နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

မိဘဂုဏ်(၁၂)ပါး


မိဘဂုဏ်(၁၂)ပါး
ဂုဏ်တွေသိတော့ပိုပြီးလေးစားတက်လာတာပေါ့။

မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘ ဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။

မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့သော သားသမီးတို့သည် မိဘကို ပစ်ပယ်၍ ဘိုးဘွား ရိပ်သာ သို့ပို့ထားကြသည်။ အချို့ သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါစာသားများ၏ အကျယ်ရှင်းလင်းချက်မှာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ် မေတ္တာထားသောကြောင့် ဗြဟ္မာ ဖြစ်ပါသည်.
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသပေးသောကြောင့်လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျ ပုဂ္ဂိုလ် ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒ ဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသော ဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။

စကားချပ်။ ။ ပါဠိစာပေကို များစွာ ကျွမ်းကျင်မှု မရှိသောကြောင့် အချို့ သော ပါဠိစာသားများမှားယွင်းမှု ရှိခဲ့သော် ကျွန်ုပ်၏ အမှားပင်ဖြစ်ကြောင်းဝန်ခံအပ်ပါသည်။ ဘာသာရေးစာအုပ်တစ်အုပ်မှ ပြန်လည် ကောက်နှုတ် ဖော်ပြ ခြင်း ဖြစ်ပါသည်။
 from forward mail.

တဏှာ၏စေရာ

မေတ္တာ၏ နှောင်ကြိုး 
ဆက်တိုးလို့ ချစ်ခင် 
အပြစ်မမြင် နှလုံးသား
အမုန်းတရားရယ် ဘယ်မရှိ
အဆုံးထိ သက်ဝင်
အပြုံးအတိ မက်ချင်ရင်
တဏှာ၏ စေရာ
သင် ဘယ်နေရာ ဆုံးပါလိမ့်မလဲ။ ။

ခေါင်းဆောင်မှု၏အလေ့အကျင့် (၅) ချက်

၁။စံပြနည်းလမ်းကောင်း      
ခေါင်ဆောင်များသည် ကောင်းသော အခြေခံစည်မျဉ်းများကို ချမှတ်ရမည်။အများနှင့်သက်ဆိုင်သော(ကိုယ်စားလှယ်များ၊လုပ်ဖော်ကိုင်ဖက်များ၊ရောင်းရင်များ၊ဖောက်သည်များ)ရည်မှန်ချက် ပေါက်မြောက်အောင် ဆောင်ရွက်ရမည်။ကောင်းမွန်အဆင့်မြင့်သော စံနှုန်းများကိုဖန်တီးရပြီး အခြားသူများလိုက်ပါနိုင်အောင်စံပြ တစ်ဦးဖြစ်ရမည်။ ခက်ခဲ ရှုပ် ထွေးသော အပြောင်းအလဲတစ်ရပ်သည်အများအပေါ်သက်ရောက်မှုတစ်ခုရှိပြီး ရေတိုစီမံကိန်းများ ချမှတ်ကာ အောင်မြင်မှုငယ်များမှ တစ်ဆင့်ပို၍ကြီးမားသော ရည်မှန်ချက်ကိုရောက်ရှိစေရမည်။ခေါင်းဆောင်များက အများတွက် မှန်ကန်သောဦးတည်ရာလမ်းကြောင်းကို ချမှတ်ပေးရမည်ဖြစ်ပြီး မရေရာခြင်းများမှတစ်ဆင့် အခွင့်အလမ်းများကို ဖန်တီးကာအောင်နိုင်မှုကိုရယူရမည်

၂။မျှဝေသောအနာဂတ်အမြင်ကိုသက်ဝင်ပါစေ    
 ခေါင်းဆောင်းများသည်မတူညီသောဆောင်ရွက်မှုများကို လုပ်ကိုင်နိုင်ကြောင်း အလေးနက်ပြုကြသူများဖြစ်သည်။အနာဂတ်တွက် ဖြစ်ပေါ်လာမည့် အရာများကိုလည်း မြင်တွေ့နိုင်သူများဖြစ်ပြီး အဖွဲ့အစည်းများ အနာဂတ်တွင် ဖြစ်လာမည့်ပုံရိပ်ကိုလည်း မှန်းမျှော်ကြည့်နိုင်သူများဖြစ်သည်။သူတို့၏ ဆွဲဆောင်မှု၊ညှို့ယူဖမ်းစာနိုင်မှုဖြင့်၊ အခြားသူများကို သူတို့၏အနာဂတ်အမြင်နှင့် အိပ်မက်အတွင်းသက်ရောက်နိုင်စေသည်။အနာဂတ်အတွက်
ခေါင်းဆောင်များ ရှင်သန်နေကြပြီး အနာဂတ်တွင်ဖြစ်လာမည့် ဖြစ်နိုင်ဖွယ်ရာများကို
အများအားတတ်ကြွ လှုံ့ဆော်လျက်မြင်တွေ့စေသည်။

၃။လမ်းစဉ်ကိုစိန်ခေါ်ပါ      
ပိုနေမြဲ-ကျားနေမြဲ အနေထားမျိုးကို ပြောင်းလဲလျက် ခေါင်းဆောင်များသည် တစ်သမက်တည်း အခွင့်အလမ်းများတို့ကိုရှာကြံသည်။အဖွဲ့အစည်းတိုးတက်ရန်ဆန်းသစ်သောနည်းလမ်းများကိုလည်း လေ့လာသည်။သို့အတွက် ထိုက်သင့်သောစွန့်စားမှုနှင့် အတွေ့အကြုံများကို ရယူကြရသည်။စွန့်စားမှုရခြင်းအားဖြင့် အမှားအယွင်းနှင့် ဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရသည်ကိုခေါင်းဆောင်များသိရှိကြသည်။မလွှဲမရှောင်သာသော အခက်အခဲများကို ရင်ဆိုင်ကာရလဒ်ကောင်းတစ်ခုအတွက်ခေါင်းဆောင်များဆောင်ရွက်ကြရမည် ဖြစ်သည်။

၎။တခြားသူများလိုက်ပါစေ  
   အပြန်အလှန် အကျိုးကျေးဇူးးရရှိရေးအတွက် အားလုံးနှင့်ပူးပေါင်းနိုင်ရန် ခေါင်းဆောင်များက ပျိုးထောင်ပေးရမည်ဖြစ်သည်။စိတ်ဓာတ်ပါရှိသောအသင်းများကို တည်ဆောက်ပေးရမည်ဖြစ်ပြီး
တက်ကြွစွာ ပါဝင်စေရမည် ဖြစ်သည်။အချင်းချင်းအပြန်ပြန်အလှန်လှန် လေးစားကြရမည်ဖြစ်ပြီး
သာမန်လွန် ကြိုးစားစိုက်ထုတ်မှုကိုဆောင်ရွက်ကြရမည်။ လူသားများ၏ ဂုဏ်သိကခာနှင့် ယုံကြည်မှုကို အင်အားရှိစေမည်ဖြစ်ပြီး တစ်ဦးချင် ဆောင်ရွက်နိုင်စွမ်းနှင့် အင်အားကို ဦးဆောင်သူများက ဖြည့်ဆည်းပေးရမည်။

၅။နှလုံးသားကို အားပေးပါ    
  အဖွဲ့အစည်းများအတွက် သာမာန်လွန်ကိစစရပ်များကို ဆောင်ရွက်ရာတွင်ခက်ခဲပါလိမ့်မည်။မျှော်လင့်ချက်ရှိပြီး ဆုံးဖြက်ချက်များဆက်လက်အကောင်အထည်ဖော်နိုင်ရန် အများ၏ပေးဆပ်ခြင်းများအပေါ် ခေါင်းဆောင်များက အသိအမှတ်ပြုရပါမည်။အောင်မြင်မှုရသောအသင်းတိုင်းအတွက် သူတို့၏ အောင်မြင်မှု၊အားပေးမှု၊ဆုပေးမှု၊အသိအမှတ်ပြုမှုများကို မျှဝေပေးရမည် ဖြစ်သည်။အောင်မြင်သူများကိုသူရဲကောင်းကဲ့သို့ခံစားစေပြီး သူတို့၏တိုးတတ်လာ
သော အင်အားများဖြင့် မှန်ကန်သော အရိပ်အာဝါသ၊ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ရမည် ဖြစ်သည်။        Kouzes နှင့် Posner တို့ ထုတ်ဖော်ခဲ့သော တွေ့ရှိချက်အတွင်း ချက်ချင်းတုံ့ပြန်သူများလည်းရှိသည်။ နားထောင်ရသည်မှာကောင်းသောလည်း အတွေးအခေါ်ဆန်လွန်းကြောင်း၊စိတ်ကူးဆန်လွန်းကြောင်းဝေဖန်ခဲ့သည်။အများစုသော သူများအနေဖြင့် စိတ်ဓာတ်တတ်ကြွမှုဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြရသည် ဖြစ်ပြီး သူတို့၏ အယူအဆများ၊အတွေးအခေါ်များကို ထည့်သွင်းလုပ်ကိုင်ကြပါသည်။ခပ်ကြမ်ကြမ်းခံစားရသည်ဟု ထင်ကြမည်မှာ ယုံမှာသံသယ မရှိချေ။သို့သော်လည်း သူတို့၏အလုပ်က မည်မျှခေါင်းဆောင်မှုနှင့်ပတ်သတ်၍ ကျနော်တို့တွေးခေါ်မှုတစ်ရပ်ဖြစ်စေကြောင်း မသိနိုင်၊အခြေခံကျကျထက်လွန်ပြီး ဖြစ်နိုင်ချေရှိမှုများ၊သိပ္ပံနည်းကျ စီးပွားရေးအတွက်ချဉ်းကပ်မှုများအပေါ်တော့ အမြင်တစ်မျိုး သက်ရောက်စေသည်။စိတ်ပိုင်းဆိုင်ရာတက်ကြွမှုတစ်ရပ်ဖြင့် ကတိက၀တ်များက တစ်ဦးချင်း၏အပြုအမှုအပေါ် ပို၍သြဇာကြီးသည်ဟု ကျနော်တို့လက်ခံခဲ့ပါက အယူအဆတစ်ရပ်အပြောင်းသို့ ဖြစ်လာနိုင်ချေမည်။
                                              
နေဇင်လက်(နိုင်ငံတော်သမ္မတအကြံပေး)၏ ခေါင်းဆောင်များရဲ့ခေါင်းဆောင်စာအုပ်မှ ကူးယူဖော်ပြသည်။
ဦးဆုံး မလေ့လာ၊ မသင်ယူဘဲ၊ ဦးဆောင်မှုမခံပဲ သင် ခေါင်းဆောင်တစ်ဦး ဖြစ်မလာနိုင်ပါ။ (Tiorio)

ဆရာ့ ၀တ္တရား(၂၅) ပါး

မိလိန္ဒမင်းကြီးက အရှင်နာဂသေနအား လျှောက်ထား၏။
အရှင်နာဂသေနဘုရား၊ ကောင်းစွာကျင့်သော တပည့်အပေါ်၌ ဆရာသည် နှစ်ဆယ့်ငါးပါးသော ၀တ္တရားတို့ဖြင့် ဖြောင့်မှန်စွာ ကျင့်သုံး ဆောင်ရွက်သင့်ပေ၏။ ထိုဝတ္တရားနှစ်ဆယ့်ငါးပါးတို့ကား-
၁။ တပည့်အပေါ် အမြဲတစေ စောင့်ရှောက်ခြင်း၊
၂။ ဆည်းကပ်သင့်သော ပုဂ္ဂိုလ်နှင့် မဆည်းကပ်သင့်သော ပုဂ္ဂိုလ်ကို သိရှိခြင်း၊
၃။ တပည့် ပေါ့ပေါ့တန်တန် နေမနေ သိရှိခြင်း၊
၎။ တပည့်အတွက် နေစရာ ထိုင်စရာကို သိရှိခြင်း၊
၅။ တပည့်မကျန်းမာလျှင် သိရှိခြင်း၊
၆။ တပည့် ဆွမ်းဘောဇဉ် ရမရကို သိရှိခြင်း၊
၇။ တပည့်၏ ထူးခြားတိုးတက်မှု ရှိမရှိ သိရှိခြင်း၊
၈။ မိမိ သပိတ်ထဲမှ ရရှိလာသော ဆွမ်းဘောဇဉ်ကို တပည့်အား ဝေဖန် မျှတပေးခြင်း၊
၉။ တပည့်အား အားပေးအားမြှောက် ပြုခြင်း၊
၁၀။ တပည့်၏ အပေါင်းအသင်းကို သိရှိခြင်း၊
၁၁။ တပည့်၏ ရွာထဲက အပေါင်းအသင်းကို သိရှိခြင်း၊
၁၂။ တပည့်၏ ကျောင်းမှ အပေါင်းအသင်းကို သိရှိခြင်း၊
၁၃။ တပည့်နှင့်အတူ ရယ်ရွှင် မြူးထူးမှု မပြုခြင်း၊
၁၄။ တပည့်နှင့်အတူ စကားပြောဆိုခြင်း၊
၁၅။ တပည့်က အနည်းငယ် ချွတ်ချော် တိမ်းပါးသည်ကို သည်းခံခြင်း၊
၁၆။ ဆရာတပည့် ဆက်ဆံရေးကို အလေးထားခြင်း၊
၁၇။ လျှို့ဝှက်မှု မပြုလုပ်ခြင်း၊
၁၈။ အတတ်ပညာကို မခြွင်းမချန် သင်ကြားပေးခြင်း၊
၁၉။ တပည့်အပေါ် အဖစိတ်ထား၍ ပညတ်ပေးခြင်း၊
၂၀။ တပည့်၏ ကြီးပွားရေးကို တွေးတော စဉ်းစားခြင်း၊
၂၁။ တပည့်၏ ပညာအင်အား တိုးပွားရေးကို တွေးတော စဉ်းစားခြင်း၊
၂၂။ တပည့်အပေါ် မေတတ္တာထားခြင်း၊
၂၃။ တပည့်မှာ ဘေးရန်သင့်လာသော် မစွန့်ပစ်ခြင်း၊
၂၄။ ပြုဖွယ်ကိစ္စကို မေ့လျော့ခြင်း၊
၂၅။ တပည့်က ဖောက်လွဲဖောက်ပြန် ဖြစ်လာသော် တရားသဖြင့် ဟောကြားဆုံးမခြင်းတို့ ဖြစ်ကြပေ၏။
"အရှင်ဘုရား၊ ဆရာတို့၏ ဤ၀တ္တရား နှစ်ဆယ့်ငါးပါးတို့ဖြင့် အရှင်ဘုရားသည် တပည့်တော်၏ အပေါ်၌ ကောင်းမွန်စွာ ကျင့်သုံးဆောင်ရွက်တော်မူပါလော။
"အရှင်ဘုရား၊ တပည့်တော်မှာ ယုံမှားသင်္ကာ ဖြစ်နေပါ၏။ အနက်အဓပ္ပာယ်အမှန်ကို ဆိတ်ချိုပမာ ကောက်ကွေ့စွာ ကောက်ယူရကုန်သော ဘုရားဟော ဒေသနာတော်များ ရှိနေကြပါ၏။ ထိုဒေသနာတော်မျာနှင့် ပတ်သက်၍ နောင်အခါများ၌ သူမှန်ငါမှန် ငြင်းခုံမှုကြီး ဖြစ်ပေါ်လာပါလိမ့်မည်။နောက်နောင်အခါများ၌ အရှင်ဘုရားနှင့် တူမျှသော ပညာရှိကို ရရန် ခဲယဉ်းပါလိမ့်မည်။ ထိုဒေသနာတော်များကို ကိုင်စွဲ၍ သူတစ်ပါးတို့ စွပ်စွဲခြင်းကို နှိမ်နှင်းဖယ်ရှားနိုင်ခြင်းငှာ ထိုပြဿနာတို့၌ တပည့်တော်အား မေးမြန်းခွင့် ပြုတော်မူပါလော။ ပညာမျက်စိ ပေးတော်မူပါလော့"
ဤသို့ မိလိန္ဒမင်းက လျှောက်ထားသောအခါ အရှင်နာဂသေနက-
"မင်းမြတ်၊ ကောင်းပြီ။ မေးလိုရာ မေးပါလော့" ဟု ခွင့်ပြုပြီးလျှင်-
"မင်းမြတ် ဥပါသကာတို့ လိုက်နာကျင့်သုံးသင့်သော ၀တ္တရားဆယ်ပါးတို့ ရှိကြကုန်၏။ ဤ၀တ္တရားဆယ်ပါးတို့သည် သင်မင်းမြတ်၌ ရှိကြပေ၏။ သင်မင်းမြတ်သည် သာသနာတော်ကြီး ဆုတ်ယုတ်မည့်အရေးကို မြော်မြင်၍ ကြီးပွားရေးကို အလိုရှိ၏။ ဤသို့ အလိုရှိခြင်းသည် သင့်မြတ်လှပါပေ၏။ သင်မင်းမြတ်အား မေးလျှောက်ခွင့် ပြုပါ၏။ အလိုရှိတိုင်း ငါ့ကို မေးလျှောက်ပါလော့"
ဤသို့ ရှင်နာဂသေနက ခွင့်ပေးတော် မူလိုက်လေ၏။
မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့၏ အမေးအဖြေ မိလိန္ဒပဥှာ ကျမ်းစာအုပ်မှ ကူးယူပြီးဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
တောသားလေး(မပြီးဆုံးသော နေ့ရက်များကို ကျော်ဖြတ်ခြင်း ဆိုဒ်မှ ဖော်ပြအပ်ပါသည်။

လယ်တီဆရာတော်ဘုရားကြီး၏ဆုံးမစကား

ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်းနင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊နင့်အဖျင်းပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။ (လယ်တီဆရာတော်ဘုရား)
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...