နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

လူပျိုတော်တို့၏အင်္ဂါ (၇) ပါး

၁။ သုဇာနန္တ-အရှင်၏အလိုကို သိတတ်ခြင်း။
၂။ သုစိ-စင်ကြယ်သန့်ပြန့်ခြင်း။
၃။ ဒက္ခ-လိမ္မာခြားနားခြင်း။
၎။ ဓမ္မိက-မရမ်းမကား တရားကိုစောင့်ခြင်း။
၅။ ဗဟုသတ္ထက-ကျမ်းဂန်အကြားအမြင်များခြင်း။
၆။ အလောဘ-လိုချင်ခြင်း နည်းပါးခြင်း။
၇။ အပ္ပမာဒ-မမေ့မလျော့ သတိရှိခြင်း။

ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ

ပဋိစ္စသမုပ္ပါဒ် အမေးအဖြေ



(၁) မေး - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ အဘယ်မျှ ရှိသနည်း၊ ကာလ အဘယ်မျှ ရှိသနည်း၊ ဝဋ် အဘယ်မျှ ရှိသနည်း၊ ခြင်းရာ အဘယ်မျှ ရှိသနည်း၊ အစပ် အဘယ်မျှ ရှိသနည်း၊ အလွှာ အဘယ်မျှ ရှိသနည်း၊ မူလ အဘယ်မျှ ရှိသနည်း။

ဖြေ - ပဋိစ္စသမုပ္ပါဒ်၌ အင်္ဂါ ၁၂-ပါး၊ ကာလ ၃-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၂၀၊ အစပ် ၃-ပါး၊ အလွှာ ၄-ပါး၊ မူလ ၂-ပါး ရှိပါသည်။

(၂) မေး - အင်္ဂါ ၁၂-ပါးကို ရေပြပါ။
ဖြေ - အင်္ဂါ ၁၂-ပါးမှာ အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝ၊ ဇာတိ၊ ဇရာ-မရဏ တို့ ဖြစ်ပါသည်။

မေး - ကာလသုံးပါး ရေပြပါ။
ဖြေ - ကာလသုံးပါးမှာ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဟူ၍ သုံးပါး ဖြစ်ပါသည်။

မေး - အတိတ်ကာလ အင်္ဂါ ၂-ပါးကို ရေပြပါ။
ဖြေ - အတိတ်ကာလ အင်္ဂါ ၂-ပါးမှာ အဝိဇ္ဇာနှင့် သင်္ခါရတို့ ဖြစ်ပါသည်။

မေး - အနာဂတ်ကာလ အင်္ဂါ ၂-ပါး ရေပြပါ။
ဖြေ - အနာဂတ်ကာလ အင်္ဂါ ၂-ပါးမှာ ဇာတိနှင့် ဇရာ-မရဏတို့ ဖြစ်ပါသည်။

မေး - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါး ရေပြပါ။
ဖြေ - ပစ္စုပ္ပန်ကာလ အင်္ဂါ ၈-ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝဋ်သုံးပါး ရေပြပါ။
ဖြေ - ဝဋ်သုံးပါးမှာ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်တို့ ဖြစ်ပါသည်။

မေး - ကိလေသဝဋ်သုံးပါး ရေပြပါ။
ဖြေ - ကိလေသဝဋ်သုံးပါးမှာ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်တို့ ဖြစ်ပါသည်။

မေး - ကမ္မဝဋ်နှစ်ပါး ရေပြပါ။
ဖြေ - ကမ္မဝဋ်နှစ်ပါးမှာ သင်္ခါရနှင့် ကမ္မဘဝတို့ ဖြစ်ပါသည်။

မေး - ဝိပါကဝဋ်ရှစ်ပါး ရေပြပါ။
ဖြေ - ဝိပါကဝဋ်ရှစ်ပါးမှာ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ ဥပပတ္တိဘဝ၊ ဇာတိ၊ ဇရာ-မရဏတို့ ဖြစ်ပါသည်။

(၃) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ်ကို ယူရသနည်း။ တဏှာ, ဥပါဒါန်, ဘဝကိုယူလျှင် အဘယ်ကို ယူရသနည်း။ ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကို ယူခြင်း ဖြစ်သနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် လွန်လေပြီးသော အတိတ်အကြောင်းကို ယူရ၏။ တဏှာ, ဥပါဒါန်, ဘဝကို ယူလျှင် ယခုဖြစ်ဆဲ ပစ္စုပ္ပန်အကြောင်းကို ယူရ၏။ ဇာတိ, ဇရာမရဏကို ယူလျှင် နောင်ဖြစ်လတံ့ အနာဂတ်အကျိုးကို ယူခြင်း ဖြစ်၏။

(၄) မေး - ခြင်းရာနှစ်ဆယ်ကို ရေပြပါ။
ဖြေ - ခြင်းရာနှစ်ဆယ်မှာ အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကျိုးငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါး၊ အနာဂတ်အကျိုးငါးပါး ဖြစ်ပါသည်။

(၅) မေး - အစပ်သုံးပါး ရေပြပါ။
ဖြေ - အစပ်သုံးပါးမှာ သင်္ခါရနှင့်ဝိညာဏ်အကြား တစ်စပ်၊ ဝေဒနာနှင့်တဏှာအကြား တစ်စပ်၊ ဘဝနှင့်ဇာတိအကြား တစ်စပ်တို့ ဖြစ်ပါသည်။

(၆) မေး - အဝိဇ္ဇာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - အဝိဇ္ဇာမူလသည် ဝေဒနာအထိ ဆောင်ပါသည်။

(၇) မေး - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း။
ဖြေ - အဝိဇ္ဇာမူလဆောင်ရာ၌ အင်္ဂါ ၇-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။

(၈) မေး - တဏှာမူလသည် အဘယ်အထိ ဆောင်သနည်း။
ဖြေ - တဏှာမူလသည် ဇရာမရဏအထိ ဆောင်ပါသည်။

(၉) မေး - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ, ကာလ, ဝဋ်, ခြင်းရာ, အစပ်, အလွှာ, မူလ အဘယ်မျှ ရှိသနည်း
ဖြေ - တဏှာမူလ ဆောင်ရာ၌ အင်္ဂါ ၅-ပါး၊ ကာလ ၂-ပါး၊ ဝဋ် ၃-ပါး၊ ခြင်းရာ ၁၀-ပါး၊ အစပ် တစ်ပါး၊ အလွှာ ၂-ပါး၊ မူလ တစ်ပါး ရှိပါသည်။

+++++

အားထုတ်၍ လေ့လာရန် မေးခွန်းများ

(၁) မေး - ဇရာ-မရဏသည် အင်္ဂါတစ်ပါးဟု ဆို၏။ နှစ်ပါး မဟုတ်လော၊ အဘယ့်ကြောင့် တစ်ပါးဟု ဆိုသနည်း။
ဖြေ - ဇရာ-မရဏသည် မိမိသဘောအားဖြင့် ရင့်ခြင်းနှင့် ပျက်ခြင်း နှစ်ပါး ဖြစ်ပါသည်။ သို့ရာတွင် အင်္ဂါအားဖြင့် တပေါင်းတည်း ပြု၍ ဟောပါသည်။ ထို့ကြောင့် အင်္ဂါတစ်ပါးဟု ဆိုရပါသည်။

(၂) မေး - ‘ကိ-သုံး’၊ ‘ကံ-နှစ်’၊ ‘ဝိပါက်-ရှစ်’ကို ဆယ့်နှစ်ဖြစ်အောင် ပေါင်းပြပါ။
ဖြေ - ‘ကိ-သုံး’ဟူသည် ကိလေသဝဋ် သုံးပါးဖြစ်၍ သုံးပါးလုံး ကျပ်ပြည့် ဖြစ်ပါသည်။ ‘ကံ-နှစ်’ကား ကမ္မဝဋ်နှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ တစ်ပါးခွဲသာ ရှိပါသည်။ (ဝါ) တစ်ကျပ်ခွဲသာ ရှိပါသည်။ ‘ဝိပါက်-ရှစ်’ကား ဝိပါကဝဋ်ရှစ်ပါး ကျပ်ပြည့် မဟုတ်ပါ။ ခုနစ်ပါးခွဲ (ဝါ) ခုနစ်ကျပ်ခွဲသာ ရှိပါသည်။ ထို့ကြောင့် ကိလေသဝဋ်သုံးကျပ်၊ ကမ္မဝဋ်တစ်ကျပ်ခွဲ၊ ဝိပါကဝဋ်ခုနစ်ကျပ်ခွဲ ဖြစ်၍ ပေါင်း ၁၂-ကျပ် (ဝါ) ၁၂-ပါး ဖြစ်ပါသည်။

(၃) မေး - ကမ္မဘဝနှင့် ဥပပတ္တိဘဝ ထူးပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် အကြောင်းကမ္မဝဋ်၊ ဥပပတ္တိဘဝသည် အကျိုးဝိပါကဝဋ်။ ဤသို့ အကြောင်း-အကျိုး ထူးပါသည်။

(၄) မေး - ဘဝနှစ်ပါး ကြောင်းကျိုးထူးပုံ သိသာအောင် ဖော်ပြပါ။
ဖြေ - ကမ္မဘဝသည် ယခုဘဝအားထုတ်သော ကံဖြစ်၍ နောက်ဘဝပဋိသန္ဓေကို ဖြစ်စေ၏။ ဥပပတ္တိဘဝသည် ထိုအကြောင်းကံကြောင့် နောက်ဘဝ၌ အကျိုးပဋိသန္ဓေနာမ်ရုပ်ဖြစ်၍ ဖြစ်၏။ ဤသို့ ဖြစ်စေသော ကံနှင့် ဖြစ်သော အကျိုးဟု ထူးပါသည်။

(၅) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် အဘယ့်ကြောင့် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသနည်း။
ဖြေ - အဝိဇ္ဇာ, သင်္ခါရနှင့် တဏှာ, ဥပါဒါန်, ဘဝသည် အတူဖြစ်ဖက် ဖြစ်သောကြောင့် ယူရပါသည်။ တနည်းကား - ကိလေသာချင်းတူ, ကံချင်းတူသောကြောင့် တစ်ခုကို ယူလျှင် တစ်ခုကိုလည်း ယူရပါသည်။

(၆) မေး - ကိလေသာချင်း တူပုံကို ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာလည်း ကိလေသာ၊ တဏှာ, ဥပါဒါန်လည်း ကိလေသာ၊ ကိလေသာချင်း အတူတူ ကိလေသဝဋ်သုံးပါး ဖြစ်ပါသည်။

(၇) မေး - ကံချင်း တူပုံကို ဖော်ပြပါ။
ဖြေ - သင်္ခါရလည်း ကံ၊ ကမ္မဘဝလည်း ကံ၊ ကံချင်းအတူတူ ကမ္မဝဋ်နှစ်ပါး ဖြစ်ပါသည်။

(၈) မေး - ဇာတိ, ဇရာမရဏကို ယူလျှင် အဘယ်ကြောင့် ဝိညာဏ်စသော ငါးပါးကို ယူခြင်း ဖြစ်သနည်း။
ဖြေ - ဂုဏ်နှင့်ဒြပ်ဖြစ်၍ ခွဲ၍ မရပါ။ တနည်းကား-ဌာနီနှင့် ဌာနဖြစ်၍ ခွဲ၍ မရပါ။ တနည်း-ဝိပါက်ချင်း တူ၍ ခွဲ၍ မရပါ။ ထိုသို့ ခွဲ၍ မရသောကြောင့် ယူခြင်း ဖြစ်ပါသည်။

(၉) မေး - ဂုဏ်နှင့်ဒြပ် ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၏ ဂုဏ်ဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိဂုဏ်, ဇရာမရဏဂုဏ်နှစ်ပါး၏ တည်ရာဒြပ် ဖြစ်ပါသည်။

(၁၀) မေး - ဌာနီနှင့် ဌာနဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဇာတိ, ဇရာမရဏသည် ဝိညာဏ်စသော ငါးပါး၌ တည်တတ်သော ဌာနီဖြစ်ပါသည်။ ဝိညာဏ်စသော ငါးပါးသည် ဇာတိ, ဇရာမရဏ၏ တည်ရာဌာန ဖြစ်ပါသည်။

(၁၁) မေး - ဝိပါက်ချင်း တူပုံမျှ ဖော်ပြပါ။
ဖြေ - ဝိညာဏ်စသော ငါးပါးလည်း ဝိပါက်၊ ဇာတိ, ဇရာမရဏလည်း ဝိပါက်၊ ဝိပါက်ချင်း အတူတူ ဝိပါကဝဋ်ရှစ်ပါး၌ ပါဝင်ပါသည်။

(၁၂) မေး - ဘဝနှစ်ပါးတို့တွင် ကမ္မဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ကမ္မဘဝကို အတိတ်အကြောင်း၊ ပစ္စုပ္ပန်အကြောင်းတို့၌ တိုက်ရိုက် ယူပါသည်။

(၁၃) မေး - ဥပပတ္တိဘဝကို အဘယ်ခြင်းရာ၌ တိုက်ရိုက် ယူသနည်း။
ဖြေ - ဥပပတ္တိဘဝကို အဘယ်ခြင်းရာမှာမှ တိုက်ရိုက် မယူပါ။ အနာဂတ်အကျိုး ဇာတိ၌သာ ပါဝင်ပါသည်။

(၁၄) မေး - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - သင်္ခါရနှင့် ဝိညာဏ်အကြားသည် အတိတ်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကြောင်းနှင့် အကျိုး စပ်သည်၊ အတိတ်အကြောင်းနှင့် ပစ္စုပ္ပန်အကျိုး စပ်သည်၊ သုံးနည်း။

(၁၅) မေး - ဝေဒနာနှင့် တဏှာအကြားသည် အဘယ်နှင့် အဘယ် စပ်သည်ဟု သုံးနည်းလောက် စပ်ပြပါ။
ဖြေ - ဝေဒနာနှင့် တဏှာအကြားသည် ပစ္စုပ္ပန်နှင့် ပစ္စုပ္ပန် စပ်သည်၊ အကျိုးနှင့် အကြောင်း စပ်သည်၊ ပစ္စုပ္ပန်အကျိုးနှင့် ပစ္စုပ္ပန်အကြောင်း စပ်သည်၊ သုံးနည်း။

(၁၆) မေး - အလွှာလေးပါးတို့တွင် ပဌမအလွှာကို နှစ်ပါးဟူ၍လည်းကောင်း၊ ငါးပါးဟူ၍လည်းကောင်း နှစ်နည်းဆိုသည်။ အဘယ်ပုံ ယူသနည်း။
ဖြေ - ပဌမအလွှာကို အင်္ဂါ ၁၂-ပါးအားဖြင့် ယူလျှင် နှစ်ပါး၊ ခြင်းရာ ၂၀ အားဖြင့် ယူလျှင် ငါးပါးဟု ဆိုရပါသည်။

(၁၇) မေး - အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝလည်း ပုန်းလျက် အနီး၌ ရှိပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ကျပ်ပြား၌ ခေါင်းကို မြင်ရလျှင် တစ်ဘက်၌ မမြင်ရသော်လည်း ပန်းရှိသည်ဟူ၍လည်းကောင်း၊ ပန်းကို မြင်ရလျှင်လည်း တစ်ဘက်၌ ခေါင်းရှိသည်ဟူ၍လည်းကောင်း ရိပ်မိရပါသည်။ ထို့အတူ အဝိဇ္ဇာ, သင်္ခါရကို မြင်ရလျှင် အတူဖြစ်ဖက် တဏှာ, ဥပါဒါန်, ဘဝကိုလည်း အနီး၌ ပုန်းနေသည်ဟု ရိပ်မိရပါသည်။

(၁၈) မေး - ဇာတိ, ဇရာမရဏဟူသော ဂုဏ်နှစ်ပါးကို ယူလျှင် ဝိညာဏ် စသော ဒြဗ်ငါးပါးကိုလည်း ယူခြင်းသာ ဖြစ်၏။ ငါးပါးဟု ဆို၏။ ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါးကို ပေါင်းလျှင် ခုနစ်ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ငါးပါးဖြစ်သနည်း။
ဖြေ - ဂုဏ်အင်္ဂါနှစ်ပါးနှင့် ဒြဗ်အင်္ဂါငါးပါးကို ပေါင်းလျှင် အင်္ဂါအရေအတွက်အားဖြင့်သာ ခုနစ်ပါး ဖြစ်ပါသည်။ ဒြဗ်အားဖြင့်ကား ငါးပါးသာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့်ကား နှစ်ပါးသာ ဖြစ်ပါသည်။ သည်နေရာမှာ ဒြဗ်ကို ရည်၍ ငါးပါးဖြစ်ပါသည်။

(၁၉) မေး - ဂုဏ်နှစ်ပါးနှင့် ဒြဗ်ငါးပါး ပေါင်းရာ၌ ၇-ပါးဖြစ်ပုံ၊ ၅-ပါးဖြစ်ပုံ၊ ၂-ပါးဖြစ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ဖြူဖြူ, ဝဝ ဂုဏ်နှစ်ပါးရှိသော လူငါးယောက်ဟု ဆိုရာ၌ ဂုဏ်,ဒြဗ်ကို မငဲ့ဘဲ ‘နှစ်’သင်္ချာနှင့် ‘ငါး’သင်္ချာ ပေါင်းလျှင်သာ ‘၇’ ဖြစ်ပါသည်။ လူအရေအတွက်ကား ၅-ယောက်သာ ဖြစ်ပါသည်။ ဂုဏ်အားဖြင့် ‘ဖြူဖြူ’ ‘ဝဝ’ ဂုဏ်နှစ်ပါးသာ ဖြစ်ပါသည်။ ထို့အတူ ဖြစ်ခြင်းဂုဏ်၊ ရင့်၍ပျက်ခြင်း ဂုဏ်နှစ်ပါးရှိသော ဝိညာဏ်စသော ဒြဗ်ငါးပါး၌လည်း သင်္ချာသာ ၇-ခု၊ ဒြဗ်ကား ၅-ယောက်၊ ဂုဏ်ကား နှစ်ပါးသာ ဖြစ်ပါသည်။

(၂၀) မေး - ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရသည်၊ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရသည်ဟု ဆိုရာ၌ ဥပမာဆောင်ပြပါ။
ဖြေ - အညှာရှိသော သစ်သီး၌ အညှာကို ယူလျှင် သစ်သီးကိုလည်း ရပါသည်။ သစ်သီးကို ယူလျှင် အညှာကိုလည်း ရပါသည်။ ထို့အတူ ဂုဏ်နှစ်ပါးရှိသော ဒြဗ်ငါးပါး၌ ဂုဏ်ကို ယူလျှင် ဒြဗ်ကိုလည်း ရပါသည်။ ဒြဗ်ကို ယူလျှင် ဂုဏ်ကိုလည်း ရပါသည်။ [ဖြူဖြူ, ဝဝတို့ လာကြဟု ခေါ်လျှင် ငါးယောက် လာကြပါသည်။ ငါးယောက်လာကြဟု ခေါ်လျှင် ဖြူဖြူ, ဝဝတို့ လာကြပါသည်။ ထို့အတူ ဟူ၍လည်း ဖြေအပ်၏။]

(၂၁) မေး - အဝိဇ္ဇာ, သင်္ခါရကို ယူလျှင် တဏှာ, ဥပါဒါန်, ဘဝကိုလည်း ယူရသည်။ ငါးပါးဟု ဆိုရာ၌ အဘယ့်ကြောင့် ငါးပါးဖြစ်သနည်း။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ပြီလော။
ဖြေ - အဝိဇ္ဇာ, သင်္ခါရကာ ဒြဗ်နှစ်ပါး။ တဏှာ, ဥပါဒါန်, ဘဝကား ဒြဗ်သုံးပါး။ ဤသို့ ဒြဗ်နှစ်ပါးနှင့် ဒြဗ်သုံးပါး ဖြစ်၍ ဖြစ်ချင်းပေါင်းသောကြောင့် ဒြဗ်ငါးပါး ဖြစ်ပါသည်။ နှစ်ပါး, သုံးပါး တစ်ခုခု မဖြစ်ကောင်းပါ။

(၂၂) မေး - ဝဋ်သုံးပါးကို အကြောင်းဝဋ် အကျိုးဝဋ် ခွဲပြပါ။
ဖြေ - ကိလေသဝဋ်, ကမ္မဝဋ်သည် အကြောင်းဝဋ်၊ ဝိပါကဝဋ်သည် အကျိုးဝဋ်ဖြစ်ပါသည်။

(၂၃) မေး - အကြောင်းဝဋ်အဘယ်မျှ အကျိုးဝဋ်အဘယ်မျှ ရှိသနည်း။
ဖြေ - အတိတ်အကြောင်းငါးပါး၊ ပစ္စုပ္ပန်အကြောင်းငါးပါးအားဖြင့် အကြောင်းဝဋ်ဆယ်ပါး ရှိပါသည်။ ပစ္စုပ္ပန်အကျိုးငါးပါး၊ အနာဂတ်အကျိုးငါးပါးအားဖြင့် အကျိုးဝဋ်ဆယ်ပါး ရှိပါသည်။

(၂၄) မေး - သတ္တဝါတို့အား ရှေးဘဝ နောက်ဘဝရှိပုံကို အဘယ်ကို ထောက်ဆ၍ သိနိုင်သနည်း။
ဖြေ - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက် နှစ်ပါးကို ထောက်ဆ၍ သိနိုင်ပါသည်။

(၂၅) မေး - ပုဗ္ဗန္တဘဝစက်၊ အပရန္တဘဝစက်ဟူသော စကား၏ အဓိပ္ပာယ်ကို ရှင်းပြပါ။
ဖြေ - ရှေးအစွန်း ရှေးအစ ရှေးဘဝမှ လည်လာသော စက်ဝိုင်းသည် ပုဗ္ဗန္တဘဝစက် မည်၏။ နောက်အစွန်း နောက်အစ နောက်ဘဝသို့ လည်သွားသော စက်ဝိုင်းသည် အပရန္တဘဝစက် မည်၏။

(၂၆) မေး - အဝိဇ္ဇာကို အဘယ့်ကြောင့် အစစွာ ဟောသနည်း။
ဖြေ - ပဓာနခေါင်းဆောင်ကြီး ဖြစ်သောကြောင့် အဝိဇ္ဇာကို အစစွာ ဟောပါသည်။

(၂၇) မေး - ပဓာနခေါင်းဆောင်ကြီးဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာသည် ဒုဂ္ဂတိဘဝသို့ ရောက်ကြောင်း အကုသိုလ်ကံ၏ ခေါင်းဆောင်၊ တဏှာသည် သုဂတိဘဝသို့ ရောက်ကြောင်း ကုသိုလ်ကံ၏ ခေါင်းဆောင် အသီးသီးဖြစ်လျက် အဝိဇ္ဇာသည် တဏှာ၏ ဖြစ်ကြောင်း ခေါင်းဆောင်လည်း ဖြစ်သေးသည်။ ဤသို့ အဝိဇ္ဇာသည် ပဓာနခေါင်းဆောင်ကြီး ဖြစ်ပါသည်။

(၂၈) မေး - နက်ယောင်ပြင်းထန် နက်နဲမှန်ပုံကို ရေလေးမျိုးဖြင့် ရှင်းပြပါ။
ဖြေ - ဖက်ပုပ်အိုင်ရေသည် တိမ်သော်လည်း နက်ယောင် ထင်သည်။ ကြည်လင်သော စမ်းအိုင်ရေသည် နက်သော်လည်း တိမ်ယောင် ထင်သည်။ အိုးခွက်၌ ရေသည် တိမ်လျက် တိမ်ယောင် ထင်သည်။ သမုဒ္ဒရာရေသည် နက်လျက် နက်ယောင် ထင်သည်။ ဤသို့ ရေလေးမျိုး ရှိ၏။ ပဋိစ္စသမုပ္ပါဒ်ကား နက်လျက် နက်ယောင် ထင်သည်။ တစ်မျိုးတည်းသာ ရှိသည်။ လေးမျိုး မရကောင်းပါ။

(၂၉) မေး - ရှစ်ဌာန၌ တွေဝေသော မောဟဟုဆိုရာ၌ ရှစ်ဌာနကို ရေပြပါ။
ဖြေ - ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်၊ ဤကား တွေဝေရာ ရှစ်ဌာနဖြစ်ပါသည်။

(၃၀) မေး - ဒုက္ခသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ၃၁-ဘုံ ခန္ဓာ နာမ် ရုပ် ဒုက္ခကို သုခဟု မှတ်ထင်ခြင်းသည် ဒုက္ခသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၁) မေး - သမုဒယသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခ နာမ်ရုပ်ဖြစ်ကြောင်း တဏှာဟူသော လောဘကို သုခဖြစ်ကြောင်းဟု မှတ်ထင်ခြင်းသည် သမုဒယသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၂) မေး - နိရောဓသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ဒုက္ခမကင်းသော ဘုံဘဝတစ်ခုခုကို ဒုက္ခကင်းရာ နိဗ္ဗာန်ဟု မှတ်ထင်ခြင်းသည် နိရောဓသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၃) မေး - မဂ္ဂသစ္စာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မဂ္ဂင်ရှစ်ပါးမှ တပါးသော အကျင့်ကို နိဗ္ဗာန်ရောက်ကြောင်း အကျင့်ဟု မှတ်ထင်ခြင်းသည် မဂ္ဂသစ္စာ၌ တွေဝေခြင်း မည်ပါသည်။

(၃၄) မေး - ပုဗ္ဗန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်းဖြစ်သော အတိတ်ဘဝ အတိတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၅) မေး - အပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ နောက်အစွန်းဖြစ်သော အနာဂတ်ဘဝ အနာဂတ်ခန္ဓာရှိသည်ဟု မသိခြင်းသည် အပရန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၆) မေး - ပုဗ္ဗန္တာပရန္တ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - သံသရာ၏ ရှေးအစွန်း အတိတ်ဘဝ ခန္ဓာကိုလည်းကောင်း၊ နောက်အစွန်း အနာဂတ်ဘဝ ခန္ဓာကိုလည်းကောင်း နှစ်ခုလုံး၌ ရှိသည်ဟု မသိခြင်းသည် ပုဗ္ဗန္တာပရန္တ၌ တွေဝေခြင်း မည်ပါသည်။

(၃၇) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် သင်္ခါရသာ ဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ်သာ ဖြစ်သည်၊ ဤသို့ စသည်ဖြင့် ဝဋ်ဒုက္ခသက်သက် ကြောင်းကျိုးဆက်၍ ဖြစ်သည်ကို ငါဖြစ်သည်၊ သူဖြစ်သည်၊ သူ့ကြောင့် ဖြစ်သည်၊ ငါ့ကြောင့် ဖြစ်သည်၊ ချမ်းသာသည်၊ အစိုးရသည်၊ ငါ့ကိုယ်ငါ့ဟာ ဖြစ်သည်၊ အကြောင်းမရှိ အလိုလိုဖြစ်သည်၊ အလိုလို ပြတ်သည် စသည်ဖြင့် မှတ်ထင်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်၌ တွေဝေခြင်း မည်ပါသည်။

(၃ဂ) မေး - ငါးဌာန၌ တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု အဋ္ဌကထာ ဆိုသည်။ ထိုငါးဌာန ရေပြပါ။
ဖြေ - စုတိ၊ ပဋိသန္ဓေ၊ သံသရာ၊ သင်္ခတလက္ခဏာ၊ ပဋိစ္စသမုပ္ပါဒ၊ ဤကား ငါးဌာန ဖြစ်ပါသည်။

(၃၉) မေး - စုတိ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ပျက်ခြင်းသည် မရဏ မည်၏။ စုတိ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါသေသည်၊ ငါ့သား ငါ့သမီး သေသည်ဟု လွန်ကဲ၍ သိခြင်းသည် စုတိ၌ တွေဝေခြင်း မည်ပါသည်။

(၄၀) မေး - ပဋိသန္ဓေ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ရုပ်နာမ်တို့၏ အကြောင်းအားလျော်စွာ ဖြစ်ခြင်းသည် ဇာတိ မည်၏။ ပဋိသန္ဓေ မည်၏။ ဤအနေမျှ သိရမည်ကို သတ္တဝါ မွေးဖွား၏။ ငါ့မှာ သားသမီးဖြစ်၏ဟု လွန်၍ ကဲ၍ သိခြင်းသည် ပဋိသန္ဓေ၌ တွေဝေခြင်း မည်ပါသည်။

(၄၁) မေး - သံသရာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - ခန္ဓာ, အာယတန, ဓာတ်တို့၏ ကြောင်းကျိုးဆက်စပ် မပြတ်ဖြစ်ခြင်းသည် သံသရာ မည်၏။ ဤအနေမျှ သိရမည်ကို သူသူငါငါ သတ္တဝါအပေါင်းသည် တစ်ဘဝမှ တစ်ဘဝသို့ သွား၏၊ လာ၏၊ ကူးပြောင်း၏ စသည်ဖြင့် လွန်၍ ကဲ၍ သိခြင်းသည် သံသရာ၌ တွေဝေခြင်း မည်ပါသည်။

(၄၂) မေး - သင်္ခတလက္ခဏာ၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - စိတ်ဟူသော သင်္ခတတရားသည် သိခြင်း လက္ခဏာ ရှိ၏။ စေတသိက်ဟူသော သင်္ခတတရားသည် ထိခြင်း ခံစားခြင်း စသော လက္ခဏာ ရှိ၏။ ရုပ်ဟူသော သင်္ခတတရားသည် ကြမ်းတမ်းခြင်း, ယိုစီးခြင်း, ပူအေးခြင်း, ထောက်ပံ့ခြင်း စသော လက္ခဏာ ရှိ၏။ ဤကား သဘာဝလက္ခဏာ မည်၏။ စိတ်, စေတသိက်, ရုပ်ဟူသော သင်္ခတတရား သုံးပါးလုံးသည် အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရှိ၏။ ဤကား သာမညလက္ခဏာ မည်၏။ ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာ နှစ်ပါးကို မသိဘဲ ငါ့ကိုယ်ဖြစ်၏၊ ငါ့ဟာဖြစ်၏၊ ငါဖြစ်၏၊ မြဲ၏၊ တင့်တယ်၏ စသည်ဖြင့် လွန်ကဲ၍ သိခြင်းသည် သင်္ခတလက္ခဏာ၌ တွေဝေခြင်း မည်ပါသည်။

(၄၃) မေး - ပဋိစ္စသမုပ္ပါဒ်၌ တွေဝေပုံ ဖော်ပြပါ။
ဖြေ - မေးခွန်း-၃၇ အဖြေ၌ ဖော်ပြပြီး ဖြစ်၏။

(၄၄) မေး - ငါးဌာန တွေဝေသူသည် သင်္ခါရသုံးပါးကို ပြုသည်ဟု ဆိုရာ၌ ပြုပုံကို ဥပမာဆောင်ပြပါ။
ဖြေ - ခရီးညွှန်ကင်း အလင်းမရ မျက်မမြင် ဒုက္ခိတသည် လမ်းကောင်း လမ်းဆိုး အရမ်းတိုး၏။ ထို့အတူ ငါးဌာနတွေဝေသူသည် ကုသိုလ် အကုသိုလ် အရမ်းတိုး၍ ပုညာဘိသင်္ခါရစသော သင်္ခါရသုံးပါးကို ပြုပါသည်။

(၄၅) မေး - အဘယ်အခါ၌ ထိုမျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်မည်နည်း။
ဖြေ - သစ္စာလေးပါးသိသောအခါ၌ အဝိဇ္ဇာအမြစ်ပြတ်၍ မျက်မမြင် ဒုက္ခိတအဖြစ်မျိုးမှ လွတ်နိုင်ပါသည်။

(၄၆) မေး - သင်္ခါရသုံးမျိုး စုံလင်အောင် ခွဲပြပါ။
ဖြေ - ကာမကုသိုလ် စေတနာရှစ်ခု၊ ရူပကုသိုလ် စေတနာငါးခုသည် ပုညာဘိသင်္ခါရ ၁၃-ခု မည်ပါသည်။ အကုသိုလ် စေတနာ ၁၂-ခုသည် အပုညာဘိသင်္ခါရ ၁၂-ခု မည်ပါသည်။ အရူပကုသိုလ် စေတနာလေးခုသည် အာနေဉ္ဇာဘိသင်္ခါရ ၄-ခု မည်ပါသည်။ တနည်းကား - ကာမကုသိုလ်, အကုသိုလ် စေတနာ ၂၀ သည် ကာယဒွါရ၌ ဖြစ်သောအခါ ကာယသင်္ခါရ ၂၀ မည်ပါသည်။ ထို ၂၀ သည် ဝစီဒွါရ၌ ဖြစ်သောအခါ ဝစီသင်္ခါရ ၂၀ မည်ပါသည်။ လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုလုံးသည် မနောဒွါရ၌ ဖြစ်သောအခါ စိတ္တသင်္ခါရ ၂၉-ခု မည်ပါသည်။

(၄၇) မေး - လောကီဝိပါက် ၃၂-ခုကို သိသာရုံ ရေပြပါ။
ဖြေ - အကုသလဝိပါက် ၇-ခု၊ ကာမကုသလဝိပါက် ၁၆-ခု၊ (ဝါ) အဟိတ်ရှစ်, သဟိတ်ရှစ်, ပေါင်း ၁၆-ခု၊ ရူပဝိပါက် ၅-ခု၊ အရူပဝိပါက် ၄-ခု၊ ဤသို့ လောကီဝိပါက် ၃၂-ခု ဖြစ်ပါသည်။

(၄၈) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဋိသန္ဓေဝိညာဏ် ၁၉-ခု ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - ဥဒ္ဓစ္စကြဉ်သော အကုသိုလ်စေတနာ ၁၁-ခုကြောင့် အပါယ် ၄-ဘုံ၌ ဒုဂ္ဂတိအဟိတ် ပဋိသန္ဓေတစ်ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် ကာမသုဂတိ ခုနစ်ဘုံ၌ သုဂတိအဟိတ် ပဋိသန္ဓေတစ်ခု, ဒွိဟိတ် ပဋိသန္ဓေ လေးခု, တိဟိတ် ပဋိသန္ဓေ လေးခု, ပေါင်း ၉-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် အသညသတ်ကြဉ်သော ရူပ ၁၅-ဘုံ၌ ရူပပဋိသန္ဓေ ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပ ၄-ဘုံ၌ အရူပပဋိသန္ဓေ ၄-ခု ဖြစ်ပါသည်။

(၄၉) မေး - သင်္ခါရကြောင့် ဝိညာဏ်ဖြစ်ရာ၌ ပဝတ္တိဝိညာဏ် ၃၂-ခုမျှ ဖြစ်ပုံ တွဲပြပါ။
ဖြေ - အကုသိုလ်စေတနာ ၁၂-ခုကြောင့် အကုသလဝိပါက် ၇-ခု ဖြစ်ပါသည်။ ကာမကုသိုလ်စေတနာ ၈-ခုကြောင့် အဟိတ် ၈, သဟိတ် ၈ အားဖြင့် ကာမကုသလဝိပါက် ၁၆-ခု ဖြစ်ပါသည်။ ရူပကုသိုလ်စေတနာ ၅-ခုကြောင့် ရူပဝိပါက် ၅-ခု ဖြစ်ပါသည်။ အရူပကုသိုလ် စေတနာ ၄-ခုကြောင့် အရူပဝိပါက် ၄-ခု ဖြစ်ပါသည်။

(၅၀) မေး - ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပဝိပါက် ဝိညာဏ် ၄-ခုကြောင့် အရူပ ၄-ဘုံ၌ နာမ်သာ ဖြစ်ပါသည်။ ရှေးကာမဘုံက ပြုခဲ့သော ရူပပဉ္စမဈာန်ကုသိုလ်ကံ ဝိညာဏ်တစ်ခုကြောင့် အသညသတ်တစ်ဘုံ၌ ရုပ်သာ ဖြစ်ပါသည်။ ကြွင်းသော ပဋိသန္ဓေဝိညာစ် ၁၅-ခု, ပဝတ္တိဝိညာဏ် ၂၀-ခုကြောင့် ကြွင်း ၂၆-ဘုံ၌ နာမ်နှင့်ရုပ် ဖြစ်ပါသည်။

(၅၁) မေး - နာမ်ရုပ်ကြောင့် သဠာယတနဖြစ်ပုံ ဘုံနှင့် တွဲပြပါ။
ဖြေ - အရူပ ၄-ဘုံ၌ နာမ်ကြောင့် မနာယတနတစ်ပါးသာ ဖြစ်ပါသည်။ အသညသတ်တစ်ဘုံ၌ ရုပ်ကြောင့် အာယတနတစ်ပါးမျှ မဖြစ်ပါ။ ကြွင်း ရူပ ၁၅-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, မနာယတန သုံးပါးသာ ဖြစ်ပါသည်။ ကာမ ၁၁-ဘုံ၌ နာမ်ရုပ်ကြောင့် စက္ခာယတန, သောတာယတန, ဃာနာယတန, ဇိဝှါယတန, ကာယာယတန, မနာယတနဟု ၆-ပါး ဖြစ်ပါသည်။

(၅၂) မေး - အာယတန ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဖဿ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ၊ ဃာနသမ္ဖဿ၊ ဇိဝှါသမ္ဖဿ၊ ကာယသမ္ဖဿ၊ မနောသမ္ဖဿ၊ ဤကား အစဉ်အတိုင်း ဖဿ ၆-ပါး ဖြစ်ပါသည်။

(၅၃) မေး - ဖဿ ၆-ပါးကြောင့် အစဉ်အတိုင်းဖြစ်သော ဝေဒနာ ၆-ပါး ရေပြပါ။
ဖြေ - စက္ခုသမ္ဖဿဇာဝေဒနာ၊ သောတသမ္ဖဿဇာဝေဒနာ၊ ဃာနသမ္ဖဿဇာဝေဒနာ၊ ဇိဝှါသမ္ဖဿဇာဝေဒနာ၊ ကာယသမ္ဖဿဇာဝေဒနာ၊ မနောသမ္ဖဿဇာဝေဒနာ၊ ဤကား အစဉ်အတိုင်း ဝေဒနာ ၆-ပါး ဖြစ်ပါသည်။

(၅၄) မေး - ဝေဒနာ ၆-ပါးကြောင့် စဉ်တိုင်းဖြစ်သော တဏှာ ၆-ပါး ရေပြပါ။
ဖြေ - ရူပတဏှာ၊ သဒ္ဒတဏှာ၊ ဂန္ဓတဏှာ၊ ရသတဏှာ၊ ဖောဋ္ဌဗ္ဗတဏှာ၊ ဓမ္မတဏှာ၊ ဤကား စဉ်တိုင်း တဏှာ ၆-ပါး ဖြစ်ပါသည်။

(၅၅) မေး - ဖဿကြောင့် ဝေဒနာသုံးပါး ဖြစ်ပုံကို ခွဲပြပါ။
ဖြေ - ဣဋ္ဌာရုံ ဖဿအကောင်းစား တွေ့ထိလျှင် ကိုယ်စိတ်ချမ်းသာသော သုခဝေဒနာ ဖြစ်ပါသည်။ အနိဋ္ဌာရုံ ဖဿအညံ့စား တွေ့ထိလျှင် ကိုယ်စိတ်ဆင်းရဲသော ဒုက္ခဝေဒနာ ဖြစ်ပါသည်။ မဇ္ဈတ္တာရုံ ဖဿအလတ်စား တွေ့ထိလျှင် လျစ်လျူရှုသော ဥပေက္ခာဝေဒနာ ဖြစ်ပါသည်။

(၅၆) မေး - ဝေဒနာကြောင့် တဏှာဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - သုခဝေဒနာ-ချမ်းသာစွာ ခံစားရလျှင် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဥပေက္ခာဝေဒနာ-လျစ်လျူရှုကာ ခံစားရလျှင် အညံ့မဟုတ်သောကြောင့် အဖန်ဖန် ခံစားလိုသော တဏှာဖြစ်ပါသည်။ ဒုက္ခဝေဒနာ-ဆင်းရဲစွာ ခံစားရလျှင်ကား ဘယ်အခါ အာရုံကောင်းကောင်း ခံစားရပါအံ့နည်းဟု လှမ်း၍ တောင့်တသော တဏှာဖြစ်ပါသည်။

(၅၇) မေး - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ ခံစားနိုင်သလား။
ဖြေ - အနိဋ္ဌာရုံ အာရုံဆိုးဆိုးကို ဒုက္ခဝေဒနာဖြင့် ခံစားရသောအခါ မကျေနိုင် မချမ်းနိုင်၊ ငါ့ကို သင်းတို့ မကောင်းကြံကြတယ်၊ သေခမ်းရှင်ခမ်း ဖြတ်မယ်၊ မကျေဘူးဟဲ့ စသည်ဖြင့် တစ်သက်လုံး မထွေးနိုင် မစွန့်နိုင် မြိန်ရှက်စွာ သေသည်အထိ ခံစားကြတာ လောကမှာ ထင်ရှားပါသည်။

(၅၈) မေး - ဝေဒနာကြောင့် တဏှာသည် သတ္တဝါတိုင်းအား ဖြစ်သလော။
ဖြေ - ရဟန္တာအား ဝေဒနာဖြစ်ခြင်းကြောင့် တဏှာ ဆက်၍ မဖြစ်ပါ။ ပုထုဇဉ်အားသော်လည်း ဗဟုသုတရှိ၍ ယောနိသော မနသိကာရ-သင့်အောင် နှလုံးသွင်းလျှင် တဏှာ မဖြစ်ပါ။ အယောနိသော မနသိကာရ-မသင့်အောင် နှလုံးသွင်းသူတို့အားသာ ဝေဒနာဖြစ်တိုင်း တဏှာ ဆက်၍ ဖြစ်နိုင်ပါသည်။

(၅၉) မေး - ကာမ, ဘဝ, ဝိဘဝ ဟူသော တဏှာသုံးပါးကို ထင်ရှားအောင် ရှင်းပါ။
ဖြေ - ကာမအာရုံ စုံမက်သော တဏှာသည် ကာမတဏှာ မည်ပါသည်။ သဿတဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ (ဝါ) ရူပဘဝ, အရူပဘဝကို စုံမက်သော တဏှာသည် ဘဝတဏှာ မည်ပါသည်။ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော တဏှာသည် ဝိဘဝတဏှာ မည်ပါသည်။ (ဝါ) နိဗ္ဗာန်မဟုတ်ဘဲ နိဗ္ဗာန်ဟု စုံမက်သော နိရောဓတဏှာသည်လည်း ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော ဝိဘဝတဏှာပင် ဖြစ်ပါသည်။

(၆၀) မေး - ဥပါဒါန်လေးပါးကို ထင်ရှားအောင် ရှင်းပြပါ။
ဖြေ - ကာမအာရုံ၌ စွဲလမ်းသော ကာမတဏှာသည် ကာမုပါဒါန် မည်ပါသည်။ အလှူသည် အကျိုးမရှိ စသည်ဖြင့် စွဲလမ်းသော ဒိဋ္ဌိဆယ်ပါး ဒိဋ္ဌိ ၆၂-ပါးသည် ဒိဋ္ဌုပါဒါန် မည်ပါသည်။ သီလ-တိရိစ္ဆာန်တို့၏ အလေ့ဖြင့် + ဗတ-တိရစ္ဆာန်တို့၏ အကျင့်ဖြင့် + ပရာမာသ-နိဗ္ဗာန်ရသည်ဟု သုံးသပ်သော ဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန် မည်ပါသည်။ ရုပ်သည် အတ္တ၊ ရုပ်ရှိသော အတ္တ စသည်ဖြင့် စွဲလမ်းသော သက္ကာယဒိဋ္ဌိ ၂၀ သည် အတ္တဝါဒုပါဒါန် မည်ပါသည်။ စွဲလမ်းသော တဏှာတစ်ခု၊ ဒိဋ္ဌိသုံးခု ဖြစ်ပါသည်။

(၆၁) မေး - သင်္ခါရ ၂၉-ခုနှင့် ဘဝဂါမိကံ ၂၉-ခုတို့တွင် သင်္ခါရ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် စေတနာ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ပုညာဘိသင်္ခါရ ၁၃-ခု၊ အပုညာဘိသင်္ခါရ ၁၂-ခု၊ အာနေဉ္ဇာဘိသင်္ခါရ ၄-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ (ဝါ) ကာယသင်္ခါရ ၂၀၊ ဝစီသင်္ခါရ ၂၀၊ စိတ္တသင်္ခါရ ၂၉-ခုသည် သင်္ခါရ ၂၉-ခု မည်ပါသည်။ စေတနာစေတသိက်တစ်ခုသာ သင်္ခါရ မည်ပါသည်။

(၆၂) မေး - ဘဝဂါမိကံ ၂၉-ခုကို ရေပြပါ။
ဖြေ - လောကီကုသိုလ်, အကုသိုလ် ၂၉-ခု၌ ရှိသော စိတ်, စေတသိက်အားလုံးသည် ဘဝဂါမိကံ ၂၉-ခု မည်ပါသည်။

(၆၃) မေး - ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါးကို ရေပြပါ။
ဖြေ - ကာမဘဝ၊ ရူပဘဝ၊ အရူပဘဝ - သုံးပါး၊ သညီဘဝ၊ အသညီဘဝ၊ နေဝသညီနာသညီဘဝ - သုံးပါး၊ ဧကဝေါကာရဘဝ၊ စတုဝေါကာရဘဝ၊ ပဉ္စဝေါကာရဘဝ - သုံးပါး၊ ဤကား ဥပပတ္တိဘဝမည်သော ဘဝကြီးကိုးပါး ဖြစ်ပါသည်။

(၆၄) မေး - ကာမဘဝဟူသည် အဘယ်နည်း။
ဖြေ - ကာမ ၁၁-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ကာမဘဝ မည်ပါသည်။

(၆၅) မေး - ရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - ရူပ ၁၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ရူပဘဝ မည်ပါသည်။

(၆၆) မေး - အရူပဘဝဟူသည် အဘယ်နည်း။
ဖြေ - အရူပ ၄-ဘုံ၌ ဝိပါက်နာမ် ဖြစ်ခြင်းသည် အရူပဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။

(၆၇) မေး - သညီဘဝဟူသည် အဘယ်နည်း။
ဖြေ - သညီ ၂၉-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် သညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၆၈) မေး - အသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - အသညီတဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် အသညီဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၆၉) မေး - နေဝသညီနာသညီဘဝဟူသည် အဘယ်နည်း။
ဖြေ - နေဝသညီနာသညီတဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် နေဝသညီနာသညီဘဝ မည်ပါသည်။ ရုပ်မဖြစ်ပါ။

(၇၀) မေး - ဧကဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ဧကဝေါကာရဘုံ၌ ကမ္မဇရုပ်ဖြစ်ခြင်းသည် ဧကဝေါကာရဘဝ မည်ပါသည်။ နာမ်မဖြစ်ပါ။

(၇၁) မေး - စတုဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - စတုဝေါကာရ ၄-ဘုံ၌ ဝိပါက်နာမ်ဖြစ်ခြင်းသည် စတုဝေါကာရဘဝမည်ပါသည်။ ရုပ်မဖြစ်ပါ။

(၇၂) မေး - ပဉ္စဝေါကာရဘဝဟူသည် အဘယ်နည်း။
ဖြေ - ပဉ္စဝေါကာရ ၂၆-ဘုံ၌ ဝိပါက်နာမ် ကမ္မဇရုပ် ဖြစ်ခြင်းသည် ပဉ္စဝေါကာရဘဝ မည်ပါသည်။

(၇၃) မေး - ဇာတိ,ဇရာ, မရဏသည် ရန်သူသုံးဦးနှင့် တူ၏ဟု အဋ္ဌကထာဆိုသည်။ ရန်သူနှင့်တူပုံ ရှင်းပြပါ။
ဖြေ - ဇာတိသည် တစ်ဘဝမှ တစ်ဘဝသို့ ဆောင်၏။ တောနက်ထဲသို့ ချော့ခေါ်သော ပထမရန်သူနှင့် တူပါသည်။ ဇရာသည် ရောက်ရာဘဝ၌ ချက်ချင်း အိုမင်းရင့်ရော်အောင် နှိပ်စက်၏။ တောနက်ထဲ ရောက်လျှင်ရောက်ချင်း မထနိုင်အောင် ရိုက်သော ဒုတိယရန်သူနှင့် တူပါသည်။ မရဏသည် ဇရာဒုက္ခသင့်သူကို ခန္ဓာပျက်အောင် အသေသတ်၏။ တောနက်ထဲ၌ မထနိုင်သူကို ဦးခေါင်းဖြတ်သော တတိယရန်သူနှင့် တူပါသည်။

(၇၄) မေး - သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ, ဥပါယာသ၊ ဤငါးပါးကို အင်္ဂါ၌ အဘယ့်ကြောင့် မပြသနည်း။ ပဋိစ္စသမုပ္ပါဒ်မှ လွတ်သလော။
ဖြေ - သောကစသော ငါးပါးသည် ပဋိစ္စသမုပ္ပါဒ်မှ အလွတ်မဟုတ်ပါ။ ဇာတိ၏ အကျိုးဖျားမျှ ဖြစ်ပါသည်။ အကျိုးရင်း မဟုတ်ပါ။ ထို့ကြောင့် အင်္ဂါ၌ မပြပါ။

(၇၅) မေး - အကျိုးဖျားမျှဖြစ်ပုံ ဖော်ပြပါ။
ဖြေ - သောကစသော ငါးပါးသည် ဇာတိကြောင့်လည်း ဖြစ်ပါသည်။ ဇရာကြောင့်လည်း ဖြစ်ပါသည်။ မရဏကြောင့်လည်း ဖြစ်ပါသည်။ ထိုမှတပါးသော အကြောင်းကြောင့်လည်း ဖြစ်ပါသည်။ ဘုံအားဖြင့် ကာမ ၁၁-ဘုံ၌သာ အမြဲဖြစ်ပါသည်။ ဗြဟ္မာ ၂၀ ၌ မဖြစ်ပါ။ ထို့ကြောင့် ဇာတိ၏ အကျိုးဖျားမျှဖြစ်သည်ဟု ဆိုရပါသည်။

(၇၆) မေး - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း အဘယ်ပစ္စည်းသတ္တိဖြင့် ဖြစ်နိုင်သနည်း။
ဖြေ - အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရသည် ပဋ္ဌာန်းနည်း ဟေတု, အာရမ္မဏ, အဓိပတိ, အနန္တရ, သဟဇာတ, ဥပနိဿယ, အာသေဝန စသော ပစ္စည်းသတ္တိများစွာဖြင့် ဖြစ်ပါသည်။

(၇၇) မေး - အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးက ဖြစ်ခဲ့ပြီးသော အကုသိုလ် အဝိဇ္ဇာကို စဉ်းစားမိတိုင်း အာရုံပြု၍ လောဘ ဒေါသတို့ ဖြစ်လာသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၇၈) မေး - အဓိပတိသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို “အဖိုးတန်လိုက်တာ၊ သိပ်နေရာကျတာပဲ” စသည်ဖြင့် အလေးပြု၍ သာယာသောအခါ အဓိပတိသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၇၉) မေး - ဥပနိဿယသတ္တိဖြင့် ဖြစ်ပုံကို ဖော်ပြပါ။
ဖြေ - ရှေးရှေးဖြစ်ပြီး အကုသိုလ် အဝိဇ္ဇာကို အခြေခံပြု၍ “မည်သည့်ရပ်ရွာမှာ လူမိုက်ဗိုလ်လုပ်ခဲ့တာ ငါကွ” စသည်ဖြင့် နောက်ထပ် လောဘ ဒေါသတို့ ဖြစ်လာသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် အကုသိုလ်သင်္ခါရ ဖြစ်ပါသည်။

(၈၀) မေး - ဟေတုစသော ကြွင်းသတ္တိဖြင့် ကျေးဇူးပြုသောအခါ ဖြစ်ပုံ အကျဉ်းဖော်ပြပါ။
ဖြေ - ဟေတု, သဟဇာတသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အကြောင်း အဝိဇ္ဇာနှင့် အကျိုး အကုသိုလ်သင်္ခါရသည် ပြိုင်တူ ဖြစ်ပါသည်။ အနန္တရ, အာသေဝနသတ္တိ စသည်ဖြင့် ကျေးဇူးပြုသောအခါ အခြားမရှိ နီးကပ်စွာ ဖြစ်ပါသည်။

(၈၁) မေး - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ သင်ကြားရသောနည်း သုံးနည်းကို ရေတွက်ပြပါ။
ဖြေ - အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ရာ၌ အဝိဇ္ဇာကို ရွက်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို ခုန်ကျော်လျက် ဖြစ်ပုံ တစ်နည်း၊ အဝိဇ္ဇာကို နင်းလျက် ဖြစ်ပုံ တစ်နည်း၊ ဤသို့ သုံးနည်း သင်ကြားရပါသည်။

(၈၂) မေး - အဝိဇ္ဇာကို ရွက်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံ ရှင်းပြပါ။
ဖြေ - သံသရာဘေး မဆင်ခြင် လူနတ်စည်းစိမ်ကို ကောင်းလှပြီ ထင်၍ လိုချင်တောင့်တလျက် ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ဦးခေါင်းထက် ရွက်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၃) မေး - အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိ သူတပါး ပြုခဲ့သော အကုသိုလ်အဝိဇ္ဇာကို “အပါယ်ဘေး သံသရာဘေး အပြစ်ပေးလတ္တံ့”ဟု ဆင်ခြင်၍ ထိုအပြစ်မှ လွတ်ပါစေခြင်းငှာဟု ကုသိုလ်ပြုသောအခါ ဥပနိဿယသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို ခုန်ကျော်လျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၄) မေး - အဝိဇ္ဇာကို နင်းလျက် ကုသိုလ်သင်္ခါရ ဖြစ်ပုံကို ရှင်းပြပါ။
ဖြေ - မိမိပြုမိသော အကုသိုလ်အဝိဇ္ဇာကို ဉာဏ်ဖြင့် သိမ်းဆည်း၍ အနိစ္စ ဒုက္ခ အနတ္တဟု ဝိပဿနာ နိုင်နိုင်နင်းနင်း ရှုသောအခါ အာရမ္မဏသတ္တိဖြင့် အဝိဇ္ဇာကြောင့် ကုသိုလ်သင်္ခါရ ဖြစ်ပါသည်။ ထိုအခါ အဝိဇ္ဇာကို နင်းလျက် ကုသိုလ်ရှင်အား ကုသိုလ်ဖြစ်ပါသည်။

(၈၅) မေး - အဝိဇ္ဇာမကင်း မိုက်မဲခြင်းကြောင့် ကုသိုလ်ပြုသည်ဆိုလျှင် အများအားဖြင့် မကျေနပ်နိုင်။ ထို့ကြောင့် အဝိဇ္ဇာဦးစီးသော အဝိဇ္ဇာရွက်ထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာဦးစီးသော ရွက်ထားသော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ညွန်အိုင်ရေ ချိုးလျှင် တိုး၍ ညစ်ကြေးပေသလို မိုက်လို့ ဘဝစည်းစိမ် တောင့်တပြီး ကုသိုလ်ပြုလျှင် တိုး၍ မိုက်မဲသွားနိုင်ပါသည်။

(၈၆) မေး - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာခုန်ကျော်သော ကုသိုလ်ရှင်သည် ညစ်ကြေးပေလို့ ရေကောင်းရေသန့် ချိုးလျှင် ညစ်ကြေးကင်းသွားသလို မိုက်လို့ အမိုက်လွတ်အောင် ခုန်ကျော်၍ ကုသိုလ်ပြုလျှင် အမိုက်အမဲ ကင်းသွားနိုင်ပါသည်။

(၈၇) မေး - အဝိဇ္ဇာနင်းထားသော ကုသိုလ်ရှင်ကို ဥပမာဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာကိုနင်းထားသော ကုသိုလ်ရှင်သည် အိုက်လွန်းလို့ ရေအေးအေး ချိုးလျှင် အအိုက်ပျောက်သလို မိုက်လွန်းလို့ အမိုက်ကို နင်း၍ ဝိပဿနာကုသိုလ် နင်းပြုလျှင် အမိုက်ပျောက်သွားနိုင်ပါသည်။

(၈၈) မေး - ကုသိုလ်သည် အဘယ်သို့သောသူအား ဖြစ်သည်၊ အဘယ်သို့သောသူအား မဖြစ်ဟု ပဋိစ္စသမုပ္ပါဒ်နည်းဖြင့် ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာရှိ၍ မိုက်ရိုင်းလွန်းသူတို့အားသာ ကုသိုလ်ဖြစ်ပါသည်။ အဝိဇ္ဇာကင်း၍ မမိုက်ရိုင်းသူတို့အား ဘယ်ကုသိုလ်မျှ မဖြစ်ပါ။ ကုသိုလ်အစား ကြိယာသာ ဖြစ်ပါသည်။

(၈၉) မေး - အဝိဇ္ဇာ အမိုက်မရှိသူ ရှိသူတို့ကို ခွဲပြပါ။
ဖြေ - ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာ၊ ဤသုံးယောက်အား အဝိဇ္ဇာအမိုက် မရှိပါ။ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်၊ ဤလေးယောက်အား အဝိဇ္ဇာအမိုက် ရှိပါသေးသည်။

(၉၀) မေး - ဒါန သီလစသော ကောင်းမှုပြုပါလျက် ကုသိုလ်မရသူ ရသူ ခွဲပြပါ။
ဖြေ - ဒါန သီလစသော ကောင်းမှုပြုလျှင် ပုထုဇဉ်မှ အနာဂါမ်အထိ လေးယောက်သာ ကုသိုလ်ရနိုင်ပါသည်။ ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာတို့မှာ ကုသိုလ်မရနိုင်ပါ။ ကြိယာစိတ်ကိုသာ ရနိုင်သည်။

(၉၁) မေး - ကုသိုလ်နှင့် ကြိယာ ထူးခြားပုံကို ဖော်ပြပါ။
ဖြေ - ကုသိုလ်သည် မျိုးအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဇာတိ ဇရာ မရဏ သစ်ပင်ကို ပေါက်ရောက်စေနိုင်ပါသည်။ ကြိယာသည် မျိုးမအောင်သော သစ်စေ့နှင့် တူပါသည်။ သံသရာထဲ၌ ဒုက္ခပင်တို့ကို မပေါက်ရောက်စေနိုင်ပါ။ တနည်းအားဖြင့် အမိုက်မကင်းသူအား ဖြစ်သော ကုသိုလ်သည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် တတ်နိုင်ပါသည်။ အမိုက်ကင်းသူအား ဖြစ်သော ကြိယာသည် အမိုက်ကို ဖျက်ဆီးသော မဂ်လေးပါးဖြစ်အောင် မတတ်နိုင်ပါ။ သို့ရာတွင် မဂ်လေးကြိမ်ဖြင့် အမိုက်ကို ဖျက်ဆီးပြီးသူအား နောင်ဖျက်ဆီးစရာ အမိုက်မရှိတော့ပါ။ မဂ်ဖြစ်ဖို့ မလိုတော့ပါ။

(၉၂) မေး - ကုသိုလ်သည် ဇာတိစသော ဒုက္ခကို ဖြစ်စေသည်ဟူ၍လည်းကောင်း၊ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သညဟူ၍လည်းကောင်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုထားသည်။ ပယ်ရမည်လော၊ ကျင့်ရမည်လော။
ဖြေ - ကုသိုလ်ကို မပယ်အပ်ပါ။ ကျင့်ရပါသည်။ ယခုမှ ဇာတိကြောက်လို့ ကုသိုလ်ပယ်သော်လည်း ဇာတိမလွတ်နိုင်သေးပါ။ အကုသိုလ်ကို ပြုလျှင်လည်း ဇာတိဖြစ်နိုင်ပါသည်။ ဇာတိဖြစ်စေသော ကုသိုလ်များကိုလည်း များစွာ ပြုထားပြီး ရှိကြပါသည်။ အကြိမ်ကြိမ် တွေ့ပြီး တွေ့ဆဲ တွေ့လတ္တံ့သော ဇာတိတို့ကို သတိသမ္ပဇညကင်းလျက် အလန့်တကြား မကြောက်သင့်ပါ။ မဂ်လေးပါးဖြစ်အောင် တတ်နိုင်သော ကုသိုလ်ကို အားထုတ်၍ ကျင့်အပ်ပါသည်။ တစ်ကြိမ်မျှ မတွေ့ဖူးသော မဂ်ဖြစ်ပါသည်။ ထိုမဂ်ရလျှင် အဝိဇ္ဇာအမိုက် ကင်း၍ ဇာတိစသော ဒုက္ခမှ အပြီးတိုင် လွတ်ကင်းနိုင်ပါသည်။

(၉၃) မေး - မဂ်နှင့်ဆက်သွယ်လျှင် ဇာတိဘေးရှိသော ကုသိုလ်ကို မပယ်အပ်ပုံ ကျင့်အပ်ပုံကို ဥပမာဆောင်ပြပါ။
ဖြေ - သမုဒ္ဒရာအတွင်း သင်္ဘောပျက်၍ ထောက်တည်ရာ မရသော သူ၏ အနီးသို့ ဆင်သေကောင်ပုပ်ကြီး ရောက်လာသည်ဖြစ်အံ့၊ ပုပ်စော်နံသော ရွံစရာဘေးရှိသော်လည်း ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိလျှင် တက်စီးရမည် ဖြစ်ပါသည်။ ထို့အတူ ဇာတိဘေး စသည်ဖြင့် ပုပ်စော်နံ ရွံစရာ ကုသိုလ် ဆင်သေကောင်ပုပ်ကို မဂ်လေးပါး ကမ်းပါးအရောက် ယက်သွားနိုင်သည်ဟု သိသော ထောက်တည်ရာ မရသေးသော အမျိုးကောင်းသားသည် အားထုတ်ကာ တက်စီးရပါသည်။

(၉၄) မေး - ဤဘဝစက်သည် ဇရာ မရဏ၌ မပြတ်ဘဲ အဘယ်သို့ ပြန်၍ ဆက်သနည်း။
ဖြေ - ဇရာ မရဏ၌ မပြတ်ဘဲ သောကစသည်တို့လည်း ဖြစ်ကုန်၏။ ထိုအခါ နုပျိုလို အသက်ရှည်လိုသော ကာမာသဝ စသည်တို့လည်း ဖြစ်ကုန်၏။ အာသဝနှင့် တွဲလျက် အဝိဇ္ဇာလည်း ဖြစ်ပြန်၏။ ဤသို့ ဇရာမရဏကြောင့် အဝိဇ္ဇာဖြစ်၍ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သဖြင့် ဘဝစက် ပြန်၍ ဆက်ပါသည်။

(၉၅) မေး - ဤဘဝစက်မှ ထွက်နိုင်အောင် အဘယ်အင်္ဂါကို ဖျက်ရသနည်း။
ဖြေ - ဤဘဝစက်မှ ထွက်နိုင်အောင် အဝိဇ္ဇာနှင့် တဏှာဟူသော မူလ အင်္ဂါနှစ်ပါးကို ဖျက်ရပါသည်။

(၉၆) မေး - ဒါန သီလ စသော ကုသိုလ်ဖြင့် နိဗ္ဗာန်ရပုံကို ရှင်းပြပါ။
ဖြေ - အဝိဇ္ဇာ တဏှာကို အားနည်းအောင် ပြုသော ဒါန သီလစသော ကုသိုလ်သည် ဥပနိဿယသတ္တိဖြင့်လည်းကောင်း၊ အနန္တရသတ္တိဖြင့်လည်းကောင်း မဂ်ကို ဖြစ်စေနိုင်ပါသည်။ ထိုမဂ်သည် နိဗ္ဗာန်ကို အာရုံပြုလျက် အဝိဇ္ဇာ တဏှာကို အမြစ်ဖြတ်ပါသည်။ အဝိဇ္ဇာအကြွင်းမဲ့ချုပ်လျှင် သင်္ခါရချုပ်ခြင်း စသည်ဖြင့်လည်းကောင်း၊ တဏှာအကြွင်းမဲ့ချုပ်လျှင် ဥပါဒါန်ချုပ်ခြင်း စသည်ဖြင့်လည်းကောင်း ဒုက္ခအစု ချုပ်ငြိမ်း၍ နိဗ္ဗာန်ရပုံကို ဟောပါသည်။ အဝိဇ္ဇာ တဏှာကို အားပေးလျက်ဖြစ်သော ကုသိုလ်ဖြင့်ကား နိဗ္ဗာန်မရနိုင်ပါ။

(၉၇) မေး - အဝိဇ္ဇာ တဏှာကို အားပေးသော ဝဋ္ဋနိဿိတကုသိုလ်ထက် ကြောက်ဖွယ်တရား ရှိသေးသလော၊ အဘယ်မှာ ရှိသေးသနည်း။
ဖြေ - ဝဋ္ဋနိဿိတကုသိုလ်သည် အဝိဇ္ဇာ တဏှာ မူလကို အားပေးရုံသာ ဖြစ်ပါသည်။ မူလကား မဖြစ်ပါ။ အကုသိုလ်တရားကား ထိုမူလနှစ်ပါးကို အားလည်းပေးသည်။ မူလလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဝဋ္ဋနိဿိတကုသိုလ်ထက် အကုသိုလ်သည် ပို၍ ကြောက်ဖွယ် ဖြစ်ပါသည်။ (ဝဏ္ဍိတမာနီ) ပညာလွန်သူတို့အား အကုသိုလ်ကို အပြစ်များစွာ မဆိုဘဲ ဝဋ္ဋနိဿိတကုသိုလ်ကို ပို၍ အပြစ်များစွာ ဆိုကြပါသည်။

ဤတွင် ပဋိစ္စသမုပ္ပါဒ် အမေး-အဖြေ ပြီး၏။

ကုသိုလ်ဇောဟုခေါ်ရာဝယ်

တစ်နေ့တစ်နေ့
တစ်ရွေ့ရွေ့နဲ့
တစ်ဘ၀ပန်းတိုင်
တစ်နေ့ကိုင်မည်
ကုသိုလ်ဘယ်လောက်
ရှိနေသနည်း။
ရှိပြီးကုသိုလ်
အပိုမဟုတ်
အပူထုပ်ကို
ဖယ်ခွာရှောင်ရှင်း
နိုင်နင်းအားမာန်
ဇွဲသန်မာကျော
ကုသိုလ်ဇောလို့
တင်စားခေါ်ငင်
ကြိုးစားပြင်
နောက်တွင် ချမ်းသာမျိုး။  ။

မိုးကုတ်ဆရာတော်ကြီး၏ နှစ်(၅၀)ပြည့်

ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ခင်ဗျာ …

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၊ ခန္ဓာဝန်ချသောနေ့ အထိမ်းအမှတ် နှစ် (၅၀) ပြည့်၊ ကျေးဇူးတော် ဦးထိပ်ထား ရွှေရတု ပူဇော်ပွဲကြီးကို အောက်ပါ အစီအစဉ်အတိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း နိဗ္ဗာန်ကို အကျိုးမျှော်၍ အသိပေး ဖိတ်ကြားအပ်ပါသည် ခင်ဗျာ ..

၁။ ကျေးဇူးတော် အနန္တ၊ ဂုဏ်တော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့သော နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရားတော်မြတ်ကို တပည့်သာဝကများအား ခန္ဓာဉာဏ်ရောက် သဘောပေါက်အောင် ပြန်လည်ဟောကြား ဆုံးမတော်မူခဲ့သော ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ကြီး၏ ပရိယတ္တိဂုဏ်၊ ပဋိပတ္တိဂုဏ်၊ ပဋိဝေဓဂုဏ် ကျေးဇူးတော်တို့ကို တပည့်သာဝကများက ကြည်ညိုသဒ္ဓါပွားများ၍ ခန္ဓာဝန်ချသောနေ့ အထိမ်းအမှတ်အဖြစ် ပူဇော်ပွဲကြီးများ နှစ်စဉ် ကျင်းပခဲ့ကြပါသည်။ ၁၃၇၄-ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၄ ရက် (November 3rd 2012, Saturday) တွင် နှစ် (၅၀) ပြည့်မြောက်ပြီး ဖြစ်ပါ၍ ကျေးဇူးတော် ဦးထိပ်ထား ရွှေရတု ပူဇော်ပွဲကြီးအဖြစ် ပူဇော်နိုင်ကြရန် အခါအခွင့်ထူးနှင့် ဆုံစည်းကြုံကြိုက်လာပါသည်။

၂။ ရွှေရတု ပူဇော်ပွဲကြီးတွင် -
(က) ဆရာတော်ကြီး၏ ရုပ်တုတော် (အမြင့် ၉ပေ)ရှိ ရွှေသွန်းမျက်နှာတော်၊ ကြေးသွန်းကိုယ်လုံးတော် သွန်းလုပ်၍ သဒ္ဓါတရားဖြင့် ပူဇော်ကြခြင်း၊
(ခ) ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ အမှုးပြုသော ဓမ္မကထိကအကျော် ဆရာတော်ကြီးများနှင့် မိုးကုတ်ဥပနိဿယနွယ်ဝင် ဆရာတော်အရှင်သူမြတ်များက တရားတော်များ ဟောကြားချီးမြင့်၍ အထူးတရားပွဲကြီးအဖြစ် ပညာဖြင့် ပူဇော်ခြင်း၊
(ဂ) ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၏ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့အား ဆွမ်း၊ သင်္ကန်းလှူဖွယ် ဝတ္ထုအစုစုတို့ ကပ်လှူ၍ သီလတရားဆောက်တည်ခြင်းဖြင့် ပူဇော်ကြခြင်း၊
တို့ဖြင့် ရွှေရတု ပူဇော်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ပူဇော်ကြမည် ဖြစ်ပါသည်။

၃။ ရွှေရတု ပူဇော်ပွဲကြီး၏ ပူဇော်ပွဲ (၃)ရပ်ကို မိုးကုတ်ဆရာတော်ကြီး၏ ကြီးမားလှသော ဂုဏ်ဒြပ်တော်နှင့်အညီ ပူဇော်ပွဲကြီး ခမ်းနားထည်ဝါစွာ အထမြောက်အောင်မြင်စေရန် တပည့်သာဝကများအနေဖြင့် ကိုယ်စီကိုယ်ငှ လိုအပ်ရာရာများကို ဝတ္ထုဒါန၊ ဝေယျာဝစ္စဒါနများဖြင့် လှူဒါန်းပူဇော်ကြရန် မေတ္တာရပ်ခံ ပန်ကြားနှိုးဆော်အပ်ပါသည်။

*** မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀တာ အကျဉ်းချုပ် ***
- ၂၇-၁၂-၁၈၉၉ (ဗုဒ္ဓဟူးနေ့)တွင် ဖွားမြင်တော်မူသည်။
- ၉ နှစ် သားတွင် ရှင်သာမဏေ ၀တ်၏။ အသက်၂၀ တွင် ရဟန်းဘောင်သို့ တက်ခဲ့၏။
- ရဟန်း သိက္ခာ ၅၀ါမှစ၍ စာသင်သားတို့ အား အဘိဓမ္မာ များ ပို့ချပေးခဲ့သည်။
- ၁၉၄၁ ဒုတိယကမ္ဘာ စစ်အတွင်း ဘော်ပတန်းရွာ ကျောက်လိုဏ်ဂူကြီး အတွင်း၌ တရား ဘာဝနာ တို့ဖြင့် သီတင်းသုံး တော်မူခဲ့သည်။
- ၁၉၅၂ တွင် အမရပူရသို့ ပြန်လာခဲ့၍ ၀ိပဿနာ တရားတို့ကို ဟောကြားတော်မူခဲ့သည်။
- ၁၇-၁၀-၁၉၆၂ ဗုဒ္ဓဟူးနေ့တွင် ခန္ဓာဝန်ချ၍ ဓာတ်တော်များ ကြွင်းကျန်ခဲ့သည်။

နေ့ရက် - November 3rd 2012, Saturday (သီတင်းကျွတ်လပြည့်ကျော် ၄ ရက်)

နေရာ - မင်္ဂလာမဂ္ဂင်ရိပ်သာ၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

ဆက်သွယ်ရန်-
ဘဒ္ဒန္တ ခေမိန္ဒ - 09-9104 6833၊ ဘဒ္ဒန္တ အာလောက - 09-9105 7285၊
အရှင် အဂ္ဂါဓိပတိ - 09-205 1004၊ အရှင် ဉာဏဓဇ - 09-9100 4981, 09-203 0113, 09-4714 3177, 09-9103 6208, 09-507 4262, 09-4930 1823, 02-39795, 02-70599, 02-70070.
ရုံးဖုန်း - 09-4440 19338

ရွှေရတု ပူဇော်ပွဲ ဖြစ်မြောက်ရေး အကျိုးတော်ဆောင်အဖွဲ့
ပင်မသံဝေဇနိယဌာန၊ မင်္ဂလာမဂ္ဂင်ရိပ်သာ၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။


ဆရာတော်ဘုရားကြီး၏ ပုံတော်များနှင့် တရားတော်များ ဆိုင်ရာ Links ~
* https://www.facebook.com/media/set/?set=a.228219228874.133231.631968874&type=3
* http://en.wikipedia.org/wiki/Mogok_Sayadaw_%28Venerable_Sayadawgyi_U_Wimala%29
* http://www.dhammaweb.net/mogok.html
* http://dhammadownload.com/MogokSayadaw-mp3.htm
* http://www.new.mogokdhamma.com/
* http://thitsartayar.com/
* http://www.mogok.co.uk/

** မိမိတို့၏ Facebook Friends များကို ကူညီ၍ Invite Friends လုပ်ခြင်းဖြင့် (နိဗ္ဗာန်ဆော်) မဟာကုသိုလ်တော် ပါဝင်ကြပါရန် မေတ္တာရပ်ခံပါသည်။

အသံလွှင့်တရားတော်-သီတဂူဆရာတော်


အသံလွှင့်တရားတော်နိဒါန်

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်သုတေသနနှင့်ကျမ်းပြုဌာနမှ မြတ်ဗုဒ္ဓ၏
တရားဒေသနာတော်စာအုပ်အမျိုးမျိုး ထုတ်ဝေဖြန့်ချိလျှက်ရှိရာ 
ယခု သီတဂူဆရာတော်၏  "အသံလွှင့်တရားတော်များ"  အမည်ရှိ ဓမ္မစာအုပ်တစ်အုပ်ကို စာရှုသူတို့လက်ထဲအပ်နှင်းခွင့်ရရှိပြန်သဖြင့်ဝမ်းသာဂုဏ်ယူမိပေသည်။
ဘုရားရှင်က "စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ" ရဟန်းတို့ လူများစွာတို့အား အကျိုးများအောင် ခရီးထွက်ကြ။ "ဒေသေထ  ဘိက္ခဝေ ဓမ္မံ"  ရဟန်းတို့ ရောက်ရာအရပ်တိုင်းမှာ အပိုအလိုမရှိ အမှားမရှိ တိကျကုံလုံ အလုံးစုံသော သတ္တဝါတို့အတွက် တညီတည်းမှန် တသားတည်း အကျိုးရှိသော ဓမ္မကို ဟောပြော သင်ပြကြဟု မဟာသက္ကရာဇ် (၁၀၃)ခု သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့မှာ ရဟန်းတော်အပါး (၆၀) တို့ အား ကာသိတိုင်း ဗာရာဏသီမြို့အနီး ဣသိပတနအမည်ရှိ သားမျိုးစုံတဲ့ မိဂဒါဝုန်မှာ ဓမ္မဒူတ မိန့်ခွန်းတစ်ရပ်ကို မိန့်တော်မူခဲ့ပါသည်။
ရဟန်းတော်အပါး (၆၀)တို့သည် တစ်ပါးတစ်လှမ်း ကြွချီတော်မူကြသည်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်လည်း ထိုအာဒိကမ္မိက မဟာပဝါရဏာနေ့မှစ၍ (၄၅) နှစ်လုံးလုံး မရပ်မနား ဓမ္မဒူတကြွချီတော်မူခဲ့ရာ နိဗ္ဗာန်ရွှေဘုံသည့်နေ့အထိပင် ဖြစ်သည်။မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း (၂၃၀) ကျော် ကြာသောအခါ မောဂ္ဂလိပုတ္တတိဿမဟာထေရ်နှင့် ဓမ္မာသောကမင်းတို့္ဗ၏ အထူးစီမံလမ်းညွှန်မှုဖြင့် သာသနာပြုဓမ္မသံတမန် မထေရ်ကြီးတို့  ဓမ္မဒူတခရီးသည် နှစ်ပေါင်း (၂၅၀)ဓမ္မခရီးတွင် အမြင့်ဆုံးသော ဓမ္မဒူတမှတ်တိုင်ကြီးပင် ဖြစ်ပေသည်။
ဓမ္မဒူတမထေရ်မြတ်တို့၏ မဆုတ်မနစ်သော ဇွဲလုံ့လတို့ကြောင့် ဗုဒ္ဓသာသနာသည် အနောက်ဘက် (ဂရိ) ထိ၊အနောက်မြောက် (အာဖကန်နစ္စတန်နှင့်ရုရှား)ထိ၊တောင်ဘက်-မြောက်ဘက် (ကက်ရှ်မီးယား,ဟိမဝန္တာ,တိဘက်နှင့်တရုတ်ပြည်)အထိ၊ တောင်နှင့်အရှေ့တောင်ဘက် (သီရိလင်္ကာ,မြန်မာ,ထိုင်း,မလေးရှား,အင်ဒိုနီးရှား,လာအိုနှင့်ကမ္ဘောဒီးယား)တို့အထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိခဲ့လေသည်။
A.D.(၅)ရာစုခန့်က တရုတ်ရဟန်းတော် ဖာဟိယန်သည် အိန္ဒိယပြည်သို့ ဓမ္မဒူတခရီးထွက်ခဲ့သည်။အိန္ဒိယရဟန်းတော် ဘိက္ခုဓမ္မဗောဓိ၏ ဓမ္မဒူတခရီးအကျိုးကြောင့် တရုတ်၊ကိုးရီးယား၊ဂျပန်တို့၌ မဟာယာနဗုဒ္ဓဝါဒနှင့်ပိဋကတ်ကျမ်းစာများ ယခုအချိန်အထိ ကိုးကွယ်ဆည်းကပ် လေ့လာခွင့် ရရှိ နေကြပေသည်။
အင်္ဂလိပ်လူမျိုးရဟန်းတော် အာနန္ဒမေတ္တေယျသည် မြန်မာပြည်မှာ ရဟန်းပြုပြီး အင်္ဂလန်သို့ ထေရဝါဒ ဗုဒ္ဓဘာသာပြန့်နှံ့စေသော ပထမဆုံးသော ထေရဝါဒဓမ္မဒူတ ဖြစ်တော်မူသည်။ဂျာမန်လူမျိုးရဟန်းတော် ဉာဏတိလောကသည်လည်း မြန်မာပြည်မှာပင် ရဟန်းပြု၍ ဂျာမနီသို့ကြွရောက်သာသနာပြုတော်မူခဲ့သော ထေရဝါဒရဟန်းတော်တစ်ပါးဖြစ်သည်။
အရှင်သေဋ္ဌိလသည်လည်း အင်္ဂလန်သို့ သက်စွန့်ကြိုးပမ်းသာသနာပြု ကြွမြန်းတော်မူခဲ့သော မြန်မာရဟန်းတော် ဓမ္မသံတမန်ကြီး တစ်ပါးဖြစ်တော်မူပါသည်။သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဆရာတော် သီတဂူ အရှင်ဉာဏိဿရသည်လည်း  (၁၉၈၁)ခုနှစ်မှစ၍ ပြည်ပခရီးထွက်ပြီး ဓမ္မဒေသနာများကို ဟောပြောတော်မူခြင်းဖြင့် ဓမ္မဒူတတရားသံတမန်ကြီးအဖြစ် ဆောင်ရွက်နေဆဲဖြစ်ပါသည်။
သီတဂူဆရာတော်ဘုရားသည် ပထမဆုံးထွက်ခဲ့သည့် နိုင်ငံခြားခရီးတွင် အိန္ဒိနိုင်ငံအသံလွှင့်ဌာန၏လျှောက်ထားတောင်းမှုကြောင့် "ဗုဒ္ဓဝါဒသည် Religion.မဟုတ်ဟူသော စာတမ်းကို All India.ရေဒီယိုမှ အသံလွှင့် ဟောကြားခဲ့သည်။ (၁၉၉၅)ခုနှစ် အနောက်နိုင်ငံများသို့ ဓမ္မဒူတခရီးကြွချီရာတွင် "ဝါဆိုလပြည့် ဓမ္မနေ့”တရားတော်ကို V.O.A မှလည်းကောင်း၊"ဝါခေါင်လပြည့် မေတ္တာနေ့" တရားတော်ကို B.B.C  V.O.A တို့မှလည်းကောင်း အသံလွှင့် ဟောကြားတော်မူခဲ့ပါသည်။
ဗုဒ္ဓနှင့်စပ်ဆိုင်သော နေ့ရက်မြတ်တို့မှာ သင့်လျှော်သောဒေသနာများကို မြန်မာ့ရုပ်/သံမှလည်းကောင်း ဟောကြားတော်မူခဲ့ပါသည်။"ကဆုန်လပြည့် ဗုဒ္ဓနေ့" တရားတော်တို့တွင် သာကီဝင်သကျမျိုးတို့ ဖြစ်ပေါ်လာပုံ ကပိလဝတ်ဖြစ်ပေါ်လာပုံ အလောင်းတော်မြတ် ဗောဓိသတ်ရဲ့ ရဲရဲတောက်တောက် ခြင်္သေ့ဟောက်သို့ ဝမ်းမြောက်စကား မြွက်ကြားပုံတို့ကို သာယာကြည်နူးစွာ ဖတ်ရှုလေ့လာမှတ်သားရမှာ ဖြစ်ပါသည်။"နယုန်လပြည့် မဟာသမယနေ့"ကို The great occation of peace of brotherhood. ကြီးမြတ်သော ငြိမ်းချမ်းရေးနေ့ဟု သတ်မှတ်ဟောကြားတော်မူသည်။ငြိမ်းချမ်းခြင်း ညီညွတ်ခြင်းသည် မည်မျှလောက် အရေးကြီးသည်ဆိုသည့်အချက်ကို "ငြိမ်းချမ်းရေး အခါတော်နေ့"အသံလွှင့်တရားတော်က မီးမောင်းထိုးပြထားပါသည်။ရှောင်ရန် ဆောင်ရန်နှင့် ထိုးထွင်းသိမြင်ရန် ဖြစ်သောတရားများကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ရဲ့ ဆည်းဆာချိန်မှာ ပဉ္စဝဂ္ဂီ ငါးဦးတို့အား ဟောကြားတော်မူခဲ့သော "ဓမ္မစက္ကပဝတ္တနသုတ္တန်"ဒေသနာတော်ကို လွယ်ကူရှင်းလင်း နားလည်သဘောပေါက်ရန် အသံလွှင့်ဟောကြားချက်များကိုလည်း နာယူလေ့လာမှတ်သားရမှာ ဖြစ်ပါသည်။
"ဝါခေါင်လပြည့် မေတ္တာတော်နေ့"ဒေသနာတော်မှာ မေတ္တာတရားသည် လောက၏ အလှတန်ဆာအဖြစ် လူသားတို့ ခံစားသိမြင်နိုင်ရန် ဟောကြားချက်သည် သီတဂူဆရာတော်ဘုရား၏ လူတိုင်းအပေါ်ထားရှိသော မေတ္တာတရားကို ပေါ်လွင်စေပါသည်။အချုပ်အားဖြင့် ဆိုရသော် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ နာယူကြည်ညို သဒ္ဓါပွာများနိုင်ရန်အလို့ငှာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး၏ အဓိပတိဆရာတော်ဘုရား ဟောကြားတော်မူအပ်သော ဤအသံလွင့်တရားတော်များကို ဖတ်ရှုလေ့လာပြီး လောကဓာတ်တစ်ခုလုံး၏ အနှိုင်းမဲ့သော ဗုဒ္ဓအပေါ် (The more I know Him.The more I love Him.)ဆိုသကဲ့သို့ ဗုဒ္ဓအကြောင်း သိရလေလေ ဗုဒ္ဓကို ပိုကြည်ညိုလေလေ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။
ထိုအချက်ကို ဖြည့်ဆည်းရန်အလို့ငှာ ဤစာအုပ်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သုတေသနနှင့်ကျမ်းပြုငှာနမှ ထုတ်ဝေရခြင်းဖြစ်ပါသည်။စာရှုသူတို့ လွယ်လင့်တကူ ရှာဖွေကြည့်ရှုနိုင်ရန် ဗုဒ္ဓ၏ နေ့ထူးနေ့မြတ် အသံလွှင့်ဒေသနာများကို မြန်မာလစဉ်အတိုင်း ဖော်ပြထားပါသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။



တက္ကသိုလ်ဝန်ဆောင်သံဃာ့အဖွဲ့
သုတေသနနှင့်ကျမ်းပြုငှာန
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်းတောင်ရိုး်


နယုန်လပြည့် မဟာသမယနေ့ (သီတဂူဆရာတော်)

၁၃၅၈-ခု နှစ်၊ မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှ အသံလွှင့် ဟောကြားတော်မူအပ်သော
နယုန်လပြည့် မဟာသမယနေ့
          တရားချစ်ခင် သူတော်စဉ်အပေါင်းတို့ ယနေ့သည် နယုန်လပြည့်နေ့ ဖြစ်ပါတယ်၊ နယုန်လပြည့်နေ့ကို မဟာသမယနေ့လို့ ခေါ်ပါတယ်၊ မဟာသမယဆိုတာ မြတ်သော အခါတော် ( သို့ ) မြတ်သောအစည်းအဝေး၊ မြင်မြတ်သူတို့၏ ကြီးကျယ်သော အစည်းအဝေးလို့ အဓိပ္ပါယ်ရပါတယ်၊ အဲဒီအစည်းအဝေးကို သက္ကတိုင်း နှင့် ကောလိယတိုင်း နှစ်တိုင်းတို့၏ အကြား ရောဟိနီမြစ်၏ အနောက်ဘက် သက္ကတိုင်းနယ်ထဲက ဟိမ၀န္တာ တောင်ခြေမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
          မြတ်စွာဘုရား ၀ါတော် ( ၁၅ ) ၀ါ အရ သက္ကတိုင်း ကပိလ၀တ္ထုမြို့ နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးဆဲကာလ မိုးဦးကျ နယုန်လဆန်းလောက်မှာ သကျလူမျိုးများနှင့် ကောလိယလူမျိုးတို့ ရောဟိနီမြစ်ရေကို အဝေမတည့်ကြ ရေလုကြရာမှ စတင်၍ နှစ်ပြည်တောင် စစ်ဖြစ်လုနီးသော ငြင်းခုံပွဲကြီး ပဋိပက္ခမှုကြီး ဖြစ်ခဲ့ပါတယ်၊ ထိုနှစ်က မိုးခေါင်တဲ့အတွက် ရောဟိနီဖြစ်မှာ ရေအလွန်နည်းပါးတယ်၊ ကမ်းနှစ်ဘက်က သကျ ကောလိယ လယ်သမားတို့ဟာ လယ်များစိုက်ပျိုးဖို့ မြစ်ရေကို ဝေခွဲကြရာ အဝေမတည့်ကြသည့်အတွက် အချင်းချင်း အပြန်အလှန် ဆဲရေးကြကာ စစ်ပွဲကြီးဖြစ်လုနီး စစ်ပြင်ဆင်ကြပါတယ်။
          သကျလူမျိုးများက ကောလိယလူမျိုးများကို သစ်ခေါင်းထဲမှာ နေကြတဲ့ အနူမျိုးတွေလို့ အမျိုးကိုကိုင်၍ ဆဲရေးကြပါတယ်၊ ကောလိယလူမျိုးတွေကလည်း သကျလူမျိုးတွေကို အမျိုးမပျက်စေဖို့ဆိုပြီး မောင်နှမ အရင်း အချင်းချင်း အိမ်ထောင်ပြုတဲ့ တိရိစ္ဆာန်လို လူတွေပဲဟု အမျိုးမျိုးထိခိုက် ဆဲရေးကြပါတယ်၊ လူမျိုး ထိခိုက်ဆဲရေးကြတော့ မြစ်ကမ်းနားက လယ်သမားများကစတဲ့ ငြင်းခုန်ပွဲ ရန်ပွဲဟာ ကျေးရွာ၊ ကျေးရွာအုပ်စု၊ မြို့၊ ခရိုင်၊ ပြည်နယ်၊ ဘုရင့်နန်းတော်အထိ အဆင့်ဆင့် ကျယ်ပြန့်သည့် ရန်ပွဲကြီး ဖြစ်ခဲ့ရပါတယ်၊ မင်းနန်းတော်ကို သတင်းရောက်တော့ မင်းနှင့် မူးမတ် သေနာပတိ ပါဝင်တဲ့ စစ်တပ်ကြီး ပြင်ဆင်ပြီး မြစ်ကမ်းနှစ်ဖက်မှာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြင်ဆင်ကြပါတယ်၊ ဟိမ၀န္တာမှ စီးဆင်းလာသဖြင့်  ကြည်လင်အေးမြသော ရောဟိနီမြစ်သည် စိတ်ထိခိုက် တုန်လှုပ်ဖွယ်ကောင်းသည့် လောဟိတနဒီ သွေးမြစ် ဖြစ်လုလု အနေအထားမှာ ရှိနေပါတယ်။
အဲဒီအခါ မြတ်စွာဘုရား ကြွလာပါတယ်၊ ရောဟိနီးမြစ်ရဲ့အထက်ကောင်ကင်ကနေ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျှက် မေးပါတယ်၊ ဆွေမျိုးအပေါင်းတို့ ဒီစစ်ပွဲဟာ ဘာအကြောင်းပြု ဖြစ်ရတာလဲ၊ မြစ်ရေကို အကြောင်းပြု ဖြစ်တဲ့ စစ်ပွဲပါဘုရားလို့ နှစ်ဘက်လူတို့ ဖြေကြပါတယ်၊ ရေသည် မည်မျှ တန်ဘိုးရှိပါသလဲ ဟု မေးပြန်ရာ တန်ဘိုးနည်းကြောင်း ဖြေကြားပါတယ်၊ သင်တို့စစ်ဖြစ်ကြလျှင် လူတွေများစွာ သေကြ သွေးမြေကျ ဖြစ်ကြမယ်၊ လူ့အသက်နှင့်လူ့သွေး မည်မျှ တန်ဘိုးရှိပါသနည်းဟု မေးမြန်းတော်မူရာ လူ့အသက်နှင့် လူ့သွေးတို့ဟာ တန်ဘိုးမဖြတ်နိုင်အောင် အဘိုးတန်ကြောင်း ပါဘုရားဟု လျှောက်ထားကြပါတယ်။
မြတ်စွာဘုရားက သင်တို့တတွေဟာ အချင်းချင်း ဆွေမျိုးတွေချည်းပဲ၊ သွေးသားဆက်စပ်တဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်ကြတယ်၊ ဆွေမျိုးအချင်းချင်း စစ်ခင်းကြတာ မသင့်တော်ဘူး၊ တန်ဘိုးမရှိတဲ့ရေကို အကြောင်းပြု၍ တန်ဘိုးကြီးမားလှသော လူ့အသက်သွေးတို့ မြေကျပျက်စီးတာလဲ မတော်ဘူးလို့ မြတ်စွာဘုရားက မိန့်ကြားတော်မူပြီး ရန်ဖြစ်နေကြသော သကျနှင့် ကောလိယ ဆွေမျိုးတော်စပ်ပုံ အတိတ်ဖြစ်ရပ်ကို ပြန်လည်၍ မိန့်ကြားတော်မူပါတယ်။
ခမည်းတော် သုဒ္ဓေါဒနမင်းတရားမှစ၍ နောက်ပြန်၍ ရေသော် ရှစ်သောင်း နှစ်ထောင် ငါးရာကျော် တုန်းက  ရောဟိနီမြစ် အထက်နားလောက် ဟိမ၀န္တာ တောင်ခြေမှာ သြက္ကာကမင်းရယ်လို့ ရှိခဲ့ဖူးတယ်၊ သြက္ကာကမင်းကြီး၏ သားသမီး ( ၁၅ ) ယောက်တို့သည် ကျွန်းတောကြီးကို ရှင်း၍ ကပိလရသေ့ ပေးသော နေရာမှာ မြို့သစ်၊ နန်းသစ် တည်၍ နေခဲ့ကြတယ်၊ ကျွန်းတောထဲမှာ ပြည်သစ်၊ နန်းသစ် တည်၍ နေကြတဲ့ လူမျိုးကို သာကိယ လူမျိုးလို့ ခေါ်တယ်၊ စွမ်းရည်သတ္တိရှိတဲ့ လူမျိုးဖြစ်လို့ သက္ကလူမျိုးလို့လဲ ခေါ်တယ်၊ ကပိလရသေ့၏ ကျောင်းနေရာမှာ တည်သောမြို့ ဖြစ်ခြင်းကြောင့် ကပိလ၀တ်မြို့လို့လဲ ခေါ်တယ်၊ မိဘရပ်ထံ နေရင်းဌာနေမှ ထွက်ခွါ၍ တစ်ရပ်တစ်ရွာ တနယ်တကြေးမှာ နေကြတဲ့ သကျသာကိယတို့သည် အခြားလူမျိုးများနှင့် ရောယှက်မခံလိုကြသည့်အတွက် အမျိုးပျက်မှာ စိုးရိမ်ကြသောကြောင့် မောင်နှစ်မချင်း အိမ်ထောင်ပြုကြတယ်။
          နိုင်ငံတော်ကို အစစွာ  တည်ထောင်ကြတဲ့ မောင်နှစ်မ ( ၁၅ ) ယောက်တို့တွင် မင်းသမီ်း မင်းသား ( ၁၄ ) ယောက်တို့ အချင်းချင်းလှည့်၍ အိမ်ထောင်ပြုပြီး အကြီးဆုံးသော မင်းသမီးကြီးကို အစ်မကြီးဖြစ်၍ အမိအရာမှာ ထားခဲ့တယ်၊ အဲဒီ အကြီးဆုံးသော သာကီဝင် မင်းသမီးကြီးမှာ နူနာရောဂါ စွဲကပ်ခဲ့သည့်အတွက် တောသို့ အပို့ခံခဲ့ရပါတယ်။
          အခြားတစ်ဘက်မှ ရာမမင်းကြီးကလည်း နူနာစွဲသဖြင့် တောသို့ ၀င်ခဲ့ပါတယ်၊ ရာမနိုင်ငံတော်က ရာမမင်းကြီးသည် ကလောပင် သစ်ခေါင်း၌ နေ၍ ကလောသီး ကလောဆန်များစားပြီး နူနာများ ပျောက်ခဲ့ပါတယ်။
          အားကိုးရာမဲ့နေတဲ့ သာကီဝင်မင်းသမီးကြီးကို နူနာပျောက်နေတဲ့ ရာမမင်းကြီးက တွေ့ရတဲ့အခါ သူစားတဲ့ဆေးနှင့် အစားများ ကျွေးပြီး စောင့်ရှောက်ခဲ့ရာ မင်းသမီးကြီးလည်း နူနာပျောက်ခဲ့ရပါတယ်၊ ရာမမင်းနှင့် သာကီဝင်မင်းသမီးကြီးတို့ မေတ္တာမျှ၍ ကလောပင်ခေါင်းမှာ နေကြရာ သားပေါင်း (၃၂) ယောက်ထွန်းကားခဲ့ပါတယ်၊ ကလောပင်တောက မင်းသာပေါင်း (၃၂) ယောက်နှင့် ကျွန်းတောက မင်းသမီး ( ၃၂) ယောက်တို့ ထိမ်းမြန်းကြတဲ့အခါ ကလောပင်တောထဲမှာ ကောလိယလူမျိုးရယ်လို့ ဖြစ်ထွန်းလာခဲ့ကြပါတယ်။
          ဒါ့ကြောင့် ရောဟိနီမြစ်ကို အကြောင်းပြု၍ စစ်ဖြစ်လုနီး အပြန်အလှန် ဆဲရေးနေကြသူတွေဟာ သွေးတူ၊ မျိုးတူ၊ ဆွေရင်းမျိုးရင်း၊ ညီအစ်ကို မောင်နှစ်မရင်းတွေ ဖြစ်ကြတယ်။ ဒါ့ကြောင့် ဒီရန်ပွဲဟာ အဘိုးမတန်သည့် အရာဝတ္ထုကို အကြောင်းပြုပြီး တန်ဘိုးမဖြတ်နိုင်သော လူတို့၏အသက်သွေးများ မြေကျဆုံးရှုံးရမည့် ဆွေမျိုးအချင်းချင်း ဖြစ်တဲ့စစ်ပွဲ ၊ မသင့်တော်တဲ့ စစ်ပွဲ၊ မဖြစ်ထိုက်တဲ့ စစ်ပွဲလို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။
          ရန်စိတ်၊ ရန်သူစိတ် ပေါက်နေကြတဲ့ ကမ်းနှစ်ဘက်က နှစ်ပြည်ထောင် မင်းတို့ဟာ ဆွေစိတ် မျိုးစိတ်များ ပေါ်ပေါက်လာကြပြီး ကိုင်စွဲထားကြတဲ့ လက်နက်များကို ရောဟိနီမြစ်ထဲမှာ ပစ်ချမြှောလိုက်ကြပါတယ်။
          တရားချစ်ခင် သူတော်စင်အပေါင်းတို့ ဤသည့်နယုန်လ၏ ရှေ့ပိုင်းရက်များမှာ အထက်ပြောခဲ့တဲ့ ရန်ပွဲဖြစ်တဲ့နေရာ ရောဟိနီမြစ်ပေါ်မှာ-
-       ကြပ်ကြပ်စိပ်စိပ် ပေါက်နေသော သစ်တောကို လေပြင်း
မုန်တိုင်းတို့ မတိုက်မလှဲနိုင်သလို မလိုမုန်းထားသူတို့
မဖြိုခွဲနိုင်အောင် ကိုယ်စိတ်နှစ်ရပ် ညီညွတ်စွာ နေသင့်ကြောင်း
ကောင်းစွာဆုံးမသည့် ရုက္ခဓမ္မဇာတ်တော်။
-       အချင်းချင်း ငြင်းခုန် ကွဲပြားကြတဲ့ ငုံးများဟာ မုဆိုးများ
သတ်စားခံရကြောင်း ၊ ငြင်းခုန်ခြင်းသည် အကျိုးမရှိ ၊
မိမိတို့ငြင်းခုန်ခြင်းသည် သူတစ်ပါးတို့ စားပေါက်ဖြစ်ကြောင်း
ကောင်းစွာ ဆုံးမသည့် ၀ဋ္ဋကဇာတ်တော်။
-       အားငယ်သူကို မထီမဲ့မြင် မပြုသင့်ကြောင်း
ခွန်းအားနည်းသူကိုအထင်သေးမိက သူ၏ထက်မြက်သော
ကိုယ်ပိုင်ဉာက်ကိုအသုံးချနိုင်သောအခါ မထီမဲ့မြင်ပြုမိသော အင်းအားကြီးသူတို့
ပျက်စီးရကြောင်း ကောင်းစွာဆုံးမသည့် လဋုကိကဇာတ်တော်။
-       မြစ်ကမ်းနှစ်ဘက်မှ လယ်သမားတို့ ငြင်းခုံမှု ဆဲရေးမှုတို့ကို
မစိစစ်ဘဲ စစ်ပြင်မိကြသည်မှာ အမှိုက်ကစ၍ ပြသာဒ်မီးလောင်
ဆိုတာလို လယ်သမားရန်ပွဲဟာ နှစ်ပြည်ထောင်စစ်ပွဲ မဖြစ်သင့်ကြောင်း
ကောင်းစွာ ဆုံးမသည့် ပထ၀ီဥန္ဒြိယဇာတ်တော်။
-       အရာမဟုတ်သည်၌ အမျက်မထွက်သင့်ကြောင်း သေးငယ်သော
အကြောင်းမဟုတ်သော အဖြစ်ကို ရိုးမယ်ဖွဲ့ အရာမဟုတ်သည်၌
ရန်ငြိုးဖွဲ့ခြင်းသည် နှစ်ဦးစလုံး ပျက်စီးမှုဖြစ်ကြောင်း သူ့အမျိုး လက်ညှိုး
ထိုး၍ ဆဲရေးခြင်းသည် ကိုယ့်အမျိုးကိုပင် ဆဲရေးခြင်း ဖြစ်နေတတ်ကြောင်း
ဒေါင်းကသလို မဖြစ်သင့်ကြောင်း ၊ ကြို့ပင်အောက်အိပ်နေသော ၀က်ဝံနှင့်
ကြို့ပင်စောင့်နတ်တို့ ရန်ဖြစ်ကြရာ ၀က်ဝံရော ကြို့ပင်ပါ ဖျက်ဆီးခံရပြီး
သစ်ခုတ်သမားက ၀က်ဝံသားရေခွါ ၀က်ဝံသားစား ကြို့ပင်ကိုလှဲ ကြို့သားကို
လှည်းလုပ်၍ စီးသွားပုံဖြင့် အချင်းချင်း ရန်ဖြစ်ခြင်းသည် သူတစ်ပါး၏ အကျိုး
စီးပွားဖြစ်ဖို့သာတည်း ဟု ဆုံးမသော ဖန္ဒနဇာတ်တော်။
-       ညီညွတ်ရေးနည်းလမ်းပြ မိမိကိုယ်ကို ဆုံးမကြဖို့ လမ်းညွှန်တရား
ဖြစ်သည့် အတ္တဒဏ္ဍသုတ်တော်……
          အဲဒီလို သုတ္တန်တစ်ခုနှင့် ဇာတ်တော် ငါးခု တို့ကို မိမိ၏ ဆွေမျိုးများအား ကောင်းကင်ကနေ ဟောကြာတော်မူခဲ့ပါတယ်။
          ဤသို့လျှင် မပြောပလောက်သည့် အမှုကလေးကို အကြောင်းပြု၍ ဖြစ်သော သကျနှင့် ကောလိယ ဆွေတော်မျိုးတော်များ၏ ရန်ပွဲသည် ရောဟိနီမြစ်ပေါ်မှာ ငြိမ်းချမ်းခဲ့ပါပြီ။ ရန်ငြိမ်းသည့် အထိမ်းအမှတ်အဖြစ် တစ်ဘက် (၂၅၀)စီသော စစ်သည်တော် မင်းသားများ ရဟန်းပြုကြပါတယ်။ သကျနှင့် ကောလိယ ရဟန်းတော် (၅၀၀)တို့ကို မြတ်စွာဘုရားက ကပိလ၀တ်မြို့အနီး ဟိမ၀န္တာတောင်ခြေ မဟာဝနခေါ် ထူနက်သည့် တောကြီးမှာ ထား၍ ကမ္မဋ္ဌာန်းပေးပါတယ်။
          ရဟန်းငါးရာတို့ အိမ်မှာ နေရစ်ခဲ့ကြတဲ့ ဇနီးဟောင်းများက ဖြားယောင်းကြသည့်အတွက် ရဟန်းဘ၀မှာ ငြီးငွေ့ကြပါတယ်။ မြတ်စွာဘုရားက သူတို့ရဲ့စိတ်ကို သိတော်မူသည့်အတွက် ဟိမ၀န္တာ ကုဏာလအိုင်သို့ ဆောင်တော်မူလျှက် ကုဏာလအိုင်၌ ကာမ၏အပြစ်ကို ဖော်ပြသော ကာမကိုငြီးငွေ့ရွံမုန်းစေသော ဒေသနာ မဟာကုဏာလဇာတ်တော်ကြီးကို ဟောတော်မူပါတယ်။ ဤဇာတ်တော်ကြီးအဆုံးမှာ ရဟန်း (၅၀၀)တို့ တန်ခိုးနှင့်တကွ သောတာပတ္တိမဂ်ဖိုလ်သို့ ရောက်ကြပါတယ်။ သောတာပန်မင်းသား သကျသာကိယ ရဟန်း(၅၀၀)ကို မြတ်စွာဘုရားက မဟာဝုန်တောအုပ်ကြီးသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နယုန်လဆန်း (၁၄)ရက်နေ့လောက်ဖြစ်ပါတယ်။ ကပိလ၀တ်မြို့အနီး မဟာဝုန်တောကြီးမှာ ရဟန်း(၅၀၀)တို့အား ကမ္မဋ္ဌာန်းပေးပါတယ်။
          နယုန်လပြည့်နေ့မှာ ရဟန်း(၅၀၀)တို့ ကြီးစဉ်ငယ်လိုက် တစ်ပါးစီ တစ်ချိန်စီ ရဟန္တာဖြစ်ကြရာ ရှေ့နောက်စဉ်ဆက် ရဟန္တာဖြစ်ကြရတဲ့ ရဟန္တာ(၅၀၀)တို့သည် ကြီးစဉ်ငယ်လိုက် တန်းစီ၍ ဘုရားထံသို့ သတင်းပို့ရန် လျှောက်ထားရန်သွားကြရာ စကြ၀ဠာ တစ်သောင်းမှ မရေမတွက်နိုင်သော နတ်ဗြဟ္မာ အပေါင်းသည်လည်း စုဝေးရေက်ရှိလာကြပါတယ်။ အချို့သုဒ္ဓါဝါသဘုံက အနာဂါမ် ရဟန္တာ ဗြဟ္မာကြီးများ သမာပတ်ဝင်းစားနေရာက ထ၍ သူတို့နေရာကြည့်လိုက်ရာ တိတ်ဆိတ်နေသည်ကိုမြင်ရ ဗြဟ္မာတစ်ယောက်မျှ မရှိသည်အထိပါပဲ။ မဟာဝုန် မဟာသမယသို့သွားကြတာ အကုန်လုံးပါပဲ။
          မဟာဝုန်အစည်းဝေးကြီးသို့ တတ်ရောက်နေကြပြီဟု သိရတဲ့အခါ သူတို့ နောက်ကြနေသည့်အတွက် အစည်းအဝေးအမှီ အပြေးလာကြ အမြန်လာကြရာ နေစရာမရှိလို့ စကြ၀ဠာတံတိုင်းအစွန်းနားမှာ ကပ်၍နေကြရပါတယ်။ နေရာအခက်အခဲ ဖြစ်ကြရပါတယ်။ အပ်ဖျားတစ်ထောက်စာလောက် နေရာမှာပင် နတ်ဗြဟ္မာများ (၁၀, ၂၀, ၃၀, ၄၀, ၅၀, ၆၀, ၈၀,)သေးငယ်သောကိုယ်ကို ဖန်ဆင်း၍ စုဝေးကြပါတယ်။ စကြ၀ဠာတံတိုင်းအထိ အပြည့်အကြပ်ပါပဲ။
          ရဟန္တာတွေချည်း ငါးရာနှင့် ကျည်တောက်မှာ ဆံမှုန့်များ သိပ်ထားသလို များပြား ပြည့်ကြပ်နေသော နတ်ဗြဟ္မာတို့၏ အစည်းအဝေးကြီးဟာ လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀) ၏ နယုန်လပြည့်နေ့တုန်းက သက္ကတိုင်း ကပိလ၀တ်၏ မြောက်ဘက် ဟိမ၀န္တာ၏ တောင်ခြေ မဟာဝန မဟာဝုန်တောကြီးမှာ အကြီးအကျယ် ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးကြီးကို မဟာသမယ ခေါ်တာပါပဲ။ မရေမတွက်နိုင်သော နတ်ဗြဟ္မာတွေထဲမှာ တချို့နတ်များက စဉ်းစားကြတယ်၊ ဒီလောက်များတဲ့နတ်တွေကို ဘုရား အကုန်သိမှာမဟုတ်ပါဘူးတဲ့ ။ ဒီနတ်တွေရဲ့ သူတို့လာတာကို ဘုရားသိစေချင်တဲ့ စိတ်ကို ဘုရားက သိတော်မူသဖြင့် သူတို့ကျေနပ်ဝမ်းသာရအောင် နတ်ဗြဟ္မာများ၏ အုပ်စုလိုက် အမည်စာရင်းကို မြတ်စွာဘုရားက ကြေညာတော်မူပေးရပါတယ်။ အဲဒီနတ်ဗြဟ္မာများရဲ့ အမည်စာရင်း ကြေညာချက်ကို စုပေါင်းလိုက်တော့ သံဃာယနာ မှတ်တမ်းမှာ မဟာသမယသုတ်လို့ ဖြစ်လာတယ်။
          ဤ နယုန်လပြည့် မဟာဝုန်တောမှာ စည်းဝေးတဲ့မဟာသမယ အစည်းအဝေးကြီးမှာ လာရောက် စုဝေးကြတဲ့ နတ်ဗြဟ္မာများကို မြတ်စွာဘုရားက-
          ၁။ ရာဂထူသောအုပ်စု
          ၂။ ဒေါသအားကြီးသောအုပ်စု
          ၃။ မောဟလွန်ကဲသောအုပ်စု
          ၄။ သဒ္ဓါအားကောင်းသောအုပ်စု
          ၅။ ၀ိတတ်အားကြီးသောအုပ်စု
          ၆။ ပညာအားကြီးသောအုပ်စု
ဟူ၍ (၆)အုပ်စု ခွဲလိုက်ပါတယ်။  (၆)အုပ်စုအားလျှော်သော တရားဒေသနာ (၆)ပုဒ်ကို အမေး အဖြေလုပ်၍ ဟောတော်မူပါတယ်။ မြတ်စွာဘုရားက မေးရာ၌ ဖြေဆိုနိုင်သူမရှိသည့်အတွက် ဗုဒ္ဓကိုယ်စား နိမ္မိတတစ်ဆူ ဖန်ဆင်းတော်မူပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်က မေး၍ ဖန်ဆင်းထားသော နိမ္မိတရုပ်ပုံတော်က ဖြေဆိုတော်မူပါတယ်။
          ဒီကနေ့ခေတ်မှာ လူသားက မေးတာကို ကွန်ပျူတာ စက်ရုပ်က ဖြေတာမျိုး မဟုတ်ပါဘူး။ ဖန်ဆင်းရုပ်နှင့် တကယ့်ဘုရား ခွဲခြားမရအောင် တစ်ထပ်တည်း တစ်ပုံတည်း ဖြစ်နေပါတယ်။ ဘုရားနှစ်ဆူ ပွင့်တော်မူသည် သို့မဟုတ် တစ်ခြား စကြ၀ဠာက အခြားဘုရားတစ်ဆူ ကြွတော်မူလာသည်ဟု ထင်ကြရပါသည်။
          မဟာသမယ၏ ထူးခြားမွန်မြတ်ပုံပါပဲ။ သက်ရှိဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်နှင့် နိမ္မိတဗုဒ္ဓ၏ ရောင်ခြည်တော်ခြောက်သွယ်တို့သည် အချင်းချင်းရောယှက်ကာ စကြ၀ဠာစွန်းနားသို့တိုင်အောင် ဘေးသို့ပြေးသွားကာ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးတော်မူခဲ့ကြပါတယ်။ အထက်အကနိဋ္ဌဘုံတိုင်အောင် လွှမ်းမိုး တတ်ခဲ့ပါတယ်။  သက်ရှိဗုဒ္ဓနှင့် နိမ္မိတဗုဒ္ဓတို့သည် မျက်နှာခြင်းဆိုင် နေထိုင်တော်မူကြကာ အမေးအဖြေပြုလုပ်၍ သက်ရှိဗုဒ္ဓက မေးသမျှကို နိမ္မိတဗုဒ္ဓက ဖြေကြားကာ တရားဒေသနာ (၆)ပုဒ် သုတ္တန် (၆)ခုတို့ကို ဟောကြားတော်မူခဲ့ပါတယ်။
          ၁။ ရာဂစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် သမ္မာပရိဗ္ဗာဇနိယသုတ်။
          ၂။ ဒေါသစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ကလဟ၀ိဝါဒသုတ်။
          ၃။ မောဟစရိုက်ရှိသောနတ်ဗြဟ္မာတို့အတွက် မဟာဗျူဟာသုတ်။
          ၄။ ၀ိတတ်စရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် စူဠဗျူဟာသုတ်။
          ၅။ သဒ္ဓါစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် တုဝဋ္ဋသုတ်။ 
          ၆။ ပညာစရိုက်ရှိသော နတ်ဗြဟ္မာတို့အတွက် ပုရာဘေဒသုတ်။
ဟူ၍ သုတ်ပေါင်း (၆)သုတ်တို့ကို တစ်နေ့တည်း ဟောတော်မူခဲ့ပါတယ်။
          ကုဋေပေါင်းများစွာသော နတ်ဗြဟ္မာတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တန်းဝင်ကာ အရိယာ ဖြစ်ကြပါတယ်။
          နတ်တို့ရဲ့အမည်စာရင်းကို ဖော်ပြသော မဟာသမယသုတ်နှင့်တကွ စရိုက် (၆) ပါး အသီးသီးရှိ နတ်များအား ဟောသော မဟာသမယ (၆) သုတ်တို့ကို နတ်များက အလွန်ကြည်ညိုကြပါတယ်။ မြို့သစ်၊ အိမ်သစ်၊ စသည် အသစ်တည်သော သုမင်္ဂလာမှုများ၌ မဟာသမယ (၇) သုတ်တို့ကို ရွတ်ဆိုခြင်းဖြင့် ၎င်းတို့၏ အကူအညီ အစောင့်အရှောက်ကို ရယူနိုင်ကြပါသည်။
          သကျတို့သည် မြတ်စွာဘုရား၏ ဘခင်မျိုးများ ဖြစ်ကြပါသည်။ ကောလိယတို့သည် မြတ်ဘုရား၏ မိခင်မျိုးများ ဖြစ်ကြပါသည်။ မိမျိုး ဘမျိုးတို့၏ ငြင်းခုံခိုက်ရန်ပွဲကို ဆွေမျိုးစပ်၍ ငြိမ်းချမ်းစေတော်မူခဲ့ပါတယ်။ ငြိမ်းချမ်းမှု၏ အကျိုးသက်ရောက်မှုကား ကြီးကျယ် များမြတ်လှပါပေ၏။ မဟာသမယ၊ မဟာသန္နိပါတ၊ မဟာဓမ္မဒေသနာ၊ မဟာဓမ္မာဘိသမယ၊ မဟာအတ္ထာဓိဂမ တို့သည် ရောဟိနီ ငြိမ်းချမ်းရေးတရား၏ အကျိုးကျေးဇူးများပင် ဖြစ်ပါသတည်း။
         
-       သုသုခံ ၀တ ဇီဝါမ၊
ဝေရိနေသု အဝေဒိနော၊
ဝေရိနေသု မနုေဿသု၊
ဝိဟရာမ အဝေရိနော။
          ဝေရိနေသု- ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏ အလယ်၌ ၊ အဝေရိနော - ရန်မပြုကြသော ၊ မယံ - ငါတို့သည် ၊ သုသုခံ - အလွန့်အလွန် ချမ်းသာစွာ ၊ ဇီဝါမ ၀တ - အသက်ရှင်ကြရပေကုန်စွတကား။
          တသ္မာ - ထို့ကြောင့် ၊ ဝေရိနေသု - ရန်ပြု၍ နေကြသော ၊ မနုေဿသု - လူတို့၏အလယ်၌ ၊ မယံ - ငါတို့တစ်တွေသည် ၊ အဝေရိနော - မည်သူ့ကိုမျှ ရန်မပြုကြပါပဲ ၊ ၀ိဟရာမ - နေလိုက်ကြပါကုန်စို့တကား။
-       နဟိ ဝေရေန ဝေရာနိ ၊
သမ္မန္တိဓ ကုဒါစနံ ၊
အဝေရေန စ သမ္မန္တိ ၊
ဧသ ဓမ္မော သနန္တနော ။
ဝေရာနိ - ရန်တို့သည် ၊ ဝေရေန - ရန်တုန့်မူသဖြင့် ၊ ကုဒါစနံ - မည်သည့်အခါမျှ ၊ နသမ္မန္တိ - မငြိမ်းနိုင်လေကြကုန် ။
ဝေရာနိ  -  ရန်တို့သည် ၊ အဝေရေန - မေတ္တာဖြင့် တုန့်ပြန်မှသာလျှင် ၊သမ္မန္တိ - ငြိမ်းကြလေကုန်၏ ။
ဧသဓမ္မော - ဤသဘောသည် ၊ သနန္တနော - ကမ္ဘာဦးလူတို့ ကျင့်သုံးကြတဲ့ သနန္တနဓမ္မ ကမ္ဘာ့ ရှေးဟောင်းတရား ဖြစ်ပါပေသတည်း ။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ ။
သတ္တလောကတစ်ခုလုံး ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ ။
          သီတဂူအရှင်ဉာဏိဿရ
၁၃၅၈ - ခု၊ မဟာသမယနေ့
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...