နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မိန်းမနှင့်သိမ်

''ဦးလေး သိမ်ထဲ မိန်းမတွေ မဝင်ကောင်းဘူးလား''
''ဝင်ကောင်းပါတယ်''
''နို့ ဘာဖြစ်လို့ သိမ်ထဲကို မိန်းမတွေ ဝင်ရင် မောင်းထုတ်ကြရတာလဲ''
''မောင်းမထုတ်ပါဘူး''
''အို... ဟုတ်တယ်၊ ကနေ့ဘဲ ဌေးဌေးတို့ မောင်းထုတ်ခံခဲ့ရတယ်၊ မိန်းမဖြစ်ရတာ သိပ်အောက်တန်း ကျတာဘဲ၊ ဒါပေမယ့်လေ မိန်းမလဲလူပါဘဲ''
ဌေးဌေးကား စာရေးသူ၏ တူမလေးဖြစ်သည်။ မုံရွာမြို့ အမှတ်(၂) အ.လ.က၌ (ဂ)တန်းတွင် ပညာသင်ကြားနေသူ ဖြစ်သည်။ သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် မိဘများနှင့်အတူ စစ်ကိုင်းသို့ ဘုရားဖူးလိုက်ပါလာခဲ့၏။ တောင်ပေါ်ဘုရားများကို အနှံ့ဖူးပြီး ချောင်သို့ ပြန်အရောက်တွင် အထက်ပါအတိုင်း မကျေနိုင်မချမ်းနိုင်ဖြစ်ကာ မေးလိုက်ခြင်းပင် ဖြစ်သည်။ တစုံတခု ဖြစ်ခဲ့ပြီဟု စာရေးသူ ရိပ်စားမိ လိုက်ပါသည်။ ထို့ကြောင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းကြည့်ရ၏။ ဖြစ်ပုံကား ဤသို့တည်း။
နံနက်လေးနာရီအချိန်လောက်မှထ၍ အစောကြီးပင် တောင်ပေါ်သို့ တက်သွားကြသည်။ အရုဏ်မတက်မီပင် ပရက္ကမချောင်သို့ ရောက်ကြ၏။ အရှေ့ပရက္ကမ၊ အနောက်ပရက္ကမ ဟု နှစ်ချောင်ရှိရာ ဆရာတော်တပါးစီ သီတင်းသုံးကြသည်။ ထိုဆရာတော်များသည် ဂူတွင်းအောင်းလျက်၎င်း၊ သစ်သီးဆွမ်း-ပဲပြုတ်ဆွမ်းတို့ကိုသာ မျှတရုံ ဘုဉ်းပေးလျက်၎င်း၊ ရဟန်းတရားကို အပြင်းအထန် အားထုတ်နေကြပါသည်။ အရုဏ်တက်ပြီဆိုလျှင် ကမ္မဋ္ဌာန်း ဂူအတွင်းမှ ထွက်၍ ဆွမ်းခံလေ့ရှိရာ ထိုဆရာတော်များကိုလည်း ပဲပြုတ် ဆွမ်း လောင်းလှူရန်အတွက် ဤကဲ့သို့ အစောကြီးတောင်ပေါ်သို့ တက်ကြခြင်းဖြစ်သည်။ ဆွမ်းလောင်း လှူပြီးသောအခါ ဆရာတော်က သီလပေးသည်။ ဤအချိန်မှတပါး အခြားအချိန်များတွင် လုံးဝ လူတွေ့မခံကြပေ။
ဌေးဌေးတို့ တသိုက်သည် သီလယူပြီးနောက် အနောက်ပရက္ကမချောင်တွင်းရှိ သိမ်ထဲသို့ ဝင်ရောက်၍ ရုပ်ပွားဆင်းတုတော်များကို ဦးချရှိခိုးကြသည်။ ပါလာသည့် ဖယောင်းတိုင်များကိုလည်း ညှိထွန်း ပူဇော်ကြသည်ဆို၏။ ထိုအခါ ပရက္ကမချောင် ဆရာတော်ကြီး၏ အလုပ်အကျွေး ဖြစ်ဟန်တူသော ရဟန်းငယ်လေးတပါးက ''ဒီအထဲ မိန်းမတွေမဝင်ရဘူး၊ ဒါ သိမ်'' ဟု ပြောလျက် ဌေးဌေးတို့ တသိုက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သတည်း။
ဒါကိုပင် အတေးထားခဲ့သော တူမက စာရေးသူကို မေးခွန်းထုတ်လေတော့သည်။ ''မိန်းမဖြစ်ရတာ သိပ်အောက်တန်းကျတာဘဲ၊ ဒါပေမဲ့လေ မိန်းမလဲလူပါဘဲ'' ဟု ကောက်ချက်ချလိုက်သေး၏။ မှန်ပါသည်၊ မိန်းမလဲလူ ယောက်ျားလဲလူပင်ဖြစ်သည်။ မိန်းမကမြတ်သည်၊ ယောက်ျားက မြတ်သည်ဟု ခွဲခြားရန်လည်း အကြောင်းမရှိချေ။ ကိုယ်ကျင့်တရားနှင့် စိတ်နေသဘောထားတို့၏ ကြီးမားမွန်မြတ်ခြင်းသာ အဓိက ဖြစ်ပေသည်။ အဂ္ဂညသုတ် (သုတ်ပါထေယျ ပါဠိတော်) ၌လည်း ဤအတိုင်းပင် ဗုဒ္ဓမြတ်စွာ မိန့်ကြားခဲ့ပါ သည်။ စာရေးသူသည် တူမဖြစ်သူကို ဖျောင်းဖျနှစ်သိမ့်ရင်း အများလည်း ဝေဘန်ထောက်ရှုနိုင်ရန် ဤ''မိန်းမနှင့်သိမ်'' ဆောင်းပါးကို ရေးသားတင်ပြ လိုက်ရပါသည်။
ပါလိုဠိ ''သီမာ'' ကို မြန်မာလို ''သိမ်'' ဟု သုံးစွဲထားခြင်း ဖြစ်၏။ ''သီမာ'' သဒ္ဒါသည် အပိုင်းအခြားအနက်ကို ဟော၏။ ''ရဟန်းသံဃာများ ဥပုသ် ကံ စသည်ပြုရန်အတွက် ပိုင်းခြား သတ်မှတ်ရာတွင် ဉတ်-ကမ္မဝါစာတို့ဖြင့် ရွတ်ဖတ်၍ သမုတ်(သတ်မှတ် )ထားသော သိမ် (ဗဒ္ဓသိမ်)၊ ဉတ်-ကမ္မဝါစာ တို့ဖြင့် မရွတ်ဖတ်ရဘဲ အလိုလိုပင် ဥပုသ်ကံ စသည်ပြုနိုင်သောသိမ် (အဗဒ္ဓသိမ်)ဟု နှစ်မျိုးရှိလေသည်။ ''ဂါမသိမ်'' သည် အဗဒ္ဓသိမ်မျိုးတွင် ပါဝင်၏။ သူကြီးတယောက် အခွန်အတုပ် ကောက်ယူခွင့်ရှိသော အရပ်သည် (၂-ရွာ ၃-ရွာ ရှိသော်လည်း) ဂါမခေတ် တခေတ်မည်၏။ ထိုဂါမခေတ်နယ်သည် ရဟန်းအားလုံး စုရုံး၍ ကံပြုနိုင်သော ဂါမသိမ်တမျိုး ဖြစ်လေသည်။
ဤသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် လူတို့သည် လင်ယူသားမွေး လုပ်နေကြ၏။ အညစ် အကြေးတို့ကိုလည်း စွန့်ချနေကြသည် မဟုတ်ပါလော။ ယင်းသူကြီးတပိုင် ဂါမခေတ်(ဂါမသိမ်) အတွင်းဝယ် ယောက်ျားတွေချည်းသာ နေကြသည် မဟုတ်ပါချေ။ ထို့ကြောင့် သိမ်အတွင်း မိန်းမတွေ မဝင်ရဟု အထင်ရောက်နေခြင်းမှာ လုံးဝ လွဲမှားနေခြင်းသာဖြစ်သည်။ ကျောင်းတိုက်များအတွင်းဝယ် ကျောက်တိုင်များ (သီမန္တရိတ်တိုင်များ) စိုက်၍ သမုတ်ထားသော (ဗဒ္ဓ)ခဏ္ဍသိမ်မှာလည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။ ''သိမ်အတွင်း မိန်းမတွေဝင်လျှင် ငရဲကြီးသည်'' ဟု ပြောဆို ထင်မှတ်နေကြခြင်းမှာ ပိုလွန်နေသော လွဲမှားမှုသာ ဖြစ်ချေသည်။
ဥပုသ်ကံစသော ကံကြီးကံငယ်ပြုရာ၌ ကြဉ်ဖယ်ထားရမည့် ပုဂ္ဂိုလ်(ဝဇ္ဇနိယပုဂ္ဂိုလ်)များတွင် လူဝတ်ကြောင်လည်း ပါရှိလေသည်။ လူဝတ်ကြောင်ဟု ဆိုရာ၌ မိန်းမသာမက ယောက်ျားများလည်း ပါဝင်သည်။ ''သိမ်အတွင်း ကံပြုနေချိန်၌ လူဝတ်ကြောင်စသည် မပါဝင်စေရ၊ ကြဉ်ဖယ်ထားရမည်'' ဆိုသော်လည်း သိမ်ထဲတွင် မဝင်ရဟု တားမြစ်ထားခြင်းမျိုးမဟုတ်ပေ။ ကံဆောင်နေသော ရဟန်း သံဃာတော်များနှင့် ဟတ္ထပါသ်(နှစ်တောင့်ထွာ) မဆက်စပ်ဘဲ ဟတ္ထပါသ်(နှစ်တောင့်ထွာ) လွတ်ရာ အရပ်က ရှိနိုင်သည်၊ နေနိုင်သည်။ ထိုသို့ရှိနေခြင်းကြောင့် မည်သည့်ကံမျှ ပျက်ပြားမှုမရှိချေ။ (တေဟတ္ထပါသတော ဗဟိကရဏဝသေန ဝဇ္ဇေတဗ္ဗာ- လူစသော နှစ်ကျိပ်တယောက်သော ဝဇ္ဇနိယ ပုဂ္ဂိုလ်တို့ကို နှစ်တောင့်ထွာ ဟတ္ထပါသ်မှအပ ပြုခြင်းဖြင့် ကြဉ်ဖယ်ထားရမည်။ ။ ကင်္ခါဝိတရဏီအဋ္ဌကထာ)။
''နှစ်တောင့်ထွာ အတွင်းသာ မရှိစေရ'' ဟူသော မိန့်မှာချက်ကို သဘောမမူဘဲ အချို့ရဟန်း များသည် ရဟန်းခံ(ဥပသမ္ပကံဆောင်)ရာ၌ မိန်းမများကိုသာမက ယောက်ျားများကိုပါ မာန်မဲ၍ သိမ် အတွင်းမှ မောင်းထုတ် တတ်ကြလေသည်။ ဤသို့ လူတို့ကို သိမ်အတွင်းမှမောင်းထုတ်ခြင်းသည် စာရှိထက် ပိုလွန်ခြင်းသာတည်း-ဟု ဧဝကန် မှတ်ရပေမည်။ ယင်းသို့ တတ်ယောင်ကားဖြင့် အချို့ရဟန်းများ ''လူတတ် လူစွာ'' လုပ်ခြင်းကြောင့်ပင် ''သိမ်အတွင်း မိန်းမ မဝင်ရ မဝင်ကောင်း'' ဟူသော အစွဲသည် ပြန့်နှံ့နေခြင်း ဖြစ်ပေသည်။
လွန်ခဲ့သည့် သီတင်းကျွတ်လက စာရေးသူသည် မြို့သာသို့ရောက်ခဲ့သည်။ မြို့သာနှင့် ၃-မိုင်ခန့် ဝေးသော အရပ်တွင် ''ရေမြို့ဘုရား'' ဟုခေါ်သော ရှေးစေတီတဆူရှိပါသည်။ ထိုစေတီ၏ လိုဏ်အတွင်းမှ ရုပ်ပွားတော်၏ မျက်လုံးများသည် မှိတ်သွားလို့တဲ့ဟူသော သတင်းသည် အုတ်အော်သောင်းနင်း ဖြစ်လာသည်။ တဆင့်ပြောဖြင့် မယုံကြည်ဘဲ ကိုယ်တိုင်မြင်သိရမှ ကျေနပ်တတ်သော ဝါသနာကြောင့် သွားရောက် ဖူးမြင်လေ့လာခဲ့ပါသည်။ မျက်လုံးတော်များကို မျက်ခွန်များဖြင့် ဖုံးအုပ်၍ မှိတ်သွားခြင်း၊ ပိတ်သွားခြင်းမျိုးကား မဟုတ်ပါ။ မျက်နှာတော်နှင့် တပြင်တည်း မျက်ဖြူမျက်နက်ဝန်းတို့ကိုပါမချန်ပဲ မျက်နှာတော် တခုလုံး ရွှေဘိန်း ချခြင်းသာဖြစ်လေသည်။
မည်သို့ဆိုစေ-မျက်လုံးတော်များ မှိတ်သွားလို့တဲ့ ဟူသော သတင်းကြောင့် စာရေးကဲ့သို့ပင် လာရောက် လေ့လာ သူ ဖူးမျှော်သူတွေမစဲပါ၊ ဤသို့ ဖူးမျှော်လာရာတွင် အချို့သော ယောက်ျားများက ဘုရားလိုဏ်ဂူအတွင်းသို့ ဝင်၍ ဆီမီးထွန်းညှိခြင်း၊ ပန်းကပ်ခြင်းမပြုရန် မိန်းမများအား တားဆီး ပိတ်ပင်ကြလေသည်။ စာရေးသူမှာ ငြိမ်မနေနိုင်တော့သဖြင့် ''မတားဆီးပါနဲ့၊ သူတို့လည်း ဘုရားဖူးချင်လို့ လာကြတာပဲ၊ သူတို့ကြိုက်သလို အားရကျေနပ်အောင်ဖူးကြပါစေ'' ဟု ပြောလိုက်ရပေသည်။ မိန်းမသား များကို နှိမ်ပေါက်ထား၍ ငရဲကြီးလိမ့်မယ်၊ မိုးကြိုးပစ်လိမ့်မယ် စသည်ဖြင့် ချောက်လှန့်ခြင်းမျိုးကား လုံးဝ နှစ်မြို့စရာမဟုတ်ချေ။ ကုသိုလ်ဆန္ဒဖြင့် ပြုရာ၌ မိုးကြိုးပစ်ချင် ပစ်စမ်းပါစေ။ ဝံ့စားသောသတ္တိကိုပင် မွေးမြူရပေမည်။ ဆင်ဖြူတော်ကို လှုဒါန်းလိုသော ဝေဿန်မင်းမြတ်သည် ''ဆင်ဖြူတော် လှူခြင်းကြောင့် ငါ့ကို သတ်ချင်လည်း သတ်ကြ။ နိုင်ငံမှ နှင်ထုတ်ချင်လည်း နှင်ထုတ်ကြ။ မလှူမဒါန်းပဲကား ငါမနေနိုင်'' ဟု ရဲရဲဝင့်ဝင့် မိန့်မြွတ်၍ လှူဒါန်းလိုက်လေသည်။ ရွှေကျင် ဆရာတော်ဘုရားကြီးကား ''ဝီရော ကုသလကရဏေ-ကုသိုလ်ပြုရန် အခွင့်ကြုံလျှင် မကြောက်မရွံ့ နောက်မတွံ့ပဲ သက်စွန့်ကြိုးပမ်း ရဲစွမ်းသတ္တိရှိသူဖြစ်ပါစေ-ခလို'' ဟုပင် ဆုတောင်းခဲ့လေသည်။
ယနေ့ခေတ်သည် အကြောင်းယုတ္တိမတန်ဘဲ ငရဲနှင့်ချောက် စာအုပ်ကြီးနှင့်ပေါက်နေ၍ မဖြစ်ချေ။ သာသနာတော်၌ မကြည်ညိုသေးသူတို့ကို ကြည်ညိုလာစေရန်၎င်း၊ ကြည်ညိုပြီးသူတို့ကို သဒ္ဓါတရား တိုးပွားစေရန်၎င်း ကြောင်းကျိုး ညွှန်ပြရပေမည်။ နေရာတကာ၌ အထက်စီးကနေလျက် ကြိမ်းမောင်းခြင်း၊ ငေါက်ငမ်းခြင်းတို့ကား စင်စစ်ရိုင်းပြခြင်းသာ ဖြစ်သည်။ အရှိကိုအရှိတိုင်း အမှန်ကို အမှန်တိုင်း ဗုဒ္ဓ အလိုတော်ကျ မပိုမလို ပြောဆိုပြုလုပ်ရန်လည်း အမှန်တကယ် လိုအပ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူတိုင်းအပေါ် ချိုသာယဉ်ကျေးစွာ ဆက်ဆံလျက် ဗုဒ္ဓညွှန်ပြခဲ့သည့် သဘောတရားရေးရာ၌လည်း ပိုင်နိုင် ထိမိအောင် လေ့လာထားသင့်ကြောင်း တင်ပြလိုက်ရပေသည်။

အရှင်မဟောသဓပဏ္ဍိတ
၁၁-၇-၇၁
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ် ၉။)

ဒီနေရာမှာ ပြန်လည်ကူးယူ ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး  ဆိုဒ်မှ ကူးယူဖော်ပြပါသည်။

မြတ်ဗုဒ္ဓပွင့်တော်မူသည့်နှစ်ပေါင်း(၂၆၀၀)ပြည့်ရန် (၂)လခန့်သာလိုတော့သည်။ မည်သို့ဆင်နွှဲပူဇော်ကြမှာလဲ?

မန္တလေးမဟာမြတ်မုနိဘုရား
 
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ခရစ်နှစ် ၂၀၁၁ ခုနှစ် မေလ ၁၈ ရက်နေ့သည် ဂေါတမမြတ်ဗုဒ္ဓဘုရားရှင် ပွင့်တော်မူခဲ့သော နှစ်ပေါင်း ၂၆၀၀ ပြည့်တော့မည့်နေ့ဖြစ်ပါသည်။ သာသနာတော်သက္ကရာဇ်အနေဖြင့် ၂၅၅၅ ပြည့်မြောက်သော ကာလပင်ဖြစ်ပါသည်။ ဂေါတမမြတ်ဗုဒ္ဓသည် သက်တော် (၈၀) ၀ါတော် (၄၅) ၀ါ နှင့် သာသနာသက္ကရာဇ် (၂၅၅၅) ခုနှစ် (၄၅+၂၅၅၅ =၂၆၀၀) မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သည့် နှစ်ပေါင်း  (၂၆၀၀) ပြည့်မြောက်သည့် နှစ်ဖြစ်ပြီး ဗုဒ္ဓ၏နှစ် (၂၆၀၀) ပြည့် နှစ်ဟုလည်း ခေါ်ဆိုကြပါသည်။
          ဤမျှရှည်လျားသော နှစ်ပရိစ္ဆေဒကာလအတွင်း ဖြတ်သန်းလာခဲ့ရသည့် မြတ်ဗုဒ္ဓ၏ သာသနာတော်ခရီး တစ်လျှောက် ပြန်လည်မျှော်ကြည့်ပါမူ ရွှင်လန်းတက်ကြွ ကြည်ညိုဖွယ်၊ ၀မ်းနည်းကြေကွဲဖွယ်၊ အံ့သြထိန့်လန့်ဖွယ၊် အောင့်မေ့တသလွမ်းဆွတ်ဖွယ်ရာတို့နှင့် ပြည့်လျှမ်းနေသော အတိတ် မြတ်ဗုဒ္ဓ ပုံရိပ်များကို တွေ့မြင်ခံစားရမည်ဖြစ်ပါသည်။
          မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန် စံယူတော်မူခဲ့သည့်နှစ်မှ စတင်ရေတွက်ခဲ့ရသော သာသနာတော်နှစ် (၂၅၅၅) ဟုဆိုသော်လည်း လူ့ဘ၀နှင့် နှိုင်းယှဉ်ကြည့်ရာတွင်မူ လူ့အသက် (၈၀) တန်းဖြင့် ဘ၀ပေါင်း  (၃၀) ကျော်မျှသာ ရှိပါသေးသည်။ မိမိတို့၏ ဘ.ဘိုး.ဘေး.ဘီ.ဘင်.ဘောင်.ဘော မှသည် မိမိအောက် သား.မြေး.မြစ်.တီ.တွတ်.ကျွတ်.ကျွတ်ဆက်  စသည်ဖြင့် မိမိတို့ မျိုးရိုးအစဉ်ကာလ (၁၄) ဘ၀ ပါဝင်သော မျိုးရိုးအဆက် (၂၀) ကျော်မျှသာ ရှိပေသေးရာ လူ့ဘ၀ အဆက်သည် မကြာမြင့်သေးပါဟု ဆိုချင်ပါသည်။
မျိုးရိုးအစဉ်ဆက် တစ်ဆက်၏ အထက် ခုနစ်ဘ၀ အောက်ခုနစ်ဘ၀ နှစ်ကြိမ်ကျော်မျှသာရှိပါသေးသည်။ ဘ၀ဆက်အားဖြင့် ဆိုရပါမူ မိမိတို့သည် လူ့အဖြစ်ကို ရခဲ့သည်ဆိုပါက ဘုရားရှင် လက်ထက်တော်မှစ၍ ဆင့်ကဲဆင့်ကဲ လူ့ဘ၀များကို ဖြတ်သန်းလာခဲ့ရပါသည်။
          သင်္ခါရလောက၏ ထုံးတန်းဓမ္မတာ သဘောအရ ဖြစ်ပျက်ခဲ့ရသည့် ဘ၀ပေါင်း (၃၀) ကျော်တွင် မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်တော်မူခြင်း၊ ပရိနိဗ္ဗာန် ပြုတော်မူခြင်း၊ စေတီလေးပါး တည်ထားခြင်း၊ ပျောက်ကွယ်ခြင်း ဖြစ်စဉ်များနှင့် ပထမဘ၀တွင် ကြုံခဲ့ပေါင်း ကြုံခဲ့မည်သာဖြစ်သည်၊ ယခုမြတ်မှောက် လူ့ဘ၀ (၃၀) ကျော်ကာလတွင် အထက်ဘ၀ များစွာက ဤကမ္ဘာမြေအနှံ့တွင် ဖြစ်တည်ကျန်ရှိရစ်သော မြတ်စွာဘုရား၏ ဓာတ်တော်မွေတော်တို့ကို အာရုံပြု ရည်မှန်းဖူးမျှော် ကြည်ညိုနိုင်စွမ်းရန်အတွက်လည်းကောင်း၊ မြတ်ဗုဒ္ဓပုံရိပ်များကို ပြန်လည်မှန်းဆ ထင်ဟပ်ပြသရခြင်း ဖြစ်ပါသည်။
          အဆိုပါ အတိတ် ဗုဒ္ဓပုံရိပ် များစွာအနက် မြတ်စွာဘုရားရှင် ဇေတ၀န်ကျောင်းတော်တွင် သတင်းသုံးစဉ်ကာလ ကာမဂုဏ်စည်းစိမ်တို့သည် ချမ်းသာခြင်းအစစ်ဖြစ်သည်ဟု ရဟန်းတော်တို့ ငြင်းခုန်ကြလေရာ ထိုအခြင်းအရာကို မြတ်စွာဘုရားရှင်တွေ့မြင်ပြီး ငြင်းခုန်ကြသော ရဟန်းတို့အား မြတ်စွာဘုရားက "သုခေါဗုဒ္ဓါ မုပ္ပါဒေါ သုခါ သဒ္ဓမ္မ ဒေသနာ သုခါ သံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါ သုခေါ"  ဟူသော ဂါထာတော်ကို ဟောတော်မူခဲ့ပါသည်။ ဂါထာတော်၏ အဓိပ္ပါယ် သဘောမှာ….
သစ္စာလေးပါး ပိုင်းခြားသိမြင် ဘုရားရှင်တို့ပေါ်ထွန်းလာခြင်းသည် အလွန်အကြူး ထူးမြတ်သော ချမ်းသာခြင်း ဖြစ်ပေသည်။ သူတော်ကောင်းတရားတို့ကို ကြားနာရခြင်းသည် ဇာတိအစ၊ ဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း ဖြစ်၍ ချမ်းသာခြင်း အစစ်ဖြစ်ပေသည်။ သံဃာတော်များ စိတ်တူထပ်မျှ ညီညွှတ်လှသော အဖြစ်သည် စင်စစ်ဧကန် အမှန်ချမ်းသာခြင်းဖြစ်သည်။ စိတ်တူထပ်မျှ ညီညွှတ်လှသောအဖြစ်သည်၊ စင်စစ်ဧကန် အမှန်ချမ်းသာခြင်း ဖြစ်သည်။ စိတ်တူထပ်မျှ ညီညွှတ်လှသော ရဟန်းတို့ ပရိယတ်၊ ပရိပတ်နှစ်ရပ်ကို ခြိုးခြံစွာ ကျင့်ကြံခြင်းသည် ကြီးပွားကြောင်းဖြစ်၍ ကောင်းသော ချမ်းသာခြင်း အစစ် သာလျှင် ဖြစ်ပေ၏။ဟူ၍ ဖွင့်ဆိုထားပါသည်။
          ကာမဂုဏ် စည်းစိမ်တို့သည် နိစ္စသဘော မလွဲဧကန် ပျက်သုံးရတတ်၏။ ထို့ကြောင့် ချမ်းသာခြင်း အစစ်မဟုတ်၊ အတုအယောင်မျှသာဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ပေါ်ထွန်းလာခြင်းသည်သာ ချမ်းသာခြင်းအစစ်မှန်ဖြစ်သည်။ ပေါ်ထွန်းလာသော ရတနာသုံးပါးကို ကြားခွင့်၊နာခွင့်၊ ဟောပြောခွင့်၊ ပူဇော်ခွင့်ရသည့် ပုဂ္ဂိုလ်တို့သည် ဤလောကတွင် စကြာဝတေးမင်း ဖြစ်ရသည်ထက် ပိုလွန်း၍ မြတ်၏။ အဆိုပါ ရတနာသုံးပါးတွင် ဘုရားရတနာသည် အမြတ်ဆုံးဖြစ်သည်။ ဤကမ္ဘာတွင် လေးဆူကုန်သော ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပြီးဖြစ်၏။ ပွင့်ထွန်းလာသော ဘုရားမြတ်ရတနာကို လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါအားလုံး ဖူးမျှော်ကြည်ညို ပူဇော်ရခြင်းသည် ကောင်းချီး မင်္ဂလာသာဖြစ်ရ၏။ ပွင့်ထွန်းခဲ့ပြီးသော ဘုရားရတနာတို့သည် ဤကမ္ဘာမြေပြင်တွင်သာ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ အသင်္ချေ အသင်္ချေယျ ဘုရားရှင်တို့သည် ပွင့်ထွန်းပေါ်ပေါက် လာခဲ့ပြီးဖြစ်သည်။
          ထို့ကြောင့် ကမ္ဘာမြေပေါ်တွင် ပွင့်ထွန်းပေါ်ပေါက်ခဲ့ပြီး ဘုရားရှင်တို့၏ ဓါတ်တော် မွေတော်များမှာ ရေတွက်၍မကုန်။ ကမ္ဘာမြေ၏ တည်ဦးအစ ဘုရားရှင်တို့၏ ပွင့်တော်မူရာမြေမြတ်မဟာသည်လည်း မဇ္ဈိမဒေသမှာသာ ဖြစ်ထွန်းခဲ့၏။ ထိုဒေသမှ တစ်ဆင့် အရပ်ဒေသ အသီးသီးသို့ ဗုဒ္ဓသာသနာတော် ပျံ့နှံ့ ထွန်းကားရောက်ရှိ၏။ အရှေ့၊အနောက်၊ တောင်၊ မြောက် ယူဇနာပေါင်းများစွာ ပျံ့နှံ့ ရောက်ရှိ၏။ ထက်ဝန်းကျင် အရပ်ရှစ်မျက်နှာတိုင်းတွင် ဘုရားရတနာရှိ၏။ ဘုရားရတနာသည် အထက် တစ်ယူဇနာ အောက် တစ်ယူဇနာတိုင်အောင် ပျံ့နှံ့ထွန်းကားလျှက်ရှိသည်။
          ဘုရားရှင်ပေါ်ထွန်းခြင်းသည် ဒဏ္ဍာရီ ပုံပြင်မဟုတ်။ဇာတ်နိပါတ်သမိုင်းကျမ်းဂန်အထောက်ထားများစွာရှိသည်။
ဘုရားရတနာ တည်ရှိနေပုံကို ဂေါတမ ဘုရားရှင်လက်ထက် မြတ်ဗုဒ္ဓ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှ ဗာရာဏသီပြည်သို့ ကြွတော်မူစဉ် လမ်းခုလတ် တောဒေယျရွာ အနီးသို့အရောက် နတ်ကွန်းတစ်ခုတွင် ရှိခိုးဦးခိုက်နေသော ပုဏ္ဏားတစ်ဦးအား အကြောင်းပြု၍ မြတ်စွာဘုရားက ထိုပုဏ္ဏားအား ခေါ်ယူစေပြီး………
          အိုပုဏ္ဏား၊ သင် ဤသို့ပူဇော်ခြင်းသည် ကောင်းသောကုသိုလ် လုပ်ငန်းကို အားထုတ်ခြင်း မည်ပါပေသည်ဟု ချီးမွမ်းစကား မြွက်ကြားတော်မူပါသည်။ ထိုအခါ ရဟန်းတို့က ဘုရားရှင်သည် ပုဏ္ဏားကြီးအား အဘယ့်ကြောင့် ချီးမွမ်းစကား မြွက်ကြားခဲ့သည်ကို ယုံမှားသံသယ ဖြစ်နေကြ၏။ထိုအခါ မြတ်စွာဘုရားက ထိုနတ်ကွန်းအောက် တစ်ယူဇနာအကွာတွင် နစ်မြုတ်နေသော ကဿပဘုရားရှင်၏ ရွှေစေတီကိုလည်းကောင်း၊ ကောင်းကင်၌ တည်ရှိသော အခြားသော ရွှေစေတီတို့ကိုလည်းကောင်း၊ ရဟန်းရှင်လှူ ပရိသတ်များစွာတို့အား ဖူးမြင်ပူဇော်နိုင်ရန် ဖန်ဆင်းပြတော်မူလေသည်။
          ဘုရားရှင်၏ ဓါတ်တော်မွေတော်တို့သည် အနန္တစကြာဝဠာ၏ အထက်အောက် အရပ်မျက်နှာတို့တွင် ပျံ့နှံ့ တည်ရှိနေပါသည်ကို ဆိုလိုခြင်းဖြစ်ရာ ဖန်တီးပြခြင်းမဟုတ်၊ အရှိကို အရှိတိုင်းမြင်နိုင်စေရန် မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ပြတော်မူခြင်းဖြစ်ပါသည်။ အနန္တစကြာဝဠာ၊ အနန္တဘုရားသာသနာသည် ကမ္ဘာ့ကမ္ဘာ့များစွာကတည်းက တည်ရှိပြီးဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားသည် အရာဌာန တစ်ခုအား လက်အုပ်ချီမိုး၍ အာရုံပြုရှိခိုးပူဇော်ခြင်းသည် အလွန် လျော်ကန်သင့်မြတ်သော ပူဇော်ခြင်းလက္ခဏာသာ ဖြစ်ပါပေသည်။
          မြတ်ဗုဒ္ဓဘုရားရှင် မိန့်ကြားခဲ့သော တောဒေယျ ပုဏ္ဏားကို အကြောင်းပြု၍ ကိုးကွယ်ဆည်းကပ်ခြင်း၊ ပူဇော်ကန်တော့ခြင်းတို့ကို လူတို့အဘယ့်ကြောင့်ပြုကြပါသနည်း။ အဘယ့်ကြောင့်အလေးအမြတ်ပြုကြပါသနည်း ဟူသည်ကို မဂ္ဂင်္ဂဒီပနီတွင် ဤသို့ ဖွင့်ဆိုထားပါသည်။
          ကိုးကွယ်ဆည်းကပ်ခြင်းဆိုသည်ကား အားကိုးအားထားပြုမှု ဘေးဒုက္ခတို့မှ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ပြုမှုတို့ဖြစ်သည်။ ပုထုဇဉ်လူသားတို့သည် လွတ်မြောက်ရာလွတ်မြောက်ကြောင်းတစ်ခုကို ရှာဖွေကြရာတွင် မိမိဒုက္ခဆင်းရဲမှ လွတ်ကင်းရာ အမှန်ကို လမ်းပြပေးနိုင်တော်မူသော ဆရာတစ်ဆူကို ကိုးကွယ်ဆည်းကပ်ရာဟု လူအများစုက ယုံကြည်စွဲမှတ်ကြ၏။ တနည်းဆိုရသော် ကိုးကွယ်ဆည်းကပ်ခြင်းသည် သံသရာ သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းရာ လူချမ်းသာ နတ်ချမ်းသာ မြင့်မြတ်ရာ ဘုံဘ၀သို့ရောက်ရာ ရောက်ကြောင်း လမ်းပြပေးတော်မူသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ကို ဆိုလိုခြင်းဖြစ်သည်။ လောကအလိုအားဖြင့် အသက်ရှည်ခြင်းကို အလိုရှိကြကုန်သော သူတို့သည် အစာအဟာရ တည်းဟူသော စားဖွယ်တို့ကို အားထားမှီခိုရာ ပြုကြ၏ အစာအာဟာရကို မှီဝဲကြ၏။ ထို့ကြောင့် သတ္တ၀ါတို့သည် ငတ်မွတ်ခြင်းဘေးအတွက် အဟာရသည်သာ ကိုးကွယ်ရာဖြစ်၏။ ထို့အတူ အနာရောဂါအတွက် ဆေးဝါးသည်သာ ကိုးကွယ်ရာဖြစ်၏။ ဆေးဆရာကို အားကိုးအားထားပြုကြရ၏။ ဤနည်းအတူ လောက၌ ကိုးကွယ်ရာခပ်သိမ်းတို့ကို မျှော်ကိုးကြရလေသည်။
          ဆရာဝန်သည် လူနာတို့အတွက် ကိုးကွယ်အားထားရာဖြစ်သည် ဆေးကောင်းဝါးကောင်းသည် အနာရောဂါ ပျောက်ကင်းဆေးသည့်အတွက် လူနာတို့အတွက် အားကိုးအားထားစရာဖြစ်သည်။ ကိလေသာအမြိုက်ရှိကြကုန်သော လူသတ္တ၀ါတို့သည် အနာရောဂါရှိသူတို့နှင့် တူ၏။ ဘုရားရတနာသည် အနာရောဂါတို့၌ အလွန်လိမ္မာ ကျွမ်းကျင်သော အထူးကု ပါရဂူဆရာဝန်ကြီးနှင့်တူ၏။ သံဃာရတနာသည်လက်ထောက်ဆရာဝန်ကြီးများနှင့်တူ၏။ တရားရတနာသည် ဆေးကောင်းဝါးကောင်းနှင့်တူ၏။ ထို့ကြောင့် အနာရောဂါတည်းဟူသော ဘေးဒုက္ခမှ ပျောက်ကင်းလိုသူများသည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်ကြခြင်းဖြစ်သည်။
          ကိုးကွယ်မှုဆိုသည်မှာ ယုံကြည်လေးမြတ် ရှိခိုးပူဇော်မှုကိုသာဆိုလိုသည်မဟုတ်။ အားကိုးအားထားပြုမှု ကိုးကွယ်ရာပြုမှု အလုံးစုံတို့သည် ကိုးကွယ်ရာအမှုချည်းပင်ဖြစ်သည် ဘုရားတရားသံဃာ မိဘဆရာသမားစသော မိမိထက် မြတ်သောသူတို့ကို ရှိခိုးပူဇော်၍ ကိုးကွယ်ဆည်းကပ်ကြသည် ယခုဘ၀၌ ပစ္စည်းဥစ္စာမရှိခဲ့လျှင် ခဏချင်း ဒုက္ခရောက်တတ်၏။ ထိုဒုက္ခကို ကြောက်ကြသဖြင့် ပစ္စည်းဥစ္စာတို့ကို ရစေနိုင်သော အသိအလိမ္မာ ဥာဏ်ပညာတည်းဟူသော ရတနာမြတ်သုံးပါး မိဘဆရာသမားတို့ကို အားကိုးအားထားပြုကြရသည်။
          ဤကား သာမန်ပုထုဇဉ်တို့၏ အကျင့်ကောင်းဖြစ်သည်။ သာမန်ပုထုဇဉ်တို့ထက် မြတ်သော မြင့်သော အမျိုးကောင်း သားသမီးတို့သည် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါးတို့ကို နိဗ္ဗာန် မဂ်ဖိုလ် ရောက်ရန်ရရန်အထိ ရည်မှန်း၍ ကိုးကွယ်ဆည်းကပ်ကြခြင်း ဖြစ်ပါသည်။
          ယခုအချိန်အခါသည် သာသနာသက္ကရာဇ် ၂၅၅၀ ကျော်ခဲ့ပြီး မိမိတို့ ဗုဒ္ဓဘာသာဝင်အများစုသည် ထိုမျှလောက်သော နှစ်များကို အလွန်ကြာမြင့်နေပြီထင်နေကြသည်။ တကယ်ဆိုလျှင် သက္ကရာဇ် (၂၅၅၀) ကျော်သည်။ ကြာမြင့်လှပြီဟု မဆိုသာသေးချေ တရုတ်ယဉ်ကျေးမှုသည် နှစ် (၅၀၀၀) ပြည့်ခဲ့ပြီ။ ရောမမြို့ကြီးသည် နှစ်ပေါင်း (၃၀၀၀) ပြည့်ခဲ့ပြီ။ ယနေ့ထက်တိုင်  ဟိုတုန်းက လမ်းများပေါ်ဝယ် သွားလာနေကြဆဲဖြစ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသ၀င် အများစုသည် အချို့သော ဆရာတော်ကြီးများဟောပြောသကဲ့သို့ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် အဆင့်မှ တိုးတက်လာမှု အင်မတန်နည်းပါးကြသည်။ မှတ်ပုံတင်ထဲမှာ ကိုးကွယ်သည့် ဘာသာနေရာတွင် ထည့်သွင်းဆရာ တစ်ခုအနေနှင့်သာ သဘောထားဟန်တူ၏။ ထို့အပြင် ဗုဒ္ဓဘာသာ အမည်ခံရုံနှင့် ဗုဒ္ဓဘာသာဖြစ်သည်ဟု ထင်နေကြသေး၏။ ဗုဒ္ဓဘာသာဝင်တိုင်းကိုလည်း ဗုဒ္ဓဘာသာဝင်ဟု အလွယ်တကူ ခေါ်ဆို၍မရပါ။
          ထို့ကြောင့် မြတ်ဗုဒ္ဓသည် လူအများစု၏ မြတ်ဗုဒ္ဓအပေါ် မည်ကဲ့သို့ ကိုးကွယ်သက်ဝင်ယုံကြည်သည်ကို ပမာဏလေးမျိုးဖြင့် ခွဲခြား၍ ဟောတော်မူခဲ့သည် မိမိတို့ကိုယ်တိုင် မည်သည့်အမျိုးစားထဲတွင် ပါဝင်သည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။ ပမဏလေးမျိုး ပမာဏဟူသည် နှိုင်းယှဉ်ချက် နှိုင်းယှဉ်မှုလေးမျိုးဟုခေါ်သည်။ ထိုလေးမျိုးကို မြတ်ဗုဒ္ဓက ဤသို့ ဟောတော်မူခဲ့ပါသည်။
(၁)ရူပ
ပမာဏာ ရူပပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ ရူပကာယ အဆင်းတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေအတွက် နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ရူပပမာဏဆိုသည်ကား လက္ခဏာတော်ကြီး (၃၂) သွယ် (၈၀) သောလက္ခဏာတော်ငယ်တို့ဖြင့် တန်ဆာအသွင် ဆင်ယင်အပ်သော ၀ဏ္ဏယတန တည်းဟူသော ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရူပကာယအဆင်းတော်ကို ဖူးတွေ့ကြကုန်သူ သတ္တ၀ါအပေါင်းတို့တွင် (သုံးပုံအနက် နှစ်ပုံ) သည် အလွန်လျှင်ကြည်ညိုမြတ်နိုးကြကုန်၏။
          (၂) ဃောသပမာဏ
ဃောသပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ အသံတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်၏။ ဃောသပမာဏဆိုသည်ကား အင်္ဂါ(၈)ဖော်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏ အသံတော်ကို ကြားကြကုန်သော သတ္တ၀ါအပေါင်းတို့သည် (ငါးပုံအနက် လေးပုံ) သည် အလွန်လျှင်ကြည်ညိုမြတ်နိုးကြကုန်၏။
(၃)လုခပမာဏ
လုခပမာဏသည် ဘုရားရှင်ကိုယ်တော်မြတ်၏ ခေါင်းပါးသော အကျင့်မြတ်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါ အရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ လုခပမာဏဆိုသည်ကား ခြိုးခြံခေါင်းပါးစွာ ကျင့်သောဘုရားရှင်ကိုယ်တော်မြတ်၏ အကျင့်မြတ်ကို မြင်တွေ့ သိရှိကြကုန်သောသတ္တ၀ါအပေါင်းတို့တွင် (တစ်ဆယ်အနက် ကိုးပုံ) သည် အလွန်လျှင် ကြည်ညိုမြတ်နိုးကြကုန်၏။
          (၄) ဓမ္မပမာဏ
ဓမ္မပမာဏသည် ဘုရားရှင်ဟောကြားတော်မူအပ်သော တရားတော်၌ ကြည်ညိုမြတ်နိုးကြကုန်သော သတ္တ၀ါအရေတွက်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ဓမ္မပမာဏဆိုသည်ကား ဘုရားရှင်ကိုယ်တော်မြတ် ဟောပြော ဆုံးမတော်မူအပ်သော တရားတော်ကို ကြားနာကြကုန်သော သတ္တ၀ါအပေါင်းတို့တွင် ( တစ်ထောင်ပုံအနက် တပုံ) တနည်း တစ်ထောင်တွင် တစ်ယောက်သာကြည်ညိုနိုင်၏။ လက်ခံသိမ်းပိုက်နိုင်၏ ကြွင်းသော(၉၉၉) ယောက်တို့သည်ကား မကြည်ညို မမြတ်နိုး မလိုက်နာ မသိမ်းပိုက်နိုင်ကြကုန်။ မ တစ်ထောင် တစ်ကောင်ဘွား ဆိုတာထိုစကားပင်ပြောသည်ထင်၏။ ယခုအခါသည် မြတ်ဗုဒ္ဓပွင့်တော်မူခဲ့သော အချိန်မှစ၍ နှစ်ပေါင်း (၂၆၀၀) ပြည့်ရန် (၂)လကျော်ခန့်သာ လိုပါတော့သည်။
          ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်ဗုဒ္ဓ၏ နှစ်ပေါင်း (၂၆၀၀) ပြည့် အထိမ်းအမှတ် ပူဇော်ပွဲကို  မည်သို့ ပြုလုပ်သင့်သည် ကြိုဆိုသင့်သည်ကို အမှတ်တရ ပြုလုပ်ဆောင်ရွက်နိုင်ရန် သတိပေး နှိုးဆော် ရေးသားလိုက်ရပါသည်။
                                                                                           စာရေးသူ-အောင်မြင့်မြတ်(ပြည်ရွှေဘို)


အမှတ်စဉ်(၉၂) ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ (၁၇) ရက်၊ သောကြာနေ့တိုင်းထုတ်ဝေသော ဘုန်းရောင် ဂမ္ဘီရဂျာနယ် မှတင်ပြပါသည်။

ဘုန်းကြီးနှင့် စကားမပြောတတ်ပါဘူး

တနေ့က ဆရာတော်ကြီးတပါးကို အိမ်မှာ ဆွမ်းကပ်နေတုန်း ဧည့်သည်လာတယ်ဆိုလို့ ထွက်တွေ့တော့ ဧည့်သည်က ရန်ကုန်က အမေတို့ မိတ်ဆွေများရဲ့ မြေးကလေး မောင်နှမ ဖြစ်နေတယ်။ ဒါနဲ့ အမေက ဘယ်တုန်းက လာကြသလဲ၊ ဘယ်မှာတည်းသလဲ မေးရင်း "အဘွား ဆရာတော်ကြီး… ကို ဆွမ်းကပ်နေတယ်၊ ကြုံတုန်း ဆရာတော်ကို ဖူးသွားကြ၊ ၀င်ကန်တော့ကြ" လို့ ခေါ်တော့ မိန်းကလေးက "တော်ပြီအဘွား" တဲ့။ "ဟဲ့၊ ဘာလို့တုန်း" လို့ တအံ့တသြ ပြန်မေးမိတော့ "ဘုန်းကြီးနဲ့ စကားမပြောတတ်လို့" တဲ့ ရယ်လို့။

ဒီစကားကို ဒီကလေးမလေးက ရှက်ကိုးရှက်ကန်း ပြောတာလည်း မဟုတ်ပါဘူး၊ ရိုးရိုးအေးအေးပဲ ထမင်းစားရေသောက်လို ပြန်ပြောလိုက်တာပါ။ ကြားရတဲ့ အမေ့အဖို့သာ "သြော် ကလေးတွေ ဒီလို ဖြစ်နေပြီကိုး" လို့ အောက်မေ့ပြီး စိတ်မကောင်းမိတာပါ။ ဒီကလေးမက ဒီလိုပြောတော့ သူ့အစ်ကိုလုပ်သူက ရယ်နေပါတယ်။

အမေလည်း ဆရာတော်ကြီး ဆွမ်းကပ်ရင်းတန်းလန်းမို့ သမီးများနဲ့ စကားပြောနေကြဦး ဆိုပြီး ဆရာတော်ကြီးဆီ ပြန်ဝင်လာခဲ့တယ်။ ဆရာတော်ကြီး ပြန်ကြွသွားတော့မှ သူတို့မောင်နှမကို ခေါ်တွေ့တော့ အကြောင်းကိစ္စ ထူးထူးထွေထွေ မရှိပါဘူး၊ မန္တလေးရောက်ရင် အမေ့ကို ၀င်ဖြစ်အောင် ၀င်ကန်တော့ခဲ့၊ တွေ့ခဲ့။ မာကြောင်းသာကြောင်း မေးခဲ့၊ မ၀င်ဘဲမနေနဲ့လို့ သူတို့အဖိုးအဖွားများက မှာလိုက်လို့ ၀င်လာတာတဲ့။ ၀ယ်လာတဲ့ ကိတ်မုန့်တွေ၊ အဘွားစားဖို့ ယူလာရင်း ၀င်တွေ့ကြတာတဲ့လေ။
သူတို့ မိဘ၊ သူတို့ အဘိုးအဘွားက အမေနဲ့ ဦးလှတို့နဲ့ ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် မန္တလေးရောက်တဲ့အခါ အမေ့ကျန်းမာရေး သိရအောင် ၀င်တွေ့ကြဖို့ ဆက်ဆက် မှာလိုက်လို့တဲ့။

ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမက ဒေါက်ဖိနပ်အမြင့်ကလေးနဲ့။ ခုပေါ်နေတယ်ဆိုတဲ့ ပြန့်ထဘီကလေးနဲ့။ လက်ဝတ်လက်စားတွေကလည်း အမျိုးမျိုး ၀တ်စားထားရဲ့။ သူ့နှမက ဘုန်းကြီးနဲ့ စကားမပြောတတ်ဘူးဆိုတာကို ရယ်နေတဲ့အစ်ကို ကလည်း ရွှေချိန်းကြိုး အပြားကြီးနဲ့။ ဆယ်လူလာဖုံးကို လက်တဘက်ကကိုင်လို့။ ဘောင်းဘီနဲ့၊ ရှူးနဲ့။ အ၀တ်အစားတွေက ခေတ်စကားနဲ့ ပြောရရင် အပျံစားတွေပါပဲ။

သူတို့ မိဘများက ဒီခေတ်မှာ ရှာလို့ ဖွေလို့ နေရာကျနေ စီးပွါးဖြစ်နေကြတယ်။ သားနဲ့သမီး လျှောက်လည်ချင်တယ်ဆိုလို့ ကားအကောင်းစားကြီးတစီး ဒရိုင်ဘာတယောက် ထည့်လိုက်ပြီး ခရီးထွက်လာကြတာတဲ့။ ဒီမောင်နှမနှစ်ယောက် ပြည့်ပြည့်စုံစုံနဲ့ ပျော်ပျော်ရွှင်ရွှင် လျှောက်လည်နိုင်တာကို အမေက မုဒိတာဖြစ်ပြီး မိတ်ဆွေများ အဆင်ပြေနေကြတာကိုလည်း ၀မ်းသာရတယ်။ ဒါပေမယ့် ဘုန်းကြီးနဲ့ စကားမပြောတတ်လို့ဆိုတဲ့ ကလေးမလေးအဖြစ်ကိုတော့ ရင်ထဲ စလုံးစခုဖြစ်ပြီး ကျန်ရစ်ပါတယ်။ သူ့မိဘ သူ့အဘိုး အဘွား တို့ဟာ ဗုဒ္ဓဘာသာတွေပါ။ ဘုရားနဲ့၊ တရားနဲ့၊ သံဃာကိုလည်း ကိုးကွယ်နေကြသူတွေပါ။ နို့ပေမယ့် အသက် ၂၀ လောက် ရှိနေပြီဖြစ်တဲ့ ဒီကလေးမနဲ့ သူ့အစ်ကိုများခေတ်မှာ ဘုန်းကြီနဲ့ စကား မပြောတတ်ဘူးလို့ ပြောရအောင် ရဟန်းသံဃာနဲ့ သူတို့တတွေမှာ အတော်ကြီး အလှမ်းဝေးနေကြပြီလားလို့ အမေက စိတ်မကောင်း ဖြစ်မိတယ်။

အမေတို့ နိုင်ငံဟာ ဗုဒ္ဓဘာသာမြန်မာတွေ အများစုနေတဲ့နိုင်ငံ၊ ဒါပေမယ့် ဘာသာကွဲတဲ့ မြန်မာမွတ်စလင်တွေ၊ မြန်မာခရစ်ယန်တွေလည်း မြန်မာတွေနဲ့ ရောရောနှောနှော ရှိနေကြပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးရဟန်းတွေနဲ့လည်း ဒီဘာသာကွဲတွေက စကားပြောတတ် ဆိုတတ် ရှိကြပါတယ်။ ဈေးချိုတော်ထဲက မြန်မာမွတ်စလင် ဈေးသည်တွေများဆိုရင် ဘုန်းကြီးရဟန်းနဲ့ စကားပြောတတ်ရုံသာမက မြန်မာစကား တတ်လွန်းအားကြီးလို့ မြန်မာတွေက လက်ဖျားခါရ သူတွေ အများကြီးပါ။ တကယ်က ဒါဟာ လူမှုရေးပဲ။ လိမ္မာရမှာ ကျွမ်းကျင်ရမှာပေါ့။ အခုတော့ တချို့ အမေတို့ရဲ့ မြေးအရွယ် မြို့နေလူတန်းစား ကလေးတွေဟာ ဘုန်းကြီးရဟန်းအတွက်ဆိုရင် ထမင်းမခေါ်ရဘူး၊ ဆွမ်းခေါ်ရတယ် ဆိုတာလောက်တောင် မသိကြတော့ဘူး ဖြစ်နေကြတယ်။ ဗုဒ္ဓဘာသာမိကောင်းဖခင်ရဲ့ သားသမီးမှန်ရင် ရဟန်းသံဃာနဲ့လည်း စကားပြောတတ်ဆိုတတ် ရမှာပေါ့။ အမေတို့ လူမျိုးရဲ့ ကြွယ်ဝတဲ့ ဝေါဟာရယဉ်ကျေးမှု အဆင့်အတန်းမြင့်တဲ့ ကိုယ့်ဘာသာစကားကို ဂုဏ်ယူပြီး လူမှုရေးမှာ တတ်သိကျွမ်းဝင်ရမှာပေါ့။

စကားဆိုတာ လူနဲ့ လူချင်းဆက်ဆံရာမှာ မရှိမဖြစ် သုံးရတဲ့ဟာပါ။ အဲဒီလို ရှိရာမှာ စကားလုံး ဆင်းရဲတာ ကောင်းသလား၊ အဆင့်အတန်းမြင့်သလား၊ စကားလုံး ကြွယ်ဝတာက ကောင်းသလား၊ မြင့်သလားဆိုတာ မေးစရာတောင် မလိုတဲ့ကိစ္စ မဟုတ်လား။
အမေ လွယ်လွယ်ကလေးတခုကို ထောက်ပြမယ်။ အမေတို့ စကားဟာ တဦးနဲ့တဦး ဆက်ဆံကြရင် လုနဲ့ဝ၊ ယူနဲ့အိုင် ဆိုတဲ့ နှစ်လုံးတည်းရှိတဲ့ ဝေါဟာရမျိုး မဟုတ်ဘူး။

၁။ အရှင်ဘုရား တပည့်တော်
၂။ ရှင် ကျွန်မ
၃။ ခင်ဗျား ကျွန်တော်
၎။ တော် ကျုပ်
၅။ မွမ် အကျွန်
၆။ မင်း ငါ
၇။ နင် ငါ
၈။ ညည်း ငါ
စသဖြင့် တော်ရာ လျော်ရာသုံးရတဲ့ စကားတွေ အမျိုးမျိုး ရှိတယ်။ ဒါဟာ ဝေါဟာရ ကြွယ်ဝလို့ ဒီလို ရှိတာ။ ကိုယ့်စကားကို ရေလည်အောင် မပြောဆိုတတ်ဘူးဆိုတာ စတိုင်လုပ်စရာ မဟုတ်ဘူး။ ကိုယ်ညံ့လွန်းရာကျတယ်။ ငယ်ရွယ်သူတွေက ဂုဏ်ရှိတယ်ထင်ပြီး လည်း တို့ဘာသာစကားပေမယ့် တို့ကောင်းကောင်း မပြောတတ်ပါဘူးဆိုတာမျိုးနဲ့ စတိုင်လုပ်ပြီး မပြောရဘူး။ အဲဒါ စတိုင်ကျတာ မဟုတ်ဘူး။ ရှက်စရာကောင်းတာ။

သားတို့ သမီးတို့ကို အမေကမွေးလိုက်တော့ သားတို့ သမီးတို့ဟာ စကားပြီ နားကြားရှိတဲ့ ကလေးလေးအဖြစ် မွေးလိုက်တာ မဟုတ်လား။ ဒါဆိုရင် လူ့အဖြစ်နဲ့ ပြည့်ပြည့်စုံစုံ၊ လုံလုံလောက်လောက် မိဘက မွေးပေးလိုက်ပြီပဲ။ သားတို့သမီးတို့က လူပီသအောင် ကြိုးစားဖို့ပဲ ရှိတော့တယ်။ သားတို့ သမီးတို့ တို့လူမျိုး တမျိုးသားလုံး ပြောဆိုသုံးစွဲနေကြတဲ့ စကားကို သားတို့ သမီးတို့ ပြောတတ်ရမှာပေါ့။ ခုခေတ်မှာ ကိုယ့်ဘာသာစကားအပြင် အခြားလူမျိုးတွေရဲ့ ဘာသာစကားတွေကိုတောင် တမျိုးမက နှစ်မျိုးသုံးမျိုး တတ်အောင် သင်နေကြရတဲ့ ခေတ်မဟုတ်လား။

ပြီးတော့ အမေတို့ လူ့အဆောက်အအုံက ဂုဏ၀ုဒ္ဓိ ၀ယ၀ုဒ္ဓိ ရှိတဲ့ လူ့ဂုဏ်သိက္ခာ ကြီးရင့်ပြီး အသက်ကြီးရင့်သူများကို တလေးတစား ရိုရိုသေသေ ပြောရတာ ရှိတယ်။ ကိုယ်နဲ့တန်းတူကို ပြောရတာ ရှိတယ်။ ကိုယ့်အောက်ငယ်ရွယ်နိမ့်ကျလို့ နှိမ့်ချ ပြောဆိုရတာ ရှိတယ်။ ဘုန်းကြီးရဟန်းကို တမျိုးတဖုံ သုံးနှုန်းပြောဆိုရတာ ရှိပါတယ်။ ဒါတွေဟာ နှုတ်မှုရေးရာလို့ ခေါ်ပါတယ်။ စကားကို နေသားတကျပြောတဲ့ အဆင့်မြင့်မြင့် လူ့အတတ်လေ။

ခုခေတ်လူငယ်တွေ ဘာသာခြား စကားများကိုလည်း တခုမက စွမ်းဆောင်နိုင် သလောက် တတ်အောင်သင်ကြ၊ သင်နိုင်ရင် ကောင်းတယ်။ ကိုယ့်စကားကိုလည်း ပြောတတ်အောင် ပြောကြ။ ကိုယ့်စကားမှ စုံလင်အောင်မသိဘဲ မတတ်ဘဲနဲ့တော့ ဘာသာခြားစကားကို သင်နေရင် အဓိပ္ပါယ်မရှိလှဘူး။

အမေတို့ အမေက သူ့သားသမီးတွေ နေသားတကျ ပြောဆိုတာမျိုး မလုပ်တတ်ဘူး ဆိုရင် "ဟဲ့၊ ငါမွေးထားတာ စကားပီနားကြားပဲ။ နင် ဒါလောက် ဖျင်းရသလား" လို့ စိတ်မရှည်နိုင်တော့ အပြစ်တင်ပါတယ်။
နားကလည်း အကောင်း၊ ဘာသံကိုမဆို အမှန်အတိုင်း ကြားတယ်။ လျှာတို့၊ လည်ချောင်းတို့၊ လျှာခင်တို့ ကလည်း အကောင်းမို့ ကြားတဲ့အသံကို ပီအောင် ကိုယ်က ပြန်ထွက်နိုင်တယ်။ ဒါဆိုရင် ပြောတတ်ဆိုတတ် ရှိရပြီပေါ့။ ကိုယ့်မှာ အင်္ဂါစုံပါရဲ့နဲ့ သူများနည်းတူ ပြောတတ်ဆိုတတ် မရှိဘူးဆိုတာမျိုးတော့ မဖြစ်စကောင်းဘူး။ ဒါကြောင့် သားတို့ သမီးတို့ "ဘုန်းကြီးနဲ့ စကားမပြောတတ်ပါဘူး" ဆိုတာမျိုး မဖြစ်ကြစေနဲ့နော်။

လူထုဒေါ်အမာ။
ကလျာမဂ္ဂဇင်း၊ အမှတ် ၁၃၉၊ ၁၉၉၆ စက်တင်ဘာ။

မနက်ဖြန် ဆိုဒ်မှ ကူးယူတင်ပြပါသည်..........
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...