နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အတွင်းတွင် မြန်မာကျောင်းတိုက် တည်ဆောက်


အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့အတွင်းတွင် မြန်မာကျောင်းတိုက် တည်ဆောက်လျှက်ရှိရာ မြေနေရာ၊ ကျောင်း၊ ရေကန်၊ အဆောက်အဦး၊ စေတီ စသည်များ လိုအပ်လျှက်ရှိပါသည်။ မိမိတို့ ဗုဒ္ဓဘုရားပွင့်တော်မူရာ မြေမြတ်မဟာမှာ မြန်မာပြည်မှ အပိုင်ဖြစ်သော ဗုဒ္ဓအဆောက်အဦးအတွက် နိဗ္ဗာန်ထိတိုင်အောင် ကုသိုလ်ပါဝင်နိုင်ပါစေခြင်း အကျိုးကိုရည်၍ နှိုးဆော်တိုက်တွန်းလျှက်............
လှူဒါန်းလိုသော အလှူရှင်များအတွက် အလှူခံစခန်းကို မြန်မာနိုင်ငံတွင်းမှာ ဖွင့်လှစ်ထားပါကြောင်းနှင့် လိုအပ်ပါက မေးမြန်း ဆွေးနွေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ ဆက်သွယ်လိုလျှင်......shwebosila@gmail.com နှင့် comment ပေး၍ အလျှင်မြန်ဆက်သွယ်နိုင်ပါသည်။

ပန်းတိုင်နဲ့ ပန်းခိုင်

ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းက ပြန်စရပြန်ပြီကွယ်... တက္ကသိုလ်တိုင်းက အောင်မြင်မှုပန်းတိုင်တွေနဲ့ပါ...သို့သော် ပန်းခိုင်ပေါသော တက္ကသိုလ်ကိုတော့ ရှောင်သင့်ပေသည်။

စကားကြီး ( ၁၀ ) ခွန်း

ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး
ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခပ်
ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ရန်ရှောင်
တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်
ရေစစ်ကရား၊ ခက်တင်မောင်းနင်း
ဆိုခြင်းစကား 'ဤဆယ်ပါး'

၁။ ရေကူးညာတင် ပြောနည်း

မြစ်တစ်ဖက်မှ အခြားတစ်ဖက်သို့ ကူးသည့်အခါ မြစ်ညာဖက်မှ စ၍ကူးမှသာ
လိုရာသို့ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်မှ
တင်ကူး၍ ပြောနည်းကိုခေါ်သည်။

၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်သည့်အခါ တနိုင်စာလောက်စပါးကို လက်တဖက်ဖြင့်
ပိုင်ပိုင်နိုင်နိုင်ကိုင်ပြီး အခြားလက်တဖက်က တံစဉ်ဖြင့်
ရိတ်လှီးသကဲ့သို့ စကားပြောရာတွင်လည်း စကားကို သိမ်းကျုံးဖမ်းဆုပ်ပြီးမှ
ပြောနည်းကိုခေါ်သည်။

၃။ ရေစီးဖောင်ဆန် ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုသမျှကိုတင်ဆောင်၍ ဖြည်းညင်းသာယာစွာ ဆန်တက်သဖြင့်
လိုရာခရီးကိုရောက်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့်
ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောခြင်းသည်
ရေစီးဖောင်ဆန်ပြောနည်းဖြစ်၏။

၎။ အိုးတန်ဆန်ခပ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့် သူ့ဆန်တန်ရုံ အနေတော်ထည့်ချက်မှ နူးနပ်စွာ
စားသုံးရသကဲ့သို့ စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင်
ပြောဆိုခြင်းကို အိုးတန်ဆန်ခပ် ပြောနည်းဟုခေါ်၏။

၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်း
ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ်ပွတ်မှ
ဆီထွက်သကဲ့သို့ ကိုယ့်စကားအောင်မြင်အောင် အထပ်ထပ်ပြောဆိုခြင်းကို
ဆီပွတ်ကျည်ပွေ့ ပြောနည်းဟုခေါ်သည်။

၆။ ဆင်ဝှေ့ရန်ရှောင် ပြောနည်း
ဆင်ဝှေ့ရန် အလိုက်ခံရသည့်အခါ လွတ်ရာမှရှောင်ပြေးလျှင် လွတ်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်စေမည့် စကားကို ရှောင်လွှဲ
ပြောဆိုနည်းဖြစ်၏။

၇။ တောင်သူယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံနွယ်တို့ကို
ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲကြသကဲ့သို့ စကားအရာတွင်လည်း
စကားငယ်များကို ဦးစွာပြောပြီးမှ စကားကြီးများကိုပြောလျှက်
အနိုင်ယူခြင်းကို တောင်သူယာခုတ် ပြောနည်းဟုခေါ်သည်။

၈။ ကြက်ဆုတ်ခွပ်ပစ် ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ခွပ်သကဲ့သို့
စကားအရာတွင်လည်း သူ့အလိုကိုဦးစွာ လိုက်လျောပြီးမှ စီးသာသောအခါ စီး၍
ပြောခြင်းကိုခေါ်သည်။

၉။ ရေစစ်ကရား ပြောနည်း
ရေစစ်သော ဓမကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကိုလက်ဖြင့်
ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဖက်လူ၏ စကားကို
ပိတ်မိအောင်ပြောခြင်းသည် ရေစစ်ကရား ပြောနည်းဖြစ်သည်။

၁၀။ ခက်တင်မောင်းနင်း ပြောနည်း

တဖက်လူ၏စကားကို ဟုတ်၏လည်းမဆို မဟုတ်၏လည်း မငြင်းပဲ မတင်မကျ ပြောနည်းကိုခေါ်သည်။

သတိထား

စကားဆိုတာ
နှုတ်ခမ်းဖျားမှ ဆိုပေမယ့်
နှလုံးသားက လာတယ်ဆိုတာကိုတော့
မမေ့နဲ့။
အပြုံးဆိုတာ
မျက်လုံးကစားတာ ဆိုပေမယ့်
နှလုံးသားကလာတယ်ဆိုတာကိုတော့
မမေ့နဲ့။
ချိုသာစကား နှုတ်ဖျားဖြစ်စေ
ခက်ထန်စကား နှလုံးသားဖြစ်စေ
ချိုသာအပြုံး မျက်လုံးကဖြစ်စေ
ခက်ထန်အပြုံး နှလုံးကဖြစ်စေ
ဆန်းစစ်ဝေဖန် ကြမ္မာဖန်မှ
လူတို့သဘော လူ့အပြောက
အတောမသတ် စက်ရဟတ်အလား
သူတို့သွားမည်
သင်သာ သတိထား။ ။

ဖိတ်စာတစ်စောင်


အဖေ--နေကောင်းလား သားအလုပ်တွေများနေလို့ အဖေ့ဆီတောင် မရောက်ဖြစ်ခဲ့ရတယ်။ အဖေ့ကို နေ့တိုင်းသတိရပါတယ်အဖေ၊ ခု အဖေ စားလို့ကော ကောင်းလား၊ အိပ်လို့ကော ပျော်လားအဖေရယ်…အဖေကြည့်ရတာ အားမရှိလို့ ဝေဒနာကို အဖော်ပြုထားသလိုပဲ အဖေရယ်..ဟိုအရင်က အဖေရဲ့မျက်နှာနဲ့ ယခုအဖေမျက်နှာက အကွာကြီး ကွာခြားနေတယ်အဖေ…သားတို့အတွက် အပူသောက ရင်ထဲမှာ တောထမနေစေချင်သူအဖေ။
အဖေရယ်…ဇရာတွေ နှိပ်စက်နေတာ အဖေမေ့နေရော့သလား၊ အဖေ့ ပါးရည်တွေ တွန့်နေပြီလေ၊ နားရည်တွေလည်း ခန္ဓာကိုယ်ကြီးပေါ်မှာပဲ တွဲလွဲခိုဆွဲနေပြီလေ၊ ကကြိုးမဆန်တဲ့ လက်တစ်စုံနဲ့ ဦးခေါင်းက သူ့ရဲ့ပင်ကိုယ်အရည်အချင်းတွေ ထုတ်နှုတ်ပြသနေပြီလေ၊ ဆံပင်တွေမှာဖြင့်လည်း ပိတုန်းရောင်မှသည် ရိုးတန်ကြဲကြဲ ဆင်စွယ်ရောင် အစားထိုးခဲ့ပြီလေ၊ သံသရာအတွက် ကောင်းနိုးရာရာတွေ အကြိမ်ကြိမ်အားထုတ်ရင်း မရောက်ဖြစ်ခဲ့တဲ့ အဖေအိပ်ယာ ဘေးနားကို နောက်ဆုံးအခေါက်လို့ ဘယ်အချိန်မှ တွေးထင်မထားခဲ့သော နောက်ဆုံးပြောခြင်းလို့ ဘယ်သောအခါမှ မရည်ရွယ် မတွေးဖူးခဲ့သော သားတော်မောင်ရဲ့ အိမ်အပြန်အရောက်ပါအဖေ။
စားလို့ကောင်းလား သားအမေးမှာ-အဖြေက ကောင်းတာပေါ့ကွ သားကြီးရ၊ သားကို မြင်ရတာ သားအသံကိုကြားရတာ အဖေ့အတွက် နတ်သြဇာ မှီဝဲသူ လူတစ်ယောက်လိုပါပဲကွာ တဲ့။ အမှန်တကယ်တော့ ကျေးဇူးရှင်အဖေမှာ အစားဆိုလျှင်လည်း လက်တစ်ဆုပ်လောက်ပင် မ၀င်တော့၊ ရေဆိုလျှင်လည်း လက်ဖက်စားဇွန်း တစ်ဇွန်းချင်းသာ တိုက်နေရတော့သည်။ ဒါတောင် သားကိုချစ်တဲ့ ဇောက မလျော့။ တိုးလို့သာ လာရင်း ရှေ့ရေးကို မျှော်တွေးလို့ ပြုံးယောင်များတောင် သန်းနေပေတော့သည်။
အိပ်လို့ကော ကောင်းကောင်းပျော်လား မေးပြန်တော့ သားကြီးအတွက် အေးဆေးတဲ့ ဘုရားဆေး အဖေ မှီဝဲနေတယ်တဲ့လေ။ ပျော်တာပေါ့ကွယ်တဲ့။ အမှန်တော့ အသက်ကြီးရင့် ဇရာရဲ့ စေခိုင်းမှုတွေ ဖိစီးလာပြီဆိုခဲ့လျှင် အိပ်ရသော အချိန်ရယ်က တစ်ခဏမျှသာ ပေလား။ စိုးရိမ်သော သောကတို့ အဖေ့ရင်ခွင်ဦးဆီ ဦးတည်ကာ ၀င်ရောက် မွှေလိုမွှေ၊ နှောက်လိုနှောက်ခဲ့ပေမယ့် လူ့ဘ၀အလယ် သားတစ်ယောက်ကို ချန်ထား၊ ဘယ်လိုများ ရင်အေးနိုင်ဘိမှာလဲနော်။ ကျန်နေတဲ့အချိန်မှာ သားကို သတိရတဲ့ သားကို လွမ်းဆွတ်ရတဲ့၊ သားကို မြတ်နိုးရတဲ့၊ သားကို ချစ်ရတဲ့ ကာလများကို အိပ်စက်ခြင်းနဲ့ အဖေမှာ အကုန်မခံတော့နိုင်အောင်ပါပဲ။ ငါ့သားကြီး…ဘုန်းကြီးပါစေ…အသက်ရှည်ပါစေ…သွားလေရာ ခလုတ်မထိ ဆူးမငြိပါစေနဲ့၊ သူတော်ကောင်းတို့တရား ပွားများလို့ သတ္တ၀ါတို့၏ နှလုံးသားကို အေးမြချမ်းသာမှုတွေ ပေးစွမ်းနိုင်ပါစေလို့ အထပ်ထပ်သောဆု အအိပ်ပျက်ခံ ချွေခဲ့သည်လေ။
လျော့ရဲရဲ အပြုံးတွေနဲ့ သားကြီးထမ်းပိုးနေသော မိဘမေတ္တာဟု သမုတ်ရလောက်အောင်ပင် ကြီးမားသော လောကလူသားတွေအကျိုးကိုဆောင်ရွက်၊ မိမိအတွက် မငဲ့ကွက်ပဲ လှုပ်ရှားပုံတွေကို ကြည်နူးကျေနပ်စွာ ကြည့်နေတတ်သော အဖေ။
မျက်ဝန်းထောင့်စွန်း၊ အရည်ရွှန်းလည်း
မပျက်သိက္ခာ၊ တည်ကြည်စွာဖြင့်
ခိုင်မာရွှင်ပြ၊ မျက်နှာလှနှင့်၊
ပြုံးရိပ်ရှက်သန်း၊ ဝေကျဉ်ပန်းလျှက်
မချိတင့်ကဲ၊ နေရငြားလည်း
သိုသိပ်ရင်မှာ၊ မွန်းကြပ်ခါဖြင့်။

သင်နှင့် ပန်းတိုင်

ပြာရီလဲ့ လမ်းပြအိမ်မြှောင်ကို
တိမ်တောင်တွေ အရေမလဲခင်
ပြိုကျလုမိုးနဲ့ အဝေးတစ်နေရာမှာ
သေချာအောင် သိမ်းထုပ်
ဂျိမ်းတုတ်တုတ် ဒစ်စကိုနဲ့
အထိန်းအကွပ်မဲ့ မာန်ဖီကာ
လှစ်ဟပြ ဆန်ကာတင်လိုက်ပေါ့။ ။
ဘယ်ဝယ် ဘယ်စခန်း
ဘယ်ဆီမြန်းလည်း
အကြမ်းအရမ်း မမောပန်းပဲ
အချိုတွဲတဲ့ ခလုတ်ကန်သင်းကို
နှစ်မြို့ရင်း ပေါင်းဖက်လိုက်ပေါ့။ ။
ပစ်ပေါက်ခံခဲ့ရတဲ့ အုတ်ခဲတွေနဲ့
အုတ်မြစ်ကို ပိုင်အောင်ချ
အနိုင်ရဖို့ နည်းလမ်းက
ဆန်းသစ်စ လ လို
တရိပ်ရိပ်တိုးပွား
အဖိုးများပင် မဖြတ်နိုင်
တစ်နေ့နေ့တော့
သင် ပန်းဝင်နိုင်မှာပါ။ ။

သံဝေဂတေးထပ်

သေဖို့ ရက်ချိန်းကိုမျှော်
ဘယ်ချိန်သော် မြန်းမြန်းရ၊
သီလနှင့်ဒါနရယ်က
ပြည့်ပြည့်စုံ အုံကြွလို့ပေး...
သမထနဲ့ ၀ိပဿနာရယ်
အထုံပါ နောင်ယှဉ်အောင်လို့
အရွယ်မကုန်ခင် ဆည်းပူးသူ့အတွေး၊
ရိပ်ငြိမ်စီ မရောက်ခင်ပ
ပါရမီရင့်သန်းလို့ဖေး...
သူ့အတွေးက နိမိတ်ကိုဆောင်သည်
နောင်သံသရာ ရှည်ဦးတော့
အထုံပါရမီ ဆောင်ကျဉ်းလို့ရွေး...
သာဓု သာဓုပါဗျ
ထက်နတ်ပြည်တစ်လွှားက
တကြော်ကြော်ခေါ်သည်
သြဘာသံပ လေး....။

အမေ့မွေးနေ့အတွက် "အားညီ" ကဗျာ

အနေဝေးပေမယ့် အဝေးနေမဟုတ်
အနီးနေပေမယ့် အနေနီးမဟုတ်
တအုံ့နွေးနွေး ရေအေးမဟုတ်
တနုံ့နုံ့တွေး နွေတေးမဟုတ်
ဝေဖီဆန်ကြဉ် သောကစင်လျှက်
မြှူမှုန်မရော စိတ်ဇောအမှန်
ပဝင်းဖြူစင် မေတ္တာယာဉ်ဖြင့်
ခတ်ကူးအားညီ ရှေ့ဆီချီစို့....
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...