နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ (င)

(၅)
နေ့ကို ရက်စားသည်။ ရက်ကိုလစားသည်။ ဆယ်လပြည့်သောအခါ ဗြဟ္မ၀တီ၏ ၀မ်းကြာတိုက်မှ အလောင်းတော်ကို ဖွားမြင်သည်။ ဣသိပတန သမင်တောသည် ဖွားမြင်တော်မူရာ မြေမွန်။ အဇိတသည် လောင်းတော်၏ ငယ်နာမည်။
အလောင်းတော် အဇိတမှာ အခြွေအရံ (၁၈) ကုဋေရှိသည်။ အားလုံးအမျိုးချည်းပဲ ဖြစ်သည်။ ထိုဖွားဘက်ရွှေဘော် အမတ်သား (၁၈) ကုဋေတို့က အလောင်းတော်ဘ၀ကို တင့်တယ်စေကြသည်။ ၀င့်ထယ်စေရသည်။
ထိုဘုရားအလောင်းတော်၏ စည်းစိမ်ခန်းကို ဂေါတမ မြတ်ဘုရားက အရှင်သာရိပုတ္တရာအား ဤသို့ ဟောကြားခဲ့သည်။
ချစ်သား သာရိပုတ္တရာ၊ အလောင်းတော် အဇိတမင်းသားသည် စည်းစိမ်ရှင်ကြီးဖြစ်သည်။ ရွှေအိုးကြီးလေးလုံးပေါ်မည်။ တလုံးတလုံးမှာ (၅၁) ယူဇနာရှိသည်။ စောက်မြေကြီးအမျှ နက်မည်။ ပဒေသာပင် ခြောက်ပင်စီလဲ ပေါ်ဦးမည်။
ချစ်သား သာရိပုတ္တရာ အဇိတမင်းသား၏ ပြဿာဒ်ကြီးလေးဆောင်ကား- အံ့ဖွယ်။ တဆောင်တဆောင်မှာ ခန်းတိုက် ခုနှစ်ထောင်စီ၊ န၀ရတ်ပလ္လင်တော် ခုနှစ်ထောင်စီ၊ ရတနာ ထီးဖြူတော် ခုနှစ်ထောင်စီ၊ သားမွေးညောင်စောင်း ခုနှစ်ထောင်စီ၊ အဆောင်အယောင်တွေဖြင့် ခမ်းနားကြီးကျယ်လိမ့်မည်။
ချစ်သား သာရိပုတ္တရာ၊ ထို့ပြင် ဆဒ္ဒန်ဆင်ဖြူတော် ခုနှစ်ထောင်၊ ၀လာဟက သိန္ဓောမြင်း ခုနှစ်ထောင်၊ ရတနာ ယာဉ် ခုနှစ်ထောင်၊ အစီးအနင်းတွေဖြင့်လည်း ကြီးကျယ် ထယ်ဝါပါလိမ့်မည်။
ချစ်သား သာရိပုတ္တရာ၊ အဇိတမင်းသားမှာ ကချေသည် ခုနှစ်ထောင်၊ မောင်းမ တစ်သောင်းခြောက်ထောင် ခြံရံကြမည်။ ယဉ်သည်။ တင့်သည်။ နုသည်။ အားလုံး နတ်သမီးတမျှ လှပကြသည်။ သူတို့က မင်းသားအပါးမှာ အမြဲခစားနေကြလိမ့်မည်။
အလောင်းတော် အဇိတမင်းသားမှာ ပြုခဲ့သော ကုသိုလ်တို့က အဆုံးစွန်ရောက်နေသည်။ အစွမ်းကုန် အကျိုးပေးခဲ့သည်။ သောင်းလောကဓါတ်ရှိ အသရေတို့သည် သူ့ဇမ္ဗူဒီပါမှာ စုပုံနေသည်။ သူ့ကေတုမတီသည် တာဝတိံ သာ နတ်ပြည်မက စည်ခဲ့ သာယာခဲ့သည်။
သင်္ခမင်းသည် စကြာရှင်ဖြစ်သည်။ အဇိတမင်းသားအား လိုရာအကူအညီပေးသည်။ မချို့စေရ။ မညှိုးစေရ။ အဇိတ၏ အမှုကြီးငယ်ကို သင်္ခမင်းက တာဝန်ယူသည်။ ဦးခေါင်းဖြင့် ရွက်မည်။ ပုခုံးဖြင့် ထမ်းမည်။ ဆောင်ရွက်ပေးရန် စကြာမင်းက အသင့်။
မင်းသား၏ အခြွေအရံတို့မှာ နတ်မင်း ပရိသတ်ပါသည်။ ဗြဟ္မာမင်း ပရိသတ်ပါသည်။ လူပရိသတ်က ရှစ်သောင်း လေးထောင် ရှိသည်။
အလောင်းတော် အဇိတသည် ပြဿဒ်လေးဆောင်ပေါ်၌ မင်းသားစည်းစိမ်ကို စံသည်။
ကလျာ - ကောင်းခြင်းငါးဖြာစုံသည်။ အကျင့်သီလ ရှိသည်။ မျိုးနွယ်သန့်သည်။ ဆွေးနွေးစရာဟူ၍ လုံးလုံးမရှိ။ ခြောက်ပြစ်ကင်းသည်။ ရူပ နိကာယ်ရှိသည်။ သဒ္ဒနိကာယ် ရှိသည်။ ကြန်လက္ခဏာနှင့် ပြည့်သည်။ ထိုမိန်းမမြတ်ကား အဇိတမင်းသား၏ မိဖုရား။ အမည်အားဖြင့် စန္ဒမုခိဟု ခေါ်သည်။ ရွှေမျက်နှာက လပြည့်ဝန်းကဲ့သို့ ရွှန်းတင့်နေသော ဟူ၏။
စန္ဒမုခိ မိဖုရားသည် ကိုယ်နေလက်ထားလှသည်။
အချိုးအစား ပြေပြစ်သည်။ အရပ်နှင့် ကိုယ်ထည် လိုက်ဖက်သည်။ ကိုယ်က စန္ဒကူးနံ့ တသင်းသင်း၊ အရောင်က တ၀င်းဝင်း (၁၂) တောင်ထိ ဖြစ်သည်။
အလောင်းတော် အဇိတမင်းသား၏ အရပ်မှာ (၈၈) တောင်ရှိသည်။ မျက်ကွင်းတော် (၅)တောင်၊ ခံတွင်းတော် (၅) တောင်၊ နားရွက်တော် အစောက် (၅) တောင်၊ ဘ၀ါးတော် အလျား (၁၀) တောင် ဖြစ်သည်။
လက်ချောင်းတော်တို့၏ အကြားအကြားမှာ တထွာစီခြားသည်။ ခြေမျက်စိမှ ပုဆစ်ဒူးဝန်းအထိ အတောင်(၂၀) ရှိသည်။
အလောင်းတော်၏ ကိုယ်လုံးကိုယ်ထည် တစ်ဝက်သည် ပကတိလူသားတို့၏ အရပ်ဖြစ်သည်။ ဖွားစ သူငယ်သည် အရပ် (၅) တောင် ရှိသည်။ ကုန်းသူ၊ ကွသူ၊ ကန်းသူ၊ နူသူ လုံးဝမရှိ။ မျက်နှာပေါက်လှသည်။ အင်္ဂါကြီးငယ် စုံသည်။ မေတ္တေယျ အလောင်းတော်၏ လက်ထက်တွင် လူဖြစ်ရသူများ ကံထူးပါဘိ။
အဇိတမင်းသား၏ အပါးတော်မှာ အသိန်းအသန်းမက ဘွားဘက်တော်တွေ ရံနေသလို၊ စန္ဒမုခိမိဖုရား အပါးမှာလည်း မောင်းမမိဿံ ကိုယ်ရံပရိသတ်တို့ အသောင်းမက ခညောင်းနေကြပုံကို မြင်နိုင်ပါသည်။
အဇိတမင်းသားနှင့် စန္ဒမုခိမိဖုရားတို့သည် နန်းပြဿဒ်လေးဆောင်၌ လောကီစည်းစိမ်ကို စံသည်။ အနှစ်ရှစ်ထောင် ကြာသော် သားတော် တစ်ပါးကို ဖွားသည်။
ဗြဟ္မဎုနသည် အဇိတမင်းသား၏ ရင်သွေး။ စန္ဒမုခိမိဖုရား၏ ရင်နှစ်။

နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ(ဃ)

( ၄ )
အလောင်းတော်သည် သုံးမည်ရ ဖြစ်သည် ။ အရိယ မေတ္တေယျဟု ခေါ်သည်။
အရိမေတ္တေယျ ဟုခေါ်သည် ။ မေတ္တေယျ ဟု ခေါ်သည် ။
အရိမေတ္တေယျ အလောင်းတော်သည် ၁၆ အသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ
ဆယ်ပါးကို ဖြည့်သည် ။ စွန်.ခြင်းကြီးငါးပါးကို စွန်.သည် ။ သဗ္ဗညု ဆုကိုရည်၍ မြတ်ကုသိုလ်တို့ကို သူပြုခဲ.သည် ။
တုသိတာ နတ်သားဘ၀သည် အလောင်းတော်၏ အနီးကပ်ဆုံးဘ၀ ။
အလောင်းတော်နတ်သား၏ ဂုဏ်က ထုံသည် ။ သတင်းက သင်းသည် ။
စကြာဝဠာမှာ မွှေးတကြူကြူ ။ စကြာဝဠာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့
ဝန်းရံခညောင်းကြသည် ။ ဘုရားဖြစ်ချိန်တန်ပါပြီ ။ လူ.ပြည်သို့ကြွ၍ ဗုဒ္ဓဘွဲ.ကို ခံယူတော်
မူပါ ။ ဤသို့ အလောင်းတော် နတ်သားအား အနူး အညွတ်တောင်းပန်ကြသည် ။
နားပန်းညှိုး၏ ။ ပုဆိုးနွမ်း၏ ။ ချိုင်းချွေးထွက်၏ ။ ကိုယ်ရောင်ပျက်၏ ။ နန်းထက်
မပျော် ။
အလောင်းတော်သည် အခါကိုကြည့်သည် ။ ကျွန်းကိုကြည့်သည် ။ ဒေသကိုကြည့်သည် ။ အမျိုးကိုကြည့်သည် ။ မယ်တော်ကိုကြည့်သည် ။
အခါက သက်တမ်းရှစ်သောင်း ၊ ကျွန်းက ဇမ္ဗူဒီပါ ၊ ဒေသက ကေတုမတီ ၊
အမျိုးက ပုဏ္ဏား ။ မယ်တော်က ပုဏ္ဏေးမ ဗြဟ္မ၀တီ ၊ ထိုထိုတို.ကို အလောင်းတော်က ရွေးလိုက်သည် ။
ကေတုမတီပြည် ။ ကေတုမတီပြည်သည် မွေ.လျော်ဖွယ်ဖြစ်သည် ။ပျော်စံဖွယ်
ကောင်းသည် ။ ဥယျာဉ်နှင့် ရေကန်နှင့် သာယာသည် ။ မြို.ရိုးနှင့် ပြ အိုးနှင့်ခံညားသည် ။
ပဒေသာပင်တွေက နေရာတကာတွင် အပြည့် ။
မြေကောင်းသည် ။ ရေကောင်းသည် ။ သီးပင်တိုင်း ကိုင်းလုံးညွှတ် သီးသည် ။
ပွင့်ပင်တိုင်း ပင်လုံးကျွတ် ပွင့်သည် ။ ဥယျာဉ်တို့မှာ စိမ်းစိမ်းစိုစို ၊ ခြံမြေတို့မှ နုနုပျိုပျို ။
မြစ်တို့သည် အော်ကမစုန် ၊ အထက်စန် ၊ ကြည်သည် ။ သန်.သည် ။ ညွှန်မရှိ ။
ပုလဲနှစ် ကျဘိသကဲ့သို့တည်း ။ ချိုသည် ။ အေးသည် ။ မွှေးသည် ၊ ကြာနံ.တသင်းသင်း ။
ကေတုမတီပြည်သည် တိုင်းကြီးပြည်ကြီးဖြစ်သည် ။ ဘူမိနက်သန်မှန်သည် ။
ကြန်အင်လက္ခဏာစုံသည် ။ အလျား ၁၂ - ယူဇနာ ၊ အနံ ၇ ယူဇနာကျယ်သည် ။
စပါးတစ်ပင်တစ်ပင်မှာ လုံးပတ်သုံးထွာ ရှိသည်။တစ်ပင်တည်း က လှည်း ၂၂၇၂ -စီးတိုက်နှင့် ၁၆ - တင်းတင်းကျော်ကျော်ထွက်သည် ။
ကေတုမတီပြည်သူတို. အူမတောင့်၏ ။ ကေတုမတီပြည်သားတို. သီလစောင့်၏ ။
အစားဆင်းရဲခြင်းမရှိ ။ အ၀တ် ဆင်းရဲခြင်းမရှိ ။ လူမှုသုခပြည့်ဝကြ၏ ။
အချိုလိုသလော ။ အချဉ်လိုသလော ။ နီလာလိုသလော ။ သန္တာလိုသလော။လိုရာကို ပဒေသာပင်က ပေးသည် ။
စန္ဒကူးရှိသည် ။ အကျော်ကရမက် ရှိသည် ။ ပုတီးရှိသည် ။ ဘယက်ရှိသည် ။
စည်ရှိသည် ။ စောင်းရှိသည် ။ လူသုံးပစ္စည်းတွေ ပဒေသာပင်မှာ ဝေနေပါသည် ။
တာဝတိံသာ နတ်ပြည် သာယာ၏ ။ ကေတုမတီကို မှီအံ့မထင် ။ တာဝတိသာ
နတ်သား နတ်သမီးတို.စည်းစိမ်ကြီး၏ ။ ကေတုမတီပြည်သားတို့ကို မှီအံ့မထင် ။ထိုမျှ
သာယာဝပြောသော ပြည်ကြီး ကေတုမတီသည် အလောင်းတော်၏မွေးမြေ ။
သင်္ခမင်း ။ သင်္ခမင်းသညည် ကေတုမတီပြည့်ရှင် ဖြစ်သည် ။ သူ.ဘုန်းက မိုးမြေ
အဆုံးနှံ.သည် ။ လေးကျွန်းတမြင့်မိုရ် ထိုထိုစကြာဝဠာကို ပိုင်သည် ။ စကြာရတနာ
ရှိသည် ။ ဆင် ၊ မြင်း ၊ ပတ္တမြား ၊ မိဖုရား ၊ သေေ--ကြီး ၊ သားတော်ကြီး ၊ ထိုရတနာ
အသီးသီးတို.သည် သူ.ပစ္စည်းများ ဖြစ်သည် ။
နန်းပြဿာဒ်ကြီးမှာ အံ့မခန်း ။ သန္တာရောင်ဖြင့် ပြောင်သည် ။ နီလာရောင်ဖြင့် ပြောင်သည် ။ ပတ္တမြားရောင်ဖြင့် ပြောင်သည် ။ မျက်စိဖြင့် စိမ်းစိမ်းဖြင့် မကြည့်နိုင် ။
အဆောင်တိုင်း အဆောင်တိုင်း၌ ရတနာ ၇ ပါး ၊ ရတနာ ၉ ပါး ၊ရတနာ ၁၀ပါး ။
အပြည်.ခြယ်ထားသည် ။
မိုးထိနီးပါး ။ စောက် ၂၅ - ယူဇနာ ရှိသည် ။ အချင်း တစ်ယူဇနာခွဲဖြစ်သည် ။
ပြည်၏ အလယ်မှာ ကြွားကြွားဝင့်ဝင့် ငွါးငွါးစွင့်စွင့် ။ စကြာဝဠာ၏မျက်နှာဟု ဆိုရလောက်
ပါသည် ။
သုဗြဟ္မ ။ သုဗြဟ္မပုဏ္ဏားသည် သာမ ၊ ယဇု ၊ ဣရု၊ ဗေဒင် သုံးပုံ ခွင်၌ ကျွမ်းသည်။ လောက၊ ဓမ္မ၊ ရာဇရေးရာ အဖြာဖြာ၌ ကမ်းခတ်သည်။
သုဗြဟ္မသည် ရှေ့တစ်ခေါ်မျှော်၍လည်း သင်္ခမင်း၏ အကျိုးကို သယ်ပိုးသည်။ နောက်တလံ ပြန်ရှု၍လည်း သင်္ခမင်း၏ အလိုကို ဖြည့်သည်။ ပစ္စုပ္ပန်ကောင်းစေလိုသည်။သံသရာကောင်းစေလိုသည်။ သင်္ခမင်းအား အမြဲညွှန်ပြ ဆုံးမခဲ့သည်။ သူကား- မင်းဆရာ။
ဗြဟ္မ၀တီ။ ဗြဟ္မ၀တီသည် သုဗြဟ္မ ပုဏ္ဏား၏ဇနီး၊ အလောင်းတော်၏ မယ်တော်ဖြစ်သည်။ ဘုရားလောင်းမယ်တော်တို့ အသက်အပိုင်းအခြား သူ့မှာရှိသည်။ ဘုရားလောင်းမယ်တော်တို့၏ အကျင့်သီလ၊ဂုဏ်သိန်၊ သိက္ခာ၊ ပဋိပတ် သူ့မှာရှိသည်။
အလောင်းတော်သည် နတ်ထီငြီးပြီ။ နတ်စည်းစိမ်ကို ကြိုးလိမ်ထူးပတ် တောင်တန်းပမာ မှတ်သည်။ ၁၈ ကုဋေသော နတ်သားတွေ ခြံရံကာ တုသိတာ နတ်ပြည်မှ စုတေခဲ့သည်။
ဗြဟ္မ၀တီ၏ ၀မ်းကြာတိုက်၌ အလောင်းတော်နတ်သား ပဋိသန္ဓေတည်နေပြီ ဖြစ်ကြောင်းကို မဟာပထ၀ီက သိသည်။ သောင်းလောကဓါတ် ပဲ့တင်ထပ်မျှ ဤမြေကြီးက ကောင်းချီးပြုပါသည်။

ကျက်သရေရှိအောင်နေမယ်.........

ကျက်သရေရှိအောင် နေမယ်….

သိရီတိ ပညာပုညာနံ အဓိဝစနန္တိ ၀ဒန္တိ။
ကျက်သရေဆိုတာ အသိတရား နဲ့ အကျင့်တရား တို့ရဲ့ အမည်။(မူလဋီကာ)

သီလပညာနဉ္စ ပန လောကသ္မိံ အဂ္ဂမက္ခယတိ။
လောကမှာ သီလ နဲ့ ပညာဟာ အမြတ်ဆုံး တန်ဘိုး အရှိဆုံး။(သီလက္ခန်ပါဠိ)

Virtue and wisdom could also be compared to the eyes and the feet of a man.
ကိုယ်ကျင့်တရားသည် လူတို့၏ ခြေထောက်၊ ပညာသည် လူတို့၏ မျက်လုံး။
Virtue is like a vehicle that brings man up to the gate of salvation,
but the actual key that opens the gate is wisdom.
ကိုယ်ကျင့်တရားသည် လွတ်မြောက်ရာ တံခါးပေါက်သို့ ပို့ဆောင်ပေးသည့်
ယာဉ်နှင့်တူ၍ ပညာသည် ထွက်မြောက်ရာ တံခါးပေါက်ကို ဖွင့်သော သောနှင့် တူ၏။(သီတဂူဆရာတော်)
လောကမှာ လူတိုင်းလူတိုင်း ကျက်သရေရှိချင်ကြပါတယ်၊ ကျက်သရေရှိသူကို မြင်ချင် တွေ့ချင်ကြသလို ကျက်သရေရှိသူတွေနဲ့လဲအတူလက်တွဲလိုကြပါတယ်၊လူတိုင်းလူတိုင်းပဲ
ကျက်သရေရှိအောင် ကြိုးစားနေကြတာပါ၊ ဒီကောင်လေး ဒီကောင်မလေး ကျက်သရေရှိလိုက်တာလို့ပြောရင် မပြုံးတောင် စိတ်ထဲမှာတော့ သဘောကျကျေနပ်နေမှာအသေအချာပါပဲ ၊ ကျက်သရေရှိသူဖြစ်အောင်ကော ဘယ်လိုလုပ်ရမလဲ ဒီအကြောင်းလေးတွေ တွေးမိရင်းက အထက်ကစာလေးတွေကိုရှာဖြစ်သွားတာပါ။

တကယ်တော့ ကျက်သရေဆိုတာ အသိတရား နဲ့ အကျင့်တရားပါ….
အသိတရားအကျင့်တရားဆိုတာက တခြားသူအပေါ်မှာ ကိုယ်ချင်းစာတရားလေးတွေထားတာ ၊ သူတစ်ပါးအပေါ်မှာ မေတ္တာစိတ်ကလေးတွေထားတာ ၊ သူတစ်ပါးကို ကူညီချင်တာ ဒါလေးတွေဟာ အနှိုင်းမဲ့ ကျက်သရေ(အသိတရား)ပါ။
ပြီးတော့ တစ်ပါးသူကို ဖျက်စီးမည့် အတွေးလေးတွေကို အသာထား အကျိုးပွါးမည့် အတွေးလေးတွေကိုတွေးတာ၊ သူတစ်ပါးကို ထိခိုက်နစ်နာစေမည့် အလုပ်ကလေးတွေကိုရှောင်ရှား အကျိုးများမည့် အလုပ်ကလေးတွေလုပ်တာ၊ သူတစ်ပါးနစ်နာစေမည့် အပြောလေးတွေကိုရှောင် အကျိုးကိုဆောင်တဲ့ ဖေးမကူညီတဲ့ အပြောလေးတွေကို ပြောတာ၊ ဒါလေးတွေဟာလဲ တုနှိုင်းမဲ့ ကျက်သရေ(အကျင့်တရား)ပါ။
ဒါကြောင့် ကိုယ်ရဲ့ကိုယ်အမူအရာကို ကျက်သရေရှိအောင်နေမယ်၊ ကျက်သရေရှိတဲ့အပြောလေးတွေကို ပြောမယ် ၊ ကျက်သရေရှိတာလေးတွေကိုပဲတွေးနေမယ်ဆိုရင် ကျက်သရေရှိသူတွေ အမှန်တကယ်ဖြစ်လာမှာပါ။
တကယ်တော့ ကျက်သရေရှိဖို့ဆိုတာ ကိုယ်ကိုယ်တိုင် ဖန်တီးယူရမှာပါ။
ကျက်သရေမဲ့သွာအောင်းလဲ ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးယူကြတာပါ။
ပြီးတော့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားက ကိုယ့်ရဲ့လွတ်မြောက်ရာ
တံခါးပေါက်သို့ပိုဆောင်ပေးမှာဖြစ်ပြီး၊ ကိုယ့်ရဲ့ပညာတရားက ကိုယ့်ရဲ့
ထွက်မြောက်ရာတံခါးပေါက်ကို ဖွင့်ပေးမှာပါ။

ဒါကြောင့် လောကလှပဖို့ ကျက်သရေရှိဖို့ ပြီးတော့ ကိုယ်ကိုယ်တိုင် ကျက်သရေရှိသူဖြစ်ဖို့ ကိုယ်ကိုယ်တိုင်ပင် ကြိုးစားရမှာဖြစ်ပါကြောင်း……

သီတင်းကျွတ်လပြည့်

သီတင်းကျွတ်လတွင် ကြာမျိုးငါးပါးတို့ ပွင့်လန်းလေ့ရှိသည်.......
သီတင်းကျွတ်လပြည့်နေ့၏ ထူးခြားသော ၀ိသေသတစ်ရပ်မှာ
ပ၀ါရဏာပွဲ ဆင်ယင်ကျင်းပခြင်းဖြစ်သည်။ ပ၀ါရဏာ ဟူသောပါဠိ အဓိပ္ပာယ်မှာ ဖိတ်ကြားခြင်း
တောင်းပန်တိုက်တွန်းခြင်း မည်ပါသည်။

မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတွင် သီတင်းသုံးတော်မူစဉ်
ကောသလတိုင်း၊ ဇနပုဒ်တွင် ၀ါဆိုတော်မူကြသည့် ရဟန်းများသည် အချင်းချင်းစကားမပြောကြစတမ်းဟု
ကတိက၀တ်ထား၍နေခြင်းကို ပြေပျောက်ရန်၊ အကျင့်သိက္ခာနှင့် စပ်လျဉ်း၍ သံဃာအချင်းချင်း
သံသယဖြစ်နေလျှင် မြုံမထားဘဲ တစ်ပါးနှင့်တစ်ပါးဖောထုတ်၍ ပွင့်ပွင့်လင်းလင်း
ဝန်ခံပြီး အပြစ်ထင်ရှားရှိလျှင် အပြစ်ရှိသူက ၀န်ခံလျက် ပြုပြင်နေပါမည်ဟု ကတိပေးရန်အတွက် ပ၀ါရဏာ
ပြုခြင်းကို ပညတ်တော်မူခဲ့ခြင်းလည်းဖြစ်သည်။

သံဃာတော်များ အချင်းချင်းအပြန်အလှန် ဖိတ်ကြားတိုက်တွန်းခြင်း ပြုလုပ်သောပွဲကို
ပ၀ါရဏာပွဲ ဟုခေါ်သည်။ မြတ်စွာဘုရားမိန့်ကြားပညတ်တော်မူခဲ့သည့်အချိန်မှစ၍
ယခုအထိ ရဟန်းသံဃာတော်တို့သည် သီတင်းကျွတ်လပြည့်နေ့သို့ရောက်တိုင်း
ပ၀ါရဏာ ပွဲတော်ကိုကျင်းပခဲ့ကြသည်။ ဗုဒ္ဒဘာသာဝင်သူတော်စင်တို့ကလဲ
သိမ်ဆင်းလောင်းခြင်း၊ ဆွမ်းကပ်စာရေးတံမဲနှင့် သံဃာ့ဒါနဆွမ်းကြီးလောင်းလှူပွဲများကို
ပြုလုပ်ကြသည်။

သီတင်းကျွတ်လပြည့်နေ့သည် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ ယနေ့မှစတင်ရေတွက်ခဲ့သည်
ရှိသောလွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ကျော်ခန့်ကဖြစ်သည်။

မြတ်စွာဘုရားရှင်သည် သာဝတ္တိပြည်တွင် တန်ခိုးပြာဋိဟာပြတော်မူပြီးနောက် မယ်တော်မိနတ်သားအား
အဘိဓမ္မာတရားဟောကြားရန် ခြေလှမ်းနှစ်လှမ်းတည်းဖြင့် တာဝတိသာနတ်ပြည်သို့တတ်ရောက်
သောအခါ မယ်တော်သန္တုဿိတနတ်သားအမှူးပြုသော စကြ၀ဋ္ဌာတိုက်တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်း
ခညောင်းရောက်ရှိလာကြကုန်၏။ ရှင်တော်ဘုရားသည် အဘိဓမ္မာတရားတော်ကို ခုနှစ်ဝါမြောက် ၀ါဆို
လပြည့်မှ ၀ါတွင်းသုံးလပတ်လုံး နေ့ညမစဲဟောကြားတော်မူခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာခုနှစ်ကျမ်း အမြိုက်တရားဟောကြားတော်မူခြင်း ပြီးဆုံးသည်။
သို့ဖြစ်၍ ထိုနေ့အခါသမယကို အဘိဓမ္မာနေ့မြတ်အဖြစ်အစဉ်အလာပူဇော်ကျင်းပခဲ့ကြသည်။

ထိုသုံးလမျှအတွင်း မြတ်စွာဘုရားသည်နေ့စဉ်နေ့တိုင်း အနောဒတ္တအိုင်တွင် ရေသန့်စင်ခြင်းပြုတော်မူသည်။
ထိုစဉ်အဘိဓမ္မာတရားတော်တို့ကို လက်ယာတော်ရံ အရှင်သာရိပုတ္တရာမထေရ်အား ဟောကြားပေးတော်မူသည်။
အရှင်သာရိပုတ္တရာမထေရ်ကလည်း မိမိ၏တပည့်ရဟန်းငါးရာတို့အား တဖန်ပြန်လည်ဟောကြားတော်မူခဲ့သည်။
ဤသို့ဖြင့် တာဝတိသာနတ်ပြည်တွင် မြတ်စွာဘုရားဟောကြားသောဓမ္မဒေသနာများသည် လူ့ပြည်တွင်လည်း
အရှင်သာရိပုတ္တရာမထေရ်နှင့် တပည့်ရဟန်းငါးရာတို့ကို အကြောင်းပြု၍ စည်ပင်ပြန့်ပွားလာခဲ့သည်။

ထိုသို့လူ့ပြည်-နတ်ပြည် နှစ်ဌာနလုံးတွင် ဟောကြားခဲ့သော အဘိဓမ္မာတရားတော်ကြီးသည်
သီတင်းကျွတ်လပြည့်နေ့တွင် ဆုံးခန်းတိုင်အောင်ပြီးဆုံးခဲ့၍ ထိုနေ့တွင်မြတ်စွာဘုရားသည်
နတ်၊ ဗြဟ္မာတို့ခြံရံလျက် နတ်ပြည်မှ နတ်၊ဗြဟ္မာတို့ဖန်ဆင်းပေးသော ရွှေစောင်းတန်း၊ ငွေစောင်းတန်း
ပတ္တမြားစောင်းတန်းတို့ဖြင့် ဆင်းသက်တော်မူခဲ့သည်။ လူတို့သည် ဆီမီး၊ နံ့သာ၊ ပန်း၊ ပေါက်ပေါက်တို့ဖြင့်
မြတ်စွာဘုရားကိုဝမ်းမြောက်ဝမ်းသာ ကြိုဆိုပူဇော်ကန်တော့ကြရာမှ သီတင်းကျွတ်မီးထွန်းပွဲတော်လည်း
ဖြစ်ပေါ်လာရခြင်းဖြစ်ပါတော့သည်။

* အောင်မြင့်မြတ်(ပြည်ရွှေဘို)

နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူ(ဂ)

(၃)   ဗုဒ္ဓက ပြုံးတော်မူ၏။
       
အဘယ့်ကြောင့် ပြုံးတော်မူသနည်း။ အကြောင်းကို မိန့်တော်မူပါ။ အရှင်အာနန္ဒက လျှောက်ထားသည်။
        ချစ်သား အာနန္ဒ၊ အဇိတရဟန်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် အရိမေတ္တေယျဘွဲ့တော်ဖြင့် မုချဗုဒ္ဓဖြစ်လတ္တံ့။
        ဤသို့ ဗျာဒိတ်တော်စကားကို ကြားရသော် အရှင်သာရိပုတ္တရာက ဆက်၍ အဇိတရဟန်းသည် အဘယ်အခါ၌ အဘယ်အခြင်းအရာဖြင့် အရိမေတ္တေယျဘုရား ဖြစ်လတ္တံ့နည်း။ အကြောင်းကုန်စင် မိန့်တော်မူရန် ဗုဒ္ဓအား မေးလျှောက်သည်။
        အရိမေတ္တေယျ အနာဂတ၀င်သည် ဗုဒ္ဓဟော။ အရှင်သာရိပုတ္တရာအား ဟောကြားခဲ့သည့် ဒေသနာတော် ဖြစ်သည်။
ဒေသနာတော်မှာ
        ချစ်သားသာရိပုတ္တရာ၊ ငါဘုရား ပရိနိဗ္ဗာန်စံပြီး နောက်ကာလများစွာကြာသော် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူလိမ့်မည်။
        ချစ်သားသာရိပုတ္တရာ၊ ငါဘုရား၏သာသနာတော်သည် ပဋိသမ္ဘိဒါခေတ် ကွယ်ခြင်း၊ မဂ်ဖိုလ်ကွယ်ခြင်း၊ အကျင့်ကွယ်ခြင်း၊ ပရိယတ်ပိဋကတ်သုံးပုံကွယ်ခြင်း၊ သံဃာတော်ကွယ်ခြင်း၊ ထိုကွယ်ခြင်းငါးမျိုးဖြင့် ကွယ်လိမ့်မည်။
        ချစ်သားသာရိပုတ္တရာ၊ ပိဋကတ်သုံးပုံတွင် ပဌာန်းကျမ်းက ပထမကွယ်လိမ့်မည်။
နောက် - ယမိုက်ကထာဝတ္ထု ၊ ပုဂ္ဂလပညတ် ၊ ဓာတုကထာ ၊ ၀ိဘင်း - ဓမ္မသင်္ဂဏီ ၊
အဘိဓမ္မာကျမ်းတို့  အစဉ်အလိုက်ကွယ်လိမ့်မည် ။
        ချစ်သားသာရိပုတ္တရာ၊ နိကာယ်ငါးရပ်တွင် - အင်္ဂုတ္တရနိကာယ် ပထမကွယ်မည်။
နောက် - သံယုတ္တနိကာယ် ၊ မဇ္ဈိမနိကာယ် ၊ ဒီဃနိကာယ် ၊ ခုဒ္ဒကနိကာယ်တို့ အစဉ်လိုက်ကွယ်ကြမည် ။
        ချစ်သားသာရိပုတ္တရာ ၊ နောင်သော်တရားလေးပုဒ် ၊ဓမ္မလေးဂါထာ ဟောပြောနိုင်သူပင်မမြင် ။ အသပြာတစ်ထောင်ပေးသော်လည်း မနာကြားရ ။
တော-တောင်-ရေ-မြေ အဆုံးရှာသော်လည်း မတွေ.ရ။ တရား ဓမ္မ- သုည အခြေအနေရောက်ခဲ့သော် ပရိယတ် ကွယ်သည် - မည်သည် ။
        ချစ်သားသာရိပုတ္တရာ ၊ ဖန်ရည်စွန်းသော သင်္ကန်းကို ရွံလာကြမည် ။ မုန်းလာကြမည် ။ တစ်ထွာတစ်မိုက်မျှပင် ဆံပင်၌မဆင် ၊ လည်၌မဆွဲ ၊လက်၌မပတ်၊
သင်္ကန်းကိုဆင်မြန်းခြင်းကား အချည်းနှီးသာ။ တောခြုံပေါ်၌သာ စွန်.ပစ်ကြမည်။ ထိုအခြေအနေရောက်သော် - ရဟန်းသံဃာကွယ်သည် - မည်သည် ။
        ချစ်သားသာရိပုတ္တရာ ၊ ငါဘုရား၏ ဓာတ်တော် မွေတော်တို့သည် ယခု လူ.ပြည်၌ရှိသည် ။နတ်ပြည် - ဗြဟ္မာ.ပြည်- နဂါးပြည်တို့၌ ရှိသည်။အနှစ်ငါးထောင်ကြာသော် ဓာတ်တော်တို့ကို ပူဇော်မည့်သူ လုံးလုံးမရှိတော့။
ပူဇော်မည့်သူရှိရာ မဟာဗောဓိမဏ္ဍိုင်မှာ ထိုဓာတ်တော်တွေ တစ်လုံးတစ်စည်းတည်း
ပေါင်းဆုံကြလိမ့်မည်။ နိမ္မိတသဏ္ဍာန် ငါဘုရား၏ရုပ်ပွားတော် ဖန်ဆင်းပြီး တန်းခိုး
ပြာဋိဟာတို.ကို ပြလိမ့်မည်။
        ချစ်သားသာရိပုတ္တရာ၊ ငါဘုရား၏ ဓါတုပရိနိဗ္ဗာန် စံဝင်ရာ မဟာဗောဓိမဏ္ဍိုင်၌ လူအများမရောက်နိုင်။ ဂန္ဓမာဒနတောင်မှ မြတ်စွာဘုရား ဟောကြားသော တရားကို လူတို့မနာကြားနိုင်။ စကြာဝဠာတစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းသာ နာရကြားရသည်။ နတ်ဗြဟ္မာတွေ ကုဋေတစ်သိန်း ကျွတ်တန်းဝင်လိမ့်မည်။
        ချစ်သားသာရိပုတ္တရာ၊ ငါဘုရား ဓါတုပရိနိဗ္ဗာန်စံဝင်သောနေ့၊ ထိုနေ့၌ နတ်တွေ ငိုသည်။ ဗြဟ္မာတွေ ငိုသည်။ ယနေ့လွန်လျှင် စကြာဝဠာတစ်ခွင်ကား အမှောင်ပြင်ကြီး ဖြစ်တော့မည်တကား။ အမိုက်ထုကြီးလွှမ်းတော့မည်တကား။ ဤသို့ဤသို့ ရေရွတ်၍ ရင်ပတ်စည်တီးဖြစ်ကြမည်။ ဓါတ်တော်မွေတော်တို့သည် တေဇောဓါတ်လောင်မည်။ အကြွင်းမရှိ အနုပါဒိသေသ နိဗ္ဗာန်ဝင်စံလိမ့်မည်။
        ချစ်သားသာရိပုတ္တရာ လူတို့သည် မကောင်းမှု၌ ပျော်ပိုက်ကြ၏၊ အကျင့်ယုတ်ယုတ်လာသည်၊ သက်တမ်းဆုတ်ဆုတ်လာသည်၊ ငါးနှစ်သမီးနှင့် လင်ယူကြမည်။ သားမွေးကြမည်၊ ခြောက်နှစ် ခုနှစ်နှစ်ရှိလျှင် မြေးနှင့် မြစ်နှင့် ဖြစ်လာကြမည်၊
        ချစ်သားသာရိပုတ္တရာ မွတ်သိပ်စာလောင်ခြင်းအန္တရာယ် အနာရောဂါအန္တရာယ် လက်နက်အန္တရာယ် ၊ အန္တရာယ်သုံးပါးဆိုက်မည်။ ကပ်သုံးပါးထိုက်မည်။ မွတ်သိပ်ငတ်ပြတ်၍ သေသူတွေ ပြိတ္တာဖြစ်လိမ့်မည်။ အနာရောဂါဖြင့် သေသူတွေ နတ်ရွာစံ လိမ့်မည်၊ လက်နက်ကြောင့် သေသူတွေ ငရဲရောက်လိမ့်မည်။
        ချစ်သားသာရိပုတ္တရာ ၀ိသကြုံနတ်မင်းသည် လူ့ပြည်ဆင်း၍ ဤသို့ကြွေးကြော်လိမ့်မည်၊ အို … လူအပေါင်းတို့ ယနေ့မှစ၍ (၇)ရက်အတွင်း ဘေးကြီးဆိုက် ကပ်ကြီးထိုက်လိမ့်မည်။ လူကို လူဟုမမြင်၊ သမင်သားငါးအမှတ်ဖြင့် သတ်ကြဖြတ်ကြမည်၊ ရှောင်ကြလော့၊ လူမရောက်သည့် ဂူ၊ ဂျောက်၊ ချောင်၌ တယောက်စီပုန်းနေကြလော့၊(၇)ရက်ပြည့်မှ ပြန်လာကြကုန်။
        ချစ်သားသာရိပုတ္တရာ အချို့ကယုံသည်၊ အချို့မယုံ ။ ၀ိသကြုံနတ်မင်း၏စကားကို မယုံသူတွေမချင်းချင်း သတ်၍သေမည်။ သူတို့အလောင်းတွေ မိုးရေထဲ မျောပါသွားလိမ့်မည်။
        ချစ်သားသာရိပုတ္တရာ အမိုက်ကောင်တွေရှင်းသွားပြီ။ ပုဆိုးမိုးရွာမည်။ ပုန်းနေသူတွေ ပြန်လာကြမည်။ သတိကြီးစွာ ရ၏။ သံဝေဂ ပြင်းစွာဖြစ်၏။ ကိုယ်ကျင့်တရားနှင့် သီတင်းသီလနှင့်ဖြစ်လာကြလိမ့်မည်။
        ချစ်သားသာရိပုတ္တရာ ကိုယ်ကျင့်တည်မှ သက်တမ်းရှည်သည်။ ဆယ်နှစ်တမ်းမှ ထမ်းပိုးထမ်းပိုး တိုးမည်။ အသင်္ချေယျတမ်းထိ တက်မည်။ အသက်ရှည်လွန်းသဖြင့် အို နာ သေ လက္ခဏာကိုပင် မြင်ကြမည်မဟုတ်။
        ချစ်သားသာရိပုတ္တရာ အို နာ သေ လက္ခဏာ သုံးပါး မမြင်။ တရားပျက်ကြလျှင် သက်တမ်းကျလာမည်။ တဖြေးဖြေး ဆုတ်မည်။ အသင်္ချေယျတမ်းမှ ရှစ်သောင်းတမ်းထိ လျှောမည်။ ထိုရှစ်သောင်းတမ်း၌ ယောက်ျားတို့က နတ်သားပမာ ၊မိန်းမတို့က နတ်သမီးပမာ လှမည်၊ တင့်မည်၊ လူ့ပြည်သည်နတ်ပြည်နှင့်မခြား စည်မည်။ သာယာမည်။
       ချစ်သားသာရိပုတ္တရာ အသက်ရှစ်သောင်းတမ်း၌ ထမင်းဆာခြင်း၊ အဆီယစ်၍ အိပ်ပျော်ခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ ထိုလက္ခဏာ သုံးမျိုးသာ ပေါ်မည်။ အခြား အနာရောဂါမရှိ၊ ကိုးဆယ့်ခြောက်ပါး ဝေးမည်။
       ချစ်သား သာရိပုတ္တရာ အသက်ရှစ်သောင်းတမ်း၌ ကေတုမတီပြည်ကို သင်္ခစကြ၀တေး စိုးအုပ်မည်။ သုဗြဟ္မပုဏ္ဏားသည် မင်းဆရာ ဖြစ်မည်။ အရိမေတ္တယျ အလောင်းတော်နတ်သားသည် မင်းဆရာ၏ ဇနီးပုဏ္ဏေးမ - ဗြဟ္မ၀တီ ၀မ်းကြာတိုက်၌ ပဋိသန္ဓေယူလိမ့်မည်။
       စသည် - စသည်ဖြင့် အလောင်းတော်၏ အကြောင်းကို ဂေါတမမြတ်ဘုရားက ရှင်သာရိပုတ္တရာအား ဟောကြားခဲ့သည်။
       အလောင်းတော် ပဋိသန္ဓေယူခန်း၊ စည်းစိမ်စံခန်း၊ တောထွက်ခန်း၊ ဒုက္ကရစရိယာကျင့်ခန်း၊ ဗုဒ္ဓဖြစ်တော်မူခန်း-စသည့် အနာဂတ၀င်သည် ဗုဒ္ဓဟော၊ ထိုအခန်းတို့ကို မြတ်ဘုရားက ဆက်၍ဟောကြားသည်။  
      ဆင်နားပန်းညှိုး၊ ပုဆိုးနွမ်းပါး၊ ချိုင်းကြားချွေးထွက်၊ ကိုယ်ရောင်ပျက်သား၊ နန်းထက်မမွေ့၊ စုတေ့ကြောင်းဟိတ်၊ ငါးနိမိတ်ထင်၊ နတ်တို့သွင်သို့။

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...