နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ
မေတ္တာကို ဘယ်လိုတိုင်းတာလဲ
ချစ်တာကကော ဘယ်လိုတိုင်းတာလဲ
ကရုဏာကော
ဘယ်လိုတိုင်းတာလဲ
မိမိအပေါ် ကောင်းနေတာကို မေတ္တာလို့ ယူဆမလား
မိမိအပေါ်ကောင်းနေတာကို ချစ်တာလို့ ယူဆမလား
မိမိအပေါ် ကောင်းနေတာကို ကရုဏာလို့ ယူဆမလား
မိမိအပေါ် ကောင်းနေတာကို မုဒိတာလို့ ယူဆမလား
ဒါပေမယ့်
မကောင်းတာကိုကော
သင်တို့ ဘယ်လိုယူဆပါလဲ
နောက်တစ်ခုအနေနဲ့
လစ်လျှူရှုတာ(ဥပေက္ခာ)ကို
သင်တို့ ဘယ်လိုယူဆပါသလဲ
အားလုံးကို ခြုံပြီးကော
သင်တို့ ဘယ်လိုယူဆပါသလဲ
တစ်ခုလောက် မှာပါရစေ......
အားလုံးကို အချိုးညီစွာ ကျင့်သုံးကြပါလို့
မှာပါရစေ.....
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ။ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ အဖွဲ့ကြီး၏ ပြည်ပသြ၀ါဒါစရိယဆရာတော် Ph.D, D. Litt ဒေါက်တာအရှင်ဉာဏိဿရ ၏ သြ၀ါဒကထာ
ယနေ့အိန္ဒိယလာပြီး ပညာသင်ကြာနေကြတဲ့ရဟန်းတော်များအနေနဲ့ ကိုယ်ရတဲ့ဘွဲ့ဒီဂရီတွေနဲ့ ထိုက်တန်တဲ့ အရည်အသွေးရှိဖို့ကို ပြောချင်တာပါပဲ။ မြတ်စွာဘုရား ဧတဒဂ်ဘွဲ့တွေပေးအပ်ခဲ့တာဟာ ဘွဲ့ရတဲ့ပုဂ္ဂိုလ်တွေရဲ့ စွမ်းရည်သတ္တိနဲ့လျော်ကန်တဲ့ ဘွဲ့တွေကိုပေးတာ။ ရသင့်တဲ့ပုဂ္ဂိုလ်တွေကိုပေးတာ ဒီတော့ ပုဂ္ဂိုလ်နဲ့ဌာန ညီညွတ်တာတွေ့ရတယ်။ လူမှန်နေရာမှန် သုံးသည့်အတွက်ကြောင့် လုပ်ငန်းဟာအောင်မြင်တယ်။ လုပ်ငန်းကြီးတွေ လုပ်တဲ့နေရာမှာ လူမှန်နေရာမှန်ရှိဖို့ သိပ်အရေးကြီးတယ်။
 ယနေ့ ဗုဒ္ဓဂယာလို့ခေါ်တဲ့ ဘုရားနယ်မြေ Holy Land ပေါ့။ ဘုရားလေးဆူပွင့်ပြီးပြီ။ ဗောဓိပင်လေးပင်  ပေါက်တဲ့အပြင် ကမ္ဘာမှာအမြတ်ဆုံး၊ ကမ္ဘာဦးခေါင်းနယ်မြေမှာ နေကြတဲ့အရှင်မြတ်တို့က ကမ္ဘာ့သောတုဇန သံဃာတော်တွေဖြစ်ကြသလို ကမ္ဘာ့အဆင့်မှီ ပညာရပ်တွေကို သင်နေကြရသူတွေလည်းဖြစ်ကြတယ်။ ကမ္ဘာ့အဆင့်မှီတဲ့ အရည်အချင်းများနဲ့ ပြည့်စုံကြပါစေ။ ဘွဲ့တံဆိပ်တွေလည်း ရကြပါစေ။ ယနေ့မြန်မာနိုင်ငံမှာ သံဃာတော်အပါးလေးသိန်းကျော်ရှိမယ်ထင်တယ်။
ဒီအထဲမှာ ပညာအရည်အချင်းရှိတဲ့သူတွေဘယ်လောက် ရှိသလဲ။ အရည်အချင်းရှိသော်လည်း မယ်မယ်ရရအလုပ်လုပ်သူတွေ ဘယ်လောက်ရှိသလဲ အာလုံးသိကြတယ်။ အရည်အချင်းဘယ်လောက်ရှိရှိ ဘွဲ့တံဆိပ် ဘယ်လောက်ရရ အလုပ်မလုပ်ရင် မှတ်တမ်းမှတ်ရာ မထင်နိုင်ဘူး။ ဒါကြောင့် အလုပ်လုပ်နိုင်အောင် ကြိုးစားကြပါ။ အလုပ် လုပ်ဖြစ်အောင်လည်း လုပ်ကြပါ။
"မောဃံ သရဋ္ဌပိဏ္ဍံ ဘုဉ္ဇတိ" မဖြစ်အောင်လုပ်ကြ။ ကိုယ့်တိုင်းသူပြည်သားတွေကျွေး တဲ့ ထမင်းကိုစားတာ ဟာ အချည်းနှီး စားရာမရောက်အောင် အလုပ်လုပ်ကြ။
 တိုင်းပြည်နဲ့သာသနာတော်အတွက် ကျန်ရစ်အောင်ငါ ဘာလုပ်မလဲ။ ဒါစဉ်းစားရမယ်။ တိုင်းပြည်နဲ့သာသနာအတွက် ကျန်ရစ်အောင်လုပ်ဖို့လိုသလို ကိုယ့်ဘ၀သံသရာ အတွက်လည်း အထုပ်အထည်အဖြစ်နဲ့ ယူသွားနိုင်ဖို့လိုတယ်။ ဘာမှလည်း ယူမသွားနိုင်ဘူး ဘာမှလည်းမကျန် ရစ်ဘူးဆိုရင် ခုနကပြောခဲ့တဲ့ "မောဃံ သရဋ္ဌပိဏ္ဍံ ဘဉ္ဇတိ" ထဲပါသွားမယ်။
ခေတ်တစ်ခေတ်မှာ တစ်နေရာမှာတော့ ရင်ကော့ပြီးလျှောက်လှမ်းနိုင်အောင် ထူထောင်ကြ ဒီလိုလုပ်ရ တာဟာ သိပ်လွယ်တာတော့မဟုတ်ဘူး။ ဒို့ ၁၉၇၃-ခု၊ အသက် ၂၅ နှစ်မှာ ဓမ္မာစရိယအောင်တော့ အင်္ဂလိပ်စာ သင်ဖို့ ကြိုးစားတယ်။ ဓမ္မာစရိယတန်းတက်တုန်းက ရဟန်းဒကာက တစ်လ(၃၀)ကျပ်ထောက်ပံ့တယ်။ မိုးရွာလို့ ဆွမ်းခံမသွားနိုင်ရင် (၁၉)လမ်း မုံရွာမနော်ထမင်းဆိုင်မှာ စားတယ်။ ထမင်းအ၀စားမှ နှစ်ကျပ်ခွဲကျတယ်။ ဒါဟို ခေတ်ကဈေးပါ။ အင်္ဂလိပ်စာသင်မယ်လုပ်တာ။ ဒီဦးဇင်းလူထွက်မှာပဲဆိုပြီး ထောက်ပံ့ကြေးကိုဖြတ်လိုက်တယ်။ ဒို့ကလည်း ကိုယ်လုပ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်တယ်။ ဒီတော့ လိုရမယ်ရစုထားတဲ့ သင်္ကန်းလေးတွေကို တဖြည်းဖြည်းချင်းရောင်းပြီး ကျောင်းစရိတ်ပေးရတယ်။ ဒီလိုပဲ ကြိုးစားခဲ့ရတာ။ ဒီအခြေအနေကို ရောက်အောင် လျှောက်ခဲ့ရတဲ့ခရီးဟာ ပင်ပန်းခကခဲခဲ့တယ်။
 ၁၉၆၃-ခုနှစ်၊ ကမ္ဘာအေးမှာ သာသနာသန့်ရှင်းရေးလုပ်တယ်။ အဲဒီအချိန်မှာ ဒို့ကရေကူးသံဃာ့တက္ကသိုလ်မှာ တက်နေဆဲ၊ အဲဒီနောက် တက္ကသိုလ်အက်ဥပဒေတွေ ဖျက်သိမ်း တော့ သံဃတက္ကသိုလ်လည်း ပျက်တာပေါ့။ အဲဒီမှာ နှစ်နှစ်လောက်ပညာသင်ခဲ့တယ်။ ဘာတွေသင်တာလည်းဆိုတော့ သင်္ချာ၊ ဟိန္ဒီ၊ အင်္ဂလိပ်၊ သက္ကဋ ထိသင်ရတယ်။ တစ်နှစ်မှာ ဇောတိကာရုံဆရာ တော်ကြီး ကမ္ဘာအေးကြွလာတော့ တရိုတသေ သွားနုတ်ဆက်တယ်။ ဆရာတော်ကြီးက မင်းဒီမှာဘာလုပ်နေ တာလဲမေးတော့ တပည့်တော်သံဃာ့တက္ကသိုလ်မှာ စာသင်နေပါတယ်ဘုရားလို့လျှောက်တယ်။ ဒီးတော့ ဆရာ တော်က "ဟာ..ဒါတိရစ္ဆာနကထာတွေ သင်နေတာဟ" လို့မိန့်ပါတယ်။ ဒါတွေက ငါတို့အသက်လေးဆယ်လောက် အချိန်မှာ ဆိုပါတော့။
 အဲဒီတုန်းက သာသနာ့ထိပ်တန်းဆရာတော်ကြီးတွေက အင်္ဂလိပ်စာကို တိရစ္ဆာနကထာလို့ပြောကြ တယ်။ ယနေ့နှစ်လေးဆယ်ခရီးမှာတော့ တိရစ္ဆာနကထာလို့ ဘယ်သူမှမပြောတော့ဘူး။ မသင်ရင်မဖြစ် မတတ်ရင်မဖြစ်ဘူး ဆိုတာကို ယနေ့မြန်မာပြည်ကဆရာတော်ကြီးတွေ နားလည်နေကြပြီ။ သံဃာတော်တွေ လေးငါးရာရှိတဲ့ စာသင်တိုက်ကြီးတွေမှာတောင် အင်္ဂလိပ်စာသင်နေကြပြီ။ အစိုးရပထမပြန်တန်း စာမေးပွဲတွေမှာ  လည်း အင်္ဂလိပ်စာထည့်သွင်းဖို့ ဆုံးဖြတ်ချက်ချပြီးကြပြီ။ ဒီနေ့ကမ္ဘာမှာ အင်္ဂလိပ်စာဟာ မဖြစ်မနေသင်ရမယ့် ဘာသာစကားတစ်ရပ်ဆိုတာ အားလုံး သဘောပေါက်နေကြပြီ။
မြန်မာနိုင်ငံက ရဟန်းတော်တွေ နိုင်ငံတကာစင်မြင့်ပေါ် တက်နိုင်ဖို့ဆိုတာ အင်္ဂလိပ်စာတတ်ဘို့လို တယ်။ ပိဋကတ်တော်တွေကို အင်္ဂလိပ်လိုပြောဖို့ဆိုရင်လည်း ပိဋကတ်တတ်ဖို့လည်းလိုတယ်။ စွယ်စုံတတ် ရမယ်။ ဒါမှလည်း နိုင်ငံတကာစင်မြင့်ပေါ် ရင်ကော့ပြီးတော့ တက်နိုင်မယ်။ ဒို့က နိုင်ငံတကာစင်မြင့်ပေါ်မှာ တက်တာတာများလှပြီ။ ဦးဇင်းတို့ကို တိုက်တွန်းလိုတာက ကွာလီဖိုင်းဖြစ်ရန် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါ တယ်။ နောက်များများလေ့ကျင့်ကြ။ နိုင်ငံတကာစင်မြင့်မှာ Leader မဟုတ်တောင် Speaker ဖြစ်အောင်သင်ယူကြ။ Leader ဖြစ်ရင်တော့ပိုကောင်းတာပေါ့။
ရဟန်းတော်တွေအနေနဲ့ ပိဋကတ်တော်က လေးနက်တဲ့ ကျမ်းကြီး ကျမ်းခိုင်တွေကို ပိုင်နိုင်အောင် လုပ်ထားကြ။ လေးနက်တဲ့အတွေးတွေနဲ့ လေ့လာထားရင် ပညာရှိကြီးတွေကြား မှာ ကြာရှည်တည်တံ့တယ်။ အဲလိုအဟုတ်ဘဲ ပေါ်ပြူလာလိုက်နေရင်တော့ စတာနဲ့ဆုံးနိုင်တယ်။ ယနေ့မြန်မာ နိုင်ငံက ဓမ္မကထိကတွေကြားမှာ ခုပေါ်လိုက် ခုပျောက်လိုက်ဖြစ်နေကြတာဟာ ဗုဒ္ဓရဲ့ လေးနက်တဲ့ ပိဋကတ်တော်တွေကို ပိုင်နိုင်အောင် မကိုင်ကြလို့ဖြစ်တယ်။
 ဓမ္မကထိကလုပ်ချင်ရင် ပဋိသမ္ဘိဒါမဂ် ၀ိသုဒ္ဓိမဂ် မဟာသတိပဋ္ဌာနသုတ်တွေကို ကြေညက်အောင်လေ့လာပြီး ကိုယ်နဲ့အတူ ဆောင်ထားရမယ်။ ဒါတွေဟာ ပိဋိကတ်တော်ထဲက လေးနက်တဲ့ ကျမ်းကြီးတွေပဲ။
ဒါကြောင့် ယနေ့ ဒို့တပည့်တွေကို ပြောချင်တာကတော့ ဘွဲ့ရအောင်လည်းလုပ်၊ အရည်အချင်းပြည့်မှီအောင်လည်း ကြိုးစားကြ။ နောက်ပိုင်းတိုင်းပြည်နဲ့ သာသနာတော်က အရှင်ဘုရားတို့ရဲ့ လက်ထဲမှာပဲ ရှိတယ် ဆိုတာ မြဲမြဲနှလုံးသွင်းထားကြဖို့ပါပဲ။ အားလုံးကိုယ်စိတ်နှဖြာ ကျန်းမာစွာနဲ့ မိမိတို့လိုအပ်တဲ့ ပညာရပ်တွေကို မြန်မြန်သင်ယူနိုင်ပြီး သာသနာပြုရဟန်းတော်များ ဖြစ်ပါစေလို့ ဒို့များကတိုက်တွန်းလိုက်ပါတယ်။
     ဧဟိသွာဂတံ မှ ကူးယူဖော်ပြပါသည်။
နောင်ပွင့်တော်မူမည့် မြတ်ဗုဒ္ဓဆယ်ဆူမှ အရိမေတ္တေယျမြတ်စွာဘုရား
(၇)
ဒုက္ကရစရိယာ ၆ ရက်ပြည့်သောနေ့။ ထိုနေ့ညနေချမ်း၌ ကံ့ကော် ဗောဓိမဏ္ဍိုင်သို့ ကြွသည်။ တောင်အရပ်မှ ၀င်သည်။ ဗောဓိမဏ္ဍိုင်၏ မနီးမဝေး၌ ရွှေပလ္လင်တော် ပေါက်သည်။ အစောက် ၆၄ တောင် ရှိသည်။
        အလောင်းတော်သည် ရွှေပလ္လင်ပေါ်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသည်။ အရှေ့လောကဓါတ်ကို မျက်နှာမူသည်။ အပါးတော်၌ လူနတ်ဗြဟ္မာတို့ ဦးခိုက်နေကြသည်။
        နေမင်းကြီးကား ၀င်အံ့မူးမူး။
မာရ်နတ်မင်းက ရူးသည်။ မိုက်သည်။ အလောင်းတော်အား ရန်စကားဆိုလာသည်။ သူ့ရန်သူကို နေမ၀င်မီကပင် အပြီးအပိုင် တွန်းလှန်နိုင်သည်။
အောင်ပြီ။ အောင်ပြီ။ နတ်မင်းကြီးတွေက ကြွေးကြော်ကြသည်။ ဗြဟ္မာမင်းကြီးတွေက ကြွေးကြော်ကြသည်။
ညဦးယံ၌ ပုဗ္ဗေနိဝါသာနုဿတိဥာဏ်ကိုရသည်။
သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဥာဏ်ကို ရသည်။
မိုးသောက်ယံ၌ အာသ၀က္ခယဥာဏ်ကို ရသည်။
အရှေ့ဥဒည်းတောင်စွန်းမှ နေ၀န်းကြီး ထွက်လာသည်။ အလောင်းတော် အဇိတ ရဟန်း၏ ကိုယ်တော်မှ သဗ္ဗညုတဥာဏ်တော်ပေါ်လာပြီ။
        အရိမေတ္တေယျ-ဗုဒ္ဓ။ အရိမေတ္တေယျ-ဗုဒ္ဓ။ အရိမေတ္တေယျ- ဗုဒ္ဓ။
မေတ္တေယျဗုဒ္ဓသည် မာရ်ငါးပါးကိုအောင်သည်။ အနေကဇာတိ သံသာရံ -ဥဒါန်းဂါထာ ကျူးသည်။ ကံ့ကော်ဗောဓိမဏ္ဍိုင်၏ ၀န်းကျင်၌ (၄၉) ရက် သီတင်းသုံးတော်မူသည်။
        ကံ့ကော်ဗောဓိပင်သည် အမြင့်အတောင် (၂၄၀) ၊အချင်းအတောင် (၂၄၀ )၊ အ၀န်းတောင် (၇၂)ရှိသည်။ ခက်မ(၉) ဖြာထွက်သည်။ အတောင် (၁၂၀)ရှည်သည်။
        အငုံက (၁၂) ကွမ်းစား၊ အငုံရိုးကား ၀င်ရိုးပမာဏ၊ အပွင့်က လှည်းဘီး ပမာဏ ရှိသည်။ စန္ဒကူးနံ့သင်းသည်။ လေညာလေအောက်(၁၀)ယူဇနာတိုင်အောင် မွှေးသည်။ အငုံတိုင်းပွင့်ကြသည်။ အပွင့်တိုင်း လန်းကြသည်။ လုံးလုံး မနွမ်း။ နိဗ္ဗာန် ရွှေပြည်ဝင်မှ ကြွေမည်။ စန္ဒကူးထင်းပုံထက် စုကြလိမ့်မည်။
        ကံ့ကော်ဗောဓိသည် အံ့ဖွယ်အတိ ပြီးသည်။ ခက်မတို့၏ အကြားကြား၌ ကြာငါးပါးလွှမ်းသည်။ ကြာပွင့်တွေဖြင့်ဝေသည်။ ကြာဗိတာန်ကြီး ကျက်ထားသကဲ့သို့ ရှိသည်။
ငှက်အများ မ၀ဲ။ ကံ့ကော်ပင်ကို လင်္ကျာရစ် လှည့်၍သာ ပျံသွားရသည်။ မနားဝံ့ကြကုန်။ လေနတ်သား-မရဲ။ အဝေးကပင် ရှောင်ရ ကွင်းရသည်။
အရွက်မျှပင် မလှုပ်ရဲကြကုန်။
        ဗြဟ္မာမင်း၏ အသရေကား ရှုံးမည်။ ကံ့ကော်ဗောဓိ၏ တင့်တယ်ခြင်းမှာ သရဖူဆောင်းသည်။ မေတ္တေယျမြတ်ဘုရား၏ လက္ခဏာတော်ကြီး- လက္ခဏာငယ်တို့ကို အချိုးညီညီ စီထား စဉ်ထားသကဲ့သို့ ရှိသည်။ လူနတ်တွေ ကြည့်မငြီးကြ။ ဗြဟ္မာပရိသတ်တွေ ရှုမငြီးကြ။
        ကံ့ကော်ဗောဓိ၏ ၀န်းကျင်တွင် တယူဇနာခွဲ ကျယ်သော မြေပြင်။ ထိုရတနာမြေပြင်၌ ရေပန်းတွေပွင့်သည်။ ကုန်းပန်းတွေ ပွင့်သည်။ လေးမျက်နှာမှ ရွှေဇရပ် အဆောင်ဆောင်ပေါက်သည်။ ရတနာ ဇရပ် အဆောင်ဆောင် ပေါက်သည်။
        အရိမေတ္တေယျ မြတ်ဘုရား၏ ကံ့ကော်ဗောဓိကား ခမ်းနားထယ်ဝါပါပေစွ။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...