သုံးပါးလက္ခဏာ မလွတ်ရာ
မကောင်းမှုကို မကောင်းမှန်းသိလျှက်နှင့်မိုက်သူလောက် ဆိုးသွမ်းသူသည် ဒီလောကကြီးထဲမှာ ရှိသင့်သလားမေးလာပါက မရှိသင့်သည်က ပိုကောင်းမည်ထင်။ ကမ္ဘာလောကတစ်ခုလုံး အကောင်းနဲ့အဆိုး ဒွန်တွဲနေတာဖြစ်နေတာ ဆိုပေမယ့် အများစုကို စစ်တမ်းထုတ်ကြည့်ပြန်လျှင် မကောင်းမှုကို မွေ့လျော်သူက များနေပေသည်။ နှလုံးသားဆန္ဒတစ်ချက်ကလေး တောင်းကာမျှနှင့် အမိုက်သံသရာ လည်ရရှာသော လောကီလူသားတို့ဟာ အမိုက်ကို ဇာတ်သိမ်းသင့်ပေပြီ။ ကိုယ်က မတားဆီးနိုင် မထိန်းချုပ်နိုင်သ၍ ၀ဋ်ကြွေးဟု ကြွေးကြော်ကြပေဦးမည်။ ပုထုဇဉ်ဘ၀က မကျော်လွန်သေးသမျှ ကာလပတ်လုံး မီးဟုန်းဟုန်းတောက်သည့် ကိလေသာတွင်းထဲကို ပျော်ပျော်ကြီး ခုန်ဆင်းနေပေလိမ့်ဦးမည်။ ခန္ဓာက အိုရာက နာရာသို့ကူး၊ နာရာက သေရာသို့ ကူးနေတာကို သိသိနှင့် မေ့ပစ်၊ အသစ်အသစ်ဆိုတာကို တောင့်တရင်း တောင့်တရင်းနဲ့ သံသရာကို ရှည်လျားအောင် ကြိုးပမ်းနေကြပေလိမ့်ဦးမည်။ နှလုံးသွင်းမှန်အောင် မှန်ကြည့်နေရင်း အသားအရည်တွေဟာ တစ်ဖြေးဖြေး ရင့်ရော်ကာ အိုဆွေးလာသည်ကို မြင်အောင်ကြည့်ပြီး လုပ်ချင်တဲ့ဆန္ဒက တဒင်္ဂမျှ သာယာမှုကို ပေးစွမ်းနိုင်တာကို အမြဲအောင့်မေ့တတ်ခြင်းကို အစဉ်သတိမူလိုက်လျှင် ပေါ်လာပေလိမ့်မည်။ တကယ်တမ်းတော့ ခန္ဓာကိုယ်ကြီးဟာ အမြဲနုပျိုပါစေလို့ လိုတိုင်းမရပါ၊ အဲဒါ အနိစ္စလက္ခဏာ။ ထာဝရချမ်းသာချင်နေကြတာချည်းပါပဲ။ သို့သော် ဆင်းရဲသားက များနေတာကို သတိမူလိုက်လျှင်ကား အမြဲချမ်းသာမှုဆိုတာ မရနိုင်ပါဘူး။ အဲဒါ ဒုက္ခလက္ခဏာ။ ငါ့ခန္ဓာကိုယ်ကြီး အမြဲနုပျိုနေပါစေ၊ အမြဲချမ်းသာပါရစေ လို့ ပြောလို့မရ၊ အစိုးမရမှတော့ အဲဒါ အနတ္တလက္ခဏာ။ ဤသုံးပါးကို ခန္ဓာမှတင် မြင်အောင်ရှုလိုက်လျှင်ကား မကောင်းမှုမှာ မွေ့လျော် စိတ်တွေဟာ လျော့ကောင်းလျော့လိမ့်မယ်။ အမြဲလျော့အောင်ဆိုတာကတော့ဖြင့် ဖြည့်ကျင့်ရဦးမည့် ပါရမီ အလီလီဝေးကွာမည်ထင်ပါသည်။ မည်သို့ဆိုစေဦးတော့ တစ်စက်ချင်း တစ်ပေါက်ချင်းကျလာသော ရေဟာ ကြာလာလျှင် များလာသကဲ့သို့။ ထို့နည်းတူစွာ ဖြည့်ကျင့်ရာတည်း။ ပါပသ္မိံ ရမတိ မနော ဆိုသောအတိုင်း မမွေ့လျော်ကြပဲနဲ့ ဝေးသတတ်ဝေးအောင် ကြိုးစားကြကုန်လော့ အိုသူတော်ကောင်းအပေါင်းတို့.....
0 Response to "သုံးပါးလက္ခဏာ မလွတ်ရာ"
Post a Comment