နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ....
Image and video hosting by TinyPic

ကောင်းအောင်

အတိတ်ဟာ သင့်ဘ၀ကို ကံဆိုးစေတယ်ဆိုရင် အနာဂတ်အတွက် ညွှန်ပြပါရစေ.........ပစ္စုပ္ပန်ကောင်းအောင် လုပ်ဖို့ အထူးမှာပါရစေ.........ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ တဲ့ .......တရားက စောင့်ရှောက်ပါလိမ့်မယ်ကွယ်.......

ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်ကြီးဆယ်ချက်

ဘုရားရှင်၏ခမည်းတော် သုဒ္ဓေါဓနမင်းကြီးနှင့် ဆွေတော်မျိုးတော်တို့သည် ထိုဆယ်ချက်ကို ယုံကြည်သည့် ကမ္မဿကတာ သမ္မာဒိဋ္ဌိများ ဖြစ်ကြသည်။ သုဒ္ဓေါဓနမင်းကြီးကိုးကွယ်သည့် ကာဒေ၀ီရသေ့ကြီးနှင့် အာဠာရရသေ့၊ ဥဒကရသေ့ တို့ကား ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိ နှစ်ပါးရှိသူများ ဖြစ်ကြသည်။
သူတို့သည် ကမ္မ၀ါဒီများဖြစ်၍ ဈာန်အဘိညာဉ်များအထိ ရရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့သည် ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါချေ။ ဆိုလိုသည်မှာ ကမ္မ၀ါဒီဖြစ်၍ သမထဘာဝနာ ကုသိုလ်ကံများကို ကြိုးစားအားထုတ်သဖြင့် ဈာန်အဘိညာဉ် ရနေစေကြမူ(၀ါ) ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ဈာနသမ္မာဒိဋ္ဌိများဖြစ်နေစေကြမူ ခန္ဓာကိုယ်မှာ အတ္တကောင်ရှိသည်ဟု ယူထားကြသူများ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်များ မဖြစ်ကြချေဟု အဓိပ္ပါယ်ရသည်။
(၁) အတ္ထိ ဒိန္နံ
လှူဒါန်းပေးကမ်းခြင်းသည် အမှန်တကယ် အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၂) အတ္ထိ ယိဋ္ဌံ
ရတနာသုံးဖြာ ဆရာမိဘ အသက်ဂုဏ်ဝါကြီးသူတို့အား ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း၊ တရားဖြင့်ပူဇော်ခြင်းတို့သည် အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၃) အတ္ထိ ဟုတံ
ဧည့်သည်တို့အား ကျွေးမွေးခြင်း၊ မျှော်လင့်ချက်မထားပဲ လက်ပေးခြင်း စသည်တို့သည် အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၄) အတ္ထိ သုကတ ဒုက္ကဋာနံ ကမ္မာနံ ဖလံ ၀ိပါကော
ကောင်းတာလုပ်က ကောင်းကျိုးရ၊မကောင်းတာလုပ်က မကောင်းကျိုးရမည်ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၅) အတ္ထိ အယံ လောကော
ရှေ့ဘ၀သည် အမှန်တကယ် ရှိသည်ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၆) အတ္ထိ ပရောလောကော
အပါယ်လေးရပ်၊ ခြောက်ထပ်နတ်ရွာ၊ဗြဟ္မာနှစ်ဆယ်၊နောင်ဝယ်လူ့ဘ၀ ဟူသော တမလွန်ဘ၀သည် အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၇) အတ္ထိ မာတာ
မိခင်အပေါ်၌ ကောင်းစွာပြုစုက အကျိုးရှိ၏။ မကောင်းတာပြုလုပ်က အပြစ်ဖြစ်၏ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၈) အတ္ထိ ပိတာ
ဖခင်အပေါ်၌ ကောင်းစွာပြုစုက အကျိုးရှိ၏။ မကောင်းတာပြုလုပ်က အပြစ်ဖြစ်၏ဟု အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၉) အတ္ထိ သတ္တာ သြပပါတိကာ
လူသားတို့၏ ပကတိမျက်စိဖြင့် မမြင်နိုင်၊ ဒိဗ္ဗစက္ခု အဘိညာဉ်မျက်စိဖြင့်သာ ထိုက်သလို မြင်နိုင်သည့် ငရဲသူ၊ ငရဲသား၊ပြိတ္တာ၊ နတ်၊ သိကြား၊ ဗြဟ္မာဆိုသည့် ဥပပါတ် သတ္တ၀ါမျိုးကား အမှန်တကယ်အကျိုးရှိသည်ဟု ယုံကြည်ရခြင်း၊
(၁၀) အတ္ထိ လောကေ သမဏဗြဟ္မဏာ သမ္မဂ္ဂတာ သမ္မာပဋိပန္နာ၊ ယေ ဣမဉ္စ လောကံ ပရဉ္စ လောကံ သယံ အဘိညာ သစ္ဆိကတွာ ပဝေဒေန္တိ။
ကောင်းစွာကျင့်သော ရဟန်း၊ ရဟန္တာ ဘုရား စသည်ရှိသည်ဟု အမှန်တကယ်ယုံကြည်ရခြင်း၊
ဤဆယ်ချက်ဖြင့် ပြည့်စုံက ဗုဒ္ဓဘာသာဟုခေါ်သည်။

လူငယ်နှင့်ကိုးကွယ်မှု

လူငယ်ဆိုတာ ဖျက်လတ်တက်ကြွသော၊ ရဲရင့်သော၊ သန်စွမ်းသော၊ ခိုင်မာသော၊ သတ္တိရှိသော၊ နိုးကြား၍ဇွဲရှိသောသူကို လူငယ်ဟု ခေါ်ပါသည်။ သို့သော်ထိုလူငယ်၏ ဂုဏ်ပုဒ်များသည် ကောင်းမွန်သော၊ အကျိုးရှိသော နေရာများတွင်သာ အသုံးချသင့်ပါသည်။ အမျိုးဘာသာကို ထိခိုက်စေနိုင်သော၊ ယဉ်ကျေးမှုကို ပျက်ပြားစေနိုင်သော အမှုကိစ္စများတွင် အသုံး ချမည်ဆိုပါက မသင့်တော်နိုင်ပေ။ အမျိုးကိုဆက်မည့်၊ ထိန်းသိမ်းမည့် သစ်လွင်ရဲရင့်သော မျိုးဆက်သစ် လူငယ်များသာ ဖြစ်သင့်ပါသည်။ ထို့ကြောင့် တမျိုးသားလုံး၏ ကောင်းမွန်သော ယဉ်ကျေးမှုများ၊ ဓလေ့စရိုက်များ၊ ထုံးတမ်းစဉ်လာများ ကိုအမွေဆက်ခံမည့် “မွေခံထိုက်စေ လူငယ်များ” ဖြစ်ဖို့ရန်မှာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူငယ်များ အားလုံးတွင် တာဝန်ရှိပါသည်။ ကောင်းသည့်အမွေများအား ဆက်ခံသင့်သလို မကောင်းသည့်အကျင်၊့ စရိုက်ဆိုး များကိုလည်း ပယ်ရှားပစ်ရမည့် တာဝန်မှာ အမျိုးကပေးသော အမျိုးသားရေးတာဝန်ပင်ဖြစ်ပေတော့သည်။ လူငယ်တို့၏ စိတ်သဏ္ဍာန်မှာ စူးစမ်းလိုသောစိတ် အမြဲကိန်းအောင်းနေတတ်ကြပါသည်။ စူးစမ်းသည်ဆိုရာဝယ် ကောင်းသည့်အရာများ ရှိသလို မကောင်းသောအရာ၌လည်း စူးစမ်းတတ်ကြပေသည်။ ဆိုလိုရင်းမှာ လူငယ်အများစုသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော်၏ အခြေခံအနှစ်သာရများကို စူးစမ်းလေ့လာရာတွင် အားနည်းနေတတ်ကြခြင်းပင်ဖြစ်သည်။ ငယ်စဉ်က မိဘ ဆရာသမားများ၏ သွန်သင်ဆုံးမမှုမှတစ်ပါး တဆင့်တက်၍ လေ့လာကြိုးစားမှုမှာ အားနည်းနေကြပေသေးသည်။ တတ်သိနားလည်သော အနာဂတ်အတွက် လူငယ်များလည်း ရှိပါသည်။ သို့သော် ပမာဏအားမှာ နည်းနေသေးသည်ဟု တွက်ဆနိုင်ပါသည်။

အနာဂတ်အတွက် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည့်တံ့ပြန့်ပွားရန်မှာ လူငယ်တိုင်းမှာ တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက်ကြဖို့ရန် အလွန်အရေးကြီးလှပါသည်။ အဖွဲ့အစည်းငယ်မှစ၍ နိုင်ငံတ၀န်း တိုးတက်ရေး၏ အဓိက အခြေခံအုတ်မြစ်မှာ သီလတရားပင်ဖြစ်သည်။ ကိုယ်ကျင့်တရားပင်ဖြစ်ပါသည်။ ယနေ့ခေတ် လူငယ်တို့သည် သောက်စားမူးရစ်ခြင်း ကာမဂုဏ်ပျော်ပါးခြင်းအမှုတို့ကို လူငယ်ဘ၀၏ အနှစ်သာရများဟု မှတ်ယူခြင်းသည် မြတ်စွာဘုရားရှင်၏တရားတော်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်လျက်ရှိနေသည်။ ထေရ၀ါဒ မြန်မာနိုင်ငံတွင် နေထိုင်လျက် ဘုရားရှင်၏ အဆုံးအမများအတိုင်း ကျင့်ကြံမနေထိုင်ခြင်းသည် ဆိုးဝါးသောမြင်ကွင်းတစ်ရပ်ဖြစ်ပါသည်။ မိန်းခလေးများမှာလည်း ဗေဒင်ကိုးကွယ်ခြင်း၊ နတ်ကိုးကွယ်ခြင်းအမှုတို့၌ ၀ါသနာထုံလျက် တစ်ချို့မှာ မူးရစ်စေသော အရာများကိုပင် သောက်စားပျော်ပါးခြင်းမှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ထို့ပြင် ဘာသာခြားများနှင့် အကြောင်းအမျိုးမျိုး ဖြင့်ဖြစ်စေ ချစ်ကျွမ်းဝင်ရာမှဖြစ်စေ မိမိပါ ဘာသာခြားဖြစ်ရခြင်းမှာ ရင်နာစရာအကောင်းဆုံးသော ဖြစ်ရပ်များပင်ဖြစ်သည်။ မနာလိုခြင်းမဟုတ်ပါ။ ရခဲလှသော လူ့ဘ၀တွင်မှ ရခဲလှသော သာသနာတော်တွင် ကြုံကြိုက်ပါလျက် ဤသို့ဖြစ်ရခြင်းကို နှမျောမိခြင်းသာဖြစ်ပါသည်။ ရှေးသူတော်ကောင်းတို့ ဆိုထားခဲ့သော ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ မြဲစေချင်သော်လည်း ယနေ့ခေတ်အများစုမှာ ကွင်းလုံးချွတ်လိုက်ကြသည်ဟုဆိုလျှင် လွန်ဖွယ်ရာမရှိပေ။ လူငယ်တိုင်းတွင် အစွမ်းအဆများ ရှိကြစမြဲဖြစ်ပါသည်။ အသုံးမချတတ်၍ အသုံးမကျခြင်းသာဖြစ်သည်။ ထိုသို့ဆိုလျှင် မိမိကိုယ်မိမိ တန်ဖိုးရှိအောင် ဘယ်လိုနေမလဲ သေချာပြန်စဉ်းစာကြည့်မည်ဆိုလျှင် အဝေးကြီးမဟုတ်ပါ။ သီလတရားကိုသာ ကြိုးစားပြီး ဆောက်တည်ကြည့်လိုက်ပါ။ သီလတရား၊ တစ်နည်း ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို တတ်နိုင်သလောက် စောင့်ထိန်း ကြည့်ပါ။ မိမိကိုယ်ကိုယ်မိမိ တန်ဖိုးထားတတ်လာမည်မှာ မလွဲဧကန်ပါ။

သူတစ်ပါးကို ကြည့်ညိုတာထက် ကိုယ်ကိုကိုယ်ပြန်ကြည်ညိုတတ်ဖို့က ပိုပြီးအရေးကြီးပါသည်။ ကိုယ်ကိုကိုယ်မကြည်ညိုတတ်လျှင် အပါယ်ပါကျရောက် နိုင်ပါသည်။ မိဘသည် ဗုဒ္ဓဘာသာဖြစ်၍ ဗုဒ္ဓဘာသာဖြစ်ရခြင်းမှာ ဆန်းသည်မဟုတ်သော်လည်း ပြန်လည်သုံးသပ်လျှင် ထူးသည့်ကုသိုလ်ကံကြောင့်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် လူတစ်သိန်းကွယ်လွန်၍ လူပြည်သို့ တစ်ယောက် ပြန်ရောက်နိုင်ရန် ခဲယဉ်းလှပါသည်။ လေးဘုံပယ်ရွာမှ အကုသိုလ်အကြွေးများကို များစွာဆပ်လျက် တစ်ဖန်လူ့ဘ၀သို့ ပြန်ရရခြင်းဖြစ်ပါသည်။ လူ့ဘ၀ရသော်ငြားသော်လည်း သာသနာတော်နှင့်ကြုံကြိုက်ရန်မှာ သာ၍ခက်ခဲသောကြောင့် ဖြစ်ပါသည်။ ယနေ့ ဤသို့ အကျိုးတရားတွေ ဖြစ်လာရခြင်းမှာ အကြောင်းတရားတော့ ရှိရစမမြဲပါ။ ဗုဒ္ဓဘာသာဖြစ်လျက် သီလပျက်ယွင်းမှုများ ဖြစ်ရခြင်းမှာ ဗုဒ္ဓတရားတော်များကို အခြေခံကျကျ နားမလည်၍ပင်ဖြစ်ပါသည်။ လက်ဦးဆရာဆိုသည့်အတိုင်း မိဘများသည် အခြေခံကျကျ နားမလည်၍ ဖြစ်နိုင်သလို အပေါင်းအသင်းမှားယွင်းမှုများ ကြောင့်လည်း ဖြစ်နိုင်ပါသည်။ လူငယ်ဖြစ်သော်ငြားလည်း လူငယ်ဂုဏ်ပုဒ်နှင့်လည်းမညီ ကိုးကွယ်မှုမှာလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပါလျက် အခြေခံသီလတရားကိုသော်ဖြင့် နားမလည်၊ နားလည်သော်လည်း မလိုက်နာလျှင် အနာဂတ်၏ အသီးအပွင့်မဖြစ်ခင် ပိုးစား၍ ကြွေကျခြင်းပင်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင်ဖြစ်သည်။ ထေရ၀ါဒ ကိုးကွယ်မှုဖြစ်လျက် ဘုရားရှင်၏ရည်ရွယ်ချက်ကဘာလဲ၊ လူဖြစ်လာရသည့် အကြောင်းကဘာလဲ၊ ထေရ၀ါဒဆိုတာဘာလဲ၊ ဘာကြောင့်ကိုးကွယ်တာလဲ၊ သရဏဂုံဘာကြောင့် ဆောက်တည်ရသလဲ၊ ဘုရား၊ တရား၊ သံဃာဆိုတာဘာလဲ၊ ဆွမ်းကပ်၊ ပန်းကပ်မှအစ အခြေခံကျကျကို ကိုယ်ကိုယ်တိုင်မေး၍ ကိုယ်ကိုယ်တိုင်ဖြေကြည့်စေချင်သည်။ တတ်သိနားလည်ထား လျှင်လည်း နားလည်သည့်အတိုင်းကျင့်လျှင် သာသနာတော်ပြန့်ပွားသလို တိုင်းပြည်အေးချမ်းမည်မှာ မလွဲဧကန်ပါ။

ထေရ၀ါဒကို လေ့လာလျှင် ခိုင်မြဲသောဝါဒ၊ ရှင်မဟာကဿပ အရှင်မြတ်တို့အစရှိသော ရဟန္တာအရှင်မြတ်တို့၏ အယူအဆ(ဓမ္မ)၊ တစ်နည်း သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်နှင့် ခိုင်မြဲသော ၀ါဒကို ထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်သည်။ သရဏဂုံဆောက်တည်ရာမှာလည်း ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍၊ ကိလေသာဘေး၊ အပါယ်ဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းတတ်သည်ဖြစ်၍ ဂစ္ဆာမိ ကိုးကွယ်ဆည်းကပ် သိမှတ်ပါ၏ဆိုတာကို သိနေသင့်ပါသည်။ လူငယ်ဆိုသည့်အတိုင်း ဤသို့ အရာရာကို ဝေဖန်ပိုင်းခြားနေရမည်။ ဒါမှလည်း ဘုရားရှင် အဆုံးအမနှင့်ကိုက်ညီပေမည်။ မိဘများ အိမ်မှာ ရိုးရာဆိုပြီး နတ်တွေကိုးကွယ်နေကြသည်။ ဒါတကယ်လား၊ ဒဏ္ဍာရီဆန်ဆန်လား၊ သမိုင်းကြောင်းလား လူငယ်များကိုယ်တိုင် စုံစမ်းကြည့်သင့်ပါသည်။ ကိုယ်ကိုယ်တိုင် စမ်းစစ်ကြည့်သင့်ပါသည်။ ရိုးရာနတ်များကို ကိုးကွယ်၍ ကိလေသာဘေး၊ အပါယ်ဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေးတို့မှ လွတ်ကင်းနိုင်သလား၊ သမိုင်းအထောက်ထား ခိုင်လုံမှုရှိသလား၊ လူတွေ အကြောက်တရား ကြောင့် ကိုးကွယ်နေကြတာလား၊ လာဘ်လိုချင်လို့ကိုးကွယ်နေကြတာလား၊ ဘုရားရှင် အဆုံးအမနှင့် ကိုက်ညီသလား စသဖြင့် ဝေဖန်ပိုင်းခြားကြည့်လျှင် အဖြေမှာ ရိုးရှင်းစွာ ပေါ်ထွက်လာပါလိမ့်မည်။ ဗေဒင်ဆိုသောအရာသည်လည်း တကယ် အားကိုးရာအစစ်ဟုတ်သလား၊ ယတြာချေတော့ရော ကိုယ်ဖြစ်ချင်လို ဖြစ်နိုင်ပါ့မလား စသဖြင့် လူငယ်ပီပီ တက်တက်ကြွကြွ ဟုတ်၏ မဟုတ်၏ စုံစမ်းကြည့်စေချင်ပါသည်။ မေးခွန်းပေါင်းများစွာ၊ သိချင်သောအရာများစွာ ပေါ်ထွက်လာပါလိမ့်မည်။ မေးခွန်းများပေါ်လာလျှင် တတ်သိနားလည်နိုင်သော ဆရာသမားများကို မေးမြန်း၊ ဆွေးနွေးစေချင်ပါသည်။ မရှက်ကြောက်သင့်ပါ။ စကားပြောဆိုရာတွင် ပြောရဲမေးရဲ ဖြစ်နေသင့်ပါသည်။ ရင်ထဲမှာ သံသယတွေ ရှင်းလင်းလာပါလိမ့်မည်။ ကိုယ်ရှင်းသွားရင် ကိုယ်ရှင်းသလို ကိုယ့်သူငယ်ချင်း ညီအစ်ကိုမောင်နှမများကို ပြောပြတိုင်ပင်ကြည့်လိုက်လျှင် အတွေးအသစ်များပင် ထပ်မံရရှိလာနိုင်ပါသည်။ အတွေးခေါ်သစ်များနှင့် တရားဆောင်းပါး၊ တရားစာပေ၊ တရားတော်များ နာကြားပြီး ပြန်လည်တိုက်ဆိုင် လေ့လာကြည့်ပါက ပို၍ရှင်းလင်းပါလိမ့်မည်။

ရင်တွင်းမှာ အမှားများစွာဟာ တဖြည်းဖြည်းနဲ့ ပပျောက်သွားလိမ့်မည်။ ဗုဒ္ဓဘာသာ အခြေခံကျကျ နားလည်ပြီဟု မိမိကိုယ်ကိုယ် ယုံကြည်လာလျှင် သီလတရားလုံခြုံစေလျက် ဒါနအမှုတို့ကို လူငယ်များပီပီ ဆက်လက်ဝေဖန် လေ့လာနေရမည်။ ဒါနဆိုရာတွင်လည်း ပါရမီထိုက်သော ဒါနဖြစ်အောင် ဘယ်လိုပြုမလဲစဉ်းစားသင့်ပါသည်။ ၁။ နိဗ္ဗာန်ကို ဦးတည်ထားရမယ်။ ၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။ ၃။ မိမိအကျိုးကို မငဲ့ရဘူး ဆိုတဲ့ ဒီအချက်သုံးချက်နဲ့ ကိုက်မှသာ ပါရမီထိုက်သော ဒါနဖြစ်မှာပါ။ ထင်ရှားကျော်ကြားလိုသော စိတ်ဖြင့် ပြုသောဒါန၊ လောကီကောင်းကျိုးများကို လိုလားတဲ့စိတ်နှင့် ပြုသောဒါနဆိုရင်တော့ ပါရမီထိုက်သော ဒါနမဖြစ်နိုင်တော့ပါ။ မဖြစ်နိုင်လျှင် အကျိုးပေးသည်လည်း ကုသိုလ်ရသည် မှန်သော်လည်း စင်ကြယ်သောဒါန မဖြစ်နိုင်တော့ပေ။ ထပ်ပြီးလေ့လာကြည့်လျှင်လည်း ဒါနပြုသည်ဆိုသည်မှာလည်း မိမိမှာ ဘ၀များစွာက ထုံလာခဲ့သော လောဘကိလေသာကို လျော့အောင် ပါးအောင် စွန့်လွှတ်လှူဒါန်းလိုက်တာပါ။ ၀ိပဿနာဉာဏ်မြင်နိုင်ရင် မြင်နိုင်သလောက် ဒါနမှသည် နိဗ္ဗာန်ဆီကို တဖြည်းဖြည်း လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် ကံကံ၏အကျိုး၊ အကြောင်းအကျိုးဆက်နွယ်မှု စသဖြင့် အဆင့်ဆင့်တက်လှမ်းလေ့လာလျှင် လူဖြစ်လာရ လူ့ဘ၀ လူဖြစ်ရကျိုးနပ်ပြီဟုပင် ဆိုနိုင်ပါသည်။ ထိုမှသာလျှင် ကိုးကွယ်မှု အစစ်မှန်နှင့် လူငယ်အင်္ဂါထပ်တူညီမျှပါမည်။ လူငယ်တို့သည် ပင်ကိုယ်အစွမ်းသတ္တိပြည့်ဝကြပြီး ဖြူစင်မှုကို အခြေခံကြပါသည်။ မိဘများ နားမလည်၍သော် လည်းကောင်း၊ ပတ်ဝန်းကျင်သော်ကြောင့်လည်းကောင်း၊ စီပွားရေး အခက်အခဲများကြောင့် လည်းကောင်း ကိုးကွယ်မှု မမှားစေလိုခြင်းသည် ရင်တွင်းအစစ်အမှန်ဖြစ်ပါသည်။ မှားလျှင်လည်း ချက်ခြင်းပြင်ဆင်လိုက်လျှင် ဘ၀အောင်မြင်မှု၏ အစဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ တရားတော်များကို အခြေခံကျကျ သိစေချင်ပါသည်။ အခြေခံကျကျသိခဲ့လျှင် မည်သို့သော အကြောင်းကြောင့်ဖြစ်စေ ကိုးကွယ်မှု မှားယွင်းမှု မရှိနိုင်ချေ။ သို့သော် အသိကို ကျင့်မှ မှားယွင်းမှု မရှိနိုင်မည်မှာ သေချာလှပါသည်။ ထိုမှတစ်ဆင့် အနာဂတ်၏ လူငယ်ကောင်းများ ဖြစ်လာနိုင်ပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ တစ်ချိန်တွင် ကိုယ့်အလှည့်၊ ကိုယ့်တာဝန်၊ ကိုယ့်ပုခုံးပေါ်သို့ နိုင်ငံတော်၏တာဝန်၊ သာသနာတော်၏တာဝန် ကျရောက်လာမည်မှာ ဧကန်ပင်ဖြစ်သလို၊ ကိုယ်တိုင်မိဘနေရာလည်း ရောက်လာပါလိမ့်မည်။ ထို့နေ့သည် မိမိ၏ နောင်တရသောနေ့ မဖြစ်ရန်မှာ အရေးကြီးဆုံးဖြစ်သည်။ ဗုဒ္ဓ၏ တရားတော်များမှာ လောကီ၊ လောကုတ်နှစ်လီသော အကျိုးကိုဖြစ်စေတတ်သည်ဆိုသည်မှာ မှန်ပေသည်။ လူဘ၀ရလာခိုက်တွင်မှ ဗုဒ္ဓ၏တရားတော်များဖြင့် လောကီ၊ လောကုတ်၌ အကျိုးရှိအောင် အသုံးမချတတ်လျှင်ဖြင့် အမိုက်တကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ်မှာ မိမိသာဖြစ်ပါ တော့မည်။ ထို့ကြောင့် မိမိသည် ကိုးကွယ်မှု အစစ်မှန်ရရှိထားပါလျက် လက်ဝယ်တွင် ပတ္တမြားရှိသူသည် ပတ္တမြား၏ တန်ဖိုးနားမလည်ကဲ့သို့ မဖြစ်ရန် အရေးကြီးလှပါသည်။

လူငယ်၏တာဝန်ကို ကျေပွန်လျက် ကိုးကွယ်မှုအစစ်အမှန်ကို တတ်သိနားလည်ကာ နိုင်ငံတော်အကျိုး၊ သာသနာအတော်အကျိုး သယ်ပိုးနိုင်သော သားကောင်းရတနာ သမီးကောင်း ရတနာများဖြစ်ကြပါစေ။

Posted by cholay

မေတ္တာ

မေတ္တာဟာ........နှစ်တာမဟုတ်သလို ပြစ်တာလဲ မဟုတ်ခဲ့ပါဘူး....နှလုံးသားတိုင်းကို စိမ့်အေးစေခဲ့တာပါ......ရောင်ပြန်တယ်ဆိုတာကို အဓိပ္ပါယ် ကောက်ရင်ဖြင့် ကိုယ့်ပို့သော မေတ္တာကြောင့် တစ်ဘက်သားမှာ ချမ်းသာသလို ကိုယ့်မှာလည်း အေးချမ်းစေခဲ့တာပါပဲ........နှောင်ဖွဲ့မှုကင်းတယ်ဆိုရင်ဖြင့် အကြောင်းပြစရာမလိုလောက်ဘူးလို့ ယူဆပါတယ်......ဆောင်းသံကို တောင်းခံတယ်ဆိုရင်ဖြင့် အကြောင်းဖန်စရာ လိုမည်မထင်ပါ.....ဗြောင်းဆန်အောင် တီးပြချင်သလို.......မေတ္တာကို ဆောင်းသံလို တောင်းခံလာရင် နှောင်းမြန်မကြာ ပို့ကြစေချင်ပါတယ်........

အစောင့်

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရိံ။

တရားကို ကျင့်တဲ့ပုဂ္ဂိုလ်ကို တရားက ပြန်စောင့်တယ် တဲ့......ဒါကြောင့် တရားကို ကျင့်သင့်တယ်လို့ သင်တို့ ယူဆရင်ဖြင့် ကျင့်လိုက်ပါ.....တရားက ဧကန် အကျိုးတရားတွေရရှိနေပါလိမ့်မယ်......ယုံကြည်စွာနဲ့ ကျင့် ကြံပြီး ကောင်းကျိုးတွေဟာ မဖိတ်ခေါ်ပဲ ရောက်ရှိကြပါစေ...........

သီတဂူဆရာတော်၏ lecture

ဆရာတော်သည် သီတဂူဗုဒ္ဓတက္ကသိုလ်၌ တပည့်ရဟန်းတော်များကို ဝိသုဒ္ဓိမဂ်၊ မဟာသတိပဋ္ဌာန သုတ်၊ နိကာယ် ကျမ်းကြီးများမှ စင်္ကီ, ရဋ္ဌပါလစသော သင့်လျော်ရာရာ သုတ်များကို ပို့ချ၏။

သုတ်တစ်သုတ်၏ ဆိုလိုရင်းအနှစ်ချုပ်, အဓိပ္ပါယ်, ဝါဒန္တရ, အာစရိယဝါဒများကို အဋ္ဌကထာ, ဋီကာအဖွင့်များ နှင့် ရောနှောမွှေနှောက်၍ ပို့ချလေ၏။ တခါတရံ ရာဇဝင်, သာသနာဝင်တို့နှင့် ပတ်သက်သော သမိုင်းဖြစ်စဉ်များကို လည်း ဗုဒ္ဓသာသနိက ပထဝီ(မြေပုံ)ကို ထောက်ပြ၍ ပို့ချ ၏။

ထိုကဲ့သို့ အနှစ်အသားပါလှသော, အာဂမယုတ္တိ သဘာဝယုတ္တိရှိလှသော ''စာပေအယူအဆ'' များကို သိရှိရ သောအခါ ''သြော် ဆရာတော်ဟာ အဟောကောင်းရုံ အပြောကောင်းရုံ သက်သက်မျှသာ ဖြစ်သော ဓမ္မကထိက မဟုတ်၊ တကယ့် နိကာယ်ကျမ်းကြီးများကိုလည်း ကျွမ်းကျင်တတ်မြောက်သည့် စာဆိုတော် ဓမ္မကထိကပါလား''ဟု စိတ်ထဲမှာ အလိုလို မှတ်ချက်ချမိသည်။

အချို့ဓမ္မကထိကသည် အသံကောင်း၍ အောင်မြင်၏။ အသံတော်ကား နားဝင်ချိုလှရကား ကြားရသူ လူအများ ကြက်သီးမွေးညင်းများပင် ထကြသတတ်။ သူ့ပါရမီနှင့်သူပင်တည်း။ သို့သော်အဆွဲအငင် များလွန်းသည့် အသံကို တော့ ပညာရှိသူတော်ကောင်းများ နှစ်ခြိုက်တော်မမူကြ။

အချို့ကား အပြောကောင်း၍ကျော်ကြား၏။ ဇာတ် နိပါတ်များလာ ဖြစ်စဉ်များကို အလွမ်း, အဆွေးတို့ဖြင့် တန်ဆာဆင်ပြီး ဟောလိုက်ရာ တရားနာသူပရိသတ်များသည် မျက်ရည်များတောင် ယိုစီးကြသတတ်။ သူ့စန်းနှင့်သူပင်တည်း။ သို့သော် အပိုအဆာ များလွန်းလျှင်ကား လူကြီးလူကောင်းများ နားရှက်တော်မူကြ သည်။

မည်သို့ဖြစ်စေ၊ ဓမ္မကထိကများ သတိထားရမှာကား သီတဂူဆရာတော်ကဲ့သို့ စာပေနှံ့စပ်အောင် ကြိုးစားပြီး ''စာဆိုတော်ဓမ္မကထိက'' ဖြစ်အောင် ကြိုးစားဖို့ပင်တည်း။ သို့မဟုတ်ပါက မင်းပွဲစိုးပွဲများ, နိုင်ငံတကာ ဗုဒ္ဓဘာသာ အစည်းအဝေးပွဲများ၌ ဟောပြောရသည့်အခါ ''အိုးနင်းခွက်နင်း'' ဖြစ်တတ်ပေသည်။

ဆရာတော်သည် ပြည်ပရောက်သည့်အခါမှာလည်း တက္ကသိုလ်ကောလိပ် မြောက်မြားစွာတို့၌ ဆရာများနှင့် ကျောင်းသူ, ကျောင်းသားများကို lecture ပို့ချပေးလေ့ရှိပါသည်။ အိန္ဒိယရောက်ခဲ့စဉ်က နာလန္ဒာတက္ကသိုလ်၌ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ ကိုလည်း သီးသန့် lecture တစ်ခု ပို့ချခဲ့သည်။ ပါမောက္ခများနှင့် ကျောင်းသား, ကျောင်းသူများ အထူးနှစ်ခြိုက်သည်ကို တွေ့ရပါသည်။

ဗာရာဏသီမြို့ B. H. U တက္ကသိုလ်ကလည်း ဆရာတော်ကို lecture တစ်ခု ပို့ချပေးဖို့ လျှောက်သေး ၏။ သို့သော် အချိန်မရသဖြင့် ဆရာတော် မပို့ချခဲ့ရပေ။ ယနေ့အိန္ဒိယပြည်ကြီး၌ အထူးကျော်ကြားပြီး နာမည်ကြီးလျက်ရှိသော ပုနေးတက္ကသိုလ်မှ ပါမောက္ခကြီး ဆရာကြီးတစ်ယောက်ကလည်း ဆရာတော်ကို တက္ကသိုလ်မှာ lecture တစ်ခု ပို့ချပေးဖို့ ကမ်းလှမ်းခဲ့သေး၏။ ထိုလျှောက်ထားချက်ကိုလည်း “နောင်တစ်ခေါက် အဆင်ပြေမည့်အချိန်ကြမှ ပို့ချပေးမည်”ဟု အကြောင်းပြန်ခဲ့ ရပါသည်။

မည်သည့်နေရာရောက်ရောက် ဆရာတော်ကိုပင့် ဖိတ်ချင်သူများကို မြောက်မြားစွာ တွေ့ရပါသည်။ ထို့ ကြောင့် ဆရာတော်က ''အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ပေါင်း များစွာကို lecture ပေးဖို့အတွက် အိန္ဒိယကို တစ်ခေါက် လောက် သီးသန့် လာဦးမယ်ကွာ'' ဟု မိမိကို မိန့်မြွက်တော် မူ၏။

''ပညာရှိများဟာ မည်သည့်နေရာ ရောက်ရောက် အပူဇော်ခံရတယ်''ဟူသော နီတိဆရာများ၏ အဆိုအမိန့် သည် ပြည်တန်ပတ္တမြားကဲ့သို့ တန်ဖိုးဖြတ်၍ မရနိုင်ပါ တကား။

ရေးသားသူ- အရှင်ဒေ၀ိန္ဒာဘိဝံသ(သီတဂူ)

တဏှာအစစ်တစ်ရာ့ရှစ်

“တဏှာသုံးတန်၊ တည်ထားပြန်၊ အာကာသံနှင့်မြှောက်၊
တဏှာအစစ်၊ တရာ့ရှစ် ကိုယ်မှာဖြစ်၍ရောက်”ဟူသည်နှင့်အညီ ကာမတဏှာ၊ ဘ၀တဏှာ၊
ဝိဘ၀တဏှာသုံးပါးကို ရူပါရုံဟူသော အဆင်း၊ သဒ္ဒါရုံဟူသော အသံ၊ ဂန္ဓာရုံဟူသော အနံ့၊
ရသာရုံဟူသော အရသာ၊ ဗောဋ္ဌဗ္ဗာရုံဟူသော အထိအတွေ့၊ ဓမ္မာရုံဟူသော ကြံစည်တွေးခေါ် စဉ်းစား သောစိတ်
(၆)ပါးနှင့်မြှောက်ပါက (၃x၆=၁၈)ပါးရ၏။ ထို(၁၈)ပါးကို မျက်မှောက်ပစ္စုပ္ပန်၊ အတိတ်၊
အနာဂတ်ဟူသော ကာလသုံးပါးနှင့်မြှောက်ပါက (၃x၁၈=၅၄)ပါးရ၏။ တဖန် ထို(၅၄)ပါးကို မိမိ
သူတစ်ပါးဟူသော သန္တာန်(၂)ပါးဖြင့် မြှောက်ပါက (၅၄x၂=၁၀၈) ပါးရ၏။


လူသားစသော သတ္တ၀ါတို့သည် “စွဲလမ်းမှု
တပ်မက်ခုံမင် ချစ်ခင်မှု”ဟူသော တဏှာလောဘကို အပြစ်ဟုမမြင်ဘဲ အချစ်ဟု မြင်နေပြီး
ချစ်ခင်တွယ်တာနေကြသည်။ ထိုသို့ တွေ့မြင်နေကြသောကြောင့် ဘ၀သံသရာ ခရီးတလျှောက်လုံးတွင်
ဒုက္ခမျိုးစုံတို့နဲ့ တွေ့ကြုံနေရခြင်း ဖြစ်ပေသည်။


တဏှာလောဘများ ဖြစ်ရခြင်းမှာ
အမှန်ကိုအမှန်အတိုင်း မသိမြင်အောင် လောကီအာရုံကာမဂုဏ်ဝတ္ထုများကို
နှစ်သက်သာယာဖွယ်အာရုံများဟု ထင်မြင်လာအောင် လုပ်ဆောင်ပေးသော ဒိဋ္ဌိကြောင့်ပင် ဖြစ်ပေသည်။
ပကတိအမှန်တရားများကို အထင်မြင်မှားအောင် ပြုလုပ်ပေးထားသော
ဒိဋ္ဌိ(အမှန်အတိုင်းမမြင်ခြင်း)ကြောင့် လူသားတို့သန္တာန်မှာ နေ့စဉ်နဲ့အမျှ တဏှာလောဘများ
ဖြစ်ပေါ်နေကြရပါသည်။


ထိုတဏှာလောဘ ဖြစ်ပေါ်လာစေရန်
နောက်ခံအကြောင်းတရားများဖြစ်သော မကောင်းသောအရပ်၌ နေရခြင်း၊
လူမိုက်လူယုတ်များနှင့်ပေါင်းသင်းခြင်း၊ နှစ်သက်စရာ လိုချင်စရာ အာရုံများနဲ့
ဆုံစည်းခြင်း၊ မသင့်မလျော် နှလုံးသွင်းလွဲချော်ခြင်း၊ သာယာဖွယ် နှစ်သက်ဖွယ်
အာရုံများဟု ရှု့မြင်သုံးသပ်ခြင်းစသော အကြောင်းတရားများ အမြောက် အများ ရှိပေသည်။


` လူသားများ နေ့စဉ်နဲ့အမျှ တွေ့ကြုံနေရသော
လောကီအာရုံများသည် အမှန်စင်စစ် ဆင်းရဲမျိုးစုံ ဖန်တီးပေးတတ်သော သဘောရှိသောကြောင့်
အမှန်တကယ် သာယာဖွယ် နှစ်သက်ဖွယ် တွယ်တာမက်မောဖွယ် အာရုံများ မဟုတ်ကြပါ။
တဏှာလောဘကင်းအောင် လုပ်ဆောင်နိုင်ခဲ့ကြသော ဘုရားရဟန္တာအရိယာသူတော်ကောင်းများသည် ထိုအာရုံများကို
စက်ဆုပ်ရွံရှာဖွယ် အာရုံများဟု အရှိကိုအရှိတိုင်း သိမြင်ကြသောကြောင့် မည်သည့် အာရုံကို
တွေ့မြင်ရသော်လည်း တွယ်တာမက်မောဖွယ်မှုများ မဖြစ်ကြ၍ ငြိမ်းအေးမှု ချမ်းသာကို
ခံစားရပါသည်။


ပုထုဇဉ်သတ္တ၀ါတို့သည်ကား
အမှန်ကိုအမှန်အတိုင်း မမြင်သေးသော ဒိဋ္ဌိနှင့် ထိုကဲ့သို့ မမြင်နိုင်အောင်
ဖုံးလွှမ်းပေးထားသော မောဟ(အ၀ိဇ္ဇာ)ရှိနေခြင်းကြောင့် မြင်ရကြုံရတွေ့သမျှသော
အာရုံတို့အပေါ်၌ တပ်မက်မှုတဏှာလောဘများ ဖြစ်နေကြရပေသည်။ “မြင်းကို မျက်မှန်စိမ်းတပ်ပြီး
မြက်ခြောက်များကိုကျွေးရာ မြင်းက မြက်စိမ်းတွေပဲဟု အမှားမြင်ကာ မြိန်မြိန်ရှက်ရှက်
စားသကဲ့သို့ ပုထုဇဉ် သတ္တ၀ါတို့သည်လည်း မောဟတည်းဟူသော မျက်မှန်စိမ်းတပ်မှုကြောင့်
နောက်ကွယ်တွင် ဆင်းရဲဒုက္ခအသွယ်သွယ် ခြံရံနေသည့် စက်ဆုပ်ရွံရှာဖွယ်၊ မတင့်တယ်သော
အသုဘ အာရုံတို့ကို တကယ်သာယာဖွယ် မက်မောဖွယ်အာရုံများဟု ရှု့မြင်ပြီး လိုချင် တပ်မက်နေပေသည်။


ထို့ကြောင့် မိမိတို့သည်
သံသရာကျွတ်လမ်းကို မသွားနိုင်သေးလျှင်တောင်မှ သံသရာထဲကျင်လည်နေစဉ်မှာ ဘယ်ရာသည်
ပြုလုပ်သင့် မပြုလုပ်သင့်။ ဘယ်ရာကို ပြုလုပ်လျှင် မည်သို့သော
ကောင်းကျိုးဆိုးကျိုးရမည်၊ ဘယ်ရာကိုမပြုလုပ်လျှင် မည်သို့ သော ချမ်းသာ၊ဆင်းရဲကို
ခံစားရမည်စသည့်အချက်များကို မိမိသည် မည်သည့်ကိစ္စကိုမဆို မပြုလုပ်ခင်ကတည်းက
စဉ်းစားဆင်ခြင်နိုင်သော အသိဉာဏ်လေးများ ထာဝရ မိမိသန္တာန်ရှိအောင်
လုပ်ထားရပါလိမ့်မည်။


သို့မှသာလျှင် မိမိတို့
သံသရာလောကကြီးထဲ၌ ကျင်လည်နေစဉ်မှာပင် မိမိအတွက် ကောင်းကျိုးများများရပြီး
ဆင်းရဲဒုက္ခများနည်းကာ ဘ၀အတွက် သာယာလှပ နေပါ လိမ့်မည်။





အရှင်ကောမလ(ခ)ဆန်နီနေမင်း

အနှိုင်းမဲ့ မေတ္တာရှင် သို့မဟုတ် အမေ

သားတို့ရုပ်ရည်
သီတာမည်သား
ရေကြည့်ချမ်းမြ
တစ်ပေါက်ကလေးကျရုံမျှနှင့်
မိဘတို့ဝမ်း ငြိမ်းစတမ်းတည်း။
(ရှေ့ရိုးဆိုစကား)

အမေ….
စင်စစ်အမေက အနှိုင်းမဲ့မေတ္တာရှင်လည်းဖြစ်၏။
အနန္တဂိုဏ်းဝင် ကျေးဇူးရှင်လည်းဖြစ်၏။
အမေ့မေတ္တာ၊ အမေ့ကျေးဇူးအကြောင်းပြောလျှင် ကုန်နိုင်ဖွယ်မရှိ။
တစ်ထောင့်တစ်ည ပုံပြင်ပင် မှီမည်မဟုတ်ပါ။

သို့သော် အချို့က အမေ၏မေတ္တာကို မသိ။

မှန်ရာကိုဝန်ခံရလျှင် ဘဝအကျိုးပေးမကောင်းသဖြင့် ငယ်စဉ်က မိဘ၏အရိပ်နှင့် ဝေးခဲ့သဖြင့် နှလုံးသားကြမ်းကြမ်းနှင့် အမေ့ကို ကျွန်တော် ငြိုငြင်ခဲ့ဖူး၏။ သည်တော့ ဆရာတော် ဦးတေဇနိယက -“ ဟဲ့..ဒကာရဲ့၊ အမေဆိုတာ မငြိုငြင်ရဘူး၊ ကမ္ဘာပေါ်မှာရှိတဲ့ အမေတိုင်းဟာ သားသမီးကို ချစ်ကြတာချည်းပဲ၊ ဘယ်သူ့အပေါ် ဘယ်လောက်ဆိုးဆိုး ဘယ်လောက်ယုတ်မာ ယုတ်မာ၊ သားသမီးအေပေါ်ကိုတော့ ကြင်နာချစ်ခင်ကြတာချည်းပဲ “ ဟု ပြောပြီး အမေနှင့်ပတ်သက်သည့် အကြောင်းများအား ကျွတ်တော်ကို ညွှန်ပြ၏။ သည်အခါ အမေ့မေတ္တာ၊ အမေ့အကြင်နာက စံပြုစရာဟု သိရသည်။


(က) သုဝဏ္ဏသာမရဲ့အမေ

မိဘကိုလုပ်ကျွေးပြုစုနေသည့် ဘုရားအလောင်း သုဝဏ္ဏသာမ မြားဆိပ်သင့်ပြီး မေ့မျောနေသည့်အခါတွင် သားအတွက် ရတက်မအေး ဖြစ်ကာ မိခင်ကြီးပါရိကာ သစ္စာပြုခဲ့သည်။ ထိုသစ္စာစကားထဲ၌
... အမေဟာ သားကို အမေ့အသက်ထက်တောင်ချစ်ပါတယ်။ ဒီသစ္စာစကားကြောင့် မြားဆိပ်ပြယ်ပါစေသတည်း ...ဟု ပါရှိသည်။

စင်စစ် အမေတို့သည် သားသမီးတို့အား မိမိအသက်ထက်ပင် ပိုချစ်ခဲ့ကြ၏။ အမှန်မူ အမေဆိုသည်က ဒီဘဝသာမဟုတ်။ ရှေ့ဘဝက အမေသည်လည်း သားကိုချစ်၏။ သုဝဏ္ဏသာမ မြားဆိပ်မွှန်လျှင် သုဝဏ္ဏသာမ၏ ရှေ့ဘဝက မိခင်ဖြစ်ခဲ့ဖူးသည့် “ ဗဟုသုန္ဒရီ “ နတ်သမီးဟာ သားအတွက် သစ္စာပြုခဲ့၏။

...ငါ့သားထက် ပိုချစ်ရတဲ့သူ၊ ငါ့သားလောက်တန်းတူထားပြီး ချစ်ရမည့်သူ တစ်ယောက်မှမရှိ၊ ဤသစ္စာစကားကြောင့် မြားဆိပ်ပြေပါစေသတည်း .... ဟု ဆိုခဲ့၏။

အမေ၏အချစ်က သားသမီးအပေါ်တွင်စု၏။ သားသမီးထက် ပိုချစ်ရမယ့်သူမရှိတဲ့ အမေပင်တည်း။

(ခ) သားသမီးကို အပြစ်မယူရက်တဲ့ အမေ

အမေ၏မေတ္တာ အမေ၏ကြင်နာမှုများက ထူးကဲလှသည်ဟု ဆိုရမည်ပင်။ မိခင်၏ ထူးခြားသည့်မေတ္တာ၊ အကြင်နာနှင့် ပတ်သက်၍ မဟော်သဓာဇာတ်တော်၌ ထီးချက်စောင့်နတ်သမီ၏ ပုစ္ဆာများအနက် ထူးခြားမှုများကို မြင်တွေ့ရ၏။
ပုစ္ဆာ (၁)
.....ကိုယ့်ကို လက်တွေခြေတွေနဲ့ ရိုက်နှက်ပုတ်ခတ်၊ ကန်ကျောက်၊ ပါးစပ်နဲ့လည်း ကိုက်နေပါရက်နဲ့ အဲဒီလူကို မမုန်းတဲ့လူ၊ ချစ်နေတဲ့လူဟာ ဘယ်သူလဲ......

မဟောသဓာဇာတ်တော်မှာ ဤအမေးအား သိန်း၊ ဒေဝိန်း၊ ကာမိန်း၊ မဏ္ဍုတ်အမတ်တွေ မဖြေနိုင်သည့်ပုစ္ဆာ။ မဟောသဓာ ပြခဲ့သည့် ပုစ္ဆာဖြစ်သည်။

အမေ့ရင်ခွင်မှာ ချီပွေ့ထားတဲ့ သားငယ်ကလေးက အမေရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ကန်တယ်၊ လက်သီးနဲ့ထိုးချင်ရင်လည်း ထိုးတယ်၊ မျက်နှာကိုလည်း လက်နဲ့ကုတ်တယ်၊ ဆံပင်ကိုလည်း ဆွဲချင်ဆွဲပစ်တယ်

အမေဆိုသည်က အပြုံးမပျက်သူ။
......တော်တော်ဆိုးတဲ့ ကလေး......
......လူဆိုးကလေး......
သည်လောက်ပဲပြောသည့် အမေ။ တဟဲဟဲ သဘောကျပြီး နမ်းလိုက်မွှေးလိုက်တဲ့ အမေ။

ပုစ္ဆာ (၂)

......ပါးစပ်က ထင်တိုင်ဆဲ။ ထင်တိုင်းကျိန်းနေပေမယ့် စိတ်ထဲက ချမ်းသာချင်၊ ကြီးပွားချင်စိတ်များနေသူက ဘယ်သူလဲ.....
အဖြေက အမေလို့ ဖြေရမည်။
အမေသည် ကိုယ်သားသမီးအား အလုပ်တစ်ခုခုခိုင်းလို့ ပေကပ်ကပ်လုပ်နေရင်း တုတ်နဲ့ ရိုက်တာ။ ဒါပေမယ့် ဟန်ဆောင်ရိုက်တော့ ငေါက်နေဆူနေရက်ကနေ မုန့်ကျွေးတာ။
သားကဒီထက်ဆိုးပြီး ထွက်ပြေးရင် စိတ်ဆိုးပြီ

......မြွေကိုက်ပါစေ ကားတိုက်ပါစေ.....

လို့ ကျိန်ဆိုတက်သောလည်း စိတ်ထဲမှာပါသည်မဟုတ်။ .

....ဖွဟဲ့ လွဲပါစေ၊ဖယ်ပါစေ......
လို့ သားလေ(သမီးလေး) ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ခလုတ်မထိ ဆူးမငြိပါစေနဲ့လို့ ဆုတောင်းနေတာ အမေ။

(ဂ) ထူးခြားတဲ့ အမေ့စိတ်

အမေ့စိတ်ဓာတ်သည် ထူးခြားသည့် စိတ်ဓာတ်ဟု ဆိုရမည်။ အမေ့စိတ်ဓာတ်က ကြင်နာမှု၊ ယုယမှု ထုံလွှမ်းသော ထူးကဲမြင့်မြတ်သော စိတ်ဓာတ်ဟု ဆိုရမည်။
ပေးဆပ်ခြင်း သည် အမေ့စိတ်ဓာတ်ပင်။ မဟောသဓာဇာတ်တော်မှ သားတရားစီရင်ခန်းကို ကြည့်လျှင် သိသာလေသည်။ မဟော်သဓာဇာတ်တော်မှ သားတရားစီရင်ခန်းသည် မြင့်မြတ်ဖြူစင်သော အမေ့စိတ်ဓာတ်ကို ညွှန်ပြသည့်ဇာတ်ဟု ဆိုရချိမ့်မည်။

ဇာတ်လမ်းက ဤသို့ဖြစ်သည်။

တစ်ခုသော ရေချိုးဆိပ်
မိခင်တစ်ဦးသည် ရေချိုးရန်အတွက် သားအား ချောင်းကမ်းနံဘေးတွင် ချသိပ်ထား၏။ရေဆင်းချိုး၏။
ထိုစဉ် ဘီးလူးမသည် လူယောင်ဆောင်ပြီး ကလေးနားသို့ လာ၏။

......အစ်မကြီး ကလေးကို ခတ္တချီပါရစေ........

ဟုဆို၏။ မိခင်ကခွင့်ပြု၏။လူယောင်ဆောင်သော ဘီလူးမသည် ကလေးကို ပြန်မပေးတော့ဘဲ သူ့ကလေးဟု ဆို၏။ကလေးအတွက် အချင်းများကြပြီး ထိုကိစ္စ မဟော်သဓာထံသို့ ရောက်သွားသည်။

ကောင်းပြီ.. ဤအမူကို ကျွန်ုပ် ဆုံးဖြတ်ပေးမည်…. ဟု မဟောသဓာသုခမိန်က ဆို၏။

ထို့နောက် စည်းတစ်ခုတား၏။ ကလေးကိုစည်းပေါ်တွင် တင်ထားပြီး တစ်ဖက်မှ မိခင်၊ တစ်ဖက်မှ ဘီလူးမကိုထားကာ ဟိုဖက်သည်ဖက် ဆွဲစေ၏။

ဤသို့ဖြင့် ဆွဲကြရင်း ကလေးမှာ နာ၍ငိုလျှင် မိခင်က လွှတ်လိုက်၏။ ကလေးကို ဘီလူးမ ရသွား၏။ ဘီလူးမက နိုင်ပြီဟုဆို၏။ ထိုအခါ မဟော်သဓာက

… ဟယ်… မိန်းမယုတ်၊ သင်က ကလေး၏ မိခင်မဟုတ်၊ သင် ဘီလူးမဖြစ်သည်ကို ကျွန်ုပ်သိ၏။ မိခင်ဟူသည် ကြင်နာသည့်နှလုံးသားရှိ၏။ အမေသည် သားသမီးအား နာကျင်အောင် ပြုသူမဟုတ်။ သင့်တွင် ထိုနှလုံးသားမရှိ။ ကလေး၏ ခြေရင်းမှဆွဲသော သူသည်သာ အမေရင်းဖြစ်သည်…. ဟုဆို၏။

မှန်သည်။

မိခင်ဟူသည်ကား ကိုယ့်သားသမီး နာကျင်မည်ကို မကြည့်ရက်သူလည်း ဖြစ်၏။

ဤတွင် ဆရာအောင်မြင်ဦး ရေးသားသော အနှိုင်းမဲ့မေတ္တာရှင် သို့မဟုတ် အမေ အကြောင်း အဆုံးသတ်သည်။

၈ရက်နေ့တွင် ကျရောက်ခဲ့တဲ့ အမေ့ရဲ့ (၅၃)နှစ်မြောက်မွေးနေ့အတွက် ရည်ရွယ်ပြီး အမှတ်တရ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။

လေးစားစွာဖြင့်
ရီနိုမာန်

ဟန်ဆောင်တဲ့အမှောင်

အမှောင်ရဲ့ ဆန့်ကျင်ဘက်
အိပ်စက်သွားတဲ့ သန်းခေါင်ယံ
ကြယ်မစုံ လေဟုန်မှာတစ်ကိုယ်ထဲ
အကျည်းတန် ထီးကျန်ဒီလရောင်
ရိပ်မည်းညို တစ္ဆေမှောင်များကို
သဒ္ဓိ၀င်လင်းအားထွန်းထားဆဲ။ ။
ကြည်သာလှိုင် ဖြန့်ဝေစိုး
လေတိုး ဇွတ်တိုးဝင်တိမ်တောင်လိမ်က
စိတ်ဆိုးလို့ကာဆီး ဆီမီးလှောင်ပေါ့။ ။
အကြောင်းထိတ်လို့ ပူးဝင်
လောင်းရိပ်အောက် မြူမစင်ပဲ
ကောင်းစိတ်ပျောက်မာယာ
သူမပါလည်း လရောင်ဖုံးလွှမ်း
မျက်ကန်းတစ္ဆေ ကြွေလိုကြွေ
ဝေလိုဝေ.......။ ။

ခွင့်လွတ်ခြင်းဆိုတဲ့ အမြင့်မြတ်ဆုံးစိတ်ဓါတ်ကို ပိုင်ဆိုင်ထားနိုင်ပါစေ....

မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက
ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။
အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့
အိတ်တစ်လုံးစီ ယူလာရမယ်လို့

ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကို
ရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာ
ပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ
ဆိုတာပေါ်မှာမူတည်နေတယ်။

နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။
တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။
ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့
မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။

ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ
အနံ့ထွက်လာပြီကိုး။
တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။
တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့်
ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာ
ဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့
သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။
ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့
အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။ ဒီတော့ ဆရာမက ဒီဂိမ်း
ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။
အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့
လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့
နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီ
အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ
မခံနိုင်ဘူးဆိုရင် သားတို့စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို
မင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင်
ဘယ်လိုနေမလဲ။

လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး
အဲဒီဒုက္ခကို သယ်မသွားပါနဲ့။
ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မင်း
မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။
မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို
ချစ်တာမဟုတ်ပါဘူး။မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။


Source: ဘယ်သူရေးမှန်းမသိပါ။ အတုယူသင့်ပါကြောင်းတင်ပြလိုသောကြောင့်..ဖော်ပြခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာ (၅) မျိုး*

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။


ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း
မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ
ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။အဲ့ဒီ
ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ

*(၁) ကုလ ဗုဒ္ဓဘာသာ.....................*

ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို
မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ
ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ် နေတဲ့
မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ တာ ဘာရည်ရွယ်ချက်နဲ့
ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို
မသိတာ။လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။


*(၂) လာဘ ဗုဒ္ဓဘာသာ....................*


လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ
စီးပွားရေးလေးတက်မလား ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ
ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား
ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့
ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိကီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား
ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ
ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး
ရွေးနေတာတွေ။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ
တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့
နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ
လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့
ခေါ်ပါတယ်။


*(၃) ဘယ ဗုဒ္ဓဘာသာ...........................*


ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့
ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ
ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့
ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ
ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ
ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ
ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်း စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို ဘုရားက သူတောင်းစား
ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း
ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့
လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက်
သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက်
ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။


*(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ............................*


သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ
ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို
ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့
မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့
မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့
သစ္စာလေးချက် အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက်
တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ
ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ
မှန်ကန်သောယုံကြည်ချက် တရားတော်ကို
ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင်
နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ပုဂ္ဂိုလ်က
ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင်
သံဃာတွေရဲ့
ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း
အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံ ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို
ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက
လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ
မိစ္ဆာသဒ္ဒါ။လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ
ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊
ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့
ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ
တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို
ရှိတယ်လို့သိပါ တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို
မှန်တယ်လို့သိတယ်။သိတဲ့အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို ဆောင်တာသည်
သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။



*(၅) ပညာဓိက ဗုဒ္ဓဘာသာ.................................*


သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ
တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့
ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ
ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို
သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့
ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့
ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး
ကျင့်ကြည့် လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့
သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့
ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင်
ါယ်လေးပါးမှ
လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ
လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့
ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ
သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ
balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ
လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက
(superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ
ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ
ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရမဆို
အစွန်းမရောက်စေဘို့ပါဘဲ။
လာရောက်လည်ပတ်ကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ...