မြတ်ဗုဒ္ဓပွင့်တော်မူသည့်နှစ်ပေါင်း(၂၆၀၀)ပြည့်ရန် (၂)လခန့်သာလိုတော့သည်။ မည်သို့ဆင်နွှဲပူဇော်ကြမှာလဲ?
မန္တလေးမဟာမြတ်မုနိဘုရား
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ခရစ်နှစ် ၂၀၁၁ ခုနှစ် မေလ ၁၈ ရက်နေ့သည် ဂေါတမမြတ်ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သော နှစ်ပေါင်း ၂၆၀၀ ပြည့်တော့မည့်နေ့ဖြစ်ပါသည်။ သာသနာတော်သက္ကရာဇ်အနေဖြင့် ၂၅၅၅ ပြည့်မြောက်သော ကာလပင်ဖြစ်ပါသည်။ ဂေါတမမြတ်ဗုဒ္ဓသည် သက်တော် (၈၀) ၀ါတော် (၄၅) ၀ါ နှင့် သာသနာသက္ကရာဇ် (၂၅၅၅) ခုနှစ် (၄၅+၂၅၅၅ =၂၆၀၀) မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သည့် နှစ်ပေါင်း (၂၆၀၀) ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး ဗုဒ္ဓ၏နှစ် (၂၆၀၀) ပြည့် နှစ်ဟုလည်း ခေါ်ဆိုကြပါသည်။
ဤမျှရှည်လျားသော နှစ်ပရိစ္ဆေဒကာလအတွင်း ဖြတ်သန်းလာခဲ့ရသည့် မြတ်ဗုဒ္ဓ၏ သာသနာတော်ခရီး တစ်လျှောက် ပြန်လည်မျှော်ကြည့်ပါမူ ရွှင်လန်းတက်ကြွ ကြည်ညိုဖွယ်၊ ၀မ်းနည်းကြေကွဲဖွယ်၊ အံ့သြထိန့်လန့်ဖွယ၊် အောင့်မေ့တသလွမ်းဆွတ်ဖွယ်ရာတို့နှင့် ပြည့်လျှမ်းနေသော အတိတ် မြတ်ဗုဒ္ဓ ပုံရိပ်များကို တွေ့မြင်ခံစားရမည်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံယူတော်မူခဲ့သည့်နှစ်မှ စတင်ရေတွက်ခဲ့ရသော သာသနာတော်နှစ် (၂၅၅၅) ဟုဆိုသော်လည်း လူ့ဘ၀နှင့် နှိုင်းယှဉ်ကြည့်ရာတွင်မူ လူ့အသက် (၈၀) တန်းဖြင့် ဘ၀ပေါင်း (၃၀) ကျော်မျှသာ ရှိပါသေးသည်။ မိမိတို့၏ ဘ.ဘိုး.ဘေး.ဘီ.ဘင်.ဘောင်.ဘော မှသည် မိမိအောက် သား.မြေး.မြစ်.တီ.တွတ်.ကျွတ်.ကျွတ်ဆက် စသည်ဖြင့် မိမိတို့ မျိုးရိုးအစဉ်ကာလ (၁၄) ဘ၀ ပါဝင်သော မျိုးရိုးအဆက် (၂၀) ကျော်မျှသာ ရှိပေသေးရာ လူ့ဘ၀ အဆက်သည် မကြာမြင့်သေးပါဟု ဆိုချင်ပါသည်။
မျိုးရိုးအစဉ်ဆက် တစ်ဆက်၏ အထက် ခုနစ်ဘ၀ အောက်ခုနစ်ဘ၀ နှစ်ကြိမ်ကျော်မျှသာရှိပါသေးသည်။ ဘ၀ဆက်အားဖြင့် ဆိုရပါမူ မိမိတို့သည် လူ့အဖြစ်ကို ရခဲ့သည်ဆိုပါက ဘုရားရှင် လက်ထက်တော်မှစ၍ ဆင့်ကဲဆင့်ကဲ လူ့ဘ၀များကို ဖြတ်သန်းလာခဲ့ရပါသည်။
သင်္ခါရလောက၏ ထုံးတန်းဓမ္မတာ သဘောအရ ဖြစ်ပျက်ခဲ့ရသည့် ဘ၀ပေါင်း (၃၀) ကျော်တွင် မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်တော်မူခြင်း၊ ပရိနိဗ္ဗာန် ပြုတော်မူခြင်း၊ စေတီလေးပါး တည်ထားခြင်း၊ ပျောက်ကွယ်ခြင်း ဖြစ်စဉ်များနှင့် ပထမဘ၀တွင် ကြုံခဲ့ပေါင်း ကြုံခဲ့မည်သာဖြစ်သည်၊ ယခုမြတ်မှောက် လူ့ဘ၀ (၃၀) ကျော်ကာလတွင် အထက်ဘ၀ များစွာက ဤကမ္ဘာမြေအနှံ့တွင် ဖြစ်တည်ကျန်ရှိရစ်သော မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ကို အာရုံပြု ရည်မှန်းဖူးမျှော် ကြည်ညိုနိုင်စွမ်းရန်အတွက်လည်းကောင်း၊ မြတ်ဗုဒ္ဓပုံရိပ်များကို ပြန်လည်မှန်းဆ ထင်ဟပ်ပြသရခြင်း ဖြစ်ပါသည်။
အဆိုပါ အတိတ် ဗုဒ္ဓပုံရိပ် များစွာအနက် မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သတင်းသုံးစဉ်ကာလ ကာမဂုဏ်စည်းစိမ်တို့သည် ချမ်းသာခြင်းအစစ်ဖြစ်သည်ဟု ရဟန်းတော်တို့ ငြင်းခုန်ကြလေရာ ထိုအခြင်းအရာကို မြတ်စွာဘုရားရှင်တွေ့မြင်ပြီး ငြင်းခုန်ကြသော ရဟန်းတို့အား မြတ်စွာဘုရားက "သုခေါဗုဒ္ဓါ မုပ္ပါဒေါ သုခါ သဒ္ဓမ္မ ဒေသနာ သုခါ သံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ" ဟူသော ဂါထာတော်ကို ဟောတော်မူခဲ့ပါသည်။ ဂါထာတော်၏ အဓိပ္ပါယ် သဘောမှာ….
သစ္စာလေးပါး ပိုင်းခြားသိမြင် ဘုရားရှင်တို့ပေါ်ထွန်းလာခြင်းသည် အလွန်အကြူး ထူးမြတ်သော ချမ်းသာခြင်း ဖြစ်ပေသည်။ သူတော်ကောင်းတရားတို့ကို ကြားနာရခြင်းသည် ဇာတိအစ၊ ဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း ဖြစ်၍ ချမ်းသာခြင်း အစစ်ဖြစ်ပေသည်။ သံဃာတော်များ စိတ်တူထပ်မျှ ညီညွှတ်လှသော အဖြစ်သည် စင်စစ်ဧကန် အမှန်ချမ်းသာခြင်းဖြစ်သည်။ စိတ်တူထပ်မျှ ညီညွှတ်လှသောအဖြစ်သည်၊ စင်စစ်ဧကန် အမှန်ချမ်းသာခြင်း ဖြစ်သည်။ စိတ်တူထပ်မျှ ညီညွှတ်လှသော ရဟန်းတို့ ပရိယတ်၊ ပရိပတ်နှစ်ရပ်ကို ခြိုးခြံစွာ ကျင့်ကြံခြင်းသည် ကြီးပွားကြောင်းဖြစ်၍ ကောင်းသော ချမ်းသာခြင်း အစစ် သာလျှင် ဖြစ်ပေ၏။ဟူ၍ ဖွင့်ဆိုထားပါသည်။
ကာမဂုဏ် စည်းစိမ်တို့သည် နိစ္စသဘော မလွဲဧကန် ပျက်သုံးရတတ်၏။ ထို့ကြောင့် ချမ်းသာခြင်း အစစ်မဟုတ်၊ အတုအယောင်မျှသာဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ပေါ်ထွန်းလာခြင်းသည်သာ ချမ်းသာခြင်းအစစ်မှန်ဖြစ်သည်။ ပေါ်ထွန်းလာသော ရတနာသုံးပါးကို ကြားခွင့်၊နာခွင့်၊ ဟောပြောခွင့်၊ ပူဇော်ခွင့်ရသည့် ပုဂ္ဂိုလ်တို့သည် ဤလောကတွင် စကြာဝတေးမင်း ဖြစ်ရသည်ထက် ပိုလွန်း၍ မြတ်၏။ အဆိုပါ ရတနာသုံးပါးတွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်သည်။ ဤကမ္ဘာတွင် လေးဆူကုန်သော ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပြီးဖြစ်၏။ ပွင့်ထွန်းလာသော ဘုရားမြတ်ရတနာကို လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံး ဖူးမျှော်ကြည်ညို ပူဇော်ရခြင်းသည် ကောင်းချီး မင်္ဂလာသာဖြစ်ရ၏။ ပွင့်ထွန်းခဲ့ပြီးသော ဘုရားရတနာတို့သည် ဤကမ္ဘာမြေပြင်တွင်သာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အသင်္ချေ အသင်္ချေယျ ဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ကမ္ဘာမြေပေါ်တွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီး ဘုရားရှင်တို့၏ ဓါတ်တော် မွေတော်များမှာ ရေတွက်၍မကုန်။ ကမ္ဘာမြေ၏ တည်ဦးအစ ဘုရားရှင်တို့၏ ပွင့်တော်မူရာမြေမြတ်မဟာသည်လည်း မဇ္ဈိမဒေသမှာသာ ဖြစ်ထွန်းခဲ့၏။ ထိုဒေသမှ တစ်ဆင့် အရပ်ဒေသ အသီးသီးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ ထွန်းကားရောက်ရှိ၏။ အရှေ့၊အနောက်၊ တောင်၊ မြောက် ယူဇနာပေါင်းများစွာ ပျံ့နှံ့ ရောက်ရှိ၏။ ထက်ဝန်းကျင် အရပ်ရှစ်မျက်နှာတိုင်းတွင် ဘုရားရတနာရှိ၏။ ဘုရားရတနာသည် အထက် တစ်ယူဇနာ အောက် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ထွန်းကားလျှက်ရှိသည်။
ဘုရားရှင်ပေါ်ထွန်းခြင်းသည် ဒဏ္ဍာရီ ပုံပြင်မဟုတ်။ဇာတ်နိပါတ်သမိုင်းကျမ်းဂန်အထောက်ထားများစွာရှိသည်။
ဘုရားရတနာ တည်ရှိနေပုံကို ဂေါတမ ဘုရားရှင်လက်ထက် မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ ဗာရာဏသီပြည်သို့ ကြွတော်မူစဉ် လမ်းခုလတ် တောဒေယျရွာ အနီးသို့အရောက် နတ်ကွန်းတစ်ခုတွင် ရှိခိုးဦးခိုက်နေသော ပုဏ္ဏားတစ်ဦးအား အကြောင်းပြု၍ မြတ်စွာဘုရားက ထိုပုဏ္ဏားအား ခေါ်ယူစေပြီး………
အိုပုဏ္ဏား၊ သင် ဤသို့ပူဇော်ခြင်းသည် ကောင်းသောကုသိုလ် လုပ်ငန်းကို အားထုတ်ခြင်း မည်ပါပေသည်ဟု ချီးမွမ်းစကား မြွက်ကြားတော်မူပါသည်။ ထိုအခါ ရဟန်းတို့က ဘုရားရှင်သည် ပုဏ္ဏားကြီးအား အဘယ့်ကြောင့် ချီးမွမ်းစကား မြွက်ကြားခဲ့သည်ကို ယုံမှားသံသယ ဖြစ်နေကြ၏။ထိုအခါ မြတ်စွာဘုရားက ထိုနတ်ကွန်းအောက် တစ်ယူဇနာအကွာတွင် နစ်မြုတ်နေသော ကဿပဘုရားရှင်၏ ရွှေစေတီကိုလည်းကောင်း၊ ကောင်းကင်၌ တည်ရှိသော အခြားသော ရွှေစေတီတို့ကိုလည်းကောင်း၊ ရဟန်းရှင်လှူ ပရိသတ်များစွာတို့အား ဖူးမြင်ပူဇော်နိုင်ရန် ဖန်ဆင်းပြတော်မူလေသည်။
ဘုရားရှင်၏ ဓါတ်တော်မွေတော်တို့သည် အနန္တစကြာဝဠာ၏ အထက်အောက် အရပ်မျက်နှာတို့တွင် ပျံ့နှံ့ တည်ရှိနေပါသည်ကို ဆိုလိုခြင်းဖြစ်ရာ ဖန်တီးပြခြင်းမဟုတ်၊ အရှိကို အရှိတိုင်းမြင်နိုင်စေရန် မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ပြတော်မူခြင်းဖြစ်ပါသည်။ အနန္တစကြာဝဠာ၊ အနန္တဘုရားသာသနာသည် ကမ္ဘာ့ကမ္ဘာ့များစွာကတည်းက တည်ရှိပြီးဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားသည် အရာဌာန တစ်ခုအား လက်အုပ်ချီမိုး၍ အာရုံပြုရှိခိုးပူဇော်ခြင်းသည် အလွန် လျော်ကန်သင့်မြတ်သော ပူဇော်ခြင်းလက္ခဏာသာ ဖြစ်ပါပေသည်။
မြတ်ဗုဒ္ဓဘုရားရှင် မိန့်ကြားခဲ့သော တောဒေယျ ပုဏ္ဏားကို အကြောင်းပြု၍ ကိုးကွယ်ဆည်းကပ်ခြင်း၊ ပူဇော်ကန်တော့ခြင်းတို့ကို လူတို့အဘယ့်ကြောင့်ပြုကြပါသနည်း။ အဘယ့်ကြောင့်အလေးအမြတ်ပြုကြပါသနည်း ဟူသည်ကို မဂ္ဂင်္ဂဒီပနီတွင် ဤသို့ ဖွင့်ဆိုထားပါသည်။
ကိုးကွယ်ဆည်းကပ်ခြင်းဆိုသည်ကား အားကိုးအားထားပြုမှု ဘေးဒုက္ခတို့မှ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ပြုမှုတို့ဖြစ်သည်။ ပုထုဇဉ်လူသားတို့သည် လွတ်မြောက်ရာလွတ်မြောက်ကြောင်းတစ်ခုကို ရှာဖွေကြရာတွင် မိမိဒုက္ခဆင်းရဲမှ လွတ်ကင်းရာ အမှန်ကို လမ်းပြပေးနိုင်တော်မူသော ဆရာတစ်ဆူကို ကိုးကွယ်ဆည်းကပ်ရာဟု လူအများစုက ယုံကြည်စွဲမှတ်ကြ၏။ တနည်းဆိုရသော် ကိုးကွယ်ဆည်းကပ်ခြင်းသည် သံသရာ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းရာ လူချမ်းသာ နတ်ချမ်းသာ မြင့်မြတ်ရာ ဘုံဘ၀သို့ရောက်ရာ ရောက်ကြောင်း လမ်းပြပေးတော်မူသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ကို ဆိုလိုခြင်းဖြစ်သည်။ လောကအလိုအားဖြင့် အသက်ရှည်ခြင်းကို အလိုရှိကြကုန်သော သူတို့သည် အစာအဟာရ တည်းဟူသော စားဖွယ်တို့ကို အားထားမှီခိုရာ ပြုကြ၏ အစာအာဟာရကို မှီဝဲကြ၏။ ထို့ကြောင့် သတ္တ၀ါတို့သည် ငတ်မွတ်ခြင်းဘေးအတွက် အဟာရသည်သာ ကိုးကွယ်ရာဖြစ်၏။ ထို့အတူ အနာရောဂါအတွက် ဆေးဝါးသည်သာ ကိုးကွယ်ရာဖြစ်၏။ ဆေးဆရာကို အားကိုးအားထားပြုကြရ၏။ ဤနည်းအတူ လောက၌ ကိုးကွယ်ရာခပ်သိမ်းတို့ကို မျှော်ကိုးကြရလေသည်။
ဆရာဝန်သည် လူနာတို့အတွက် ကိုးကွယ်အားထားရာဖြစ်သည် ဆေးကောင်းဝါးကောင်းသည် အနာရောဂါ ပျောက်ကင်းဆေးသည့်အတွက် လူနာတို့အတွက် အားကိုးအားထားစရာဖြစ်သည်။ ကိလေသာအမြိုက်ရှိကြကုန်သော လူသတ္တ၀ါတို့သည် အနာရောဂါရှိသူတို့နှင့် တူ၏။ ဘုရားရတနာသည် အနာရောဂါတို့၌ အလွန်လိမ္မာ ကျွမ်းကျင်သော အထူးကု ပါရဂူဆရာဝန်ကြီးနှင့်တူ၏။ သံဃာရတနာသည်လက်ထောက်ဆရာဝန်ကြီးများနှင့်တူ၏။ တရားရတနာသည် ဆေးကောင်းဝါးကောင်းနှင့်တူ၏။ ထို့ကြောင့် အနာရောဂါတည်းဟူသော ဘေးဒုက္ခမှ ပျောက်ကင်းလိုသူများသည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်ကြခြင်းဖြစ်သည်။
ကိုးကွယ်မှုဆိုသည်မှာ ယုံကြည်လေးမြတ် ရှိခိုးပူဇော်မှုကိုသာဆိုလိုသည်မဟုတ်။ အားကိုးအားထားပြုမှု ကိုးကွယ်ရာပြုမှု အလုံးစုံတို့သည် ကိုးကွယ်ရာအမှုချည်းပင်ဖြစ်သည် ဘုရားတရားသံဃာ မိဘဆရာသမားစသော မိမိထက် မြတ်သောသူတို့ကို ရှိခိုးပူဇော်၍ ကိုးကွယ်ဆည်းကပ်ကြသည် ယခုဘ၀၌ ပစ္စည်းဥစ္စာမရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏။ ထိုဒုက္ခကို ကြောက်ကြသဖြင့် ပစ္စည်းဥစ္စာတို့ကို ရစေနိုင်သော အသိအလိမ္မာ ဥာဏ်ပညာတည်းဟူသော ရတနာမြတ်သုံးပါး မိဘဆရာသမားတို့ကို အားကိုးအားထားပြုကြရသည်။
ဤကား သာမန်ပုထုဇဉ်တို့၏ အကျင့်ကောင်းဖြစ်သည်။ သာမန်ပုထုဇဉ်တို့ထက် မြတ်သော မြင့်သော အမျိုးကောင်း သားသမီးတို့သည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့ကို နိဗ္ဗာန် မဂ်ဖိုလ် ရောက်ရန်ရရန်အထိ ရည်မှန်း၍ ကိုးကွယ်ဆည်းကပ်ကြခြင်း ဖြစ်ပါသည်။
ယခုအချိန်အခါသည် သာသနာသက္ကရာဇ် ၂၅၅၀ ကျော်ခဲ့ပြီး မိမိတို့ ဗုဒ္ဓဘာသာဝင်အများစုသည် ထိုမျှလောက်သော နှစ်များကို အလွန်ကြာမြင့်နေပြီထင်နေကြသည်။ တကယ်ဆိုလျှင် သက္ကရာဇ် (၂၅၅၀) ကျော်သည်။ ကြာမြင့်လှပြီဟု မဆိုသာသေးချေ တရုတ်ယဉ်ကျေးမှုသည် နှစ် (၅၀၀၀) ပြည့်ခဲ့ပြီ။ ရောမမြို့ကြီးသည် နှစ်ပေါင်း (၃၀၀၀) ပြည့်ခဲ့ပြီ။ ယနေ့ထက်တိုင် ဟိုတုန်းက လမ်းများပေါ်ဝယ် သွားလာနေကြဆဲဖြစ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသ၀င် အများစုသည် အချို့သော ဆရာတော်ကြီးများဟောပြောသကဲ့သို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့်မှ တိုးတက်လာမှု အင်မတန်နည်းပါးကြသည်။ မှတ်ပုံတင်ထဲမှာ ကိုးကွယ်သည့် ဘာသာနေရာတွင် ထည့်သွင်းဆရာ တစ်ခုအနေနှင့်သာ သဘောထားဟန်တူ၏။ ထို့အပြင် ဗုဒ္ဓဘာသာ အမည်ခံရုံနှင့် ဗုဒ္ဓဘာသာဖြစ်သည်ဟု ထင်နေကြသေး၏။ ဗုဒ္ဓဘာသာဝင်တိုင်းကိုလည်း ဗုဒ္ဓဘာသာဝင်ဟု အလွယ်တကူ ခေါ်ဆို၍မရပါ။
ထို့ကြောင့် မြတ်ဗုဒ္ဓသည် လူအများစု၏ မြတ်ဗုဒ္ဓအပေါ် မည်ကဲ့သို့ ကိုးကွယ်သက်ဝင်ယုံကြည်သည်ကို ပမာဏလေးမျိုးဖြင့် ခွဲခြား၍ ဟောတော်မူခဲ့သည် မိမိတို့ကိုယ်တိုင် မည်သည့်အမျိုးစားထဲတွင် ပါဝင်သည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။ ပမဏလေးမျိုး ပမာဏဟူသည် နှိုင်းယှဉ်ချက် နှိုင်းယှဉ်မှုလေးမျိုးဟုခေါ်သည်။ ထိုလေးမျိုးကို မြတ်ဗုဒ္ဓက ဤသို့ ဟောတော်မူခဲ့ပါသည်။
(၁)ရူပ
ပမာဏာ ရူပပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ ရူပကာယ အဆင်းတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေအတွက် နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ရူပပမာဏဆိုသည်ကား လက္ခဏာတော်ကြီး (၃၂) သွယ် (၈၀) သောလက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာအသွင် ဆင်ယင်အပ်သော ၀ဏ္ဏယတန တည်းဟူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရူပကာယအဆင်းတော်ကို ဖူးတွေ့ကြကုန်သူ သတ္တ၀ါအပေါင်းတို့တွင် (သုံးပုံအနက် နှစ်ပုံ) သည် အလွန်လျှင်ကြည်ညိုမြတ်နိုးကြကုန်၏။
(၂) ဃောသပမာဏ
ဃောသပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ အသံတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်၏။ ဃောသပမာဏဆိုသည်ကား အင်္ဂါ(၈)ဖော်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏ အသံတော်ကို ကြားကြကုန်သော သတ္တ၀ါအပေါင်းတို့သည် (ငါးပုံအနက် လေးပုံ) သည် အလွန်လျှင်ကြည်ညိုမြတ်နိုးကြကုန်၏။
(၃)လုခပမာဏ
လုခပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ ခေါင်းပါးသော အကျင့်မြတ်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါ အရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ လုခပမာဏဆိုသည်ကား ခြိုးခြံခေါင်းပါးစွာ ကျင့်သောဘုရားရှင်ကိုယ်တော်မြတ်၏ အကျင့်မြတ်ကို မြင်တွေ့ သိရှိကြကုန်သောသတ္တ၀ါအပေါင်းတို့တွင် (တစ်ဆယ်အနက် ကိုးပုံ) သည် အလွန်လျှင် ကြည်ညိုမြတ်နိုးကြကုန်၏။
(၄) ဓမ္မပမာဏ
ဓမ္မပမာဏသည် ဘုရားရှင်ဟောကြားတော်မူအပ်သော တရားတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ဓမ္မပမာဏဆိုသည်ကား ဘုရားရှင်ကိုယ်တော်မြတ် ဟောပြော ဆုံးမတော်မူအပ်သော တရားတော်ကို ကြားနာကြကုန်သော သတ္တ၀ါအပေါင်းတို့တွင် ( တစ်ထောင်ပုံအနက် တပုံ) တနည်း တစ်ထောင်တွင် တစ်ယောက်သာကြည်ညိုနိုင်၏။ လက်ခံသိမ်းပိုက်နိုင်၏ ကြွင်းသော(၉၉၉) ယောက်တို့သည်ကား မကြည်ညို မမြတ်နိုး မလိုက်နာ မသိမ်းပိုက်နိုင်ကြကုန်။ မ တစ်ထောင် တစ်ကောင်ဘွား ဆိုတာထိုစကားပင်ပြောသည်ထင်၏။ ယခုအခါသည် မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သော အချိန်မှစ၍ နှစ်ပေါင်း (၂၆၀၀) ပြည့်ရန် (၂)လကျော်ခန့်သာ လိုပါတော့သည်။
ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်ဗုဒ္ဓ၏ နှစ်ပေါင်း (၂၆၀၀) ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို မည်သို့ ပြုလုပ်သင့်သည် ကြိုဆိုသင့်သည်ကို အမှတ်တရ ပြုလုပ်ဆောင်ရွက်နိုင်ရန် သတိပေး နှိုးဆော် ရေးသားလိုက်ရပါသည်။
စာရေးသူ-အောင်မြင့်မြတ်(ပြည်ရွှေဘို)
အမှတ်စဉ်(၉၂) ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၇) ရက်၊ သောကြာနေ့တိုင်းထုတ်ဝေသော ဘုန်းရောင် ဂမ္ဘီရဂျာနယ် မှတင်ပြပါသည်။
0 Response to "မြတ်ဗုဒ္ဓပွင့်တော်မူသည့်နှစ်ပေါင်း(၂၆၀၀)ပြည့်ရန် (၂)လခန့်သာလိုတော့သည်။ မည်သို့ဆင်နွှဲပူဇော်ကြမှာလဲ?"
Post a Comment