သီတဂူဆရာတော်(သို့မဟုတ်) အဖေ ဗြဟ္မာတို့ရဲ့ဆုံမှတ်
သီတဂူဆရာတော်(သို့မဟုတ်)
အဖေ ဗြဟ္မာတို့ရဲ့ဆုံမှတ်
သီတဂူဆရာတော်ဘုရား၏ (၇၆)နှစ်ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းထုတ်ရန်
စာမူဖိတ်ခေါ်စာကို ဖတ်ရတော့ စာရေးသူ၏စိတ်ထဲမှာ စာရေးချင်စိတ်တွေပြင်းပြလာပါသည်။ ဒါပေမယ့်
စာရေးဖို့ အကြောင်းအရာ ရှာဖို့က ခက်ခဲနေပါသည်။ နောက်တော့ စာရေးသူတွေးမိတဲ့အကြောင်းကတော့
ဗြဟ္မာမင်းအကြောင်းဖြစ်ပါသည်။ ဗြဟ္မာမင်းဆိုသည်မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့
ဗြဟ္မ၀ိဟာရတရားကို ရင်ဝယ်ပိုက်ပြီး ကျင့်သုံးနေသူဖြစ်ပါသည်။ ထို့အတူ သီတဂူဆရာတော်ကြီးလည်း
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာကို ရင်ဝယ်ပိုက်၍ နှစ်ခြိုက်နေသူဖြစ်ပါသည်။ ဤတရားတွေနဲ့ပြည့်စုံ၍
သီတဂူဆရာတော်ကြီးကို ဗြဟ္မာမင်းကြီးလို့ အမည်နာမသမုတ်ချင်ပါသည်။ သီတဂူဆရာတော်ကြီးရဲ့
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ငန်းတွေကို
ပြောပြချင်ပါသည်။ မေတ္တာ။ ။ စစ်ကိုင်းတောင်ရိုးနေ
သူတော်စင်တို့သည် မိမိတို့ချောင်အသီးသီးမှာ ကန်ကြီး ကန်ငယ်အသွယ်သွယ်ရှိကြပေမယ့် မိုးရွာမှ
ရေထည့်ကြရပါသည်။ ဒါပေမယ့် မိုးတွေခေါင်တော့ ရေကန်တွေ ရေခြောက်လျှက် ကွဲအက်ကုန်ပါသည်။
တောင်ပေါ်မှာရေရှားလို့ တောင်ခြေမှာ ရေပေါသလားလို့ မေးရင်လည်းတောင်ပေါ်နှင့်
မခြား တောင်အောက်မှာလည်း
ရေရှားပါတယ်လို့ပြောရမယ့် အခြေအနေဖြစ်ပါသည်။
နေပူကျဲကျဲထဲ မြစ်ဆိပ်ရေချိုးဆင်းရ၍ စစ်ကိုင်းတောင်နေ
စာသင်သားများ အချိန်ကုန်လူပန်း ဖြစ်ကြရပါသည်။ ရေချိုးအပြန်မှာလည်း ပေါ့ပေါ့ပါးပါးမပြန်ရ၊
ကျောင်းအတွက် သောက်ရေ
သုံးရေ သယ်လာကြရပါသည်။ တစ်ချို့ဆရာတော်ကြီးတွေဆို မိုးခေါင်ရေရှားသောကြောင့်
ရေချိုးစရာ ရေကမရှိ၊ ရေခွက်တစ်ခွက်မှာ ရေထည့်
တဘက်ကိုရေဆွတ်ပြီး ခန္ဓာကိုယ်ကို သန့်ရှင်းကြရတယ်လို့ စာရေးသူမှတ်သားဖူးပါသည်။
နွေရာသီအခါ အလှူအတန်းလာရင်လည်း ရေအခြေအနေကြည့်ပြီးမှ
လက်ခံကြရပါသည်။ တောင်ရိုးသံဃာတော်များ၊ သီလရှင်များ၏ ဆင်းရဲဒုက္ခတွေကို မြင်ရတဲ့ သီတဂူဆရာတော်ဟာ
သူတော်စင်တွေ မဂ်ဖိုလ်ရောက်ကြောင်း တရားကောင်းများကို ချမ်းသာစွာအားထုတ်နိုင်ကြပါစေဆိုတဲ့
မေတ္တာဖြင့် ထုံမွှမ်းသော ရေချမ်းအလှူကို ဆောင်ရွက်တော်မူပါသည်။
သီတဂူရေအလှူစီမံကိန်းကို ၁၃၄၂ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)မှာ
စတင်တည်ထောင်တော် မူပါသည်။ အလှူတော်ငွေ (၅၇) သိန်းကျော်ရင်းနှီး၍ ၁၃၄၇ ခုနှစ်၊ ဗုဒ္ဓနေ့တွင်
ပြီးစီးအောင်မြင်ခဲ့ပါသည်။ ရေစက်ရုံ (၂) ရုံ၊ ရေစုပ်စက်ကြီး/သေး (၁၀) လုံး၊ ရေလှောင်ကန်ကြီး
(၇) လုံး၊ ရေပိုက်ပေပေါင်း (၈၆၀၀၀) ကျော်ဖြင့် ချောင်ပေါင်း (၄၈၆) ချောင်၌ မှီတင်းသီတင်းသုံးနေထိုင်ကြတဲ့
သူတော်စင် (၅၀၀၀) ကျော်တို့အား တစ်နေ့ရေဂါလံ (၃၀၀၀၀၀) ကျော် စတင်ပေးလှူခဲ့ပါသည်။ယခုအခါတွင်
ချောင်ပေါင်း (၉၀၀) ကျော်မှ ရဟန်းသာမဏေ သီလရှင် (၉၀၀၀) ကျော်ကို ရေလုံလုံ လောက်လောက်ပေးလှူနိုင်ခဲ့ပြီးဖြစ်ပါသည်။
ရေလှူဒါန်းမှုကုန်ကျစရိတ်ဟာ တစ်နေ့လျှင် ကျပ် (၆၀၀၀၀၀) ကုန်ကျပါသည်။
ကရုဏာ။ ။
သီတဂူဆရာတော် ဟံသာဂီရိတွင် သီတင်းသုံးစဉ်က ကြုံခဲ့ရဖူးသည်။ အရုဏ်မတက်မီ (၃) နာရီအချိန်တွင်
ဆွမ်းချက်ရန်ထသော မြန်အောင်ချောင်နေ သီလရှင်တစ်ပါးသည် မီးမွှေးရန် ထင်းစကိုဆွဲယူစဉ်
ထင်းပုံထဲက မြွေဟောက်သည် လက်ကိုကိုက်၍ အလန့်တကြားအော်သံကို သီတဂူဆရာတော်ကြားလိုက်ပါသည်။
ထို့ကြောင့် အသံကြားရာဆီသို့ ပြေးသွား၍ မြွေကိုက်ခံရသော သီလရှင်ကို ရှေးဦးကုသနည်းဖြင့်
ကုသပြီး မြင်းလှည်းဖြင့် စစ်ကိုင်းဆေးရုံသို့ပို့၍ (၃) နာရီအတွင်းမှာပင် အသက်ကယ်တင်နိုင်ခဲ့ပါသည်။
ထို့နောက်လည်း ဆရာတော်သီတဂူချောင်တည်ပြီးစအချိန်တွင်
မလွန်ဆန်လှူအဖွဲ့တွေလာကြသည်။ တစ်ညတွင် မလွန်အဖွဲ့ဝင် ဒကာကြီးတစ်ဦးသည် တစ်ညတည်းမှာပင်
ဝမ်း (၂၇) ကြိမ်ထိလျှောရာ အဲဒီဒကာကြီးကိုလည်း ဆရာတော်ကထမ်း၍ ဆေးရုံပို့ပေးရပြန်ပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဆရာတော်စိတ်နှလုံးထိခိုက်၍
လူအများအပေါ်ဆရာတော်ရဲ့ ကရုဏာတရား ကြီးမှုကြောင့် မြန်မာသက္ကရာဇ် ၁၃၄၇ ခု၊ ခရစ်နှစ် ၁၉၈၅ ခု တန်ဆောင်မုန်လတွင် သီတဂူအာယုဒါန
ဆေးရုံကို ကိုယ်တိုင်ပုံစံဆွဲ၍ အုတ်မြစ်ချခဲ့ပါသည်။ စစ်ကိုင်းတိုင်း ပြည်သူ့ကောင်စီဥက္ကဋ္ဌ
ဗိုလ်ကြီးသူရကျော်စွာက ဆေးရုံမြေနေရာလှူဒါန်းခဲ့ပါသည်။ ကျပ်သိန်း (၃၀၀) အကုန်အကျခံပြီး
ရဟန်း၊ သာမဏေ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီး၊ ဆေးရုံတက်၍ ကုသမှုခံယူနိုင်ရန် တစ်ဆောင်လျှင်
ကုတင် (၁၆) လုံးစီဖြင့် လူနာဆောင်ကြီး (၅) ဆောင် ဖွဲ့စည်း၍ သီတဂူအာယုဒါနဆေးရုံကို တည်ထောင်ခဲ့ပြီး
၁၃၅၀ ခုနှစ်၊ တပေါင်းလပြည့်နေ့မှာ ပြီးစီးအောင်မြင်ခဲ့ပါသည်။ မုဒိတာ။ ။ သီတဂူဆရာတော်သည် ပါဠိစာပေကို ကြိုးစားလေ့ကျက်သင်အံ
ဆည်းပူးကုန်သော ရဟန်း၊ သာမဏ၊ သီလရှင်များအပေါ် မုဒိတာပွား၍ ပါဠိစာပေများကို သင်ရုံမျှမက
ခေတ်မီအင်္ဂလိပ်ဘာသာကို တတ်မြောက်ရင် ဗုဒ္ဓသာသနာကမ္ဘာသိအောင် ဖြန့်ချီနိုင်မည်။ ပြန့်ပွားစေလိုတဲ့
ရည်ရွယ်ချက်လည်းရှိသည်။ အဲဒီရည်ရွယ်ချက်ဖြင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကို စစ်ကိုင်းတောင်ရိုး
ပုညရှင်စေတီ တောင်တက်လမ်းဘေး၊ သီတဂူအာယုဒါနဆေးရုံကြီးအနောက်ဘက် မျက်နှာချင်းဆိုင်၌
၁၃၅၆ ခုနှစ်၊ (၁၉၉၄) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တွင် သန်္တိမဟာဘွဲ့နှင်းသဘင်၊
အဓိပတိဆောင်၊ ပါမောက္ခဆောင်၊ အုပ်ချုပ်ရေးဆောင်၊ မော်ကွန်းထိန်းဆောင်တို့ အပါအ၀င် စာကြည့်တိုက်များ၊
စာသင်ဆောင်များ၊ သုတေသနနှင့် ကျမ်းပြုဌာန၊ ကွန်ပျူတာဌာန၊ ဧည့်ခန်းမဆောင်၊ ဘုရားဝတ်တက်ဆောင်၊
ဆွမ်းစားဆောင် စသည့် ကျောင်းဆောင်ပေါင်း (၃၀) ကျော်တို့ဖြင့်ဖွဲ့စည်း တည်ဆောက်ထားပြီး
ဆရာအပြည့်အစုံဖြင့် သင်ယူနိုင်ပါပြီ၊ အောင်မြင်မှုတွေကို ဆရာတော်မုဒိတာပွားနေနိုင်ပြီး
ဖြစ်ပါသည်။
ဥပေက္ခာ။ ။ သီတဂူဆရာတော်သည် လူအများအပေါ်မေတ္တာ၊ ကရုဏာ၊ မုဒိတာပွား၍ သာသနာအကျိုးပြုလုပ်ငန်းများကို
စံပြအနေနဲ့ အတုယူဖွယ်လုပ်ဆောင်ပြီးနောက်၊ တစ်ခုတည်းသော ဘ၀ကိုသာ ဦးတည်၍ ဘ၀ပြည့်စုံဖူလုံရေးဟူသည့်
ဝတ္ထု၊ ကာမတို့နှင့်ပြည့်စုံရေးကိုသာ ရည်ရွယ်ကြသော လူတို့ကို ၀ိပဿနာတရားအားထုတ်စေခြင်းဖြင့်
ဝတ္ထု၊ ကာမတို့ကို ဥပေက္ခာပြုနိုင်အောင် သင်ကြားပေးသည်။ ဆရာတော် ချမ်းသာသလို လူအပေါင်းတို့ကိုလည်း
ချမ်းသာစွာ နေနိုင်စေချင်သည်။
ငါ့ဇနီး၊ ငါ့သား၊ ငါ့သမီး၊ ငါ့ပညာ အစရှိသော
“ငါ” စွဲတွေ၊ စားချင်တဲ့၊ အိပ်ချင်တဲ့၊ ပျော်ပါးချင်တဲ့၊ နာကျင်မှုဝေဒနာတွေကို မခံစားနိုင်၊
သည်းမခံနိုင်မှုတွေ အလိုရမ္မကဆန္ဒတွေကို ဥပေက္ခာပြု၍ ပယ်ဖျောက်ခြင်းဖြင့် ရလာမယ့် ၀ိပဿနာ
အကျိုးကျေးဇူးတွေကို ခံစားစေချင်တဲ့ စိတ်ဆန္ဒလည်းရှိသည်။
သတိပဌာန်တရားတော်သည် လူအားလုံးတို့၏ ဘ၀ငြိမ်းချမ်းရေးဖြစ်သည်။
“သတိပဌာန်အစ အာနာပါန” ဟုဆိုရမည်ပင်ဖြစ်သည်။ ဘုရားရှင်တို့သည် အာနာပါနကမ္မဌာန်းဖြင့်သာ
အစပြုတော်မူခဲ့ကြလေသည်။ ထိုရည်ရွယ်ချက်များကြောင့် ဆရာတော်သည် စစ်ကိုင်းတောင်ဖီလာစေတီ
တောင်ခြေ မြေဧက (၅၀) ကျယ်သောနေရာတွင် သီတဂူဝိပဿနာစင်တာ စီမံကိန်းစတင်နေပြီဖြစ်ပါသည်။
ထိုဝိပဿနာစင်တာတွင် စေတီ၊ ၀ိပဿနာဗိမာန်၊
အဓိပတိဆောင်၊ လက်ထောက်ဆရာတော်ဆောင် ယောဂီများနေရန် အဆောင်များ၊ ထမင်းစားဆောင်၊ ရေကန်စသည့်တို့
ပါဝင်မှာဖြစ်ပါသည်။ ယခုကုသိုလ်ရှင် ပြည့်ပြည့်စုံစုံဖြင့် စတင်လုပ်ဆောင်နေပါပြီ။
သီတဂူဆရာတော်ကြီး၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊
ဥပေက္ခာ တရားတွေဟာ ကြီးများလှပါသည်။ အဲဒီတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ သာသနာပြုလုပ်ငန်းတွေရှိတဲ့
စစ်ကိုင်းတောင်ရိုးကြီးဟာ အေးချမ်းသာယာလှပခဲ့ပါသည်။
ဆရာတော်ကြီး၏ မေတ္တာကြောင့် ဖြစ်လာတဲ့ ရေအလှူစီမံကိန်းကြီးဟာ
တောင်ရိုးနေ သူတော်စင်တို့ ချမ်းသာစွာ ရေကိုလိုသလို သုံးစွဲနိုင်အောင် အကျိုးပြုနေပြီ
ဖြစ်ပါသည်။
ကျေးငှက်သာရကာများလည်း ပျော်ရွှင်စွာ ရေကိုသောက်ခြင်းဖြင့် ကြည်နူးစရာဖြစ်ရသလို
သစ်ပင်တွေလည်း ရေဓာတ်ကောင်းစွာရသဖြင့် တောင်ရိုးကြီး စိမ်းလန်းနေပြီဖြစ်ပါသည်။
ကရုဏာကြောင့် ဖြစ်ပေါ်လာတဲ့ ဆေးရုံကြောင့်လည်း
သူတော်စင်တို့ ကျန်းမာရေးအတွက် မပူပန်ရသလို၊
မုဒိတာကြောင့် ပေါ်ပေါက်လာတဲ့ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးကလည်း
ရဟန်း၊ သာမဏေ၊ သီလရှင်တို့ ပညာရေးအတွက် များစွာအထောက်အကူပြုပါသည်။ ယခုဆိုရင် Diploma
လက်မှတ်ရကျောင်းသား တစ်ထောင်ကျော်၊ B.A လက်မှတ်ရကျောင်းသားပေါင်း (၆၇) ထိ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
M.A တန်းများလည်း ဖွင့်လှစ်သင်ကြားနေပါပြီ။
ဥပေက္ခာကြောင့်ဖြစ်ပေါ်လာတဲ့ ဟောပြောပြသဆိုဆုံးမမှုကြောင့်လည်း
တောင့်တပြေ၍ ကြောင့်ကြပြေသလို လွတ်လပ်ကြည်လင်သောစိတ် (ဥပေက္ခာ)ကို လက်တွေ့ကျကျခံစား
ဖြေသိမ့်နိုင်ကြပါပြီ။
သီတဂူဆရာတော်ကြီးဟာ စာရေးသူသိသောဗြဟ္မာမင်းကြီးဖြစ်ပါသည်။
ထို့ကြောင့် စာရေးသူပြောချင်တာကတော့ ဤလူ့ဘုံမှ
လူသားများ ဗြဟ်္မာကို မြင်ဖူးချင်သပဆိုရင် သီတဂူဆရာတော်ကို ဖူးမျှော်ကြပါလို့သာ ပြောချင်ပါသည်။
ဗြဟ္မများမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာနှင့် ပြည့်စုံသလို မိဘများကလည်း သားသမီးများအပေါ်၌
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရား တို့နှင့် ပြည့်စုံသည့်အတွက်ကြောင့် မိနှင့်ဘကိုလည်း
ဗြဟ္မာကြီးများလို့ သမုတ်ကြပါသည်။
သီတဂူဆရာတော်၊ အဖေ၊ ဗြဟ္မာကြီးတို့၏ ဦးတည်လုပ်ဆောင်ချက်ဇုန်မှတ်သည်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ သာဖြစ်ပါသည်။
ထို့ကြောင့် သီတဂူဆရာတော်ကြီးသည် ကျွန်ုပ်တို့အတွက်
ဗြဟ္မာကြီးဖြစ်သလို ဖခင်ကြီးလည်း ဖြစ်ကြောင်း ကြည်ညိုလေးစားစွာဖြင့် တင်ပြလိုက်ရပါသည်။
ဥပ္ပလ၀ဏ်္ဏီ
B.A (ဒုတိယနှစ်)
မှ တင်ပြထားသော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်သောကြောင့် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါသည်။
0 Response to "သီတဂူဆရာတော်(သို့မဟုတ်) အဖေ ဗြဟ္မာတို့ရဲ့ဆုံမှတ်"
Post a Comment