နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား

အရိမေတ္တေယျ မြတ်စွာဘုရားသည် သစ္စာတရားကို ဟောကြားလျှင် လူကုဋေတစ်သိန်း၊ နတ်ကုဋေတစ်သိန်း ကျွတ်တန်းဝင်မည်။ ဤသို့ ဂေါတမ မြတ်ဗုဒ္ဓက ရှင်သာရိပုတ္တရာအား မိန့်တော်မူခဲ့သည်။
        အရိမေတ္တေယျ မြတ်ဘုရားည် ဓမ္မစကြာတရားကို ဟောမည်။ ဣသိပတနဥယျာဉ်တော်သို့ ကြွသည်။ ခြေတော်ချတိုင်းချတိုင်း ကြာပဒုံမာပွင့်တွေက အသင့်။ မြေကြီးခွဲ၍ ပေါ်လာကြမည်။ ခြေတော်အစုံကို ခိုလှုံဦးခိုက်ကြမည်။ သို့ဖြင့် မြတ်ဗုဒ္ဓသည် ဓမ္မစကြာခရီးကို ရွှေကြာပွင့်တွေ နင်းပြီး ကြွခဲ့ပါသည်။
ကြာပွင့်ချပ်ကြီးမှာ အတောင် ၃၀၊ ကြာပွင့်ချပ်ငယ်မှာ ၂၅တောင်၊ ကြာဝတ်ဆံမှာ အတောင် ၂၀၊ ကြာအလယ်ချပ်မှာ ၁၆ တောင်ရှိသည်။ စကြာဝဠာတစ်သောင်း ထိန်ထိန်လင်းခဲ့သည်။ မေတ္တေယျ၏ ခြောက်သွယ်ရောင်ခြည် တို့မှာ ထန်းလုံးပမာဏ ရှိသည်။ အထက်ဘ၀ဂ်ချဉ်းသည်။ အောက်အ၀ီစိနင်းသည်။ ဖီလာထုတ်ခြင်း၊ အကြွင်းမရှိ၊ အနန္တစကြာဝဠာ နှံ့ပါသည်။
        ဓမ္မာစကြာတရားပွဲကြီး၊ တရားနာပရိသတ်တို့က စကြာဝဠာတိုက်လုံးအပြည့်။ လူပရိတ်က ၁၆ ယူဇနာ။ နတ်ဗြဟ္မာ ပရိသတ်က  ဖြစ်သည်။
        လူမကိုင်။ နတ်မကိုင်။မိုးမစွတ်။ မီးမလောင်။ မြူမတင်။ ဖုံမကပ် ဆန်းကြယ်လှသည်။ ၁၂ -ယူဇနာ ရှိသော ရတနာဗိတာန်ကြီးသည် မေတ္တေယျမြတ်ဘုရား၏ဦးခေါင်းတော်ထက်၌ နေ့ညမရွေး အမြဲမိုးပေးနေသည်။ ဓမ္မစကြာတရားဦး ဟောသောနေ့မှ နိဗ္ဗာန်ရွှေပြည်ဝင်သည်အထိ ဖြစ်၏။
        အရှင်သာရိပုတ္တရာသည် မေတ္တေယျမြတ်ဘုရား၏အကြောင်းကို အကုန်အစင်သိလိုသည်။သို့ကြောင့် ဂေါတမမြတ်ဘုရားအားဤသို့ဤသို့ မေးလျှောက်ခဲ့သည်။
        မေတ္တေယျမြတ်ဘုရားသည် ဘုန်းတော်တောက်သည်။ တန်းခိုးတော်ကြီးသည်။နေ့ရော-ညပါ ကိုယ်တော်ရောင်အမြဲလင်းသည်။ အဘယ့်ကြောင့်နည်း။ ရှေးကုသိုလ်ကို မိန့်တော်မူပါ-မြတ်ဗုဒ္ဓ။
မေတ္တေယျမြတ်ဘုရား၏ ရတနာဗိတာန်ကြီးသည် အံ့ဖွယ်။ ပတ္တမြား၊စိန်၊ပုလဲ၊သန္တာ။ အဆိုင်းဆိုင်းနှင့် ဖြစ်သည်။ လူမကိုင်၊နတ်မကိုင်၊မိုးမစို၊မီးမလောင်၊မြူမတင်၊ဖုံမကပ်။ ထိုရတနာဗိတာန်ကြီးက နိဗ္ဗာန်ရွှေပြည်ဝင်သည်အထိ မိုးပေးနေမည်။ အဘယ့်ကြောင့်နည်း။ မေတ္တေယျ အလောင်းတော်၏ပြုခဲ့ဖူးသော ကုသိုလ်တို့ကို မိန့်တော်မူပါမြတ်ဗုဒ္ဓ။
        ချစ်သားသာရိပုတ္တရာ၊ မေတ္တေယျအလောင်းသည် တစ်ခုသောဘ၀၌ ဣန္ဒပတ္တနဂိုရ်ပြည်တွင် သင်္ခ စကြ၀တေးမင်းကြီး ဖြစ်ခဲ့ဖူးသည်။ နေပြည်တော်အကျယ်က ၃၆ ယူဇနာရှိသည်။ တံခါးလေးခု၌ ပဒေသာလေးပင်စီ ပေါက်သည်။၂၅ ယူဇနာမြင့်သော ဘုံ ၇ ဆင့် ဗိတာန်ကြီးနှင့် စံစားခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သီရိမန္တ မြတ်ဘုရားသည် ဣန္ဒပတ္တနဂိုရ်ပြည်မှ ၁၆ ယူဇနာဝေးကွာသောအရပ်၌ သီတင်းသုံးတော်မူသည်။ ထိုအကြောင်းကို သိင်္ခမင်းကြီး မသိချေ။
        ချစ်သားသာရိပုတ္တရာ၊ ဘုရား၊တရား၊သံဃာ။ ရတနာသုံးပါးကို ညွှန်ပြနိုင်သူအား စကြ၀တေးမင်းအရာကို ငါပေးရန်အသင့်။ ဤသို့ သင်္ခမင်းကြီးမှာ စိတ်အကြံတော် ပေါ်ခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ ထိုအခိုက် သီရိမန္တမြတ်ဘုရား၏တပည့်သာမဏေတစ်ပါးသည် ဣန္ဒပတ္တနဂိုရ်ပြည်သို့ ဆွမ်းခံကြွသည်။ ပြည်သူအများက ဘီလူးအမှတ်ဖြင့် ပစ်ခတ်ကြ၏။ သာမဏေမှာ ကြောက်အားလန့်အား။ မင်းကြီး၏နန်းတော်ဆီသို့ ပြေးသွားခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ လူလော၊နတ်လော မဝေခွဲနိုင်။ အဘယ်သူနည်း။ သင်္ခမင်းကြီးက မေးလျှင်- ၁၀ ပါးသီလစောင့်၍ မကောင်းမှုမှ ကင်းစင်သဖြင့် သာမဏေဟုခေါ်ကြောင်း ရှင်သာမဏေ ပြန်မိန့်သည်။
        ချစ်သားသာရိပုတ္တရာ၊ ဗုဒ္ဓသည် သည်ပြည်မှ ၁၆ ယူဇနာဝေးကွာသည့် ပုဗ္ဗာရုံကျောင်းတော်၌ သီတင်းသုံးတော်မူကြောင်းကိုပါ တဆက်တည်း ရှင်သာမဏေက မင်းကြီးအားမိန့်သည်။
        ချစ်သားသာရိပုတ္တရာ၊ သာမဏေ ဟူသောစကားကို ကြားရသဖြင့် မင်းကြီးမှာ ပီတိတွေ ကိုယ်လုံးပြည့်ခဲ့သည်။ ဗုဒ္ဓ ဟူသော စကားကိုကြားရသဖြင့် သောမနဿတွေ ကိုယ်လုံးပြည့်ခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သို့ကြောင့် မင်းကြီးသည် သာမဏေအား နန်းကိုနှင်းသည်။ စကြ၀တေးစည်းစိမ်ကိုလှူသည်။ ပြီးမှ သီရိမန္တ မြတ်ဗုဒ္ဓထံ ချက်ချင်း သူကြွခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သင်္ခမင်းကြီးသည် ခြေလျင်ခရီးဖြင့် သွားရန်မစွမ်း။ တနေ့တာခရီး၌ ခြေဖ၀ါးရောင်သည်။ နှစ်နေ့ခရီး၌ ခြေဖ၀ါးပေါက်သည်။ ဖ၀ါးဖြင့် မသွားနိုင်တော့။ ဆက်၍ကြိုးစား၏။ ဒူးနှင့်သွားသည်။ ၄ ရက်ခရီး၌ ဒူးပြဲသည်။ လက်ကွဲသည်။ သွေးသံတရဲရဲ။ သို့သော်မလျှော့။ ရင်ဘတ်နှင့် သွားရန် မင်းကြီးဆုံးဖြတ်သည်။
        ချစ်သားသာရိပုတ္တရာ၊ သီရိမန္တမြတ်ဘုရားသည် စကြာဝဠာတစ်သောင်းကို ကြည့်သည်။ သင်္ခမင်းကြီးကို မြင်သည်။ ငါမကယ်လျှင် သေဖွယ်တကား။ ကျောင်းတော်သို့ သူရောက်မည်မဟုတ်။ သို့ဖြင့် သီရိမန္တမြတ်ဘုရားသည် လူအိုယောင်ဆောင်သည်။လှည်းစီးစေသည်။ ပုဗ္ဗာရုံကျောင်းတော်အရောက် ပို့ပေးခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သုဇိတာနတ်သမီးသည် သင်္ခမင်းကြီး၏ နွမ်းလျနေသည့် အခြေကိုမြင်သည်။ နတ်ရေစင်ကို တိုက်သည်။ နတ်သြဇာကို ကျွေးသည်။ နတ်တို့တန်ခိုးဖြင့် မင်းကြီးအားကယ်မခဲ့သည်။
        ချစ်သားသာရိပုတ္တရာ၊ သင်္ခမင်းကြီးသည် သီရိမန္တမြတ်ဘုရားရှေ့တော်သို့ ရောက်ပြီ။ မြတ်ဘုရားအား ၀ပ်တွားသည်။ တရားတစ်ခွန်းကို ဟောရန်လျှောက်သည်။ မြတ်ဘုရားက ကုသိုလ်ပါရမီကို ဟောသည်။
        ချစ်သားသာရိပုတ္တရာ၊ မြတ်ဘုရား၏တရားတော်က မြတ်သလို ငါ့ဦးခေါင်းတော်ကလည်း မြတ်သည်။မြတ်သောတရားတော်ကို မြတ်သောဦးခေါင်းဖြင့်သာ ငါပူဇော်မည်။ ဤသို့သော မင်းကြီးက သူ့ဦးခေါင်းတော်ကို အဓိဋ္ဌာန်ဖြင့် ဖြတ်လိုက်သည်။
        ချစ်သားသာရိပုတ္တရာ၊ သင်္ခမင်းကြီးသည် သီရိမန္တမြတ်ဘုရားအား ဦးခေါင်းတော်ကို လှူသည်။ ထိုကုသိုလ်ကြောင့် နောင် မြတ်ဗုဒ္ဓဖြစ်ရပါလိုသည်။ ဗုဒ္ဓဖြစ်သောအခါ ဓမ္မစကြာ တရားကို ဟောရပါလိုသည်။ ကိုယ်တော်ရောင်ကလည်း နေ့ရောညပါ တောက်ပြောင်ရပါလိုသည်။ ဤသို့ ဆုတောင်းခဲ့သည်။

0 Response to "နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...