့် မြည်တွန်တောက်တီးပြီး မိမိတွင်ရှိသော ဂုဏ် ပကာသနတွေ ရှိထားပြီးသော ကျေးဇူးတရားတွေကို လူလည်တွင်ဖော်ထုတ်ပြီး ကြွားဝါပလွှားတတ်ကြပေသည်။ထိုလက္ခဏာတို့သည်ကား ကောင်းသောလက္ခဏာမဟုတ်၊ လူယုတ်တို့၏ လက္ခဏာပင်တည်း။
မိမိတို့သည်လည်းပဲ ဤလောကနီတိကို ဖတ်ပြီး သူတော်ကောင်းလက္ခဏာကို ကျင့်သုံးနိုင်ကြပါစေ။
အပြောသမားမဖြစ်စေနဲ့
ဟန်လောကြီးထဲမှာ ပါးစပ်ချင်း ကြွားဝါနေကြတာပဲ ရှိတယ်၊ ပါးစပ်ပြောဟာ အလုပ်သဘောစစ်စစ်မဖြစ်နိုင်ပါဘူး။(အရှင်ဇနကာဘိဝံသ၏ အဆိုအမိန့်များမှ)
လူတိုင်းဟာ ဟန်ဆောင်နေကြတာချည်းပါပဲ၊နောက် ပါးစပ်က ကြွားဝါကြပြီး တကယ်တမ်းအလုပ်ကြီး အကိုင်ကြီးလုပ်နေသလိုလို၊ တကယ်ပဲ ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာနေသလိုလို၊ တကယ်ပဲ သဒ္ဓါတရားက အထွဋ်အထိပ်မှာ ရောက်နေသလိုလို၊ လုံးဝကို ကိလေသာ ကုန်ခမ်းနေသလိုလို ယခုလို လိုလိုပေါင်းများစွာနဲ့ ဟန်ဆောင်ပြီး နေနေကြတဲ့ ဤလောကကြီးက ကြည့်တတ်ရင်ကျေနပ်စရာကိုမရှိပါဘူး။ အဟုတ်တကယ်တမ်းလုပ်ဖြစ်တာကို ချိန်ကြည့်လိုက်တော့ ကုသိုလ်နှင့် အကုသိုလ်ဟာ အကုသိုလ်သာ အလေးသာပြီး အချိန်စီးနေကြပေသည်။ စာသားလေးတစ်ခုနဲ့ တင်ပြရရင် အမှန်တရားက ဖိနပ်စီးနေခိုက်မှာ မုသားက ကမ္ဘာပတ်ပြီး ဖြစ်၏ ဆိုသောစာသားကဲ့သို့ လောကလူသားများမှာ မုသားတွေက ကမ္ဘာတောင်မက စင်္ကြ၀ဠာကို ပတ်ပြီးဖြစ်မယ်ထင်ရသော ဤလောကကြီးကို အမှန်တရားက ဦးဆောင်ပြီး လမ်းပြအောင် ကြိုးစားကြမယ်ဆိုရင်ဖြင့် နောက်ကျနေသော သာသနာ၊ ပျက်နေသော စိတ်ဓါတ်တွေ ရေလောင်းပြီး ပေါင်းသင်ကာ ထူထောင်သင့်ကြသည်။ထိုအရာကား အလုပ်နှင့် သက်သေပြခြင်းဖြစ်ပေသတည်း။ ။
ကွာရှင်းပြတ်စဲအပ်သောမယား
မေး........။ မည်သည့်မယားမျိုးကိုကွာရှင်းပြတ်စဲရမည်ဟုမြတ်စွာဘုရားဟောကြားချက်ရှိပါသလား။
ဖြေ........။ မရှိပါ မြတ်စွာဘုရားဟောတော်မမူပါ။
             မည်သည့်မယားကိုစွန့်ပစ်ရမည်ဆိုသောညွန်ကြားချက်မျိုးသည်ဓမ္မသတ်ကျမ်းနီတိကျမ်းများ
ကသာဖြစ်ပေါ်လာခြင်း ဖြစ်သည်။
          မြုံသောမယား၊ယောက်ျားလေးမမွေးသောမယား၊ကုဋ္ဌနူနာရှိသောမယား၊လင်ကိုမရိုသေသောမယား၊ လင်ကိုအလိုမရှိသောမယား။ ဤမယားတို့ကိုကွာရှင်းစွန့်ပစ်ရမည်ဟု ရှေ့ဓမ္မသတ်ကျမ်းတို့ကဆို၏
          လင်နှင့်ငြင်းခုံသောမယား၊ငြူစူစောင်းမြောင်းတတ်သောမယား၊အရာရာလိုခြင်တတ်မက်သောမယား၊ အိမ်လည်တတ်သောမယား၊ပေါက်ကရပြောတတ်သောမယား၊အအိပ်ကြီးသောမယား။ဤမယားတို့ကို သားသမီးတစ်ရာပင်ရှိသော်လည်းကွာရှင်းပစ်ရမည်ဟုနီတိကျမ်းကတို့ကဆို၏။
တောင်းပန်လျက် မေတ္တာပွားပုံ
သတ္တ၀ါများအပေါ် စိတ်ထားကြမ်းတမ်းသော မိုက်ရိုင်းသူတို့မှာ ထိုသတ္တ၀ါကို ပြန်လည်ခုခံရန် ရိုက်နှက် ပုတ်ခတ် ညှင်းဆဲရန်ကိုသာ လိုလားကြသည်။ ထိုသူများအဖို့ ဤသို့ တောင်းပန်မှုမျိုးကို မပြုလုပ်နိုင်ကြပေ။
ငါ့ကိုမညှင်းဆဲပါစေလင့် ဆိုသည်မှာ ထိုသတ္တ၀ါများက မေတ္တာထားရန် ကောင်းမွန်ရန် လိုလားသောတောင့်တမှုအာသီသပင်ဖြစ်ရကား သတ္တ၀ါများအပေါ် မေတ္တာသက်ရောက်သည့် သဘော သတ္တ၀ါတို့၌စိတ်ဓါတ်နူးညံ့လျက်ရှိသော သဘောပင် ဖြစ်တော့သည်၊ ထို့ကြောင့် မာမံ အပါဒကော ဟိံသိ စသည်ဖြင့် ပို့သော မေတ္တာမှာ တောင့်တချက် တောင်းပန်ချက်ဖြင့် ပို့သသော အာယာစနမေတ္တာဘာဝနာတစ်မျိုးဖြစ်ရသည်။
ဤစာသားတို့ကို အရှင်နာရဒါဘိဝံသ(လှရတနာ) နဂါးရုံဘုရားမေတ္တာ စာအုပ်မှထုတ်နှုတ်၍ မိမိ၌ဖြစ်ပေါ်နေသော ဒေါသကိုထိန်းချုပ်ပြီး သူတစ်ပါးကို ဘယ်သောအခါမှ ထိခိုက်စေသော အပြုအမူကို မပြုလုပ်ရုံမျှမက ကိုယ်ကတစ်ဖန် မေတ္တာထားခြင်းကို ဆိုလိုပေသည်။ ထိုအရာကား အလွန်ကောင်း၏။ သို့သော် ပုထုဇဉ်အမျိုးတွေမို့ မိုက်မိမှားမိခဲ့ဦးတောင် တစ်ခါတစ်ကြိမ်မှားပိုင်ခွင့် နှင့် ပြုပြင်ခွင့်ရှိသေးသည်။သို့ကြောင့် မှားပြီးပါက မေတ္တာဝင်ပြီး ချစ်ခင်အောင်၊ မမှားသေး၍ ထိန်းချုပ်ခက်သော် လိုအပ်သည်ထက်မပိုပဲ မေတ္တာကို အလျားအနံ အတိုင်းအတာ မတိုင်းမထွာနိုင်ပဲ သတ္တ၀ါများအပေါ် ဂရုဏာတရား အစဉ်ထားသော ပုဂ္ဂိုလ်မြတ်ဖြစ်အောင် ကျင့်ကြံကြပါလို့ တိုက်တွန်းလိုက်ပါသည် သူတော်ကောင်းတို့....
အထင်မကြီးကြနဲ့
  • လူတွေဟာကိုယ်ရဲ့အဆင့်အတန်းကို မတင်းတိမ်တတ်ကြဘဲ၊မရနိုင်တဲ့ အဆင့်အတန်းကိုပဲ အထင်ကြီးမျှော်မှန်းနေကြတယ်။
  • သိပ်မှန်သောစကားလေးပါပဲ။လူအများဟာ မိမိတို့ရထားသော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေကို မရောင့်ရဲမတင်းတိမ်ကြလို့ လောဘတွေဖြစ်၊ ဒေါသတွေဖြစ်၊ မောဟတွေဖြစ် ပြီး အကုသိုလ်ကို အထုပ်အထည်ကြီးထုပ် နောင်ဘ၀ပေါင်းများစွာကို သယ်ဆောင်နေကြတာ အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းပေသည်။ မိမိတို့၏ ရထားပြီးသော ဘ၀ပေးအခြေအနေတိုင်းနေပြီး ဘ၀ပန်းတိုင်ကို တစ်လှမ်းချင်း လျှောက်လှမ်းမယ်ဆိုရင် အမြင့်ကိုလှမ်းသော ခြေလှမ်းဟာ အလယ်လပ်စရာ အကြောင်းမည်သို့ရှိမည်နည်း။ အလှမ်းကျယ် အလယ်လပ်ဆိုသော စကားသည်ကား အဘယ်မှာ မှန်မည်နည်း။ဖြစ်ချင်တဲ့ဆန္ဒ၊ ဖြစ်နေတဲ့ဘ၀ ပေါင်းစပ်တာ သဘာဝကျရင် တစ်နေ့ ပန်းတိုင်ဟာ မိမိ၏ ရင်ဝယ်လာရောက်ခိုလှုံရမည်မှာမလွဲပေ။ သို့ကြောင့် လူတိုင်းဟာ မိမိတို့ဘ၀ မိမိ ရောင့်ရဲတင်းတိမ်ပြီး လိုအပ်တာတွေ မှန်မှန်လျှောက်လှမ်းဖြည့်ကျင့်ပြီး အေးချမ်းသာယာသော ဘ၀ရည်မှန်းချက်တွေ ပြည့်ဝကြပါစေ။ ။
တိုးတက်နေသမျှ ဆုတ်ယုတ်မှာပဲ
လောကမှာ ကြီးပွားတိုးတက်နေသမျှ လောကုတ္တရာဘက်မှာ ဆုတ်ယုတ်ဖို့ချည်းပဲ ဖြစ်တယ်...လို့ အရှင်ဇနကာဘိဝံသ ၏ အဆိုအမိန့်များစာအုပ်မှထုတ်နှုတ်၍ လောကကြီးဟာ တစ်နေ့တစ်ခြား တိုးတက်လာနေပါပြီ။ ထောင့်စုံမှကြည့်ပါ။ အစစအရာရာမှာ ဖွံ့ဖြိုးတိုးတက်နေပေမယ့် လောကုတ်ဘက်မှာ ကြည့်မယ်ဆိုလျှင်ဖြင့် လောကီတွေ တိုးတက်လေ လောကုတ်မှာ အားနည်းနေတယ်လို့ ခံစားမိသူများ အများအပြားရှိမည်မှာ မလွဲပေ။ ယခုခေတ်ဖြစ်ပေါ်နေသမျှ အခြေအနေတွေဟာ မိမိတို့ လောကုတ္တရာထက် လောကီမှာ အဆပေါင်းများစွာ သာနေပေပြီ။ မည်ကဲ့သို့ တိုးတက်အောင် ကြိုးစားမည်နည်း။ သေချာစဉ်းစား ဝေဖန်၍ လေ့လာသင့်ပေသည်။ နောက်ကျနေသော လောကုတ်ပိုင်းကို အဖက်ဖက်မှ တိုးတက်လွှမ်းမိုးကြရလေအောင် ညီနောင်တော်တို့ သတိချပ်၍ ဗုဒ္ဓဘာသာကို အခြေခံမှစတင်ကာ အရွယ်မျိုးစုံ လူမျိုးစုံသော လောကီလူသားတို့၏ နှလုံးသားထဲသို့ ရိုက်သွင်းပြီး ပုံဖော်ကြစို့လား။ရုပ်ဝတ္တုတွေ တိုးတက်နေသလို ၄င်းတို့နှင့် လျှော်ညီစွာ လောကုတ္တရာ၏ အရည်အသွေးတို့ကို ထုတ်ဖော်ကြစို့လား။ ညီနောင်တော်တို့။
အနေမှန်ရင် မပေကျံပါ။
အနေမှန်ရင် မပေကျံပါ...
 လေဒဏ်ကြောင့်
မတုန်လှုပ်တဲ့ကြာ၊
ရွံ့နွံနဲ့ မငြိကပ်တဲ့ကြာလို
လောကဓံလေကြောင့်
မတုန်လှုပ်တဲ့လူ၊
လောကဓံရွှံ့နွံနဲ့
ငြိကပ်ပေကျံခြင်းမရှိတဲ့လူဟာ
ကြာလိုလူပါပဲ။
အကောင်းလောကဓံကြောင့်
လောဘ၊ မာန မဖြစ်ရင်၊ 
အဆိုးလောကဓံကြောင့်
ဒေါသ၊ သောက မဖြစ်ရင်
လောကဓံရွံ့နွံ
မငြိကပ် မပေကျံတာနဲ့ အတူတူပါပဲ။ (အရှင်ဆန္ဒာဓိက)
ညခင်း
တရားအစစ်-အမှန်ချစ်-နှစ်ခြိုက်ကျင့်သုံးနိုင်ပါစေ။
ညခင်းရဲ့လမင်း ဆိုဒ်မှတင်ပြပါသည်။
အေးချမ်းရာရည်မှန်း
တစ်နှစ်ကယ်ကုန်
ခန္ဓာပုံဘယ်ဖြစ်တယ်
တွေးမိခိုက်စုံ။
တရားနဲ့ခြုံ
မလုံပေါင် ခန္ဓာကြီးရယ်က
ယိုစီးအပုပ်တွေနှင့်
ကိုယ်တည်းစက်ဆုပ်ရွံရှာဖွယ်
အနှစ်တကယ် ဘယ်မှာမရှိတာကြောင့်
သံသရာဝယ် ခန္ဓာလွတ်ရအောင်
တရားဘာဝနာရှာကြံသွင်းကြတယ်
နိဗ္ဗာန်ရည်မှန်း။
သာရဏီယ၀တ်ဖြည့်ကျင့်နည်း
သာရဏီယ၀တ် ဖြည့်ကျင့်နည်းတဲ့ ခေါင်းစဉ်လေးကိုမြင်လိုက်ကတည်းက 
စိတ်ဝင်းစာမိသွားတယ်။ ဒါပေမယ့် ဘယ်လိုဖြည့်ကျင့်ရမလဲဆိုတာထက် 
အစကတည်းကမကြားဖူးခဲ့သေးတာပါ။
ညံ့တယ်ပြောလဲ ခံရမှာပဲ။ သာရဏီယကျင့်ဝတ်ကတော့ 
အထူးအားဖြင့်ဘိက္ခု-ရဟန်း ဘိက္ခူနီ-ရဟန်းမများအတွက်ပါ။ 
လူဥပါသကာဥပါသိကာမတွေအနေဖြင့် အိမ်ယာတည်ထောင်လူတို့ဘောင်မှ 
စွန့်ခွာပြီး သာသနာ့ဘောင်သို့ 
ရောက်လာခဲ့သည့်ရှိသော် ဖြည့်ကျင့်မယ်ဆိုရင် ဖြည့်ကျင့်လို့ရတာပေါ့။ 
(တပည့်တော်/မတို့ကတော့  ဒီအတိုင်းလေးပဲနေချင်ပါသေးတယ်ဘုရားလားးး) သာရဏီယဖြည့်ကျင့်နည်းလေးက ဒီလိုပါ။ 
(သာရဏီယ-မပြတ်အောက်မေ့ထိုက်သောတရား)
၁။မေတ္တာကာယကံ ထားခြင်း၊
၂။မေတ္တာဝစီကံထားခြင်း၊
၃။မေတ္တာမနောကံထားခြင်း၊
၎။မိမိပိုင်ပစ္စည်းများကို သီလရှိသော သီတင်းသုံးဖော်တို့နှင့် 
မခွဲခြားမကန့်သတ်ပဲအတူတကွသုံးစွဲခြင်း၊
၅။တူညီသော ကိုယ်ကျင့်သီလရှိခြင်း၊
၆။တူညီသောအယူဝါဒရှိခြင်းဟူ၍ခြောက်ပါးရှိပါတယ်။
မိမိကသာရဏီယကျင့်ဝတ်ကို
ဖြည့်ကျင့်ချင်တယ်
ဆိုရင် အထက်ပါအင်္ဂါရပ်ခြောက်ခုနှင့်ပြည့်စုံရလိမ့်မယ်။
ထိုခြောက်မျိုးထဲမှ(၁၊၂၊၃၊၅၊၆တို့သည်
နားလည်ရန်လွယ်ကူပါသည်)မိမိပိုင်ပစ္စည်းဆိုသည်မှာပထမဆုံးခံ၍ရသော 
ဆွမ်းကိုဆိုလိုပါတယ်။ မိမိရလာသော
ဆွမ်းကိုသီတင်းသုံးဖော်များနှင့်မခွဲမခြားမကန့်သတ်ပဲ
အများဘုံဆိုင်ကဲ့သို့သဘောထားပြီး သုံးဆောင်ရပါတယ်။ 
မိမိဆွမ်းခံယူကတည်းကသံဃာတော်များအတူသုံးစွဲမည်ဟု
ရည်မှတ်ထားရပါမယ်။
တရားသဖြင့်အပ်စပ်သောဆွမ်းလည်းဖြစ်ရပါမယ်။
မိမိရလာသောပစ္စည်း၊ဆွမ်းစသည်ကိုဘယ်သူကိုပေးမယ်၊ ဘယ်လောက်ပဲပေးမယ်စသည့်ဖြင့်အကန့်အသတ်မထားရပါ။
ရဟန်းတော်တွေအနေဖြင့်မိဘကိုပေးကျွေးကောင်းပါတယ်။
အပြစ်မရှိပါ။ဒါပေမယ့်ဤသာရဏီယ၀တ်ကိုဖြည့်ကျင့်နေစဉ် မိဘပင်ဖြစ်သော်လည်း
မပေးကောင်းပါ။
ပေးနိုင်တဲ့သူတွေရောမရှိဘူးလားဆိုတော့ရှိပါတယ်။ ဥပမာ-သူနာရဟန်း၊အာန္တုရဟန်၊
ခရီးသွားရဟန်း၊သပိတ်သင်္ကန်းကိုပင်ကောင်းကောင်း
မကိုင်တတ်သေးသော ရဟန်းသစ်များကိုမူကန့်သတ်ပြီးတော့ပေးလို့ကပေးနိုင်ပါတယ်။
ထိုသို့ပေးစရာရှိလျှင်ပေး၍ကျန်သောဆွမ်းကိုဆရာတော်မထေရ်ကြီးတွေမှစ၍
မထေရ်ငယ်အဆုံးအထိကြီးစဉ်ငယ်လိုက်ပုဂ္ဂိုလ်စေ့အောင်ပေးလှူရပါတယ်။
ပေးလှူရာ၌လည်းသူတို့အလိုရှိသလောက်အလှူခံပါစေ၊မိမိက ဒီလောက်ပဲအလှူခံစသည့်ဖြင့်မပြောရပါ။မလုံလောက်မကျန်ပါက
ထပ်မံ၍ဆွမ်းခံထွက်ပါ၊ပြီးလျှင် ရှေ့နည်းအတူလိုက်၍လှူရပါမယ်။ 
ကျန်သောဆွမ်းကိုသာ မိမိကဘုဉ်ပေးရပါလိမ့်မယ်။
ကျင့်ရမည့်အချိန်နှင့်ရရှိသောအကျိုးများ
      ဤသာရဏီယကျင့်ဝတ်ကို (၁၂) နှစ်ဖြည့်ကျင့်ရပါတယ်။ 
သာရဏီယကျင့်ဝတ်သည် 
လိုအပ်လျှင် အထပ်ထပ်ပင်ဆွမ်းခံလှည့်၍ရရသမျှသံဃာအားပေးလှူပြီး
ကျန်သည်ကိုသာဘုဉ်ပေးရသောအကျင့်ဖြစ်ပါတယ်။
အကယ်၍(၁၂)နှစ်ပြည့်ခါနီးမှဆွမ်းသပိတ်ကိုဆွမ်းစာကျောင်း၌ထား၍
ရေချိုးသွားစဉ်သံဃာများကသာရဏီယကျင့်နေသူ၏သပိတ်မှန်းသိ၍
အားလုံးခွဲဝေစားပစ်လိုက်သော်လည်းမိမိက-
ငါ့ဆွမ်းတွေကို အကုန်စားပစ်ကြတယ်၊ငါ့အတွက်ကို ဘာမှတောင်မချန်ထားကြပါလား၊ 
ဟု ဒေါသမဖြစ်ရ၊ အကယ်၍ မိမိက အဲဒီလိုစိတ်ဖြစ်ခဲ့လျှင် သာရဏီယကျင့်ဝတ်ပျက်
သွားပါတော့တယ်။ 
တရက်တာမျှ ပြန်အစားကျင့်၍မရ၊ အစကနေပြန်ပြီးတော့ (၁၂)
နှစ်ပင်ဖြည့်ကျင့်ရပါတယ်။ 
မိမိကအမြဲတမ်း ဣဿာ၊ မစ္ဆရိယစိတ် ကင်းရပါမယ်၊ ငါ့သီတင်းသုံးဖော်များ ငါ့ကို 
မပြောဆိုမပန်ကြားဘဲ ဘုဉ်ပေးချီးမြှောက်ကြပေတယ်၊ ငါ 
ကံကောင်းလိုက်တာ ဟုဝမ်းမြောက်ဝမ်းသာဖြစ်ရပါမယ်။ထိုကဲ့သို့(၁၂)
နှစ်ပတ်လုံးချွတ်ယွင်းချက်မရှိ၊ပြည့်စုံပြီးမြောက်အောင်ကျင့်နိုင်ပါလျှင်-
၁။လူများ၊ ဣဿာ မစ္ဆရိယမရှိ၊ ချစ်ခင်ကြည်ညိုခြင်း၊
၂။နတ်များ ချစ်ခင်ကြည်ညိုခြင်း၊
၃။ပစ္စည်းလာဘ်လာဘ ရလွယ်ခြင်း၊
၎။သပိတ်တလုံး၌ရှိသော ဆွမ်းမျှဖြင့် ပေးလှူ၍ မကုန်နိုင်ခြင်း၊
၅။ပစ္စည်းခွဲဝေ လှူဒါန်းခွဲခြမ်းရာတွင် အကောင်းဆုံးပစ္စည်းကိုရခြင်း၊
၆။တိုင်းပြည်ပျက်ခြင်း၊ ငတ်မွတ်ဘေးဆိုက်ခြင်းမျိုးနှင့်ကြုံလျှင် 
နတ်များကြောင့်ကြစိုက် ကူညီခြင်းအကျိုးများ မုချ ရနိုင်ပါတယ်။
သာဓက၀တ္ထု (နာဂထေရ် မောင်နှမ)
   တစ်ခါတုန်းကနာဂထေရီမည်သောအရှင်မကတပည့်ထေရီမ 
တကျိပ်နှစ်ပါးကို အုပ်ချုပ်ကာ ဘာတရရွာ၌သီတင်းသုံးပါတယ်။
သီဟိုဠ်ကျွန်း၌သူပုန်းဘေးကြီးရုတ်တရက်ပေါ်ပေါက်လာသောအခါဘာတရ
ရွာသူ ရွာသားတို့သည်ရှင်နာဂထေရီမကိုအသိပေးချိန်မရတော့ပဲတစ်ရွာလုံး
ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ပြောင်းရွှေ့သွားကြပါတယ်။
ရှင်နာဂထေရီမကလည်းမနက်မိုးသောက်အလင်း
ရောက်သောအခါ- ကျောင်းမှာရှိတဲ့ တပည့်ထေရီမကိုခေါ်ပြီး 
တရွာလုံးလဲဘာအသံမှမကြားပါလား၊ ရွာထဲသွားပြီး 
စုံစမ်းခိုင်းရာ တစ်ရွာလုံးညကပင်ပြောင်းရွှေ့သွားကြကြောင်းပြန်
လျှောက်ထားပါတယ်။
ထိုအခါရှင်မတို့ရေ… ဒကာ၊ဒကာမတွေပြောင်းရွှေ့သွားလည်းဘာမှစိုးရိမ်ကြောင့်ကြမနေကြနှင့်၊ကိုယ့်စာကိုယ်
ကြိုးစားပြီး ကိုယ့်တရားကိုသာနှလုံးသွင်းမြဲသွင်းနေကြပါဟုသူမရဲ့တပည့်များကိုနှစ်သိမ့်
စကား ပြောကြားအားပေးပါတယ်။
ဆွမ်းခံအချိန်ရောက်သောအခါ အရှင်နာဂထေရီမနှင့်အတူ ထေရီ 
တစ်ကျိပ်နှစ်ပါးထုံးစံအတိုင်း
သင်္ကန်းရုံပြီး ကြွမြဲရွာကိုထေရ်စဉ်ကြွကြပါတယ်။နောက်ပါထေရီမကလေးများက
လည်းဇဝေဇ၀ါနှင့်ရွာထဲမှာလူမရှိတာကိုသိရဲ့နဲ့ဘယ်ကများဆွမ်းရမလဲ
ဆိုတဲ့အတွေးနဲ့သာလိုက်ပါသွားရပါတော့တယ်။
ရွာအ၀င်ပေါက်ရှိ ညောင်ပင်ကြီးအောက်သိုရောက်သောအခါ
ရှင်နာဂထေရီမကခေတ္တခဏရပ်လိုက်ပါတယ်။ ထိုသို့ရပ်နေစဉ်မှာပင်ရုက္ခစိုးနတ်မင်းကြီးကရုတ်တရက်ဆင်းလာကာထေရီမ
တစ်ကျိပ်နှစ်ပါးလုံးအား ဆွမ်းကွမ်းလုံလောက်အောင်လှူလိုက်ပြီး၊အရှင်မတို့…
နောက်ကိုဆွမ်းကွမ်းအတွက်တခြားဘယ်ကိုမှလဲ ကြွမနေကြပါနှင့်၊ နေ့စဉ် ဒီမှာပဲ ဆွမ်းအလှူခံယူတော်မူကြပါလို့ ပင့်ဖိတ်လိုက်ပြန်သေးပါတယ်။
အရှင်နာဂထေရီမတွင်နာဂထေရ်ခေါ်သောမောင်ပဉ္စင်းတစ်ပါးလည်းရှိပါတယ်။
သူကတော့ တစ်ခြားတနေရာမှာနေတယ်ပေါ့။ထိုမထေရ်မှာလည်းတိုင်းပြည်မှာ
ဘေးအန္တရာယ်များလာသောကြောင့်တခြားနေရာကိုပြောင်းကြမှသင့်မည်ဟု
ဆုံးဖြတ်ကာနောက်ပါမထေရ်များကိုခေါ်လျှက် အစ်မနာဂထေရီမရှိရာဘာတရရွာသို့လိုက်လာပါတယ်။ရှင်နာဂထေရီမကလည်း မောင်ပဉ္စင်းကြွလာတယ်ဆိုတော့ဝမ်းသာအားရခရီးဦးကြိုဆို
တိုင်းရေးပြည်ရေးပြောကြပေါ့။ နောက်ဆုံးအရှင်နာဂထေရ်နှင့်တကွတစ်ခြားသော
မထေရ်အားလုံး အစ်မရဲ့ကျောင်းမှာတစ်ညသီတင်းသုံးတော်မူခဲ့ကြပါတယ်။
ထိုမနက်အလင်းမှာဘဲ-
ရှင်နာဂထေရီမက ညောင်ပင်သို့ ကြွကာဆွမ်းခံခဲ့ပြီး မောင်တော်များအား-
ဤဆွမ်းကိုဘုဉ်ပေးတော်မူကြပါဘုရားဟုလျှောက်ထားပါတယ်။ 
မောင်တော်ကလည်း-အစ်မ…အစ်မရတဲ့ဆွမ်းကတရားသဖြင့်ရတဲ့ဆွမ်း
ဟုတ်လို့လားဟုပြန်မေးပါတယ်။
မောင်တော်ဘုရား ဘာမှသံသယဖြစ်မနေပါနဲ့ တရားသဖြင့်ရတဲ့ဆွမ်းပါ၊ 
ဘုဉ်းပေးတော်မူကြပါဘုရားပေါ့။ 
မောင်တော်ကလည်း-အစ်မ..အပ်ပါမလားစသည့်ဖြင့်ခေါင်းငုတ်၍သားငြင်းနေလေ
တော့တယ်။အစ်မဖြစ်သူကလည်း သူတို့တွေယုံအောင်သက်သေပြသောအနေဖြင့်
သပိတ်ကိုကိုင်၍အပေါ်သို့မြှောက်တင်လိုက်ရာ သပိတ်မှာလေထဲ၌ရပ်တည်နေလေတော့သည်။ဘယ်လိုပဲသက်သေပြပြ
နောက်ဆုံးမစားခဲ့ပါဘူး။ နောက်ဆုံးသူ့ရဲ့မထေရ်များနှင့်အတူဆွမ်းခံထွက်ခဲ့ကြရာ
ဘာတရရွာအ၀င်မှ ညောင်ပင်စောင့်ရုက္ခစိုးနတ်မင်းကြီးကပဲ
ဆွမ်းကွမ်းလိုလေသေးမရှိ
လှူဒါန်းလိုက်ပါတော့တယ်။ ရုက္ခစိုးနတ်မင်းက-ဘုရားသားတော်သမီးတော်နှစ်ကျိပ်လေးပါးတို့အားအမြဲတမ်းဆွမ်းခံကြွဖို့ ပင့်ဖိတ်လိုက်ပါတော့တယ်။ထိုနတ်မင်းအားခုနစ်နှစ်ပတ်လုံး
လုပ်ကျွေးခွင့်ရခဲ့ပါတော့တယ်။
ဒါက သာရဏီယကျင့်ဝတ်ကိုကျင့်သောသူအားအခက်အခဲကြုံလျှင်နတ်များ
ကူညီကြပုံသာဓကလေးပါ။ ဒီလိုဆိုရင်သာရဏီယကျင့်ဝတ်လေးကိုလည်း
ဖြည့်ကျင့်သင့်တာပေါ့လေ။
မိမိက ဘုရားပွင့်တဲ့သာသနာတော်ကြီးနှင့်လည်းဆုံတွေ့နေရတယ်၊ ရခဲသောလူဘ၀ကြီးကိုလည်းပိုင်ဆိုင်ထားရတယ်၊နာကြားခဲသောမြတ်ဗုဒ္ဓ
တရားတော်တွေကိုလည်း နာကြားနေရတယ်၊ရခဲသောသဒ္ဓါတရားနှင့်လည်း
ပြည့်စုံနေရတယ်၊
ရခဲ့သောရဟန်းဘ၀ကြီးကိုလည်း ပိုင်ဆိုင်ထားရတယ်။
တကယ်တမ်းတော့ဒီလောကကြီးမှာ
မိမိကကံထူးခြင်ကြီးပါ။ ရရှိထားတဲ့အခွင့်အရေးတွေကို 
အကျိုးရှိရှိအသုံးချသွားဖို့ပါပဲ။ 
တန်းဖိုးရှိတဲ့အချိန်ကောင်းအခါကောင်းလေးမှာ တန်းဖိုးရှိရှိနေသွားတတ်ဖို့ပါ။တန်းဖိုးရှိတဲ့အချိန်လေးတွေကိုမိမိကအသုံးမချရင် တန်ဖိုးရှိတဲ့အချိန်လေးတွေကမိမိကိုမျိုစားသွားပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် မိမိကမကျင့်သွားနိုင်သေးဘူးဆိုရင်တောင်ဒီလိုအကျင့်ကောင်းလေတွေက
ိုအတုယူပြီး နည်းနည်းခြင်းဖြည့်ကျင့်သွားနိုင်ရင်ကိုမဆိုးဘူးပြောရမှာပါပဲ။ကဲ….
မကျင့်နိုင်ရင်တောင် သာရဏီယ၀တ်ဖြည့်ကျင့်နည်းလေတော့သိလိုက်ရပါပြီ။ ဓမ္မမိတ်ဆွေအပေါင်းသူတော်ကောင်းတို့…မေတ္တာကာယကံ၊မေတ္တာဝစီကံ၊ မေတ္တာမနောကံတွေကိုယ်စီပိုင်ဆိုင်ပြီးရခဲသောလူဘ၀ကြီးမှာ တန်းဖိုးရှိရှိနေထိုင်သွားနိုင်ကြပါစေလို့ဆန္ဒပြုရင်…….
လပြည့်ဝန်း(သာစည်)
ဘ၀အရေး စိတ်အေးရဖို့ ဓမ္မအသိရှိလျှက်နေကြစို့။
ကျမ်းကိုး။   ။အင်္ဂုတ္တိုရ်ပါဠိတော်၊ သာရဏီယ၀ဂ်၊ ပဌမသာရဏီယသုတ်၊ 
                 ဒုတိယသာရဏီယသုတ်
                 ဓမ္မာစရိယ ဦးဌေးလှိုင်
လပြည့်ဝန်းဆိုဒ်မှ ကူးယူဖော်ပြပါသည်။
ဆရာများနေ့ အမှတ်တရဂုဏ်ပြုလွှာ
အောက်တိုဘာ ရက်(၅)
ဆရာများနေ့ ဂုဏ်ယူပွါးလို့
စာတိုတစ်ပုဒ် ကျွန်ရွေးထုတ်သည် တစ်စိတ်တစ်ဒေ ကျေပါစေ။
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊
သိပ္ပမချန်၊ ဘေးရနှ်ဆီးကာ၊
သင့်ရာအပ်ပို့၊ ဆရာတို့၊
ကျင့်ဖို့ ၀တ်ငါးဖြာ။
ဆရာသမားများသည် သူတို့၏ ကျင့်ဝတ်အတိုင်း တပည့်သားသမီးများအပေါ် တာဝန်ကျေပွန်စွာ ကျင့်ကြံအားထုတ် သူ့အလုပ်သူလုပ်သွားကြပေသည်။ အနည်းငယ်ချဲ့ရသော် မိမိတို့၏ တပည့်သားသမီးများကို မိမိသိထားတတ်ထားသော ပညာဟူသမျှ အကုန်အစင် သင်ကြားပေးလေသည်။ လိမ္မာပြီးသော မလိမ္မာသေးသော လိမ္မာဆဲသော တပည့်သားသမီးများအပေါ် လိမ္မာယဉ်ကျေးပြူငှာအောင် ဆုံးမပေးလေသည်။ ဆရာသမားများသည် မိမိတို့ တတ်ထားသော ပညာမှန်သ၍ မည်သည့် ပညာမှ ချန်လှပ်ထားခြင်းမရှိပဲ ကိုယ့်တပည့်သည် ကိုယ့်ထက် ထက်သောဓါးကဲ့သို့ သွေးပေးသော ဆရာများဖြစ်ကြပေသည်။ မိမိ၏တပည့်သားသမီးများအပေါ်၌လည်း ကျရောက်မည့် ဘေးအန္တရာယ်များကိုလည်း မကျရောက်ရလေအောင်၊ တပည့်များက ပြုလုပ်မည့် ဘေးအန္တရာယ်များကိုလည်း မပြုလုပ်မိအောင် တားဆီးပိတ်ပင်ပြီး ဆုံးမကြလေသည်။ မိမိတို့ထံ၌ ပညာသင်ဆည်းပူးနေကြသော တပည့်များသည် ပညာရည်ပြည့်ဝပြီး ဆက်လက်သင်ကြားနိုင်ရန် တစ်ဖန်ပြန်ပြီး သူတို့၏ အာရုံ၌ ထည့်သွင်းကြရလေသည်။ အသို့လည်းဟူမူကား မိမိထက် သာစေလိုသော သမ္မာဆန္ဒက ပြင်းပြနေသောကြောင့် မိမိထက် သာသော တော်သော တတ်သော ပညာရည်ပြည့်ဝသော ဆရာကောင်း၊ သမားကောင်းများထံ ထပ်မံ၍ အပ်နှံကြလေသည်။ ဤနေရာဝယ် တစ်ခုလောက်တင်ပြပါရစေ။ အဘယ်နည်းဟူမူးကား-တပည့်ကောင်းမဖြစ်တဲ့သူဟာ ခေါင်းဆောင်းလည်း မည်သည့်နည်းနှင့်မျှ ဆရာကောင်းမဖြစ်နိုင်ပေ..ဟူသော စကားအရ တပည့်ကောင်းမဖြစ်ခဲ့သော ဆရာဖြစ်ပါမူကား ၄င်း၏ တပည့်များကို မိမိကဲ့သို့ အရည်အချင်းတွင်မကပဲ ထို့ထက် တိုးတက်စေသော လမ်းကြောင်းပေါ်သို့ တင်ပေးကြမည်မှာ ဧကန်မလွဲပေ။မည်သို့ပင်ဆိုစေ။ တပည့်ကောင်းမဖြစ်ခဲ့သော ဆရာသမားများသည်ပင် မိမိ၏တပည့်သားသမီးများကို တပည့်ကောင်းဖြစ်ပြီး နောင်တစ်ချိန်မှာ ဆရာကောင်းတွေဖြစ်ပြီး နိုင်ငံသားကောင်းများဖြစ်အောင် မွေးထုတ်ပေးကြသော မိခင်များဟုပင် တင်စားလိုက်ချင်သည်။ထိုသို့မွေးထုတ်ပေးကြသော ပုဂ္ဂိုလ်များကို အသိမှတ်ပြုသောအားဖြင့် အောက်တိုဘာလ လေးရက်နေ့ကို ဆရာများအား ဂုဏ်ပြုလျှက် "ဆရာများနေ့" ဟု သတ်မှတ်ထားခဲ့လေပြီ။ ဆရာများနေ့ ၌ ဆရာများကို ကျေးဇူးဆပ်သောအားဖြင့် ဤမျှတတ်သိနားလည်သော စာသားလေးများဖြင့် ဆရာများကို ကျေးဇူးဆပ်ပါသည်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းအား ဦးညွှတ်ဂါရ၀ပြုလျှက်။
ရွှေဘိုသီလာ
စိတ်လှုပ်ရှားမှု
မေး။  ။စိတ်ရောဂါတွေမှာ စိတ်လှုပ်ရှားမှုက အလွန်များပါတယ်၊ အဲဒီတော့ စိတ်ငြိမ်ခဲ့လို့ရှိယင် နည်းနည်းပါးပါး ပုတီးစိပ်တာ တရားထိုင်တာ ကောင်းပါသလား။
ဖြေ။  ။စိတ်က မလှုပ်ရှားဘူး၊ အာရုံတွေ အမျိုးမျိုးရောက်နေတဲ့ ဥစ္စာကို တင်စားပြီးတော့ စိတ်လှုပ်ရှားတယ်လို့ ပြောတာ။ အာရုံအမျိုးမျိုး ပြောင်း ပြောင်း ပြောင်းပြီးတော့ အာရုံကို ယူနေတာကို စိတ်လှုပ်ရှားတယ်လို့ပြောတာ။ အဲဒီလို အာရုံပြောင်းနေတဲ့ လူတစ်ယောက်ဟာ ပုတီးဘဲစိပ်စိပ် တရားဘဲ နှလုံးသွင်းသွင်း၊ ဆိုပါတော့ ထာဝရဘုရား ကိုးကွယ်တဲ့ သူက ထာဝရဘုရားကို "ဘုရား ဘုရား ဘုရား" လို့ဆိုပြီးတော့ စိပ်လိုက်လို့ သမာဓိ အာရုံတစ်ခုတည်းဖြစ်သွားပြီ။ ဗုဒ္ဓကိုးကွယ်တဲ့ သူကလည်း ဗုဒ္ဓကို "အရဟံ အရဟံ အရဟံ" လို့ ဆိုတော့ အာရုံက တစ်ခုတည်း ဖြစ်သွားပြီ။ ဒါစိတ်ငြိမ်တယ်လို့ ဆိုတာပေါ့။ တကယ်လို့များ သူစာဝါသနာပါလို့ရှိယင် စာလေးဖတ်နေပါဆိုလည်း စိတ်ငြိမ်သွားမှာဘဲ၊ အာရုံများတာပါ၊ စိတ်က လှုပ်ရှားတာမဟုတ်ပါဘူး။
အမရပူရမြို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများမှထုတ်နှုတ်၍ စိတ်က တကယ်တော့ လှုပ်ရှားတာမဟုတ်ပဲ အာရုံများတာပါလားဆိုတာ သိစေချင်သော အာသာ နှင့် စိတ်လှုပ်ရှားလိုက်တာ ဆိုသော စကားကို ဆန့်ကျင်ပြီး အာရုံများတာကို သိစေချင်သော ဆန္ဒဖြင့် တင်ပြလိုက်ခြင်းဖြစ်ပါသည်။
သဘာဝဟာ သဘာဝပါပဲ
တစ်နေ့တာရဲ့အချိန်
သင်ဘယ်လို ရေစိမ်မလဲ။
အကြိမ်ကြိမ် ရှုံးနိမ့်
သင်ဘယ်လို နေစိမ့်မလဲ။
အခါခါ လဲကျ
သင်ဘယ်လို ပြန်ထမလဲ။
အဖန်ဖန် ပျောက်ဆုံး
သင်ဘယ်လို ဆက်သုံးမလဲ။
နာရီကို ရပ်တန့်
စမ်းသပ်လို့လည်း မရနိုင်။
ရက်တွေကို ကျော်လွှား
စော်ကားလို့လည်း မရနိုင်။
နှစ်တွေကို မေ့ပြစ်
အတိတ်ဖြစ်လို့လည်း မရနိုင်။
သဘာဝဟာ သဘာဝပါပဲ....
မီးမောင်ထိုးပြသောလက်များ
သူတစ်ပါးက မိမိကို ပစ်ပေါက်သော အုတ်ခဲကျိုးတွေနဲ့ မိမိဘ၀၏ အုတ်မြစ်ကို အခိုင်အမာ ဆောက်တည်ပါ။ ပစ်ပေါက်သော အုတ်ခဲတွေ များလာသည်နှင့်အမျှ မိမိချခဲ့သော အုတ်မြစ်၏ ခိုင်မာမှုကြောင့် ခိုင်မာသော အောင်မြင်သော တိုက်အိမ် ပန်းတိုင်ကို လှမ်းကိုင်မည်မှာ မလွဲပေ။ အထူးအားဖြင့် မှာပါရစေ။ ဘယ်သောအခါမှ မိမိကို ပစ်ပေါက်သော လက်တစ်စုံ(သို့မဟုတ်) လက်အစုံစုံကို ဟန့်တား တိမ်းရှောင်ခြင်းမပြုသင့်။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀ကို နာကျည်းစေပြီး အောင်မြင်မှုကို မီးမောင်းထိုးပြသော လက်များဖြစ်သောကြောင့်တည်း။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...