နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ယဉ်ကျေးမှုသင်တန်းပုံရိပ်

ပန်းရံရွာမှ ယဉ်ကျေးသူငယ်ကလေးငယ်များ
(၁၃၇၁) ခုနှစ် တပေါင်းလပြည့်ကျော် (၄) ရက်နေ့
ဗုဒ္ဓဘာသာဝန္ဒနာ ဆိုင်ရာ ယဉ်ကျေးမှု သင်တန်းကို စတင်ဖွင့်လှစ်ပြီး သင်ကြားပေးခဲ့ပါသည်။ တည်ရာဋ္ဌာန- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာ၊ ရေလည်ကျောင်းတိုက်တာအတွင်း၌ ကျင်းပခဲ့ပါသည်။သင်တန်း၏ သတ်မှတ်အဆင့်များမှာ အခြေခံအဆင့်၊ ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်၊ ပဉ္စမအဆင့် ဟူ၍ အဆင့်အားဖြင့် ငါးဆင့်ကို စီစဉ်ပြီး ဖွင့်လှစ်ခဲ့ရာ အခြေခံအဆင့်ကို အားလုံးသော ကလေးသူငယ်များ သင်ကြားစေပါသည်။
ပထမ ကနဦးနှစ်၌ ကျောင်းသူ၊ ကျောင်းသားပေါင်း (၁၅၀) ကျော်တို့ စတင်ခဲ့ရာအားလုံးထဲမှ ဆံကာတင် ကျန်ရစ်သော ကျောင်းသား၊ ကျောင်းသူပေါင်း (၂၄) ယောက်ဖြင့် အောင်ပန်းတွေ ပွင့်လန်းခဲ့ပေသည်။ ရာခိုင်နှုန်းအားဖြင့် နည်းသော်လည်း ရှေ့နှစ်လှမ်းတိုး၍ နောက်တစ်လှမ်းဆုတ်ခြင်းသည်လည်း အောင်မြင်မှုပေ။
(၁၃၇၂)ခုနှစ် တပေါင်းလပြည့်ကျော် (၄) ရက်နေ့
ယခုနှစ်၌ကား အခြေခံအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့် ပေါင်းသုံးဆင့်ကို သင်ကြားပေးနေပါသည်။ ယဉ်ကျေးမှုဆိုင်ရာ သင်တန်းကို တက်ရောက်ကြသော သင်တန်းသူ၊ သားအပေါင်း (၁၅၀) ကျော်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ အခြေခံအဆင့်၌ (၃၀) ကျော်၊ ပထမအဆင့်၌ (၁၀၀) ကျော်နှင့် ဒုတိယအဆင့်၌ (၂၀) ကျော်တို့ကို သင်ကြားလျှက် ဗုဒ္ဓ၏အခြေခံတရားတို့ကို သင်ကြားသူတို့၏ နှလုံးသားဝယ် ဘုရားတစ်ဆူတည်သကဲ့သို့ သင်ကြားပို့ချလျှက်ရှိပါသည်။
ဒီနေရာမှာ ကုံလုံဆရာတော်ကို ၄င်း၏ဆရာမှ ဆုံးမစကားတစ်ခွန်းကို တင်ပြပါရစေ။ အဘယ်နည်းဟူမူကား-ဆရာတော်လေးရေ..အထက်ကိုနေပါဦး အောက်ကိုလုံအောင်ဖုံးပါ- ဟူသော ဆုံးမစကားကို တိုတိုနဲ့လိုရင်းကို ခြုံငုံပြီး ဆုံးမစကားကို မြွက်ဟခဲ့ပါသည်။ အကျွန်ုပ်သည်လည်းပဲ ထိုဆုံးမစကားကို တစ်ဆင့်ခံ နာယူပြီး သကာလ ’’အော်..ဟုတ်ပေသားပဲ သိပ်လိုအပ်သော အချက်ပေတကား’’ ဟု သတိချပ်မိပေသည်။ အဓိပ္ပါယ်ကား- ဦးစွာပထမ ယခုခေတ်ကာလမှာ သာသနာလုပ်ငန်းအများစုကို လေ့လာစေလိုပါသည်။ ဘယ်ဟာက သာသနာမှာ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေပါသနည်း။ အစောကဆုံးမစကားထဲမှ အထက်ဆိုတာနဲ့ ယခုလုပ်ဆောင်နေသော ၀ိပဿနာ လုပ်ငန်းတွေနှင့် ကိုက်ညီနေပေသည်။ဝိပဿနာလုပ်ငန်းများကား ထွန်းကားနေပေသည်။ ထွန်းကားတွင်ကျယ်နေသော လုပ်ငန်းကို ကုံလုံဆရာတော်အား မလုပ်စေလိုသေးပဲ မတွင်ကျယ်သေးသော လူတိုင်းလိုလို ဂရုမထားမိသေးသော အောက်ကိုလုံအောင် ဖုံးခိုင်ခြင်းသည် ကလေးသူငယ်ကလေးများကို ဗုဒ္ဓစာပေနှင့် နီးနိုင်သမျှ နီးအောင် အနည်းဆုံးအားဖြင့် ဘုရားရှိခိုးတတ်၊ ဆွမ်း၊ ပန်း၊ရေချမ်း၊ ဆီမီး စသည် တို့ကို ကပ်တတ်အောင် ဆရာတော်က အောက်ဟုသုံး၍ လုံအောင် ဖုံးခိုင်းခြင်းပေတည်း။ အလွန်တရာမှပညာရှိပီသစွာ ပညာသားတို့ဖြင့် ဆုံးမထားပေသည်။
ထိုစကားကား မှန်၏။ အဘယ်ကြောင့်ဆိုသော် လူကြီးဟူသည် ကလေးမှ ဖြစ်ပေါ်လာရသည်မဟုတ်ပါလော့။ ကလေးဘ၀မှ သင်ကြားပေးလိုက်သော စာပေတို့သည် ၄င်းတို့ အသက်အရွယ် ကြီးလာသည်နှင့်အမျှ ရင်ထဲတွင် ဘုရားတစ်ဆူတည်ပေးခဲ့သော အုတ်မြစ်သည် ခိုင်သည်ထက်ခိုင် မြဲသည်ထက်မြဲလာမည်။ ခိုင်မာမြဲမြံလာခဲ့သော အုတ်မြစ်ကို အခြေတည်၍ နောင်လာလတံ့သော သာသနာကို ပုခုံးပြောင်း သယ်ဆောင်ကာ အဓွန့်ရှည်ကြာမည်မဟုတ်ပါလော့။ သာသနာ၏ ညီနောင်များကို ဤနေရာ၌ မှာချင်သည်မှာ မိမိတို့၏ မွေးဖွားရာဇာတိနေရာများ၊ သာသနာ ထွန်းကားမှု အားနည်းနေသော နေရာ၊ မိမိတို့ လက်လှမ်းမှီရာ နေရာဒေသ အားလျှော်စွာ သာသနာ့လုပ်ငန်းများကို ထွန်းကားစေလိုသော ဆန္ဒများ ပြင်းပြကြပါလျှင် ကုံလုံဆရာကို ဆုံးမသော သြ၀ါဒကို နည်းခံကာ အောက်ကို လုံအောင် ဖုံးစေလိုပါသည်။ သို့ကြောင့် ညီနောင်တို့အား အထူးတိုက်တွန်းစေလိုသည်ကား ဘာသာရေးကို မသိနားမလည်သေးသော ကလေးသူငယ်များကို နှလုံးသားဝယ် ဘုရားတည် ပြီး သာသနာပြုကြပါဟု တိုက်တွန်းလျှက် သာသနာအတွက် ကြိုးစားရင်းဖြင့် ပီတိပွားစေအပ်ပါသတည်း။

0 Response to "ယဉ်ကျေးမှုသင်တန်းပုံရိပ်"

လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...