နမော ၀ိဘဇ္ဇ၀ါဒိနော အနန္တဇိနဿ။
ဝိဘဇ္ဇ၀ါဒိနော- အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ဝေဖန်လေ့ရှိပေသော။ အနန္တဇိနဿ-အတိုင်းမသိယုတ်မာသော တရားတို့ကို အောင်မြင်တော်မူသော မြတ်ဗုဒ္ဓအား။ နမော-ကာယ၀စီ မနောချီလျှက် အဉ္ဇလီ ညွှတ်ကျိုး လက်စုံမိုးကာ ရှိခိုးပါ၏ အရှင်ဘုရား။
ဗုဒ္ဓသည် ၀ိဘဇ္ဇ၀ါဒီ ပုဂ္ဂိုလ်ထူး
အဲဒီဘုရားရှိခိုးစာပိုဒ်ကလေးကို နည်းနည်းလေး ဘုန်းကြီးတို့ ရှေးဦးစွာရှင်းပြပါရစေ။
(၁) ၀ိဘဇ္ဇ၀ါဒိနော
(၂) အနန္တဇိနဿ
ဒါဗုဒ္ဓရဲ့ ဂုဏ်ပုဒ် နှစ်ပုဒ်ဖြစ်ပါတယ်။
ဝိဘဇ္ဇ၀ါဒီ- အရာရာမှာ ဝေဖန်လေ့ရှိတယ်၊ စိစစ်လေ့ရှိတယ်။
မြတ်ဗုဒ္ဓရဲ့ တရားတော်ဟာ ဝေဖန်စိစစ်ထိုက်တဲ့ တရား၊ အရာရာမှာ ဝေဖန်စိစစ်တဲ့ဥာဏ်ရှိသူတို့ အရာဖြစ်တယ်။
ဗုဒ္ဓ၀ါဒမှာ ဝေဖန်ခွင့်ရှိပါတယ်၊ စိစစ်ခွင့်ရှိပါတယ်။ ဗုဒ္ဓဘာသာ တရားတော်သည် ဘယ်လိုဘာသာလဲ ဆိုရင် ဒီအပိုဒ်ကဖော်ပြနေပါတယ်။ ဝေဖန်စိစစ်ခွင့်ရှိတဲ့ ဘာသာတရားမျိုးပါ၊ ဝေဖန်စိစစ်ခွင့်မရှိတဲ့ ဘာသာတရားမျိုးမဟုတ်ပါဘူး။ ဒီအကြောင်းအရာကို နောက်ဆက်လက်ပြီးတော့ ဘုန်းကြီးတို့ပြောသွားမဲ့ ဟောပြောချက်တွေထဲမှာ အကျယ်အပြန့် ပါသွားပါလိမ့်မယ်။ဒါကြောင့် ၀ိဘဇ္ဇ၀ါဒီ တဲ့ ။ မြတ်စွာဘုရားဟာ ဘယ်လိုပုဂ္ဂိုလ်လဲဆိုရင် ၀ိဘဇ္ဇ၀ါဒီ အရာရာမှာ ဝေဖန်စိစစ်လေံရှိတဲ့ ပုဂ္ဂိုလ်ထူးတစ်ဆူဖြစ်ပါတယ်။
ဘုန်းကြီးတို့ သူတော်ကောင်းအပေါင်းတို့လဲပဲ ဝေဖန်စိစစ်တဲ့ ဥာဏ်တော့ရှိမှာပဲ။ ဝေဖန်စိစစ်တဲ့ ဥာဏ်ရှိမှ ဘုန်းကြီးတို့ သူတော်ကောင်းတို့ရဲ့ ကိုးကွယ်ရာဟာ မွန်မြတ်တဲ့ ကိုးကွယ်ရာမျိုဖြစ်နိုင်ပါတယ်။ ဝေဖန်စိစစ်တဲ့ ဥာဏ်မရှိတဲ့ ကိုးကွယ်ရာမျိုး မဖြစ်နိုင်ပါဘူး။
ဒါကြောင့် ၀ိဘဇ္ဇ၀ါဒိနော ဆိုတာဟာ ကိုးကွယ်ခဲ့တဲ့ ဗုဒ္ဓရဲ့ ဂုဏ်ကို အာရုံ ပြုပြီးတော့ကိုးကွယ်ကြတဲ့ သူတော်စင်တို့ ထဲမှာ စစ်မှန်တဲ့ ကိုးကွယ်ရာကို ရကြပါစေဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ၀ိဘဇ္ဇ၀ါဒိနော ဆိုတဲ့ ဗုဒ္ဓရဲ့ ဂုဏ်ပုဒ်ကို ဘုန်းကြီးတို့ ထုတ်ပြီးတော့ ဒီကနေ့ ရှိခိုးမှုပြုကြပါတယ်။
ဗုဒ္ဓရဲ့ ၀ါဒသည် ၀ိဘဇ္ဇ၀ါဒီ
(အသောမင်းကြီး သာသနာသန့်စင်ပုံ)
သိရီဓမ္မအသောကမင်းတရားကြီး ထီးနန်းစံစဉ်ကာလ ဗုဒ္ဓသာသနာတော်ထဲမှာ ရဟန်းအယောင်ဆောင်ပြီးတော့ တိတ္ထိများစွာတို့ ရဟန်းဝတ်နေကြဆဲ၊ ထိုတိတ္ထိရဟန်းအတုတွေကို ရဟန်းအစစ်နဲ့ခွဲဖို့ရာ အသောကမင်းတရားက စစ်ဆေးမေးမြန်းသောအခါ ရဟန်းတွေကို တစ်ပါးချင်းတစ်ပါးချင်း ''အရှင်ဘုရားတို့ ဗုဒ္ဓ၀ါဒသည် ဘယ်လိုဝါဒပါလဲ"လို့ မေးတယ်။
ဒီတော့ ရဟန်းတစ်ချို့က '' ဗုဒ္ဓ၀ါဒသည် သဿတ၀ါဒ -ရုပ်နာမ်တို့မြဲတယ်ဆိုတဲ့ ၀ါဒပါ'' လို့ဖြေဆိုပါတယ။်အဲဒီရဟန်းလူထွက်စေ။ အချို့ရဟန်းကတော့ ''ဗုဒ္ဓ၀ါဒသည် ဥစ္ဆေဒ၀ါဒ-သေသည်နောက်ဘာမှမဖြစ်ဘူးဆိုတဲ့ဝါဒ မျိုးပါ''လို့ဒီလိုဖြေကြတယ်။ အဲဒီရဟန်းလူထွက်စေ။
အဲဒီလို အဲဒီလိုနဲ့ စစ်ဆေးစစ်ဆေးသွားခဲ့ရာ ဗုဒ္ဓကိုတကယ်ကြည်ညိုတဲ့ ဗုဒ္ဓဘာသာစစ်ရဟန်းတော် များကို မေးတဲ့အခါကျတော့ ''အရှင်ဘုရား ဗုဒ္ဓရဲ့ ၀ါဒဟာ ဘာဝါဒပါလဲ'' လို့မေးတဲ့အခါ ''၀ိဘဇ္ဇ၀ါဒပါ'' လို့ဖြေတယ်။ အဲဒီရဟန်း ဗုဒ္ဓ၀ါဒကို တကယ်နားလည်ပြီး ဗုဒ္ဓကို အမှန်တကယ်ကြည်ညိုတဲ့ရဟန်းပဲဆိုပြီးတော့ အသောကမင်းတရားက ကိုးကွယ်တော်မူခဲ့တယ်။
ဒါကြောင့် ဗုဒ္ဓရဲ့ဝါဒသည် ဘာဝါဒပါလဲဆိုရင် ဘုန်းကြီးတို့ ပရိသတ်များ ဒီဘုရားရှိခိုးအပုဒ်နဲ့ပဲ အဖြေကတော့ပေါ်လွင်နေပါပြီ။ ၀ိဘဇ္ဇ၀ါဒ-ဝေဖန်ခွင့်ရှိတယ်။ စိစစ်ခွင့်ရှိတယ်။ ကိုးကွယ်မိပြီဆိုရင် အဲဒီကိုးကွယ်ခံတဲ့ ဘုရားကိုဖြစ်စေ၊ ရဟန်းကိုပဲဖြစ်စေ၊ ဘာမှဝေဖန်ခွင့်မရှိဘူးဆိုတဲ့ ဘာသာတရားမျိုးမဟုတ်ဘူးတဲ့။ ဘုန်းကြီးတို့ ဗုဒ္ဓ၀ါဒဟာ အလွန်တရာ လွတ်လပ်တယ်၊ နောက်တစ်ပိုဒ်က
(၂) အနန္တဇိနဿ
ဒီစကားကတော့ မြတ်ဗုဒ္ဓကိုယ်တော်တိုင်က ကြွေးကြော်ခဲ့တဲ့ စကားကို ဘုန်းကြီးတို့ သုံးထားတာပါ။
ဘုန်းကြီးတို့ ဗုဒ္ဓသည် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးသော်အခါ ဗောဓိပင် တပတ်လည်မှာ (၄၉) ရက် သတင်းသုံးပြီးတော့ ဗုဒ္ဓဂယာ ဗောဓိပင်ကနေပြီး ဗာရာဏသီဘက်ကို တပါးတည်း ခရီးရှည် ထွက်တော်မူတယ်။ ''ဘာအလို့ငှါလို့မေးရင် သစ္စာတွေပြဖို့ ''