ဆရာတော် ဦးသေဋ္ဌိလ ၏ သြ၀ါဒ
ဝိပဿနာတရားဟာ "လူသားတွေရဲ့ ခေါင်းပေါင်းကွ" ၀ိပဿနာဟောတာ ကောင်းပါတယ်။ အဲဒါဟာ ဒကာကြီးတွေအတွက် ခေါင်းပေါင်းပေါ့ကွာ။ ဒကာမကြီးတွေအတွက် ဆံထုံးပေါ့။ ဒါပေမယ့် ၀ိပဿနာဆိုတဲ့ လူ့ခေါင်းပေါင်း၊ လူ့ ဆံထုံး လှလှပပ ပေါင်းပေး ထုံးပေးနေတာကို ငါ ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ပုဆိုးနဲ့ ထမီ မြဲအောင်တော့ ၀တ်ပေးလိုက်ပါဦး..တဲ့။
ပုဆိုးနဲ့ထမီက ဘာပါလဲဆရာတော် လို့မေးတော့ ဗုဒ္ဓ၀ါဒ အခြေခံတွေကို နားလည်ဖို့ သိပ်လိုတယ်ကွ...တဲ့။
ခေါင်းပေါင်းနဲ့ ဆုံထုံးကိုပဲ ပြင်ရင် ပုဆိုး.ထမီ မပါပဲ ပွဲတက်သူလို ဖြစ်နေမယ်...တဲ့။
သိပ်မှန်တဲ့ ဆရာတော်ရဲ့ သြ၀ါဒလေးပါပဲ။ ဟုတ်တာပေါ့။ ခု ခေတ်ဖြစ်နေကြတာက ဘုရားကို ရှိခိုးတာတောင် ဘာကြောင့် ရှိခိုးတယ်။ ဘာအကျိုးကိုလိုလို့ ရှိခိုးတယ် ဆိုတာ သေချာမသိပဲ ဘုရားရှေ့တော်ရောက် ပြီး ဒူးနှစ်ဘက် တုပ် အရိုအသေပေး နောက် အော်ချင်ရာအော်၊ ဆိုချင်ရာဆို၊ တောင်းချင်တဲ့ ဆုကိုတောင်း၊ စိတ်ကူးရရာကို လိုက်လုပ်ပြီး ဦးသုံးကြိမ် အမြန်ချ ပြီးပြန်ကြတာချည်းပဲမဟုတ်လား။ သို့သော်လည်း အပြစ်တော့မဆိုသာပေ။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဘာသာတွေ အများကြီးရှိတဲ့အနက်မှ ဒီတစ်ယောက်သည် ဘုရားမှန်း တရားမှန်း သံဃာမှန်း သိသေးသည်။ ကုသိုလ်ကောင်းမှုကို ပြုလုပ်ဖို့ စိတ်တစ်နေရာသာ ကျန်နေသေးသည်။ ၀မ်းသာစရာပင်။ ၀ိပဿနာဆိုသည်ကားလည်း ထို့သို့ပင်။ ခေါင်းပေါင်း နဲ့ ဆံထုံးတို့ကိုသာ ပြင်ပြီး ပုဆိုးနဲ့ ထမီ မပါရင် ဘယ်လိုမှပင် မတင့်တယ်သလို ဘယ်လိုမှ မတွေးဝံ့အောင် မြင်ကွင်းက ဆိုးနေပေသည်။ ထိုအချက်ကို ဆရာတော်က ထောက်ပြပြီး ပြင်စေချင်တဲ့ ဆန္ဒဟာ အင်မတန်အံ့သြလောက်ပေသည်။ သို့အတွက်ကြောင့် တပည့်တော်တို့ရဲ့ ညီတော်များ၊ နောင်တော်များ၊ စွမ်းနိုင်သော လူပုဂ္ဂိုလ်များကို ဒီသြ၀ါဒအတိုင်း ဗုဒ္ဓဘာသာရဲ့ အခြေခံ သဘောတရားများကို နားမလည်သေးသော ပုဂ္ဂိုလ်များထံ သို့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ မိမိမှလည်းကောင်း၊ မိမိမှ တစ်ဆင့် လည်းကောင်း တတ်နိုင်သ၍ သွန်သင်ဆုံးမ ဟောပြော ပြသ ပြီး သာသနာပြုကြပါကုန်စို့ လို့ တိုက်တွန်းလျှက် နိဂုံးချုပ်အပ်ပါသည်။
သာသနာ ငါးထောင်မက ကြာအောင် ထမ်းဆောင် သယ်ပိုးနိုင်ကြပါစေ။

0 Response to "ဆရာတော် ဦးသေဋ္ဌိလ ၏ သြ၀ါဒ"
Post a Comment