နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မြတ်ဗုဒ္ဓ နှင့် မြတ်ဓမ္မ တရားတော် (သီတဂူဆရာတော်၏ အသံလွှင့်တရားတော်များမှ)



မြတ်ဗုဒ္ဓ နှင့်
မြတ်ဓမ္မ တရားတော်
          တရားချစ်ခင် သူတော်စင်အပေါင်းတို့ ၊ ယနေ့ဟာ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဖြစ်ပါတယ် ၊ ဤကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြတ်ဗုဒ္ဓလောင်းလျာဟာ ဘုရားဖြစ်ရန် ဆုပန်ခြင်း ၊ မြတ်ဗုဒ္ဓလောင်းလျာကို မွေးဖွားခြင်း ၊ မြတ်ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်း ၊ မြတ်ဗုဒ္ဓ၏ ဘ၀ဇာတ် ချုပ်ငြိမ်းခြင်း  ရုပ်သိမ်းခြင်း ဟူသော လက္ခဏာ ငါးရပ်တို့နှင့် ပြည့်စုံ တိုက်ဆိုင်နေတာကြောင့် ဗုဒ္ဓရှင်တော်ကို ကြည်ညိုကြသူအပေါင်းတို့က ဤကဆုန် လပြည့်နေ့ကို ဗုဒ္ဓနေ့ ရယ်လို့ သတ်မှတ်ခဲ့ကြ ၊ အထိမ်းအမှတ် ပူဇော်ပွဲများကို ကျင်းပခဲ့ကြပါတယ် ၊ ဒါကြောင့် ဤထူးမြတ်တဲ့ အခါတော်နေ့မှာ မြတ်ဗုဒ္ဓနှင့် မြတ်ဓမ္မအကြောင်း သိကောင်းစရာ အနည်းငယ်မျှ ပြောကြားလိုပါတယ် ။
          မြတ်ဗုဒ္ဓလောင်းလျာ မင်းသိဒ္ဓတ်ကို မဟာသက္ကရာဇ်  ၆၈ - ခု  ( B.C . 623 ) မှာ သက္ကမျိုးထဲမှ မွေးဖွားခဲ့ပါတယ်၊ မဟာသက္ကရာဇ် ၁၀၃ - ခု  ( B.C. 588 ) မှာ ဓမ္မအားလုံးကို ကိုယ်တိုင်သိ, ကိလေသာအားလုံးကို ပယ်တော်မူပြီး ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်၊ သက်တော် ၂၉ - နှစ်မှာ ကာမစည်းစိမ်ကို စွန့်လွှတ်ခဲ့တယ်၊ သက်တော် ၃၅ - နှစ်မှာ ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်၊ သက်တော် ၈၀ ၊ မဟာသက္ကရာဇ် ၁၄၈ - ခု  (B.C. 543 ) မှာ ဘ၀ဇာတ် အပြီးတိုင် သိမ်းခဲ့တယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ - နှစ် နေသွားတော်မူခဲ့ပါတယ်။
          သိဒ္ဓတ္ထဂေါတမ သကျမုနိဗုဒ္ဓသည် တလောကလုံးမှာ တယောက်တည်းသာရှိသောပုဂ္ဂိုလ်၊ ဧကပုဂ္ဂလ Unique Person ဖြစ်တော်မူပါတယ်၊ မြတ်ဗုဒ္ဓသည် လူသားမိဘနှစ်ပါးတို့မှ လူသားတယောက် အနေအားဖြင့် မေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်၊ ပုံပြင်, ဒဏ္ဍာရီ, ၀တ္ထုဆန်တဲ့ လူမျိုး ၊ တန်ခိုးရှင်တို့က စေလွှတ်ခြင်း တန်ခိုးရှင်တို့မှ ပူဝင်ခြင်း၊ ပြန်လည်လာခြင်း၊ ရှင်သန်လာခြင်း စသော စိတ်ကူးယဉ် လူသားမျိုး Imaginary Person မဟုတ်ပါ၊ မြတ်ဗုဒ္ဓသည် အကယ်စင်စစ် တကဲ့လူသား ကြီးမြတ်သည့်လူသား ထူးမြတ်သည့်လူသား Extra Ordinary man ၊ မြတ်သောသူတို့ထက် လွန်မြတ်သော အမြတ်ဆုံးယောက်ျား The Holiest of Holies ဖြစ်ပါတယ်။
          မြတ်ဗုဒ္ဓသည် အတွေးခေါ်သမား အားလုံးတို့ထက် အလေးနက်ဆုံးသော အတွေးအခေါ်သမား The Profoudest Thinker ဖြစ်ပါတယ်၊ သစ္စာ, ပဋိစ္စသမုပ္ပါဒ် နှင့် အဘိဓမ္မာတို့ကို ကြည့်ပါ၊ ပါရမီ ဆယ်ပါး၊ အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့ပုံ ကြည့်ခြင်းဖြင့် အမြင့်ဆုံးသော စရဏမှာ အပြည့်စုံဆုံးသော စံနမူနာပုဂ္ဂိုလ်ကြီးလည်း ဖြစ်ပါခဲ့တယ်၊ The perfect model of all the virtuous characters ပါဘဲ။

          မြတ်ဗုဒ္ဓသည် အလွန်စိတ်ဇွဲသန်သော , စိတ်စွမ်းရည်သတ္တိနှင့် ပြည့်စုံသော ယောကျာ်းအာဇာနည် တယောက်လည်း ဖြစ်ပါတယ်၊  ခြောက်နှစ်တိုင်တိုင် ကျင့်ခဲ့တဲ့ ဒုက္ကရစရိယာ ၊ အတ္တကိလမထ အကျင့်များကို ကြည့်ပါ၊ ဗုဒ္ဓမြတ်စွာသည် အလွန်အောင်မြင်သည့် ခေတ်ပြင်ပုဂ္ဂိုလ်ကြီး တစ်ဆူလည်း ဖြစ်တော်မူပါတယ်၊ ဣဿရနိမ္မာန၀ါဒရဲ့ နေရာမှာ ကမ္မ၀ါဒကို အစားထိုးခြင်း၊ အတ္တ၀ါဒ နေရာမှာ အနတ္တ၀ါဒကို အစားထိုးခြင်း ၊ ဇာတိဝါဒ နေရာမှာ စရဏ၀ါဒကို အစားထိုးခြင်း စသည်တို့ကို ကြည့်ပါ။
          မြတ်ဗုဒ္ဓသည် အလွန်ကျွမ်းကျင် နိုင်နင်းသော , ဆွဲအားအလွန်ကောင်းသော စကာပြောကောင်းသည့် ပုဂ္ဂိုလ်ထူး တယောက်လည်း ဖြစ်ခဲ့ပါတယ်၊ ဥပါလိသုတ် ၊ အမ္ဗဋ္ဌသုတ် တို့ကို ဖတ်ကြည့်ကြပါ၊ မြတ်ဗုဒ္ဓသည် ခန္တီ,မေတ္တာ, ကရုဏာ ထုထယ်အင်အား ကြီးမားတော်မူသော ပုဂ္ဂိုလ်မြတ် တစ်ဆုလည်း ဖြစ်တော်မူပါတယ်၊ စိဉ္စမာန၀တ္ထု , သုန္ဒရီဝတ္ထု , အရှင်ဒေ၀ဒတ်ဝတ္ထု တို့ကို ကြည့်ပါ။
          မြတ်ဗုဒ္ဓကို လာရောက်တွေ့ဆုံ ဆွေးကြသူတိုင်း အားလုံးပင် ကြေနပ်နှစ်သက် ရိုးကြိုးနှိမ်ချ ၀င်ရောက်ခဲ့ကြသည်သာ ဖြစ်ပါတယ်၊ သောဏဒဏ္ဍပုဏ္ဏား , ဗြဟ္မာယုပုဏ္ဏားကြီးတို့ရဲ့ ဖြစ်ရပ်ကို ကြည့်ပါ၊ သူတို့တတွေဟာ ဂဏပါမောက္ခ ဗြဟ္မဏကြီးတွေ ဖြစ်ကြသော်လည်း မြတ်ဗုဒ္ဓ၏ ပါသာဒိကဂုဏ် အပြည့်ဆောင်သည့် ဥပဓိရုပ်ပုံတော်၊ စွပ်စွဲစရာ အနည်းငယ်မျှ မရှိသော အကျင့်စရဏ ၊ စေ့စပ်, ခိုင်ခန့် , ကျယ်ပြန့် စူးရှသော ပညာ၊ စောဒကတတ် ငြင်းခုံဖွယ် မရှိသော ကြီးမြတ်သည့်ဂုဏ်တော်တို့ကို အသိအမှတ်ပြုကာ အသည်းနှလုံးထဲသို့ ထည့်ကာ သိမ်းယူသွားကြသည်သာ ဖြစ်သည်။
          မြတ်ဗုဒ္ဓသည် အမြော်အမြင်ကြီးမား , သဘောထားကျယ်ပြန့် ပြည့်စုံစေ့စပ်သော အုပ်ချုပ်ရေးဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်၊ နှစ်ပေါင်းများစွာ တည်တံ့မည့် “ ဘိက္ခုသံဃ အစည်းရုံးကြီး ” တစ်ခုကို တည်ထောင်ရာမှာ အပိုအလိုမရှိ တိကျစေ့စပ်သည့် အခြေခံစည်းကမ်း ၀ိနည်းဥပဒေ တော်ကြီးဖြင့် ဘောင်ခတ်၍၎င်း၊ လူ့ဇာတ် လူ့အလွှာမျိုးစုံ ကျင့်မကုန်သည့် သုတ္တန် ဒေသနာကို လမ်းခင်း၍၎င်း၊ မရေတွက်နိုင်သည့် သတ္တ၀ါ မျိုးစုံ တို့်ကို တသားတည်း, တပေါင်းတည်း ပါဝင် အနည်ထိုင်စေနိုင်သည့် အရှိ, အမှန်တို့ကိုသာ ဟောတော်မူသည့် အဘိဓမ္မာ ဟူသော သဘာဝဉာဏ် မီးရှူးတိုင်ကို ထွန်းညှိ၍၎င်း တိတိပပ ချမှတ်ပေးတော်မူခဲ့ပါတယ်၊ နှိုင်းဘွယ် , ယှဉ်ဘွယ် ပြိုင်ဆိုင်ဘွယ် မရှိသည့် ဓမ္မ၀ိနယ သာသနာတော်ကို စီစဉ်ချမှတ်တော်မူခဲ့သည့် အချက်မှာ ဘာသာတရားတည်ထောင်သူအားလုံးတို့ရဲ့ ရှေ့သွားခေါင်းဆောင် Pioneer of Religious teacher ဖြစ်တော်မူခဲ့ပါတယ်။
          မြတ်ဗုဒ္ဓ၏ ဘ၀, နေထိုင် ကျင့်သုံးမှု၊ တောထွက်ခြင်း၊ စွန့်လွှတ်ခြင်း၊ ဇွဲလုံးလ ကောင်းခြင်း၊ စိတ်ဓာတ်, ဆန္ဒ, မေတ္တာ, ပညာ, ဘ၀ချုပ်ငြိမ်းပုံ အစရှိသော အချက်အလက်များစွာတို့သည် ကြီးကျယ်မြင့်မြတ်တဲ့ စံနမူနာပြ ဘာသာရေးခေါင်းဆောင်တစ်ဦး အနေအားဖြင့် မြတ်ဗုဒ္ဓကို စံယူကြဘို့ အတုယူကြဘို့ လိုက်နာရိုသေကြဘို့ ဖိတ်ခေါ်နေပါတယ်။

          ဘာသာရေးသမိုင်းမှာ အတက်ကြွဆုံး, အစောဆုံး, အအောင်မြင်ဆုံး, ခရီးထွက် သာသနာပြုပုဂ္ဂိုလ်ဟာ မြတ်ဗုဒ္ဓပင် ဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓဟာ နှစ်ပေါင်း ၄၅ နှစ်လုံးလုံး မရပ်မနား တနေရာမှ တနေရာသို့ လှည့်လည်သွားလာပြီး ဓမ္မကို ဟောပြော ဖြန့်ချီတော်မူခဲ့ပါတယ်၊ မြတ်ဗုဒ္ဓဟာ နောက်ဆုံးချိန်ကလေးထိ သူ့ကိုသူ စံနမူပြ ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့်၎င်း၊ လောကရဲ့ဆရာတစ်ဆူ အနေဖြင့်၎င်း၊ သတ္တလောကကြီးတခုလုံးရဲ့ အကျိုးစီးပွားကို သယ်ပိုး ဆောင်ရွက်တော်မူခဲ့ပါတယ်၊ မြတ်ဗုဒ္ဓရဲ့ ထူခြားသော တပည့်သံဃာ အဆက်ဆက်လဲဘဲ သူ့ရဲ့ ကျင့်နည်းလမ်းစဉ်အတိုင်း နှစ်ပေါင်း ၂၅၀၀ လွန်လာသည့်တိုင်အောင် လိုက်နာ , ကျင့်သုံး , ဆောင်ရွက်တော်မူခဲ့ကြပါတယ်၊ ရဟန်းတော်တွေဟာ ကြာညောင်းစွာသော ကာလပတ်လုံး ဝေးလံခေါင်သီသော အရပ်များသို့ မရပ်မနား သွားကာ မည်သည့်တုံ့ပြန်မှုကိုမျှ မရေတွက်ကြဘဲ ဓမ္မပြန့်ပွားရေးကိုသာ ဆောင်ရွက်တော်မူခဲ့ကြပါတယ်။
          မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာဝင် သာဝကများက “ ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ချမ်းသာကို ဘယ်လို ရှာရမည်” ဆိုတဲ့ နည်းစနစ်နှင့် ပညာရပ်များကို သင်ကြားညွှန်ပြသော အမြတ်ဆုံးဆရာတစ်ဆူ အဖြစ်နဲ့ အရိုအသေ ပြုကြပါတယ်။
          “ အပ္ပမာဒေန သမ္ပာဒေထ”
          Strive diligently with mindfulness to complete your task = သင်တို့ကိစ္စတွေ ပြည့်စုံအောင် သတိဖြင့် ပြင်းစွာ အားထုတ်ကြ ဟူသည်မှာ မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကား ဖြစ်ပါတယ်၊( ၄၅ ) နှစ် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ် သုံးပုံရဲ့ “အနှစ်စကား” ဖြစ်ပါတယ်၊ ကိုယ်တိုင် အားထုတ်မှု မပါဘဲ ၀ိသုဒ္ဓိ, ၀ိမုတ္တိ တို့ကို ရနိုင်ရိုးထုံးစံ မရှိကြောင်း ၊ မိမိကိုယ်ကို အားကိုးကြ ၊ မိမိကိုယ်ကို ကိုးကွယ်ကြ ၊ ဘ၀သံသရာ ပင်လယ်ပြင်မှာ မိမိကိုယ် ကျွန်းကဲ့သို့ ပြု၍ မှီခိုကြ၊ သုံးဆယ့်တစ်ဘုံ ကိလေသာအမှောင်လမ်းမှာ မိမိတို့ရဲ့ မီးတိုင်ကို မိမိတို့ ကိုယ်တိုင် ထွန်းညှိ၍ မိမိတို့၏ ဓမ္မအလင်းရောင် ၊ ဓမ္မဆီမီးတိုင် တို့ဖြင့် ကိုယ့်လမ်းကို လင်းအောင်ပြု၍ လျှောက်သွားကြ ဟူသော စကားများမှာ မြင့်မြတ်သော , ရိုးသားဖြောင့်မတ်သော ဘာသာရေးခေါင်းဆောင် တစ်ယောက်၏ ဖြူစင်သော “မဟာကရုဏာ နှလုံးသား”ထဲမှ ထွက်ပေါ်လာခဲ့သော “လောကလမ်းညွှန် စကားများ ” ဖြစ်ပါတယ်။
-       အိန္ဒိယ ၀န်ကြီးချုပ် နေရူးက မြတ်ဗုဒ္ဓကို “အိန္ဒိယ၏ ကြီးမြတ်သော သားတော်တစ်ယောက်” ဟု ပြောခဲ့ဘူးပါတယ်။
-       အိန္ဒိယ ခေါင်ဆောင်ကြီး ဒေါက်တာ ရာဒါကရစ်ရှနန်က မြတ်ဗုဒ္ဓကို “ ယဉ်ကျေးသော လူအားလုံးတို့နှင့် ကမ္ဘာ့အတွေးအခေါ် သမိုင်း၏ အမွေဆိုင် ပုဂ္ဂိုလ် ” ဟု ဆိုခဲ့ပါသည်။
-       ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး H.G. Well ကတော့ “ များစွာသော ခေတ်မီ အတွေး အခေါ်တွေဟာ မြတ်ဗုဒ္ဓ၏ ဟောပြောချက်များနှင့် အနီးစပ်ဆုံး ညီညွတ်နေသည်” ဟု ပြောခဲ့ဘူးပါသည်။
-       ဂျာမန် စာရေးဆရာကြီး ဘာထရန်ရပ်ဆဲလ် ကလဲ “ မြတ်ဗုဒ္ဓသည် ခေတ်သမိုင်းအဆက်ဆက်မှာ အပြင်ပ ဗဟိဒ္ဓတွင် ကိုးကွယ်ရာမရှိဟု ဆုံးမသူတို့တွင် အမြတ်ဆုံး” ဟု ဆိုခဲ့ပါသည်။
-       ပြင်သစ် စာရေးဆရာကြီး ဖော့စ်ဗောလ် ကမူ
The more I know him.
The more I love him.
The more I love him.
The more I know him.
-       ဗုဒ္ဓမြတ်စွာရဲ့အကြောင်းအရာကို ပို၍သိရလေလေ , သူ့ကို ပို၍ ကြည်ညိုရလေလေပါပဲ ၊
-       သူ့ကို ပို၍ ကြည်ညိုလေလေ , သူ့အကြောင်းအရာကို ပို၍ သိရလေလေပါပဲ  ဟု ဆိုခဲ့သည် ။
တရားချစ်ခင် သူတော်စင် အပေါင်းတို့ ----
နိဂုံးချုပ်အားဖြင့် နှိုးဆော်တိုက်တွန်းလိုပါသည်၊ လောက၏ အလင်းရောင်ဖြစ်တော်မူသော မြတ်ဗုဒ္ဓ၏ အကြောင်းအရာကို ပို၍ပို၍ သိကြရ ၊ ပို၍ ပို၍ ကြည်ညိုကြရလေအောင် ပို၍ပို၍ လေ့လာ သင်ကြားကြပါ - ဟု တိုက်တွန်းနှိုးဆော်လိုက်ရပေသတည်း။ ။


သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။
သူတော်ကောင်းတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ ။

0 Response to "မြတ်ဗုဒ္ဓ နှင့် မြတ်ဓမ္မ တရားတော် (သီတဂူဆရာတော်၏ အသံလွှင့်တရားတော်များမှ)"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...