အမေ့သို့ မှာတမ်း
မေတ္တာတွေဖြန့်ဝေခြင်းနှင့်အတူ နံနက်ခင်းလေးတစ်ခုမှာ အမေတစ်ယောက် နှင်းပြောက်တွေကြားထဲမှာ တံစဉ်ကောက်ကို ကိုင်ရင်း ဘ၀တစ်ခုရဲ့ အပိုင်းအစတစ်ခုကို အမေဖြတ်ကျော်နေချိန်။ ခန္ဓာက ပြတဲ့တရားကို အန်တုရင်း တစ်နေ့ထက်တစ်နေ့ အမေအချိန်ကို သားသမီးတို့အတွက် ပေးဆပ်နေလေရဲ့လေ။ သတိထားမိတာက အမေသားကြီး ကျွန်တော်ပါအမေ။ အမေရယ်...အမေ့မှာ ပါးရည်တွေတွန့်လို့ ဆံပင်ဖြူတွေတောင် ပွင့်ဝေနေပြီနော်အမေ။ အမေရယ်...ဇရာက နှိပ်စက်မှုဒဏ်ကို အမေကြာကြာမခံစားတော့ပါနဲ့။ အမေအတွက် ခန္ဓာကြီးရဲ့ လွတ်မြောက်ရာကို အမေ...ရှာကြံကာ နေပါတော့။ ဘုရားပါဠိတော်တွေမှာ သားဖတ်ဖူးတာတော့ ဇာတိ၊ ဇရာ၊ မရဏတဲ့လေ အမေ။ ခုဆို အမေမှာ ဇာတိက ဖြစ်လာခဲ့ပြီအမေ။ နောက် ဇရာဆိုတာ အမေအပေါ်မှာတင် မဟုတ်ပဲ လူတိုင်း၊ ခန္ဓာရှိသူတိုင်း တွေ့ကြုံနေရတဲ့ ဒုက္ခတွေလေအမေ။ အမေရယ်..အမေအနေနဲ့ သားတို့အတွက် ဘ၀ကို တိုက်ပွဲမ၀င်တော့ပဲ။ အမေ့ဘ၀အတွက် တိုက်ပွဲဝင်ပါတော့လား အမေရယ်...။ သားတို့ငယ်စဉ် အမေတကယ်ပင် ပင်ပန်းခဲ့တာတွေအတွက် အမေ အနားယူပြီး သားတို့ကတစ်လှည့် အမေကို ကျေးဇူးဆပ်ပါ့မယ်အမေ။
ဇရာရဲ့နောက်ကွယ်မှာ အမေရယ်...တစ်ကယ်ကြောက်စရာ မရဏတဲ့လေအမေရဲ့။ အသံကြားတာနဲ့တင် ကျောချမ်းပါတယ်အမေ။ သားတို့လည်း ကြောက်မိပါတယ်အမေ။ ခန္ဓာဟာ တစ်ဖြည်းချင်း တရားပေးနေတာကို သားတို့အရွယ်မှာ မသိနိုင်သေးပေမယ့် အမေ့ကို မြင်တော့ သားကြောက်အားပိုမိတယ်အမေရယ်...။ သံသရာဆိုတဲ့စကားထက် တစ်ဘ၀စာရဲ့ အပြင်ဘက်မှာ ကြိုးစားရုန်းကန်ရတဲ့ ခက်ခဲမှုတွေကို မျက်ကွယ်ပြုလို့ အမေ ဆုတစ်ဆုတောင်းပြီး ဘ၀နေ၀င်ချိန်ကို အန်တုလို့ စိန်ခေါ် နေပျော်လို့ အသေတော်အောင် အမေ ကြိုးစားပါတော့အမေရယ်...။ မရဏရဲ့ တစ်ဘက်ခြားမှာ သောက၊ ပရိဒေ၀....အိုး...အမေရယ်...မီးပေါင်းများစွာဟာ တောက်လောင်ခဲ့ရတဲ့ ခန္ဓာပေါင်းများစွာအတွက် ယခုချိန်ဟာ ပေးဆပ်ဖို့ အချိန်ထက် အမေခန္ဓာရဲ့ နောက်ဆုံးထွက်သက်ကို လွတ်မြောက်ရာလမ်းရဲ့ အထောက်အပံ့ဖြစ်အောင် အမေကြိုးစားလို့ တရားကို အားကိုးသင့်ပြီအမေရယ်...မရဏမင်းရဲ့ ဓါးတစ်စင်းအောက်မှာ မှောက်ကျခဲ့တဲ့ အမေတို့၊ သားတို့ခန္ဓာတွေ များခဲ့ပြီအမေရယ်...။ ဆက်လက်လို့ တွယ်တာ အမေရယ်...သားတို့ကို ကြင်နာနေဦးမယ်ဆိုရင် အမေ့တွက် ဘ၀ကူးခက်သွားဦးမယ်အမေ...။ မိုးကုတ်ဆရာတော်ဘုရားကြီးဆောင်ပုဒ်အတိုင်း ငါသည်မုချ သေရမည် အချိန်ပိုင်းသာလိုတော့သည် ဆိုတာလိုပေါ့ အမေရယ်...ကွေးသောလက်မဆန့်မီ ဆန့်သောလက် မကွေးမီ လူတွေရဲ့ ပြောင်းလဲမှုကို အမြန်ဆန်ဆုံး ပြောင်းပြစ်နိုင်တဲ့ မရဏရဲ့ လက်တွင်းက အမေတစ်ယောက် ထာဝရလွတ်မြောက်အောင် သားတိုက်တွန်းစာအမည်တပ် ဒီစကားရပ်လေးနဲ့ သား...ကျေးဇူးဆပ်လိုက်ပါတယ်အမေ....။

0 Response to "အမေ့သို့ မှာတမ်း"
Post a Comment