နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic
သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူအပ်သော ပါရမီတော်ဆယ်ပါး ...
သီတဂူဆရာတော် အရှင်ဥာဏိဿရ ဟောကြားတော်မူအပ်သော ပါရမီတော်ဆယ်ပါး ...
၁၃၇၃ ခု ကဆုန်လပြည့်၊ (၂၀၁၁ ခု မေ ၁၆ ရက်) နယူးယောက်မြို့ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ဗုဒ္ဓနေ့အခမ်းအနားတွင် သီတဂူဆရာတော် မိန့်ကြားသော မြတ်ဗုဒ္ဓ၏ ထူးသောသတင်းစကားဆယ်ပါး
ခေါင်းဆောင်တို့၏ကျင့်စဉ် (သို့မဟုတ်) လူမြတ်တို့၏ကျင့်စဉ်။
၁။ ဒါနပါရမီ = Perfection of Generosity
မိမိရရှိပိုင်ဆိုင်ထားသော ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ အာဏာ၊ ဂုဏ်သတင်း၊ ကျော်ကြားခြင်းတို့ကို ပေးဝေခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်ခြင်း၊ ဝေငှမျှတခြင်းတို့ဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် မွန်မြတ်တဲ့ကျင့်စဉ် တစ်ခုပါပဲ။ ယနေ့ကမ္ဘာလောကမှာ ဖြစ်နေတဲ့ တင်းမာမှုတွေ၊ လုယက်တိုက်ခိုက်မှုတွေနဲ့ မကျေနပ်မှုပေါင်းများစွာတို့ဟာ သိမ်းပိုက်မှု အလွန့်အလွန်ပိုင်ဆိုင်လိုမှု၊ မဝေငှ မမျှတလိုမှုတွေရဲ့ အကြောင်းတစ်ရပ် အဖြစ် သက်ဆိုင်နေပါတယ်။ ဒါန နှင့် စာဂ၏ အလှအပလေးများကို ကျွန်ုပ်တို့အသေအချာ သင်ကြား လေ့ကျင့်ဖို့ လိုပါတယ်။ ကမ္ဘာမှာရှိတဲ့ သန်းပေါင်းများစွာသော လူတွေရဲ့ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာရေးနှင့် ပညာရေးဆင်းရဲမှု အောက်မှာ ခံစားနေရတဲ့ ဒုက္ခတွေကို ကျွန်ုပ်တို့ သနားဖို့ကောင်းပါတယ်။ ပေးနိုင်၊ ဝေငှနိုင်ရင် အရာရာပြီးမြောက် ခရီးရောက်ပါတယ်။
၂။ သီလပါရမီ = Perfection of Virtue
ကျွန်ုပ်တို့ခေါင်းဆောင်တွေအားလုံး (ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး) လူသားအချင်းချင်း ဒုက္ခပေးမယ့် မည်သည့် ကိုယ်မှု နှုတ်မှု မကောင်းမှုတို့ကိုမှ မပြုသင့်ပါဘူး။ ဘ၀တန်ဖိုးဟာ အကျင့်ကောင်းပါပဲ။ တန်ခိုးအာဏာ ပါဝါကြီးမားခြင်းဟာလဲလည်း သီလပါပဲ။ ဒီနေ့ နိုင်ငံတစ်ခုနှင့် တစ်ခု ဆက်ဆံကြတဲ့ မူဝါဒတွေဟာ အများအားဖြင့် သီလကင်းမဲ့ခြင်းနှင့် အတ္တဆန်ခြင်းတို့အပေါ်မှာ အခြေခံကြတာ တွေ့ရပါတယ်။ မည်သည့် အရေးအရာမှာမဆို တန်ခိုးပါဝါကြီးချင်ကြသူတွေဟာ သီလပါရမီကို အခြေခံကျင့်ကြရမှာပါ။ သီလပြည့်စုံသူသည် အရာရာပြည့်စုံ၏ မြတ်ဗုဒ္ဓ၏ သတင်းစကားတစ်ပုဒ်ပါ။
၃။ နေက္ခမ္မပါရမီ = Perfection of Renunciation
ကျွန်ုပ်တို့ ဘာသာရေး နိုင်ငံရေး၊ လူမှုရေးခေါင်းဆောင်တွေ အားလုံး မိမိတို့ကိုယ်တိုင်လည်း Perfect ဖြစ်ဖို့ ကိုယ်ဆောင်ရွက်နေသော လူသားကောင်းကျိုးပြုလုပ်ငန်းများလည်း Perfect ဖြစ်ဖို့၊ မိမိတို့ရဲ့ ဘ၀နှင့် ခန္ဓာသက်သာမှု၊ ချမ်းသာမှု၊ အခွင့်အရေး အချိန်နှင့် ပစ္စည်းဥစ္စာတို့ကို စွန့်လွှတ်စွန့်စားနိုင်ဖို့ လေ့ကျင့်ရမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ အခွင့်အရေးနှင့် စည်းစိမ်ချမ်းသာ ခံစားမှုတို့ကို မစွန့်လွှတ်နိုင်သေးသမျှ မက်မောနေသေးသမျှ ကာလပတ်လုံး မိမိတို့သည် လူသားအကျိုးပြုလုပ်ငန်းများကို Perfect ဖြစ်အောင်၊ ပြည့်စုံအောင် ဆောင်ရွက်နိုင်ကြဦးမှာ မဟုတ်ပါဘူ။ စွန့်လွှတ်နိုင်မှ အောင်မြင်မှာပါ။ (ဗုဒ္ဓရှင်တော်၏ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို လေ့လာပါ)။
၎။ ပညာပါရမီ = Perfection of Wisdom
ပညာဆိုတာ အသေးစိတ်သိတတ်တဲ့ ဉာဏ်ပါ။ ခေါင်းဆောင်တို့ အရာရာမှာ အသေးစိတ်သိနားလည်ကြလျှင် လူသားတွေရဲ့ ဘ၀အမှောင်ကို ပယ်ဖျောက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ အရှိနှင့် အမှန်ကို သူ့အတိုင်းသိမြင်ခြင်းဟာ ပညာပါပဲ။ အရှိကိုသိလျှင် အမှန်ကို သိတော့တာပါပဲ။ ဒါကို သမ္မာဒိဋ္ဌိလို့ ခေါ်တာပါပဲ။ အသိမှန် အမြင်မှန်မှ လူသားတို့အတွက် ဆုံးဖြတ်မှန်မှာဖြစ်ပါတယ်။ ပညာ ကင်းသူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ မှားနေတာများပါတယ်။ Good Leader ဆိုတာဟာ Wise Leader, Good hearted Leader ကိုဆိုတာဖြစ်ပါတယ်။ ပညာကို ပါရမီမြောက် ဖြည့်ကျင့်ဖို့လိုပါတယ်။ မေတ္တာ၊ ကရုဏာဖြင့် အေးချမ်းစွာနေလျက် သတိဖြင့်ထိန်းချုပ်ထားသော ပညာရှင်ခေါင်းဆောင်တစ်ယောက်၏ လူသားတို့အတွက် ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များကား တန်ဖိုးဖြတ်၍ မရနိုင်ချေ။
၅။ ၀ီရိယပါရမီ = Perfection of Endeavor မည်သည့်အခါမှာ မည်သည့်နေရာမှာ မည်သူ့အတွက်၊ မည်သည့်အလုပ်ကိုပဲလုပ်လုပ် အားထုတ်သမျှ အလုပ်ဟာ ကောင်းရမယ်၊ မှန်ရမယ်၊ အကျိုးရှိရမယ်၊ အများလက်ခံနိုင်ရမယ်၊ လှပသော မွန်မြတ်သော ဘယ်သူကမှ အနှောင့်အယှက်မပေးသော ငြိမ်းချမ်းသော အလုပ်ဖြစ်ရမယ်။ မိမိ သူတပါး နှစ်ဦးသား အကျိုးရှိရမယ့်အလုပ်ကို လုပ်တဲ့နေရာမှာ တည်ငြိမ်ဖို့လိုတယ်။ အခက်အခဲ နည်းနည်းတွေ့လျှင် တွန့်ဆုတ်ချင်တဲ့ စိတ်ညံ့ စိတ်ဖျင်းတွေ ကင်းရမယ်။ အားထုတ်လို့ နည်းနည်းအောင်မြင်လာလျှင် များများကြီး စိတ်ကြီးဝင်တာမျိုးလည်း မရှိစေရဘူး။ မပြီးဆုံးခင်မှာ အရှုံးပေးချင်တဲ့ စိတ်ဓာတ်မျိုးလည်းကင်းမှ သမ္မာဝါယမမြောက်မှ ပါရမီလည်းမြောက်ပါတယ်။
၆။ ခန္တီပါရမီ = Perfection of Tolerance ခေါင်းဆောင်တို့ကျင့်စဉ်ဆယ်ရပ်ထဲမှာ ခန္တီဟာ အလွန်အရေးပါပါတယ်။ နှစ်သက်သာယာဖွယ်ကောင်းသည့် အခြေအနေကို လောဘတဏှာ မဖြစ်အောင်ခံနိုင်ရမယ်။ စိတ်ပျက်ဖွယ်ကောင်းအောင် ဆိုးဝါးသည့်အခြေအနေကို ဒေါသပဋိဃမဖြစ်အောင် သည်းခံနိုင်ကြရမည်။ အကောင်းအဆိုး နှစ်မျိုးလုံးကို ခြားနားမှုမပြု တညီထည်းရှုတတ်တဲ့ စိတ်ဟာ ခန္တီပါပဲ။ ကမ္ဘာမြေကြီးဟာ သူ့အပေါ် ကျင်ကြီး၊ ကျင်ငယ်စွန့်ကြတဲ့ သူတွေအပေါ်မှာ ဘယ်သောအခါမျှ ပဋိဃမပြု၊ စိတ်မထိခိုက်၊ သူ့အပေါ်မှာ သစ်ပင်ပန်းပင်စိုက်၍ အလှပြင်ပြန်တော့လည်း အနုနယမပြု၊ (မသာယာ၊မမက်မော) တညီတည်းရှုတယ် ဆိုတာလိုပဲ ရှုတ်ချကဲ့ရဲ့သံကြားလည်း Detach မဖြစ်အောင်နေခြင်းဟာ ဗုဒ္ဓ၏ ခန္တီပါပဲ။ ချီးမွမ်းထောက်ခံ အားပေးတာကိုလည်း Attach မဖြစ်အောင်နေခြင်းဟာ ခန္တီပါပဲ။ အမြတ်ဆုံးသော အကျင့်ဖြစ်ပါတယ်။ ခန္တီဟာကြီးကျယ်သော အောင်မြင်မှု ပန်းတိုင်အတွက် မြင့်မြတ်သော ခေါင်းဆောင်တို့၏ ကြီးမြတ်သော ကျင့်စဉ်တရပ်ပါ။ အခြားတစ်ဖက်မှာတော့ သည်းမခံနိုင်ခြင်းဟာ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်အားလုံးတို့ရဲ့ ဆုံးရှုံးခြင်းသို့ အရှိန်ပြင်းပြင်းနဲ့ တွန်းပို့တဲ့ ရန်သူကြီးတစ်ပါးပင် ဖြစ်ပါတော့တယ်။
၇။ သစ္စာပါရမီ = Perfection of Truth သိလျက်နှင့် မရိုးသားသောစိတ်ဖြင့် သူ့အကျိုးမဲ့အောင် မမှန်စကားမပြောမှ၊ မိမိ၏ရာထူးအာဏာ၊ စီးပွါးဥစ္စာ၊ ဂုဏ်ပါဝါကို မငဲ့ပဲ မှန်သော၊ အကျိုးရှိသော၊ ရိုးသားသော၊ ချိုသာသော၊ ယဉ်ကျေးသော စကားကို ပြောနိုင်မှ လူသားတို့ယုံကြည်စိတ်ချ အားကိုးလောက်သော၊ လူတွေကို လမ်းလွဲသို့မပို့သော ခေါင်းဆောင်ကောင်းတစ်ယောက်၊ လူသားကောင်းတစ်ယောက် ဖြစ်မည်ဟု ဗုဒ္ဓမိန့်ဆိုပါသည်။ ချစ်ခြင်းကြောင့် ဘက်လိုက်သောစကား၊ မုန်းခြင်းကြောင့် ဖိနှိပ်သောစကား၊ ကြောက်ခြင်းကြောင့် မရိုးသားသောစကား၊ တွေဝေခြင်းကြောင့် မှားယွင်းသောစကားတို့ကို မပြောမိစေရန်၊ နှစ်ခွစကားမဆိုကြားဖို့ မြတ်ဗုဒ္ဓက အစဉ်သဖြင့် တိုက်တွန်းပါတယ်။ သစ္စာပါရမီသည် ခေါင်းဆောင်တို့၏ ဂုဏ်ကျက်သရေတစ်ခုဖြစ်သည်။ နေလနှင့် နက္ခတ်တာရာတို့သည် ဥတုသုံးပါးလုံး သူတို့သွားနေကျ လမ်းကြောင်းမှ ဘယ်လမ်းကြောင်းသို့မှ မပြောင်း၊ သွားမြဲလမ်းကြောင်းအတိုင်း သွားနေသကဲ့သို့ ကျွန်ုပ်တို့ခေါင်းဆောင်အားလုံး လူသားတွေကို သစ္စာလမ်းကြောင်းကပဲ ခေါင်းဆောင်ခေါ်သွားသင့်ပါတယ်။
၈။ အဓိဋ္ဌာနပါရမီ = Perfection of Resolution
ကျွန်ုပ်တို့ ခေါင်းဆောင်တွေဟာ ဆုံးဖြတ်ချက်တစ်ခု ချမှတ်တယ်ဆိုလျှင် ကျောက်ထဲမှာစိုက်သော ကျောက်တိုင်သည် လေပြင်းမုန်တိုင်းမည်သို့ပင် တိုက်ခတ်စေကာမူ ယိမ်းယိုင်တုန်လှုပ်ခြင်း မရှိသလို လာဘ၊ အလာဘ၊ ပိယ၊ အပ္ပိယ မုန်တိုင်းများ တိုက်ခတ်ခြင်းဟူသော အကြောင်းကြောင့် မပြောင်းမလဲ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သော စိတ်ထားရှိကြဖို့ လိုပါတယ်။ ခိုင်မြဲသော ဆုံးဖြတ်ချက်နှင့် တည်ငြိမ်သောစိတ်ထားသည် ဘ၀နှင့် ဘ၀၏ လုပ်ဆောင်ချက်များ Perfect ဖြစ်ရေးအတွက် အရေးပါသော အင်္ဂါတစ်ရပ်ဖြစ်ပါတယ်။
၉။ မေတ္တာပါရမီ = Perfection of Loving kindness
မေတ္တာဆိုတာ ယောက်ျား၊ မိန်းမ နှစ်ဦးသားတို့ ချစ်ကြတာမျိုးကို တကယ်ဆိုလိုတာ မဟုတ်ပါဘူး။ အဘိဓမ္မာမှာ မေတ္တာဆိုတာ အဒေါသကို ပြောပါတယ်။ ဒေါသဆိုတာက အဖျက်ဓာတ်ဖြစ်ပါတယ်။ အဒေါသဆိုတာက Constructive Element, Peaceful Element ဖြစ်ပါတယ်။ ရေနဲ့တူတဲ့ အကျင့်ပါ။ လူကောင်း၊ လူဆိုးနှစ်ယောက်စလုံးကို အေးချမ်းအောင် ဆောင်ရွက်ပေးလိုတဲ့စိတ်ပါ။ ရေဟာ ဘယ်တိုင်းပြည်က ဘယ်ရေပဲဖြစ်ဖြစ် လူတိုင်းကိုအေးချမ်းစေပါတယ်။ မေတ္တာဆိုတာ ရန်သူနှင့် မိတ်ဆွေနှစ်ယောက်လုံးရဲ့ အပေါ်မှာ ကောင်းကျိုးချမ်းသာ ဖြစ်စေချင်တဲ့ စိတ်မျိုးဖြစ်ပါတယ်။ ရင်ခွင်ပိုက်ထားသည့် ကလေးသည် အမေ့ရင်ခွင်မှာ ကျင်ကြီး ကျင်ငယ်စွန့်ပေမယ့် အမေသည် ထိုသားငယ်ကို အပြစ်မယူ၊ အတိုင်းမရှိ ကောင်ကျိုးလိုလားသော စိတ်ဓာတ်ဖြင့် တသားတည်းတညီတည်း အေးချမ်းစေချင်တဲ့ စိတ်ဖြစ်ပါတယ်။ ဒေါသ၊ အာဃာတ၊ ပဋိဃတို့ကို ငြိမ်းအောင်ကျင့်ရတဲ့ ကျင့်စဉ်မျိုးဖြစ်လို့ Way of Peace ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အကောင်းမြင်ဝါဒ ဖြစ်ပါတယ်။
၁၀။ ဥမေက္ခာပါရမီ = Perfection of Equilibrium
စိတ်ဓာတ်ရဲ့ ဟန်ချက်ညီမှုပါပဲ။ ဘာသာရေးမှာပဲဖြစ်စေ၊ နိုင်ငံရေးမှာဖြစ်စေ၊ လူမှုရေးမှာဖြစ်စေ၊ ရ+မရ၊ အောင်မြင်+မအောင်မြင်၊ ချီးမွမ်း+ကဲ့ရဲ့ စတဲ့ နှစ်ခုတွဲရှိနေကြတဲ့ လူ့ဘ၀၏ သဘာဝတွေမှာ ဘယ်ဘက်ကိုမှ ဘက်မလိုက်ပဲ မက်မောခြင်းလည်းမရှိ၊ စိတ်ပျက်ခြင်းလည်းမရှိ၊ ဟိုဘက်ဒီဘက် အစွန်းမထွက်ပဲ မျှတညီညွှတ်သော စိတ်အလယ်ကသွားရတဲ့ ကျင့်စဉ်မျိုးဟာ Perfect ဖြစ်လိုတဲ့ ခေါင်းဆောင်တို့အတွက် လိုအပ်တဲ့ ကျင့်စဉ်တစ်ရပ်ဖြစ်ပါတယ်။ The mind of equanimity, that is without fear and favor and evenly balanced ဖြစ်ပါတယ်။
ခေါင်းဆောင်ဆိုတာ
“တွင်းသင်းမင်းကြီး၏ ကြောက်ကြီး (၉) လုံး ဆုံးမစာ’’
၁။ မျက်ကွယ် မျက်မြင်၊ မဆင်ခြင်၊ လူရှင်သိမည်ကြောက်။
၂။ မေတ္တာကုန်ခမ်း၊ စိတ်မချမ်း၊ ညှိးနွမ်းမည်ကိုကြောက်။
၃။ ကိုယ်နှင့်မတန်၊ စကားလွန်၊ မင်းဒဏ်သင့်မည်ကြောက်။
၎။ သစ္စာမမြဲ၊ အကျင့်လွဲ၊ အပါယ်ထဲရောက်မည်ကြောက်။
၅။ လွန်ကျူးသမျှ၊ နောက်နောင်တ၊ ရှိရမည်ကိုကြောက်။
၆။ သေရည်သေရက်၊ လူကိုဖျက်၊ အရှက်ရမည်ကြောက်။
၇။ မင်း၏ဥစ္စာ၊ အနည်းသာ၊ ပြစ်ဆာရောက်မည်ကြောက်။
၈။ မဟုတ်မလျား၊ သူလှည့်ဖြား၊ မှောက်မှားမည်ကိုကြောက်။
၉။ ရန်သူငါးချက်၊ အခင်းဖျက်၊ သေပျက်မည်ကိုကြောက်။
ဘက်မလိုက်တဲ့နှလုံးသား
ငယ်ငယ်ကတွေးမိတဲ့အတွေး
စုပေါင်းလို့ ပြန်ငေးမိပါရဲ့
သိလာတဲ့ ဥာဏ်နဲ့သုံးသပ်
ဘက်မလိုက်ပဲပြောရရင်
ဘာမှမဆိုင်ပါလား...။
လက်ရှိတွေးမိတဲ့ ပစ္စယ
ပြန်ဆန်းစစ်ကြမယ်ဆိုရင်လည်း
ညီညာမှုမပြတဲ့ ချိန်ခွင်တစ်ခုပါလား..။
ဘယ်တော့မှဖြစ်မယ်မတွေး
အစဉ်ဆက်ပြီး တွန်းအားပေးနေတဲ့
ကိလေသာကြောင့်
ယခုပဲဖြစ်မယ် စိတ်ဇောတွေနဲ့
ရှင်သန်ရင်းလျှောက်လှမ်း
တို့လမ်းက ခရောင်းတောဆိုတာ
သတိမူလို့ ကြိုတင်
ခိုဝင်စေချင်တဲ့ လမ်းပြ
တို့မတွေ့ခဲ့ကြလို့
ဝါ၀ါမြင်တိုင်း ရွှေထင်
မျက်လှည့်ရှင် အ၀ိဇ္ဖာကဖုံး
လမ်းမဆုံးခင် ခုန်ဝင်
ထာဝရ ယုံချင်အောင်
လာဘ်မထိုးတဲ့ တို့ဗုဒ္ဓ 
မြွက်ကြားစံထား
အော်..တရားတွေရှိတယ်ဆိုတာ
သတိချပ်လို့ မပိုချင်
ယုံချင်အောင်မခေါ်ငင်
လာစစ်စမ်းစေချင်တယ်...။
ဘက်မရှိတဲ့နှလုံးသားနဲ့ပါ။
သူတို့မလုပ်တတ်ကြတဲ့အရာ
ကဗျာဆရာတွေ ငိုခဲ့ရတဲ့
တေးထပ်တစ်ပုဒ်
သူတို့ အဆီမထုတ်တတ်လေရော့သလား။
ပန်းချီဆရာတွေ ငိုခဲ့ရတဲ့
ကားချပ်တစ်ခု
သူတို့ ပါးလှပ်စွာ ဆွဲမိလေရော့သလား။
ပန်းပုဆရာတွေ ငိုခဲ့ရတဲ့
ရုပ်တုတစ်ခု
သူတို့ မထုဆစ်တတ်လေရော့သလား။
ဘ၀ရဲ့ဆရာ နိယာမကတော့
တေးတစ်ပုဒ်ကို အဆီထုတ်ပြခဲ့တယ်။
အဲဒါ ဇာတိတဲ့လေ..။
ကားချပ်တစ်ခုကို ခပ်ထူထူဆွဲပြခဲ့တယ်။
အဲဒါ ဇရာတဲ့လေ..။
ရုပ်တုတစ်ခုကို ထုဆစ်ပြခဲ့တယ်။
အဲဒါ မရဏတဲ့လေ..။
သြော်...
သဘာဝကို လွန်ဆန်
တကယ်တော့ သူတို့ မတော်လှန်နိုင်ကြပါလားကွယ်...။  ။
အဘိဓမ္မာနှင့် ၀ိပဿနာ
  အဘိဓမ္မာဟူသည် = အလွန်သိမ်မွေ့ နုညံ့သော ဓမ္မ၊
                             အလွန်နက်နဲခက်ခဲသော ဓမ္မ၊
                             အလွန်ကျယ်ပြန့်သော ဓမ္မ၊
                             အလွန်ထူးကဲသော ဓမ္မဖြစ်သည်။
ဓမ္မဟူသည်ကား =  အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်ပါသည်။
အလွန့်အလွန်သိမ်မွေ့နုညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲကျယ်ပြန့်သော၊ သတ္တ, အတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထိုအဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှလွန်ကဲ ခက်ခဲသော ဓမ္မကို စိတ်အစဉ်၌ အာရုံနှင့်နီဝရဏ ကြားဝင်မခုဘဲ တစ်ဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန၊ ဧက၀ါရ နာကြားနိုင်မှ တတ်သိ နားလည်နိုင်မည် ဖြစ်သည်။
လူတို့ဌာနေမှာကား စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေးစသည့် အနှောက်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက်ဟန့်တားလေရှိသည်။ အလုပ်တစ်ခု၌ စိတ်ကူးစူးစိုက်နေခိုက် ကိုယ်ခန္ဓာပင်ပန်းခြင်း၊အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက်နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။
ထို့ကြောင့် ပြတ်တောင်းပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာသည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။
နတ်တို့ဌာနေမှာကား အချိန်ကွာခြားချက်ကလည်း ဝေးလွန်းလှသည်။ လူပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တစ်ရက်ဖြစ်သည်။ ထို့ကြောင့် စားချိန်, အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ်စွန့်ရခြင်း ညောင်းညာပင်ပန်းခြင်းလည်းမရှိသော ထိုနတ်များမှာ သူတို့အချိန်ဖြင့် (၁၅) မိနစ် ခန့်မျှသာရှိမည် ထိုအဘိဓမ္မာတရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နာကြားခဲ့ကြရသည်။
ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာအား သာလျှင် ရက်ပေါင်း (၉၀)၊ အကြိမ် (၉၀) ပြန်လည်ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာဖြစ်၍သာ ထို “အဘိဓမ္မာ” ကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်းဖြစ်လေသည်။
အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ်နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝတိံသာသို့ တက်ကြွသွားသောနေ့ကမှ အရှင်သာရိပုတ္တရာထံမှာ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသော အမျိုးကောင်းသား (၅၀၀) တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ ထို့နောင် တစ်နေ့မှာပင် “အဘိဓမ္မာ”ကို နာကြားကြရလေသည်။ ထို “အဘိဓမ္မာ” တရားသည်ပင် ထိုရဟန်းတို့အတွက် “၀ိပဿနာ” ဖြစ်ရပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း (၅၀၀)တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါကျွတ် (မြတ်ဗုဒ္ဓ ခုနှစ်ဝါမြောက်) မှာပင် ထိုရဟန်းများ အဘိဓမ္မာ (၇) ကျမ်းဆောင် (အာဘိဓမ္မိက, သတ္တပကရဏိက) တို့ ဖြစ်ခဲ့ကြလေသည်။
မြတ်ဗုဒ္ဓသည် “ဓမ္မ” အားလုံးတို့ကို ရှေးဦးစွာစုပေါင်းသိမ်းကျုံး၍ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဘန်၍ပြသည်။ တစ်ဖန်ဓာတ်ခွဲ၍ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်းဝေဘန်ထားသော ထိုဓမ္မ အသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ် သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန်ဆန်းစစ်တော်မူ ပြန်သည်။ ထို့နောင် အစုံစုံပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ (၇)ကျမ်း၌ စိတ်, စေတသိက်, ရုပ်တို့ စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်း ကျိုးဆက်ခြင်းဟူသော (၇)ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာ နည်းစနစ်များ ဖြစ်ကြကုန်၏။
ထို့ကြောင့် အဘိဓမ္မ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်း (၅၀၀)တို့သည် အဘိဓမ္မာ ပြီးဆုံးသောနေ့မှာပဲ သူတို့ ၀ိပဿနာ လုပ်ငန်း ပြီးဆုံးသောနေ့ပင်ဖြစ်ရလေမည်။
ထိုဝိပဿနာဟူသည် အထူးထူးသော နည်းတို့ဖြင့် ရုပ် နာမ်တို့၏ ပကတိ, သဘာဝ, နိယာမ, ကာရဏ, နိဿတ္တ, အနတ္တ, ပရမတ္ထ, တို့ကို ရှု၍ စူးစမ်း၍ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသော စနစ်, နည်းပညာတစ်ခုပင်ဖြစ်သည်။ ရုပ်၏သဘာဝ ရုပ်နှင့်ရုပ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာဏ်ဖြစ်စဉ် ဆယ်မျိုးမှာ ပြထားသည့်အတိုင်း သန့်စင်ပုံ (၇)မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း  သန့်စင်ပုံ (၇)မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုနှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာတသားတည်းဖြစ်လေသည်။
“၀ိပဿနာ” ရှု့ခြင်းသည် “အဘိဓမ္မာ” ကိုပင် ရှု့သည်ဖြစ်သောကြောင့် ၀ိပဿနာနှင့်အဘိဓမ္မာ ခွဲ၍မရဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှု့ရမည်ဟု ဆိုလိုသည်မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာ သင်ကြားနေခြင်း တစ်မျိုးလည်းဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍ နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ်၊ စေတသိက်၊ ရုပ်တို့၏ သဘာဝကို စူးစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။
အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့်ဝိပဿနာခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ, တဏှာ, ကံသာ အကြောင်းရင်း ရှိကြောင်း၊ ကံ, စိတ်, ဥတု, အာဟာရသာ အထောက်အပံ့ရှိကြောင်း ကောင်းစွာဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်အောင် ကောင်းမြတ်သောအကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဌာန်းတို့က ကောင်းစွာထောက်ပြခဲ့ပြီးဖြစ်ပါသည်။
ထို့ကြောင့် အဘိဓမ္မာနှင့်ဝိပဿနာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီတို့ လူ့ဘ၀ကို လေ့လာသည့်နည်းပညာဖြစ်သည့် “အဘိဓမ္မာ” ကို လက်လွက်မခံသင့်ကြောင်း ကောင်းစွာထင်ပြအပ်ပါသတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ
အရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊မဟာသဒ္ဓမ္မဇောတိကဓဇ
မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ
                                       သီတဂူဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး၊ စစ်ကိုင်း
ရွံစရာအတိဖြင့် ပြည့်သော ခန္ဓာ
အတ္ထိ ဣမသ္မိံ ကာယေ- ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော၊ မံသံ၊ နှာရု၊ အဋ္ဌိ၊ အဋ္ဌိမိဉ္ဇံ၊ ၀က္ကံ၊ ဟဒယံ၊ ယကနံ၊ ကိလောမကံ၊ ပိဟကံ၊ ပပ္ဖါသံ၊ အန္တံ၊ အန္တဂုဏံ၊ ဥဒရိယံ၊ ကရီသံ၊ မတ္ထလုင်္ဂံ၊ ပိတ္တံ၊ သေမှံ၊ ပုဗ္ဗော၊ လောဟိတံ၊ သေဒေါ၊ မေဒေါ၊ အဿု၊ ၀သာ၊ ခေဠော၊ သိင်္ဃာဏိကာ၊ လသိကာ၊ မုတ္တံ။
 ဣမသ္မိံကာယေ- တွင်းပ၀န်းကျင်၊ မစင်ပြည့်မွမ်း၊ အရေလွှမ်းထ၊ ဤကာယ၌။ ကေသာ- အဆင်းမည်းဖြူ၊ ချိန်တူသဏ္ဍာန် ချက်ဌာန်ဥပရိ ဦးမှာရှိသား ဒွိပရိစ္ဆေ နှစ်ကုဋေငါးသန်း ဂဏန်းများဖြင့် ဆံပင်အစုတို့သည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 လောမာ-စဉ်းငယ်မည်းနက် ထန်းမြစ်သက်သို့ အောက်ထက်ကိုယ်ရေ အနှံ့နေသော တွက်ရေကိုးသောင်း ကိုးထောင်ပေါင်းဟု အမွေးအစုတို့သည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 နခါ-ဖြူရောင်အဆင်း ငါးကြင်းကြေးနှယ် နှစ်ဆယ်သော လက်သည်း၊ ခြေသည်းတို့သည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 ဒန္တာ-အလယ်လေးစုံ ဗူးစေ့ပုံသို့ ပန်းငုံထိုပြင် ထိုပြင် ယာဉ်ထောက်ခွ ဒွေတြဖျား မြစ်လေးမြစ်လေးဖျား နှစ်ပါးစီပေါင်း နှစ်ချောင်းစွန်းကယ် သုံးဆယ်သော သွားအစုတို့သည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 တစော-ကိုယ်လုံးပတ်ခြုံ ကိုယ့်ပုံဟန်တူ အဆင်းဖြူသော အရေထူအစုသည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 မံသံ-အဆင်းနီရင့် ကသစ်ပွင့်ဟန် သဏ္ဍာန်ထွေလာ ကိုးရာသော အသားတစ်သည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 နှာရု-အဆင်းဖြူစွာ လည်ဂီဝါမှ ၀ဲယာရှေ့နောက် ရှေ့နောက်ခြေလက် ငါးစီသက်၍ တွယ်ခက်ရစ်ရုံ ခတ္တာငုံလို ကိုယ်ကိုဆောင်တွယ် ခြောက်ဆယ်ကြောမ စသည်များစွာ ကွန်ရက်ဖြာသို့ ကိုးရာသော အကြောသည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 အဋ္ဌိ- အဆင်းဖြူစွာ နှာ နှလုံး ဦး၊ နဖူးတစ်ပါး၊ မျက် နား မေးရိုး၊ ညှပ်ရိုး ပခုံး၊ လက်ရုံး ပေါင် ခါး၊ ဒူးအားခြေနောက်၊ ရောက်သည်နှစ်ချက်၊ ဖမျက် မြင်းခေါင်း၊ မောင်းဖျားလေးမည်၊ လည်ခုနှစ်ရိုး၊ ခေါင်းခွံကိုးတည့်၊ ရင်းရိုးစုဒ္ဒသ်၊ ဌာရသ်ကျောက်မှန်၊ နံ နှစ်ဆယ့်လေး ခြောက်ဆယ့်လေးထွေ၊ လက် ခြေ ရိုးနု၊ သုံးရာသော အရိုးစုသည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 အဋ္ဌိမိဉ္ဇံ- ဖြူရောင်အဆင်း ၀ါးဆစ်တွင်း၌ မီးသင်းပျောင်းညံ့၊ ကြိမ်ညွန့်တူပြီး၊ ခြင်ဆီအစုသည်၊ အတ္ထိ သံဝိဇ္ဇန္တိ-ရှိချေကုန်၏။
 ဟဒယံ- ဆင်းရွက်ပဒုံ ကျောပြင်ပုံတည်း ကြာငုံအောက်ရှု ဥာဏ်ရှိသူဝယ် စဉ်းငယ်ပွင့်တုံ စုငုံမန္ဒ အပသန့်ရှင်း တွင်းသပွတ်ဦ နှစ်ဆူဓာတ်မှီ၊ နီသည် ရာဂ၊ ဒေါသ မည်းငြား သားဆေးရည် မောဟ တက္က ပဲရည် ၀ါသည် သဒ္ဓါ ပညာ ပြိုးပြက် ဇောတမျက်သွင် ဖြူစင်လွန်ကဲ လက်ဆွန်းခွဲမျှ လောဟိတသည် ပုန္နာဂဋ္ဌိ တွင်းမှာရှိလတ် သားမြတ်လယ်ဗွေ ရင်မှာနေသော နှလုံးသားသည်၊ အတ္ထိ-ရှိ၏။
 ယကနံ-ကုမုဒြာကြာချပ်ကျောက်နှယ် စဉ်းငယ်နီလျက် ကသစ်ရွက်သဏ္ဍာန် ဥာဏ်မဲ့ကြီးကြီး တစ်ခုတည်းသာ ပညာရှိဝယ် နှစ်သုံးငယ်လတ် ထနဗ္ဘန္တရေ ညာမှာနေသော အသည်းသည်၊ အတ္ထိ-ရှိ၏။
 ကိလောမကံ- ဆင်းဘွဲ့ဖြူသို့ နှလုံးညှို့ကို ဖုံးဆို့ကန်နေ အရေအသား အကြားမှာတည်နှစ် မည်သော ပဋိစ္ဆန္နာ ပဋိစ္ဆန္န အမြှေးသည်၊ အတ္ထိ-ရှိ၏။
 ပိဟကံ- ကြောင်ပန်းပွင့်သွင် ညိုရောင်ထင်သော သတ္တဂုင်္လာ နွားလျှာပုံတု ၀တ္ထု ၀ဲဘက် သရက်ရွက်ဝမ်းလျှာ ဘေသညာတွင်သော အပြင်(အဖျဉ်း) အစုသည်၊ အတ္ထိ-ရှိ၏။
 ပပ္ဖါသံ-ရွမ်းမှည့်သဖန်း နီမြန်းဆင်းဟန် သဏ္ဍာန်စုတ်ပဲ့ မုန့်ရှက်ကဲ့နှုန်း သည်းနှလုံးကို အုပ်ဖုံးတွဲရရွဲ အစာနဲက ထန်သဲတေဇာ ပူလောင်လာ၍ သြဇာမကပ် နွားဝါးဖတ်နှယ် သုံးဆယ်နှင့်နှစ် အသားတစ်ဟူသော အဆုတ်အစုသည်၊ အတ္ထိ-ရှိ၏။
 အန္တံ-ယောက်ျားဒွတ္တိံ မိန်းမဌ၀ီ အတောင်ရှည်သား ဖြူသည်အဆင်း ကတေအင်းသို့ သွေးကျင်းမှာခွေ ခေါင်းပြတ်မြွေလို လည်မျိုဝစ္စ ပဒေသ၀ယ် နှစ်ဆယ့်တစ်တွန့် လိမ်တွန့်ရစ်နေသော အူမခွေအစုသည်၊ အတ္ထိ-ရှိ၏။
 အန္တဂုဏံ-ကြာသိမ်မြစ်ဟန် အဆင်းသဏ္ဍာန်နေ အူမခွေကို နေရာတကျ မလျှောရအောင် ဖွဲ့နှောင်လျှိုထိုး ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား အူကြားမှာတည်သော အူသိမ် အူနုသည်၊ အတ္ထိ-ရှိ၏။
 ဥဒရိယံ-စားသည်အစာ သွင်လျာရူပ အူမထက်ဖျား ဆန်ထုပ်လားသို့ ပကားသန့်ရှင်း တွင်းပိန္နဲခွံ ရွံဖွယ်ဘိခြင်း တံစီးတွင်းနှယ် သုံးဆယ်နှစ်မျိုး ပိုးတို့နေရာ အူထုံးမှာဝယ် လျှာရည်တံတွေး သွားမြှေးအာစေး ထိုထိုကြေးကို သိမ်းထွေးပေါင်းစု ထောင်းထုဝါးချေ မျိုလေဆင်းသက် ဓာတ်မီးချက်၍ ပရပွက်ဦ ကျိုက်ကျိုက်ဆူပွ အမြှုပ်ထကာ ပိုးစာ လောင်မီး ကျင်ကြီး ကျင်ငယ် တစ်သွယ် သွေးသား ငါးပါး ကွဲလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေးအန်ဖတ်အတု အစာသစ်အစုသည်၊ အတ္ထိ-ရှိ၏။
 ကရီသံ-ယေဘုယျအား အစာလားတည်း အလျားရှစ်သစ် ၀ါးကျည်ဆစ်သို့ ချက်မြစ်ကျောက်ကုန်း အူအဆုံး၌ သုံးစားသမျှ မွမွကြေညက် အူခေါင်းသက်၍ လျှောလျက်စုနေ ဖျော့တော့သော မြေညက်အတု အစားဟောင်းအစုသည်၊ အတ္ထိ-ရှိ၏။
 မတ္ထလုင်္ဂံ-ဦးခွံထဲချောင် မှိုခဲလှောင်သို့ ဆင်းရောင်ဖြူစွာ ဦးချာလေးဆက် လေးပုံဝက်တည့် မုန့်ညက်စိုင်အတု ဦးနှောက်အစုသည်၊ အတ္ထိ-ရှိ၏။
 ပိတ္တံ-ဆုတ်နှလုံးကြား အသည်းနား၌ ထွားထွားကြီးကြီး သပွတ်သီးနှယ် အအိမ်ဝယ်တည် မည်စည်ဆီကဲ့ အိမ်ဖွဲ့သည်းခြေ စိုလေရာရာ ရေမှာဆီဆမ်း ပမာလွှမ်းသား ညှိုးနွမ်းပျဉ်းပွင့် ကစော့ပွင့်တောင်ကြာ ပန်းဆင်းဝါသို့ အိမ်မှာမနေ နှစ်ပါးသော ဗဒ္ဓါဗဒ္ဓ သည်းခြေသည်၊ အတ္ထိ-ရှိ၏။
 သေမှံ-၀က်ချေးဘနဲ ပျစ်ချွဲရွက်ရည် ပုံပမည်သို့ ဖြူသည်အဆင်း တစ်ခွက်ခင်းမျှ အူတွင်းစာထက် စာနံ့သက်ကို ဆို့လျက်ဖုံးပိတ်သော သလိပ်အစုသည်၊ အတ္ထိ-ရှိ၏။
 ပုဗ္ဗော-ဆူးငြောင့်ခလုတ် အိုင်းမန်းဟုတ်၍ သွေးပုပ်စုပျော် ရွက်ရော်အဆင်း သူသေတွင်းမူ ထမင်းချိုးရောင် ပုပ်ဟောင်နံညီသော ပြည်အစုသည်၊ အတ္ထိ-ရှိ၏။
 လေဟိတံ-ချိပ်ည်ပျစ်ဆင်း တစ်ခွက်ခင်းမျှ ရင်တွင်းဆုတ်ညှို့ နှလုံးတို့ထက် တစ်စက်စက်ကျ ယကနအောက်နေ ဤလေးထွေကို စိုစေလျက် စုဝေးသောသွေး ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး ကိုယ်လုံးနှံ့ရောက် အကြောလျှောက်သော သွေးအားဖြင့် နှစ်ပါးသော သန္နိစိတ သံသရဏသွေးသည်၊ အတ္ထိ-ရှိ၏။
 သေဒေါ-ဓာတ်ဝိပရီ ပူမညီ၍ နှမ်းဆီအဆင်း ဆံမွေးတွင်းမှ သက်ဆင်းယိုကျသော ချွေးသည်၊ အတ္ထိ-ရှိ၏။
 မေဒေါ-ထက်ခြမ်းခွဲသည့် နနွင်းခဲအတူ ဆူသောသူအား ရေသားကြား၌ ကြုံသူအားမှာ ဆူရာရာမှီသော အဆီခဲအစုသည်၊ အတ္ထိ-ရှိ၏။
 အဿု-မီးခိုးမြူဝင် ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ချွေးသို့ အဆင် မျက်စိတွင်းမှ သက်ဆင်းယိုကျသော မျက်ရည်သည်၊ အတ္ထိ-ရှိ၏။
 ၀သာ-သဘောမတူ ရှိန်ပူဆာလျှင်း နှိပ်စက်ခြင်းကြောင့် အဆင်းအုန်းဆီ ရေပေါ်ဆီသဏ္ဍာန် ပြန့်ဟန်မသွေ လက်ခြေနှာစွန်း ပုခုံးစွန်းမှီ ခြင်ဆီအစုသည်၊ အတ္ထိ-ရှိ၏။
 ခေဠော-ချဉ် ငန် စပ် ခါး မြင်စားကြံမိ စိုးစိစက်ဆုပ်နှလုံးလှုပ်၍ ရေမြှုပ်မယွင်း ပါးမှဆင်းလျက် လျှာရင်း ပျစ်ချွဲ လျှာဖျားကျဲသည် လျှာ၌တည်သော တံတွေးသည်၊ အတ္ထိ-ရှိ၏။
 သိင်္ဃာဏိကာ-ငိုယိုသောက်စား ဓာတ်ချောက်ချား၍ ဖောက်ထားသိမ်းအုပ် ကြာရွက်ထုပ်မှ နို့ဓမ်းကျသို့ နုလှထန်းဆန် ဆင်းဟန်မယုတ် သလိပ်ပုပ်အဖြစ် စင်စစ်ဖြစ်မြောက် ဦးနှောက်ရည်လျှင်း ဦးခေါင်းတွင်းမှ သက်ဆင်းအာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာဖု တည်ယိုစုသော နှပ်အစုသည်၊ အတ္ထိ-ရှိ၏။
 လသိကာ-မဟာလှေကား စေးလားသဖွယ် ရာ့ရှစ်ဆယ်ဆက် အရိုးဆက်၌ ဆွတ်လျက်တည်နှဲ ချွဲပျစ်သော အစေးပုပ်သည်၊ အတ္ထိ-ရှိ၏။
 မုတ္တံ-ပဲပြာရည်ဆင်း ဆီးစတွင်း၌ သက်ဆင်းကိုယ်မှ မရ၀င်ပေါက် ထွက်ပေါက်သာထင် စိမ့်၍၀င်သော ကျင်ငယ်အစုသည်၊ အတ္ထိ-ရှိချေ၏။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...