နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

အသက်ကြီးတဲ့အချိန်

တစ်နေ့တစ်နေ့
ခန္ဓာကို ဖြည့်နေရတာနဲ့
ဆောင်းရာသီပမာ
အေးချမ်းမှုကို မေ့နေတတ်ပါလား။
အပူလုံးတွေကြွကြွနေတတ်တဲ့
အထူဆုံးကိလေသာတွေကို
ရုပ်သဏ္ဍာန်ဖော်ထုတ်
စက်ဆုပ်ဖို့ မေ့နေတတ်ပါလား။
အုံကြွမှုကို ဖိသတ်ရင်း
ခေါက်ရိုးကျိုးနေတာက
အကုသိုလ်။
ပင်ကိုယ်စရိုက်တွေ အရေလဲကြည့်ပြန်တော့
ပတ်ဝန်းကျင်က
အရောင်တွေ လာပြီးဆေးချယ်သွားတတ်ပါလား။
ကာလာစုံ ပန်းဝတ်မှုံ စုပ်နမ်းသူ
လိပ်ပြာငယ် ပမာဆွယ်သလို
အော်..တို့ဘ၀လည်း
အရောင်မပြောင်းလဲအောင်
ကြိုးစားလာတာ အချိန်တွေတောင်
အသက်တွေ ကြီးကုန်ပါရော့လား။

“ပညာမြင့်မှ လူမျိုးတင့်မည်”



“ပညာမြင့်မှ လူမျိုးတင့်မည်”
ဒေါက်တာအရှင်အစ္ဆရိယ (သီတဂူ)
 “ပညာမြင့်မှ လူမျိုးတင့်မည်” ဟူသောခေါင်းစဉ်နှင့်ပတ်သက်၍ “ပညာရေးကိုမမြှင့်တင်ပဲလူမျိုးကို မြှင့်တင်ပေးလျှင်အရူးစာတတ်သည်နှင့်တူသည်။လူမျိုးကိုမမြှင့်တင်ပဲ
ပညာရေးကိုသာ မြှင့်တင်ပေးလျှင်အမူးစာတတ်သည်နှင့်တူသည်”[1] စသည်ဖြင့် ပညာရှိအချို့၏ ဝေဖန်ချက်အချို့ကို မှတ်သားဘူးသည်။ ယင်းဝေဖန်ချက်များကို ထပ်မံ ဆန်းစစ်ခြင်းမပြုလို။ မိမိအမြင်ကိုသာ ထပ်လောင်းပေါင်းထည့်လိုသည်။ တကယ်တော့ ပညာဆိုသည်မှာ လူ့လောကတွင် လူသားတို့အတွက် အမြတ်ဆုံး ဥစ္စာဖြစ်ချေသည်။[2]ထိုအမြတ်ဆုံးသော ဥစ္စာကို ပိုင်ဆိုင်နိုင်ကြမည်ဆိုလျှင် အမြတ်ဆုံးသောအရာကို ပိုင်ဆိုင်ထားသူ မည်သူမဆို မည်သည့်လူမျိုး၊ မည်သည့်တိုင်းပြည်မဆို ထိုသူတို့ကို “လူမြတ်၊ မြင့်မြတ်သည့်လူမျိုး၊ မြင့်မြတ်သည့် တိုင်းပြည်”ဟု ခေါ်ဆိုသမုတ်ကြရပေမည်။ ထိုအချက်ကို ပေါ်လွင်စေရန် အောက်ပါအချက်ချက်ကို အခြေခံ၍အကျွန်ုပ် ဆွေးနွေးတင်ပြလိုသည်။
“ပညာ” ဟူသော ဝေါဟာရကို ဆန်းစစ်ခြင်း
            ပညာဟူသည် ပါဠိစကားဖြစ်၍ “အကြောင်း ၊ အကျိုး ၊ အကောင်း ၊ အဆိုး ၊ အမှား ၊ အမှန်ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ နားလည်ခြင်း”ဟု အဓိပ္ပါယ်ရသည်။[3]သိင်္ဃသူသမီးကျောက်စာတွင်မူ “အကြောင်းကိုသိသော”ဟူ၍ ၀ိသေသနမကာ ပညာ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုပြသည်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကလည်း “ပညာဆိုတာ စာအုပ်ကိုကျော်၍ ကြည့်နိုင်ရမယ်။ အဲဒါမျိုးကိုမှ ပညာခေါ်တယ်”လို့ သူ၏ မိန့်ခွန်းအချို့တွင် ဖော်ပြခဲ့သည်။ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ မိတ္တဗလဋီကာစာအုပ်တွင် ပညာဟူသည် လူတယောက်ရဲ့အတွေ့ကြုံတို့ကို နိုင်နင်းစွာထိန်းသိမ်းစီမံ အုပ်ချုပ်နိုင်သော စွမ်းရည်သတ္တိ”လို့ ရေးသားဖော်ပြထားသည်။ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကို "ပညာရေးဆိုတာ ကာယအား ဉာဏအားကို ပိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးခြင်း"လို့ မိန့်ဆိုခဲ့ဘူးသည်။ ထို့ပြင် ပညာဟူသောစကားလုံးကို တကမ္ဘာလုံး အတိုင်းတာဖြင့် “Education”ဟူ၍ ခေါ်ဝေါ်သုံးစွဲလျက်ရှိသည်။ “Education”၏ မူလပုဒ်မှာ “Educate”ဖြစ်၍ “Educate” ဆိုသည်မှာလည်း “Educere”ဟူသော လက်တင်ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ မူလအဓိပ္ပါယ်မှာ “ Bring out or Lead out” “ အပြင်ဘက်သို့ ဆွဲထုတ်ခြင်း”ဟူ၍ ဖြစ်သည်။[4]ယင်းသို့ ပညာဟူသော ဝေါဟာရကို ရှုထောင့်အမျိုးမျိုးကနေ မတူခြားနားသည့် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖွင့်ဆိုကြသော်လည်း ဆိုလိုရင်းအဓိပ္ပါယ်မှာ အတူတူသာဖြစ်ချေသည်။
            ဖွင့်ဆိုချက်အားလုံးကို ခြုံငုံသုံးသပ်ရမည်ဆိုလျှင် “ပညာဆိုသည်မှာ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်အောင်လေ့ကျင့်ပေးခြင်း၊ ထိုမှတဆင့် အရာရာကို မိမိ ကိုယ်ပိုင်ဦးနှောက်ဖြင့် ဆင်ခြင်သုံးသပ်၍ ဆုံးဖြတ်နိုင်စွမ်းရှိအောင် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုများ တိုးလာအောင် လေ့ကျင့်ပေးခြင်း”ဟု ကောက်ချက် ချရပေမည်။ ယနေ့ခေတ် စာသင်ကျောင်းများ၌ ကျင့်သုံးနေသော နည်းစနစ်များသည် ပုံသေကားချပ်နည်းဆန် သဖြင့် ကျောင်းသားများ၏ အသိဉာဏ်ကို ဖွင့်ဖြိုးတိုးတက်လာအောင် လုပ်ပေးနိုင်ခြင်းမရှိချေ။ ဥပမာ - ကျောင်း၌ ဆရာမက ကျွုန်ုပ်၏အဖေမှာ ဦးဘဖြစ်သည်ဟု သင်ပေးလိုက်လျှင် တတန်းလုံးလိုက်၍ ဦးဘဟု ရေးခြင်းမျိုးဖြစ်သည်။ အမှန်မှာ ဆရာမလုပ်သူက ၄င်းနေရာတွင် ကိုယ့်အဖေနာမည်များကို လွတ်လပ်စွာ အစား၍ ရေးရမည်ကို သင်ကြားပေးခြင်းမရှိသောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ခြိမ်းခြောက် ဟိန်းဟောက်၍ သင်ကြားပေးနေသော စနစ်အောက်ဝယ် ကလေးများသည် အကြောက်တရားများဖြင့် ပြင်မရေးရဲတော့ သဖြင့် ပညာသင်နေကြသည်ဆိုသော်ငြားလည်း တကယ့်ပညာကို မရဖြစ်နေကြသည်။
            ယင်းအချက်သည် အထက်ဖော်ပြပါ “ပညာ”ဟူသော ဝေါဟာရ၏ အဓိက ရည်ရွယ်ချက် အနက်အဓိပ္ပါယ်နဲ့ ဆန့်ကျင်ကာ အနာဂတ် လူငယ်များအတွက် မကောင်းသောလက္ခဏာဖြစ်သည်။ ပညာ၏ အဓိကရည်ရွယ်ချက်မှာ ကျောင်းသားလူငယ်များ အသိပညာဖွင့်ဖြိုးမှုကို ရည်ရွယ်သည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ ပညာရေးစနစ်သည် ကျောင်းသားလူငယ်များ၏ တလူလူဖြစ်နေသည့် အညွှန့်ကို ချိုးဖျက်လိုက်သကဲ့သို့ရှိချေသည်။ ထိုအချက်နဲ့စပ်လျဉ်း၍ ဆရာကြီးဦးအောင်းသင်းက “ကလေးတွေကို ကိုယ်သိတာ ပြောပြပေးနေတာကို ပညာသင်နေတယ်လို့ ထင်နေတယ်။ မဟုတ်ဘူး။ ကလေးကို စဉ်းစားတတ်လာအောင် လုပ်ပေးနိုင်မှ ပညာသင်တယ်ခေါ်တာ။ ကလေးတွေရဲ့ သိမြင်စိတ်ကို နှိုးဆွပေးတာကိုမှ ပညာသင်တာခေါ်တာ”ဟု ထောက်ပြခဲ့ပြီး “Hungry heart(ဆာလောင်တဲ့နှလုံးသား)ဖြစ်လာအောင် နှိုးဆွပြီး လေ့လာပုံလေ့လာနည်းကို သင်ပေးနိုင်ရင် ဒါဟာ အောင်မြင်သောပညာရေးပဲ”ဟု ဝေဖန်မှတ်ချက်ပြုခဲ့သည်။ စာမေးပွဲနဲ့ပတ်သက်၍လည်း “ကိုယ့်ကိုယ်ကိုပြန်စစ်တဲ့ စာမေးပွဲအောင်မှ တကယ့်စာမေးပွဲအောင် တာ”ဟု မိန့်ဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ ပညာရေးသည် “ကျက်ကျူခေးရှင်း၊ ကျက်တက္ကသိုလ်၊ ကျက်လက်မှတ်”ဖြစ်နေသည်ဟုလည်း လက်ရှိမြန်မာ့ပညာရေးစနစ်ကို ရယ်စရာသဖွယ် ပျက်ရယ်ပြုခဲ့သည်။[5]စာရေးဆရာ မောင်စိန်ဝင်းကလည်း “ဆင်ခြင်တွေးတောမှုမရှိသော စာပေသင်ကြားမှုသည် အင်အားကို အလဟဿဖြုန်းတီးမှုပင်ဖြစ်သည်။ မဖတ်မသင်ဘဲ တွေးတောနေခြင်းကတော့ အလွန်ကြောက်စရာကောင်းလှ၏”ဟု ဆိုခဲ့ပြန်သည်။[6]ဆရာကြီးများ၏ သုံးသပ်ချက်သည် “Education” ဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပါယ်နဲ့ ကိုက်ညီနေသည်ကို တွေ့ရသည်။  သို့ဖြစ်၍ လူမျိုးတင့်အောင် ပညာကို မြှင့်ကြရမည်ဆိုရာဝယ် ပညာသင်ကြားနည်းစနစ်ကို ပြုပြင်ပြောင်းလဲ ပြင်ဆင်၍ ပညာရေးကို မြှင့်တင်ကြရမည်ကို ကျွန်ုပ်တို့ သတိပြုကြရပေမည်။ ဤအချက်သည် ပညာရေး နယ်ပယ်တွင် အဓိကကျသောအချက်ဟု ကျွန်ုပ်ယူဆသည်။ ပုံသေကားချပ်ဆန်သော (သို့မဟုတ်) ဘောင်ခတ်ထားသော နည်းစနစ်များဖြင့် လူ့ဘောင်လောက ကို တိုးတက်အောင် လုပ်ဆောင်၍မရချေ။
            ပညာရေးစနစ်ကို အကောင်ထည်ဖော်ကြရာတွင် သူ့ခေတ်အခါနှင့်အညီ လိုက်လျောညီထွေဖြစ် အောင် အမြဲတမ်း ပြုပြင်ပြောင်းလဲ လုပ်ဆောင်ကြရပေမည်။ ခေတ်နှင့်မလျှော်သော ပညာရေးသည် လူမျိုး နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာကို မှေးမှိန်စေသည်။ အမြဲတမ်းခေတ်မီနေပါမှ သူများထက် ရှေ့ကရောက်ပေမည်။တချိန်က နေမ၀င် အင်ပါယာဟု တင်စားဝေါ်ခဲ့သော အင်္ဂလိပ်တို့၏ အဆင့်တန်းနှင့် ယနေ့ခေတ် အင်္ဂလိပ်တို့၏ အနေထားကို ချိန်ကြည့်လျှင် သိနိုင်သည်။ တချိန်က အင်္ဂလိပ်တို့သည် စစ်ရေးအရ စစ်လက်နက်နှင့် ကိုလိုနီချဲ့ထွင်ဖို့ ဘာသာစကားနှင့် သြဇာသက်ရောက်အောင် ထိန်းထားနိုင်ဖို့ အားကစားနဲ့ ကိုလိုနီ လက်သစ်တွေကို ကျားကန်ဖို့ ကြိုးစားခဲ့ကြသည်။ ထိုခေတ် ထိုအချိန်က အင်္ဂလိပ်တို့၏ မဟာဗျူဟာသည် အောင်မြင်သည်ဟု ဆိုရမည်။ သို့သော် ထိုအောင်မြင်မှုများအပေါ် အင်္ဂလိပ်တို့ သာယာနေကြသည်။ ဘ၀မြင့်နေကြသည်။ တခြားတိုင်းပြည်များက အပြိုင်အဆိုင်ပြုပြင်ပြောင်းလဲနေချိန်တွင် အင်္ဂလိပ်တို့သည် တချိန်က အောင်မြင်မှုတွင်သာ မာနနှင့်တင်းခံနေခဲ့ကြသည်။ ခေတ်နဲ့အညီ ပြုပြင်ဆောင်ရွက်ဖို့ မစဉ်းစားခဲ့ကြ။ ဥပမာ - ဘောလုံးအားကစားသည် အင်္ဂလိပ်တို့၏ ကိုယ်ပိုင်အားကစားဖြစ်သည်။ တခြားတိုင်းပြည်များက ဘောလုံးအားကစားနည်းကို တိုးတက်အောင် အပြိုင်ဆိုင်ပြုပြင်နေချိန်မှာ အင်္ဂလိပ်တို့သည် “ငါတို့ဟာ ဘော့လုံး ဘိုးအေပဲ။ ငါတို့က သူတို့နောက်လိုက်လုပ်စရာ မလိုဘူး” ဆိုပြီး အိုက်တင်ကြီးနဲ့နေလာခဲ့သဖြင့် ဘရာဇီးကဲ့သို့သော တခြားနိုင်ငံများက ယခုအခါ ဘော့လုံးဘိုးအေ အင်္ဂလိပ်တို့ထက် အဆပေါင်းများစွာ ရှေ့ရောက်နေပေပြီ။ ဘရာဇီးက ကမ္ဘာ့ဖလားငါးကြိမ် ရယူနိုင်သည့်အချိန်တွင် အင်္ဂလိပ်တို့သည် တကြိမ်သာ ရရှိထားလေသည်။ ထို့အတူ ဘာသာစကားတွင်လည်း ခေတ်နဲ့အညီပြောင်းလဲနေသော အမေရိကန်တို့ကို ယှဉ်၍မရတော့။ အမေရိကန် အင်္ဂလိပ်စာသည် ယခုအခါ ကမ္ဘာတွင် ဗြိတစ်ရှစ်အင်္ဂလိပ်ထက် ပိုမိုတွင်ကျယ်နေပေပြီ။ အင်္ဂလန်အခြေစိုက် ကမ္ဘာ့သတင်းဌာနများဖြစ်သည့် ဘီဘီစီကဲ့သို့သတင်းဌာနကြီးများကပင် ယခုအခါ အမေရိကန်လေသံအတိုင်း သုံးနှုန်းနေကြရပေပြီ။ သို့ဆိုလျှင် ခေတ်နဲ့အညီပြုပြင်ပြောင်းလဲမှု မရှိသောပညာရေးသည်လည်း ဧကန်မုချ ရှုံးနိမ့်မှာသေချာသည်။[7]
            ထို့အပြင် ပညာရေးဆိုသည်မှာ လူသားတို့အား ပညာဗဟုသုတတည်းဟူသော ပင်လယ်ပြင်တွင် လွတ်လွတ်လပ်လပ် ကျင်လည်စေနိုင်မည့် အတတ်ပညာနှင့် ကျွမ်းကျင်မှု အခြေနေတရပ်ကို ဖန်တီးပေးကာ ၄င်းတို့ကို လူသားတို့၏ အနာဂတ်ဘ၀နှင့် လုပ်ငန်းခွင်များတွင် အသုံးချနိုင်အောင် ပြုလုပ်ပေးခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ တက္ကသိုလ်၊ ကောလိပ်၊ စာသင်ကျောင်းများ၏ မူလပင်ကိုယ်သဘာဝမှာ ပညာရေးကို ပိုမိုလွတ်လပ်လာအောင်၊ ပိုမို သဘောထားကြီးလာအောင် ပြုလုပ်ပေးရန်ပင်ဖြစ်သည်။ ဒီကနေ့ခေတ် ကျွန်ုပ်တို့ ၏ပညာရေးသည် ကြီးမားသောစိမ်ခေါ်မှုမျိုးကို ရင်ဆိုင်နေကြရသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားအများစုသည် စိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေ textbook နောက်ကို လိုက်နေရသောကြောင့်ဖြစ်သည်။ လွတ်လပ်စွာ ဝေဖန်ဆန်းစစ် တွေးတောကြရမည့်အစား passive learner (စိတ်မပါဘဲ သင်ယူနေရသူ) များသာဖြစ်နေကြသည်။ ထိုပြဿနာကို ဖြေရှင်းရန် ပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်ပေသည်။ ကျောင်းသူ၊ကျောင်းသားအတွက် ပိုမိုကောင်းမွန်သည့် ပညာရေးရပ်ဝန်း တခုဖြစ်လာစေရန် စာသင်ခန်းများ၊ ကွန်ပြူတာများ၊ စာကြည့်တိုက်ရှိ စာအုပ်များစသည့် သင်ထောက်ကူပစ္စည်းများကို ပိုမိုများပြား ပြည့်စုံလာအောင် ဆောင်ရွက်ပေးကြရပေမည်။ ထို့ပြင် စာကြမ်းပိုး (bookworm)၊ စိတ်မပါဘဲ သင်ယူနေသူ (passive learner)များ ဖြစ်နေရသည်ထက် အရာရာဝေဖန်ဆန်းစစ်နိုင်စွမ်းရှိသူ၊  တီထွင်ကြံဆတတ်သည့် စိတ်ကူးစိတ်သန်းရှိသူတစ်ယောက်ဖြစ်နေရခြင်းက ပိုအရေးကြီးသည်ဆိုသည့်အချက်ကို ကျောင်းသူ၊ ကျောင်းသားများ နားလည်သဘောက်လာစေရန် ဝေဖန်ရေး သဘောတရားများ၊ တီထွင်ကြံဆမှု သဘောတရားများကို ကျွန်ုပ်တို့၏ ပညာရေးတွင် ထည့်သွင်းဖော်ပြသင့်ပေသည်။ သို့ဖြစ်၍ ပညာရေးကို ပိုမိုလွတ်လပ်လာအောင် ဆောင်ရွက်ပေးသင့်ပြီး ကျောင်းသူ၊ကျောင်းသားများကိုလည်း လွတ်လပ်စွာတွေးခေါ်သူ၊ ဝေဖန်စိစစ်တတ်သူများ ဖြစ်လာအောင် လမ်းဖွင့်ပေးကြရပေမည်။ [8]
            တနည်းအားဖြင့် ဆိုရလျှင် ပညာရှာကြရာ၌ အမြင့်ဆုံးအဆင့် (Highest level) ထိရောက်အောင် ကြိုးစားကြဖို့ပင်ဖြစ်သည်။ အမြင့်ဆုံးအဆင့်ဆိုသည်မှာ အောက်ပါ သုံးဆင့်အနက် တတိယမြောက်အဆင့်ကို ဆိုလိုသည်။
                      i.        Education acquired by learning (သင်ယူခြင်းဖြင့် တတ်မြောက်အပ်သော ပညာ)
                     ii.        Education acquired by thinking (တွေးတောကြံစည်ခြင်းဖြင့် ရရှိအပ်သော ပညာ)
                    iii.        Education acquired by experiences (အတွေ့အကြုံဖြင့် ရရှိအပ်သော ပညာ)[9] ဟူ၍ ပညာအဆင့်ကို သုံးဆင့်ခွဲခြားနိုင်ပေသည်။ ထိုအဆင့်သုံးဆင့်ကိုအောက်ပါဥပမာတရပ်ဖြင့် ကျွန်ုပ်တို့ နားလည်နိုင်ပေသည်။
ဥပမာ - ကျောင်းသားတစ်ယောက် Photoshop ပညာရပ်ကို သင်ယူနေသည်ဟု ဆိုကြပါစို့။ ဦးစွာပထမ ဆရာဖြစ်သူမှ Photoshop တွင်ပါဝင်သော Move Tool, Crop Tool, Brush Tool စသည့် Tools များကို အသုံးပြုကာ နမူနာအဖြစ် ရုပ်ပုံတခု ဖန်တီးပြပေလိမ့်မည်။ ပြီးနောက် ဘယ်Toolကို ဘယ်နေရာမှာ ဘယ်လိုအသုံးချရကြောင်းလည်း ရှင်းလင်းပြပေလိမ့်မည်။ ဆရာပြသည့်အတိုင်း တသွေမတိမ်းလိုက်နာကာ အဖန်ဖန်အထပ်ထပ် အတုယူလေ့ကျင့် သင်ယူခြင်းမျိုးကို ဤနေရာ၌ “Education acquired by learning (သင်ယူခြင်းဖြင့် တတ်မြောက်အပ်သော ပညာ)”ဟု မှတ်ယူကြရပေမည်။ သို့ရာတွင် လောကကို ဖန်တီးမှုအနုပညာရပ်ဖြင့် အလှဆင်နိုင်ရန် (သို့မဟုတ်) ယင်းပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ မိမိဘ၀တွင် အသုံးချနိုင်ရန် ဤအဆင့်မှာပင် ကျေနပ်နေ၍ မရပေ။ ဆရာသင်ပေးသော ထိုအတတ်ပညာမျှသာ  တတ်သိနားလည်ပြီ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်ဖန်တီးနိုင်ခြင်းမရှိလျှင် ထိုအတတ်ပညာဖြင့် အသက်မွေးနေသော သူ၏ဘ၀သည် ဘယ်လိုနည်းနဲ့မျှ တင့်တယ်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ မိမိဘ၀တင့်တယ်စေရန် ဆရာ့ထံမှ သင်ယူထားသော နည်းပညာရပ်များကို အခြေခံကာ ဆန်းသစ်သော စိတ်ကူးစိတ်သန်းများဖြင့် ရုပ်ပုံတခု တည်ဆောက်နိုင်ဖို့ တွေးတောကြံဆ နည်းလမ်းသစ်များ ရှာဖွေကြရပြန်သည်။ ဤအဆင့်ကို “Education acquired by thinking (တွေးတောကြံစည်ခြင်းဖြင့် ရရှိအပ်သောပညာ)” ဟု ခေါ်ဆိုကြရပေမည်။ ယင်းသို့ ဆရာသင်ပေးလိုက်သည့် နည်းစနစ်များကို အခြေခံကာ မိမိ၏ ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများထည့်ပေါင်းလျှက် လက်တွေ့ကျကျ အများနှင့်မတူသည့် ရုပ်ပုံကားသစ်တခုကို ဖန်တီးပြနိုင်လိုက်ပြီဆိုလျှင် ဤအဆင့်သည် “Education acquired by experiences (အတွေ့အကြုံဖြင့် ရရှိအပ်သော ပညာ)”အဆင့် နောက်ဆုံးအဆင့်ဟု မှတ်ယူကြရပေမည်။ ဤအဆင့်ထိရောက်အောင် ပညာကို ပြုစုပျိုးထောင်နိုင်ပါမှ “Designed by ….……” စသည်ဖြင့် မိမိရဲ့တီထွင်ဖန်တီးမှုလက်ရာအပေါ်ဝယ် ဂုဏ်ယူဝံ့ကြွားနိုင်ကြပေမည်။ တနည်းအားဖြင့် ဤအဆင့်ထိရောက်အောင် ပညာကို မြှင့်တင်ပေးနိုင်ပါမှ မိမိတို့ဘ၀ တင့်တယ်လာကြမည်ဖြစ်ပေသည်။ ဤအချက်ကို ရည်ရွယ်ကာ အထက်တွင် “ဝေဖန်ရေး သဘောတရားများ၊ တီထွင်ကြံဆမှု သဘောတရားများကို ကျွန်ုပ်တို့၏ ပညာရေးတွင် ထည့်သွင်းဖော်ပြသင့်ပေသည်” ဟု မိန့်ဆိုခဲ့ကြခြင်းဖြစ်ပေသည်။ အိုင်တီနည်း ပညာ တဟုန်ထိုးထွန်းကားနေသော ယနေ့ကမ္ဘာသည် ဤအချက်ကို ကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြနေလျက်ရှိသည်။ နည်းပညာများကို အခြားသူများနဲ့မတူအောင် ဖန်တီးနိုင်လေလေ ၄င်းတိုင်းပြည်နှင့် လူမျိုးတို့၏ ဂုဏ်သတင်းမှာလည်း ပို၍ တက်လေလေဖြစ်သည်။ ဤအချက်သည်လည်း “ပညာမြင့်မှ လူမျိုးတင့်မည်”ဟူသော ဆိုရိုးစကားကို ပိုမိုပေါ်လွင်ထင်ရှားစေခဲ့သည်။ တနည်းအားဖြင့် ပညာရေးသည် ခေါင်းဆောင်ကောင်းများစွာကို မွေးထုတ်ပေးဖို့သာဖြစ်သည်။ နောက်လိုက်များစွာကို
 မွေးထုတ်ပေးဖို့မဟုတ်ဆိုသည့်အချက်ကို မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။
ကမ္ဘာသမိုင်းစာမျက်နှာများကို ပြန်လည်ငဲ့စောင်းကြည့်ပါကလည်း ဤအချက်ကို ထင်ထင်ရှားရှားတွေ့မြင်နိုင်သည်။ “၁၈၀၆ - ခုနှစ် (Jena) ယေနားမြို့ ပြင်သစ်နှင့်ပရပ်ရှန်းတွေရဲ့ စစ်ပွဲမှာ ပရပ်ရှန်းတွေ မရှုမလှ ကျဆုံးခဲ့ကြသည်။ ၄င်းကို “Disaster of Jena - ယေနား ကံဆိုးမိုးမှောင်ကျမှု” ဟု သမိုင်းတွင် ခေါ်တွင်ခဲ့ကြသည်။ ထိုအရှုံးသည် ပရပ်ရှန်းတို့၏ ဇာတိမာန်ကို ကျင်စစ်နဲ့ ထိုးလိုက်သကဲ့သို့ဖြစ်သည်။ အမျိုးသားပြန်လည် ရှင်သန်ထမြောက်ရေးအတွက် ဉာဏ်ပညာကို တခဲနက်အသုံးပြုဖို့ ပရပ်ရှန်းတို့ သန္နိဌာန်ချခဲ့ကြသည်။ ပညာရေးကို တဦးတစ်ယောက်၊ တစ်မိသားစု ကိစ္စကဲ့သို့ သဘောမထားတော့ဘဲ အမျိုးသားရေးအဖြစ် သတ်မှတ်၍ အကောင်ထည်ဖော်ခဲ့ကြသည်။ နောက်တကြိမ် တတိယမြောက် ပြင်သစ်ဘုရင် နပိုလီယံလက်ထက် ဆီဒန် (Sedan) မြို့မှာ စစ်ဖြစ်တဲ့အခါမှာတော့ပြင်သစ်တို့ မရှုမလှ အရှုံးပေးခဲ့ကြရသည်။ ဤအောင်ပွဲကို “Victory of Prussian Schoolmasters - ပရပ်ရှန်းကျောင်းဆရာတွေရဲ့အောင်ပွဲ”လို့ ခေါ်ဆိုခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပညာရေးစနစ်ကို ပြင်လိုက်သောအခါ ပြည်သူများ စည်းကမ်းကောင်းလာခြင်း၊ ဉာဏ်ပညာထက်မြက်လာခြင်း၊ တာဝန်သိတတ်လာခြင်း၊ တယောက်နဲ့တယောက် စည်းရုံးလာခြင်းတို့ကြောင့် ဖြစ်သည်။[10]
            သမိုင်းထဲက နောက်ထပ် ထင်ရှားတဲ့ သာဓကတခုကမှာ ဂျပန်နိုင်ငံဖြစ်သည်။ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ရုရှားကို ပထမဆုံး အနိုင်တိုက်နိုင်သည့် အာရှနိုင်ငံမှာ ဂျပန်နိုင်ငံဟု ကျွန်ုပ်တို့ ဆိုနိုင်သည်။ အနိုင်ရလိုက်သည့် အဓိကအကြောင်းရင်းမှာ “Massive Investment in Education - ပညာရေး၌ တခဲနက် ရင်းနှီးမြုပ်နှံမှု”ကြောင့်ဟု သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ဤအချက်နဲ့စပ်လျဉ်း၍ ဂျပန်ပညာရေးဝန်ကြီး “ကိုရှီဝါ”ရဲ့ စကားတခွန်းဟာ မှတ်သားဖွယ်ရာကောင်းလှသည်။ “ပြည်သူတို့၏ အသက်မွေးဝမ်းကြောင်းပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့သည် လူမျိုးချမ်းသာရေးနှင့် တောင့်တင်းခိုင်မာရေးတို့အတွက် အလွယ်တကူ လူနားမလည်နိုင်သော အရင်းအနှီးမြုပ်နှံမှုဖြစ်သည်။ ယင်းပညာဗဟုသုတနှင့် ကျွမ်းကျင်မှုများကို ထောက်ကူအားပေးခြင်းသည် ကြည်းတပ်မတော်နှင့် ရေတပ်မတော်သားများကို ပျိုးထောင်ခြင်းကဲ့သို့ပင် နိုင်ငံ၏ လွတ်လပ်ရေးအတွက် ခံကတုပ်တည်ဆောက်ခြင်း မည်ပေသည်”ဟုဆိုသည်။[11]
            အထက်ပါ ကမ္ဘာ့သမိုင်းသာဓကဖြစ်ရပ်နှစ်ခုကိုကြည့်လျှင် လူမျိုးတင့်ဖို့အတွက် ပညာရေးကို အဓိကမြှင့်တင်ပေးရမည် ဆိုသည့်အချက်သည် လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ထင်ရှားလှပေသည်။ သို့သော် သတိပြုကြရမည့်မှာ “အတတ်ကျူး ဘီလူး” ဆိုသည့်အချက်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ၁၉၄၀ - ခု နှစ်လောက်တွင် တကမ္ဘာလုံးနှင့် စစ်ဖြစ်ပြီး ရှုံးတဲ့အတွက်ကြောင့် ၁၉၄၅ - ခုနှစ်မှာ လက်နက်ချခဲ့ရသည်။ တိုင်းပြည်လည်း ပြာပုံဘ၀ရောက်သွားခဲ့သည်။ စာသင်စရာကျောင်းတောင် မကျန်သည့်ဘ၀ကို ရောက် သွားကြသည်။ သို့သော် ကျန်ရှိနေတဲ့ ဆရာကျောင်းသားတွေနဲ့ တိုင်းပြည်ကို ၁၉၄၇ - ခုမှာ ပြန်လည်ထူ ထောင်ကြပြန်ရာ ၁၉၅၀ - ခုနစ်နောက်ပိုင်းတွင် ကမ္ဘာ့စက်မှုထွန်းကားတဲ့ နိုင်ငံအဖြစ် ပြန်လည်ဦးမော့လာ သည်။ ယင်းသို့ ဆင့်ကဲဆင့်ကဲ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလာခဲ့ကြရာ ဂျပန်နိုင်ငံသည် ယနေ့ထိတိုင် ကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံဖြစ်အဖြစ် ကမ္ဘာ့အလည်ဝယ် တင့်တယ်စွာ ရပ်တည်နိုင်ကြပေသည်။ သို့ဆိုလျှင် ကမ္ဘာ့သမိုင်းဖြစ်ရပ်ကို ပြန်လည်ဖတ်ကြည့်မည်ဆိုလျင်လဲ ပညာရေးဖြင့်သာ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ကြသည်ကို တွေ့ရှိရပေသည်။
ဤနေရာ၌ သတိပြုရမည့်အချက်မှာ “အတတ်ကျူး ဘီးလူး”ဆိုသည့် အချက်ဖြစ်သည်။ ဂျပန်နိုင်ငံ သည် ပညာရေးကို တခဲနက်ရင်းနှီးမြုပ်နှံခဲ့သော်လည်း ကိုယ်ကျင့်စာရိတ္တပိုင်းကို အလေးထား သင်ကြား ပေးခြင်းမရှိခဲ့သဖြင့် သူတပါးတိုင်းပြည်အပေါ် ကျူးကျော်စော်ကားရန်စရာမှ ဂျပန်နိုင်ငံ ပြာပုံဘ၀သို့  ရောက်ခဲ့ရခြင်းဖြစ်သည်။ သို့ဆိုလျှင် ပညာရေး၌ ကိုယ်ကျင့်စာရိတ္တအခန်းကဏ္ဍကို မေ့ပစ်ထား၍ မဖြစ်ပေ။ ပညာသင်သည်ဆိုရာဝယ် အသိဖွံ့ဖြိုးအောင်၊ ကျွမ်းကျင်တတ်မြောက်အောင် သင်ပေးရုံဖြင့် မလုံလောက် စိတ်ဓာတ်နှင့်စာရိတ္တပိုင်းဆိုင်ရာမှာလဲ ဖွံ့ဖြိုးတိုးတက်အောင်၊ ကောင်းမြတ်တဲ့စိတ်ထားတွေ၊ ကောင်းမြတ်တဲ့ သဘောထားတွေ၊ ကောင်းမြတ်တဲ့ စာရိတ္တတွေဖြစ်ပေါ်လာအောင် သင်ကြားကြရပေမည်။ယင်းအချက်ကို သတိပြုမိစေရန် Educate ပုဒ်ကိုဖွင့်ဆိုရာတွင်“give moral instruction to - ကိုယ့်ကျင့် တရားပိုင်းဆိုင်ရာများကို သင်ကြားပေးခြင်း[12]ဟု ထည့်သွင်းဖွင့်ထားသည်ကို တွေ့ရသည်။
မှန်ပါသည်။ ကိုယ်ကျင့်တရားနှင့် အသိပညာဆိုသည်မှာ တသီးတခြား ခွဲထား၍မရသောအရာဖြစ်သည်။[13]ပညာတတ်ပြီး ကိုယ်ကျင့်တရား ပျက်စီးနေလျင် ထိုသူ့ဘ၀ လောကအလယ်ဝယ် မတင့်တယ်နိုင်ချေ။ တဖန် ကိုယ်ကျင့်တရားကောင်းပြီး ပညာမတတ်ပြန်လျှင် လူ့လောက၀ယ် ဘယ်နေရာမှ အသုံးချမရသဖြင့် သုံးမရသူဖြစ်ခါ ထိုသူ့ဘ၀လည်း တင့်တယ်မည်မဟုတ်။ တနည်းအားဖြင့် လူတစ် ယောက် (သို့) နိုင်ငံတနိုင်ငံ၏ တန်ဖိုးကို အသိပညာနှင့် ကိုယ်ကျင့်တရားဖြင့်သာ တိုင်းတာကြရပေသည်။ ဥပမာ - မြောက်ကိုရီးယား၊ တရုတ်၊ အီရန်ကဲ့သို့သော နိုင်ငံများသည် အခြားသော နိုင်ငံများထက် နည်းပညာပိုင်းတွင် သာလွန်ထက်မြက်သော်လည်း နိုင်ငံတစ်နိုင်ငံတွင် ရှိသင့်သော ကျင့်ဝတ္တရားများ အားနည်းနေခြင်းကြောင့် ၄င်းတို့၏ ဂုဏ်သိက္ခာသည် တောက်ပြောင်သင့်သလောက် မတောက်ပြောင်ဘဲ နိုင်ငံတကာတွင် မှေးမှိန်နေသည်ကို တွေ့ရသည်။ သို့ဆိုလျှင် အသိပညာနှင့် ကိုယ့်ကျင့်တရားမျှတပါမှ ပြည့်စုံသည့်လောကတခုကို တည်ဆောက်နိုင်ပေလိမ့်မည်။ တချိန်က ကမ္ဘာ့ကုလသမဂ္ဂတွင် အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့ဘူးသော ဦးသန့်ကလဲ Science နှင့်Technology တွေထွန်းကားသော်လည်း တနိုင်ငံနှင့်တနိုင်ငံ ရန်စောင်နေကြသော ကမ္ဘာကြီးကို စကားတခွန်းလက်ဆောင်ပေးခဲ့သည်။ ထိုစကားတခွန်းမှာ “If you want to establish peace of the world, you must try to establish age of the spiritual renaissance - ငြိမ်းချမ်းသောမ္ဘာကိုတည်ဆောက်လိုလျှင် နှလုံးသားယဉ်ကျေးပြီး ကိုယ်ကျင့် တရားကောင်းတဲ့ ခေတ်တခေတ်ကို ပြန်လည်ထူထောင်ကြရမည်”ဟူ၍ဖြစ်သည်။[14]ဤသည်မှာ နည်းပညာ ထွန်းကားသော်လည်း  ကိုယ်ကျင့်တရားအားနည်းကာ တဘက်စောင်းနင်းဖြစ်နေသော ကမ္ဘာကို နည်းပညာ တခုတည်းဖြင့် မလုံလောက် ကိုယ်ကျင့်တရားပါ ပူးတွဲတည်ဆောက်ကြမည်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။  သို့ဖြစ်၍ “ပညာမြင့်မှ လူမျိုးတင့်မည်”ဆိုရာဝယ် ကိုယ်ကျင့်တရားပေါ် အခြေခံတည်ဆောက်ထားသော ပညာဖြင့်မြှင့်ပါမှ မိမိလူမျိုး၊ မိမိတိုင်းပြည်၊ မိမိတို့နေထိုင်သော ကမ္ဘာသည် အမှန်တကယ် တင့်တယ် လာမည်ဟု မှတ်ယူကြရပေမည်။
Age of the spiritual renaissance - နှလုံးသားယဉ်ကျေးမှု ပြန်လည်နိုးလာမယ့်ခေတ်”ဟု ဆိုလိုက်သောအခါ တချိန်က နှလုံးသားယဉ်ကျေးမှုအားကောင်းအောင် သင်ကြားပေးခဲ့ကြတဲ့ ဘ.ကကျောင်း များဦးစီးတဲ့ ပညာရေးစနစ်ကို ပြန်လည်သတိရမိသည်။ မြန်မာနိုင်ငံပညာရေးသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်
ဆိုလျှင် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်ခဲ့တဲ့ ဘ.က ပညာရေးခေတ်ကို မျက်ကွယ်ပြု၍ မရပေ။ မြန်မာနိုင်ငံနောက်ဆုံးမင်းဆက် သီပေါမင်းမှစ နောက်ပြန်ရေတွက်ကြည့်မည်ဆိုလျှင် မြန်မာပြည်ခေတ်အဆက်ဆက်အုပ်စိုးခဲ့သော မင်းအဆက်ဆက်သည် အများအားဖြင့် ဘုန်းကြီး ကျောင်းထွက်များဟု အကြမ်းဖျင်းမှတ်ယူနိုင်ပေသည်။ ဘုန်းတော်ကြီးများသည် ဗုဒ္ဓသားတော်များပီပီ Material Life (ရုပ်လောက) တိုးတက်ရေထက် Spiritual Life (နာမ်လောက) တိုးတက်ရေးကို အလေးထား သင်ကြားပေးသော ပညာရေးခေတ်ကို တည်ထောင်ခဲ့ကြသည်။ သို့ဖြစ်၍ ဘ.ကပညာရေး အားကောင်းသောခေတ်တွင် စိတ်ပိုင်းဆိုင်ရာ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြီး ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်မှု အားနည်းသည်ကို တွေ့ကြရသည်။ ထိုအခါ ရုပ်ဝါဒီတို့သည် တိုင်းပြည်မဖွင့်ဖြိုး မတိုးတက်ရခြင်းမှာ ဘ.က ပညာရေးစနစ်ကြောင့် ဟုဆိုကာ ပညာရေး၊ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားဖို့ (တနည်း) ပညာရေးနှင့် နိုင်ငံရေးရာတွေမှာ ဘာသာရေးလွှမ်းမိုးမှု မရှိစေဖို့ (Secularization) ကြိုးပမ်းလာခဲ့ကြပေသည်။ ထိုအချိန်ခါမှစ၍ ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်ဖွံ့ဖြိုးလာသလောက် စိတ်ပိုင်းဆိုင်ရာတွင် တဖြေးဖြေး ဆုတ်ယုတ်လာပေတော့သည်။ စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ်လာတာနဲ့အမျှ လူမျိုးတစုနှင့်တစု၊ နိုင်ငံ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကိုးကွယ်သည့် ဘာသာ တခုနှင့် တခုအကြား ပဋိပက္ခများ တိုး၍တိုး၍ ပွါးလာနေပေတော့သည်။
ဤနေရာ၌ သတိပြုရမည်မှာ အယူဆတစ်ခုသည် အစွန်းရောက်သွားလျှင် အကျိုးမဲ့ကို ဖြစ်စေတတ် သည်ဟူသော အချက်ပင်ဖြစ်သည်။ တချိန်က ဘ.က ပညာရေးစနစ်မှာ အားနည်းချက်များရှိသဖြင့် ထိုစနစ်ကို ကျောခိုင်းခဲ့ကြသည်။ သို့သော် ယနေ့မျက်မှောက်ခေတ် ပညာရေးစနစ်မှာကော ပြီးပြည့်စုံပါပြီလောဟု မေးလျှင် “ဟင့်အင်”လို့သာ ဖြေရပေမည်။ သို့ဆိုလျှင် ကျွန်ုပ်တို့ နောက်တစ်ကြိမ် ဤပညာရေးစနစ်ကို ကျောခိုင်း ကြပါအုံးမည်လော။ ဘ.က ပညာရေးစနစ်သည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အားနည်းခဲ့သဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်မတန်းနိုင်ဟု ဆိုနိုင်သော်ငြားလည်း ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာမှာ ချမ်းသာသေးသဖြင့် ဂုဏ်သိက္ခာ လုံးဝမဲ့တဲ့အနေထားမျိုးသို့ မရောက်ခဲ့ချေ။ သို့သော် ယနေ့ခေတ် ပညာရေး စနစ်သည်ကား ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကို အထောက်အကူပြုသည် မှန်သော်ငြားလည်း ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာတွင် လုံးဝမျက်ကွယ်ပြုထားခြင်းကြောင့် အကျင့်ပျက်ချစားခြင်းတို့ကိုဖြစ်စေကာ နိုင်ငံတကာအလယ် ဂုဏ်သိက္ခာ လုံးဝမဲ့သည့်အနေထားသို့  ရောက်ရှိနေရပေသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကျင့်တရားသည် လူဆင်းရဲတို့၏ အရင်းနှီးဖြစ်၍ ကိုယ်ကျင့်တရား မရှိသောသူသည် အရင်းနှီးမရှိသည့် သူဆင်းရဲဖြစ်သွားသောကြောင့်ဖြစ်သည်။[15] တနည်းအားဖြင့် ကိုယ်ကျင့်တရားကောင်းသူသည် အခြားသူများအပေါ်ဝယ် သြဇာအာဏာလွှမ်းမိုးနိုင်၍ ကိုယ့်ကျင့်တရားပျက်သူမှာ သူတပါး၏ သြဇာအာဏာလွှမ်းမိုးခြင်းကို ခံရတတ်သောကြောင့်ဖြစ်သည်။[16]သို့ဆိုလျှင် စနစ်တိုင်းသည် အားနည်းချက် ကိုယ်စီရှိတတ်သဖြင့် ထိုအားနည်းချက် ကိုသာလျှင် ပြုပြင်ခြင်းဖြင့် စနစ်တခုကို ပိုမိုကောင်းမွန်အောင် တည်ဆောက်သင့်သည်။ ကောက်ချက်တလွဲ ချပြီး လုံးဝ ပစ်ပယ်ခြင်းကိုမျိုး မလုပ်သင့်ဟု မှတ်ယူကြရပေမည်။
ဤကမ္ဘာပေါ်ရှိ လူမျိုးတစ်မျိုးနှင့်တမျိုး၊ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ ယှဉ်ကျေးမှု တခုနှင့်တခု၊ ဘာသာစကား တမျိုးနှင့်တမျိုး၊ ကိုးကွယ်သည့် ဘာသာတခုနှင့်တခုစသည့် အရာအားလုံးတို့သည် အပြန်လှန်မှီတည်နေကြရပေသည်။ သို့ဖြစ်၍ Secularization ဟူသောစကားလုံးကို နိုင်ငံရေးခေါင်းဆောင်များ တွင်တွင်သုံးနေကြခြင်းမှာ သံသယဖြစ်ဖွယ်၊ စောဒကတက်ဖွယ်ရာ များစွာရှိပေသည်။  တချိန်က အစည်းဝေးပွဲတခုတွင် “လောကီရှိမှ လောကုတ္တရာဆိုတာ ရှိနိုင်သည်။ လောကုတ္တရာရှိမှလည်း လောကီဆိုတာရှိနိုင်သည်။ အရှင်သူမြတ်များဘုရား….အရှင်ဘုရားတို့သည် အလွန်ထူးကဲသော ဗုဒ္ဓသာသနာတော်ဝန်ထမ်း ရဟန်းမြတ်များ ဖြစ်တော်မူကြပါသည်။ အရှင်ဘုရားတို့က သာသနာတော်ရောင် ထွန်းပြောင်အောင် အားထုတ်တော်မူကြပါ။ ကမ္ဘာလောကကြီးကို သာသနာရောင်အလင်းပေးတော်မူကြပါ။ သို့မှသာလျှင် ကမ္ဘာသူကမ္ဘာသားတို့ မေတ္တာပွားများ၍ သမစိတ္တနှင့် ညီအရင်းအကို မောင်ရင်းနှစ်မကဲ့သို့ နေနိုင် ကြပါလိမ့်မည်။ ဤကဲ့သို့ ဆောင်ရွက်မှုသည် သာသနာဖက်ကသာကြည့်၍ မြင့်မြတ်သည် မဟုတ်ပါ။ တပည့်တော်တို့၏ နိုင်ငံနှင့်လူမျိုးအတွက် အမြင့်မြတ်ဆုံးသော နိုင်ငံရေးကို ဆောင်ရွက်ရာလည်း ရောက်ပါသည်ဘုရား။” ဟု ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ဘူးသည်။
သို့ဖြစ်၍ ယနေ့ခေတ် ဖွံ့ဖြိုးသော ဒီမိုကရေစီတိုင်းပြည်များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သော Secularization ဟူသောစကားလုံးကို သံသယဖြင့်သာ လက်ခံကြရပေမည်။ ယနေ့ခေတ် နိုင်ငံရေးရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ကမ္ဘာ့ထိပ်သီးခေါင်းဆောင်များမှာ ဘာသာတရား၏ လွှမ်းမိုးမှု ကင်းကင်းဖြင့် ဆုံးဖြတ်နိုင်ခြင်း ရှိမရှိ သတိထား စောင့်ကြည့်လျှင် ဤအချက်ကို မြင်နိုင်ကြပေမည်။ တကယ်တော့ အသုံးချတတ်မည်ဆိုလျှင် အဆိပ်သည်ပင် ဆေးဘက်ဝင်နိုင်ပြီး အသုံးမချတတ်လျှင် ဆေးသည်ပင် အဆိပ်ဖြစ်သွားတတ်သည်။ သို့ဆိုလျှင် ပညာရေးနှင့်နိုင်ငံရေးရာကိစ္စများတွင် ဘာသာတရား ၏လွှမ်းမိုးလာမှုကို ခါးခါးသီးသီး ငြင်းစရာဟု မမြင်သင့်ပေ။ ၄င်းကို အကျိုးဖြစ်ထွန်းလာအောင် မည်သို့မည်ပုံ အသုံးချမလဲ ဆိုသည့်အပိုင်းကိုသာ အစွန်းမရောက်စေဘဲ အလေးထား စဉ်းစားကြရန်သာရှိသည်။
ကျောင်းသားလူငယ်များအား spiritual renaissance ဖြစ်လာစေရန် သင်ကြားပေးသည်ဆိုရာဝယ် သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက သက်ဆိုင်ရာ ဘာသာဝင်တို့အား ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ် သင်ကြားပေးလာခဲ့ကြသည်မှာ သမိုင်းဦးကာလကတည်းကလို့ပင် ဆိုရမည်ဖြစ်သည်။ သို့သော်လည်း နေရာအနှံ့အပြား ဘာသာရေးပဋိပက္ခများဖြစ်ပွါးနေသည်ကို ထောက်ဆခြင်းအားဖြင့် ထိုသင်ကြားနည်း စနစ် သည် အတိုင်းတာတခုထိ လောကလူသားတို့အပေါ် ကျေးဇူးပြုသည်ဆိုရုံကလွဲလို့ ကျေနပ်လောက်သည့် အနေထားမျိုးသို့ ရောက်မလာခဲ့ပေ။ အကြောင်းမှာ ဘာသာရေးခေါင်းဆောင်များ၏ အမြင်ကျဉ်းမှု၊ သဘော ထားသေးသိမ်မှု၊ ကိုယ့်ဘာသာကိုသာ ယုံကြည်လက်ခံလာစေရန် တဘက်သတ် ဟောပြောခြင်းဖြင့် အသိဉာဏ်နည်းကြသည့် ဘာသာဝင်တို့အား အရောင်ဆိုးမှု စသည်တို့ကြောင့်ဖြစ်သည်။ သို့ဆိုလျှင် မိမိနိုင်ငံရှိ မည်သည့်ဘာသာဝင်မဆို လက်ခံကျင့်သုံးနိုင်မည့် Ethic Laws ကို သတ်မှတ်ပြဌာန်းကာ နိုင်ငံ သူ၊ နိုင်ငံသားများအား စာသင်ကျောင်းများ၌ သင်ကြားလေ့ကျင့်ပေးခြင်းအားဖြင့် “နှလုံးသားယဉ်ကျေးတဲ့ခေတ်တခေတ်ကို - Age of spiritual renaissance” ကို ပြန်လည်ထူထောင် နိုင်ကြလိမ့်မည်ဟု ယုံကြည်မိသည်။ ဘာသာမရွေး လက်ခံနိုင်သည့် Ethic Laws ဆိုသည်မှာ Natural Law (သဘာဝဥပဒေ) မျိုးကို ဆိုလိုသည်။ Man-made Law (လူလုပ်တဲ့ ဥပဒေမျိုး) မျိုးကို မဆိုလို။ အဘယ်ကြောင့်ဆိုသော် အကယ်၍ Man-made Laws များကို အဓိကထားသင်ကြားပေးမည်ဆိုလျှင် သူ့ဘုရားဟောတဲ့ဥပဒေ၊ ကိုယ့်ဘုရားဟောတဲ့ဥပဒေ စသည်ဖြင့် ဘုရားအစွဲဖြင့် အလွယ်တကူ လက်ခံနိုင်ကြမည်မဟုတ်သောကြောင့်ဖြစ်သည်။ ဤသို့ ဓမ္မဓိဋ္ဌာန်ကျကျ လူ့ကျင့်ဝတ်ဥပဒေသတခုကို ကျောင်းသားလူငယ်များရဲ့ ပညာရေးစနစ်ထဲ ထည့်သွင်းသင်ကြား ပေးနိုင်မည်ဆိုလျှင် ကိုယ့်ကျင့်တရားနှင့် အသိပညာ ဟန်ချက်ညီစွာဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၏ ဂုဏ်သိက္ခာသည် ကမ္ဘာ့အလည်ဝယ် စစ်မှန်စွာ တင့်တယ်လာမည်ဟု အခိုင်အမာ ယုံကြည်မိပေသည်။     
ဒေါက်တာအရှင်အစ္ဆရိယ(သီတဂူ)                              21. Aug. 2012                                                                     



1.        ဒေါက်တာဓမ္မပီယ “ပညာမြင့်မှ လူမျိုးတင့်မည်” မိုးမခဆောင်းပါး
2.        သီလပညာဏဉ္စ လောကသ္မိံ အဂ္ဂမက္ခာယတိ။ (ဒီ၊၁၊၁၁၆။)
3.        တိပိဋကပါဠိအဘိဓာန် ပညာအဖွင့်
4.        Oxford Concise Dictionary, 11th Edition
6.        စင်္ကာပူစာပေဟောပြောပွဲ ၊ ၂၀၁၁ - ခု
7.        ကျောက်ပန်းတောင်း စာပေဟောပြောပွဲ၊ ၂၀၁၁ - ခု
8.        စောနေလတ် ၊ ဆောင်းပါးပေါင်းချုပ် အတွဲ - ၂
9.        Excerption from International Chinese English Contest, Contestant No. 18
10.     သုတာမယပညာ၊ စိန္တာမယပညာ၊ ဘာဝနာမယပညာ
11.     ပညာရဲ့သဘော ၊ တက္ကသိုလ်ဘုန်းနိုင်
12.     Ibid
13.     Oxford Concise Dictionary, 11th Edition
14.     ယတ္ထသီလံတတ္ထပညာ, ယတ္ထပညာတတ္ထသီလ၊ (ဒီ၊၁၊၁၁၄။)
15.     The Views of United Nation, Journal
16.     Character is poor man’s capital. Pushing to the front, Volume – 1, p, 272
17.     Character is power. Ibid p, 269
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...